အခန်း ၁၀၀ — ကျွန်ုပ် သဘောမတူဘူး!
ပိုင်ချန်းက သူမကို ထူးဆန်းသလို ကြည့်လိုက်သည်။ "ဒါပေါ့... မင်းက ပညာသင်ဖို့ ကျောင်းဝင်လာတာပဲ၊ ဆရာမရှိလို့ ဘယ်ဖြစ်မလဲ။ အထူးသဖြင့် စွမ်းအားရှင်တွေဆိုတာ ဆရာ့ဆီက အသေးစိတ် လမ်းညွှန်မှု လိုအပ်တယ်။ မဟုတ်ရင် မင်း လမ်းလွဲပြီး အချိန်ကုန်နေလိမ့်မယ်။ ဘာလဲ... မင်းက ဆရာမတင်ချင်ဘူးလား"
ချူလျိူယွဲ့ တစ်ချက် တွေဝေသွားသည်။ သူ၏ ထူးဆန်းသော မျက်နှာပေးကို မြင်လိုက်ရသည့်အခါ သူမက ခေါင်းခါလျက် ပြုံးပြလိုက်သည်။ "မဟုတ်ပါဘူး... ကျွန်မက အမှတ်မထင် မေးကြည့်တာပါ။ အကယ်ဒမီမှာ ဆရာတွေ အများကြီးရှိပေမဲ့ ကျွန်မက ခုမှရောက်တာဆိုတော့ သူတို့နဲ့ သိပ်မရင်းနှီးသေးဘူးလေ။ ဒါကြောင့် လောလောဆယ် ဘယ်သူ့ကို ရွေးရမလဲဆိုတာ မဆုံးဖြတ်ရသေးလို့ပါ"
ပိုင်ချန်းက သူမတွင် အခြားအကြောင်းပြချက် ရှိလိမ့်မည်ဟု သံသယမဝင်ဘဲ အကျယ်ကြီး ရယ်မောလိုက်သည်။ "ဪ... ဒါမျိုးကိုး! တကယ်တော့ မင်း အဲဒီလောက်အထိ စိတ်ပူမနေပါနဲ့။ သစ်သီးဥယျာဉ်ကို ရောက်လို့ ဆရာတွေကို တစ်ယောက်ချင်းစီ တွေ့ရတဲ့အခါမှ ရွေးလည်း မနှောင်းပါဘူး"
ချူလျိုယွဲ့ သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။ "ဒါဆိုရင်တော့ စိတ်အေးရတာပေါ့"
ပိုင်ချန်းက မျက်စိတစ်ချက် မှိတ်ပြရင်း "တကယ်တော့ ကျောင်းသားအများစုကလည်း အစပိုင်းမှာ မင်းလိုပဲ ဆရာတွေအကြောင်း ဘာမှမသိကြပါဘူး။ ဒါပေမဲ့ သူတို့မှာ ရွေးချယ်စရာ အခွင့်အရေးက မင်းလောက် မများဘူးလေ။ မင်းက စစ်သည်တော် စစ်ဆေးပွဲမှာ ပထမရခဲ့ပြီး စွမ်းအားရှင် စစ်ဆေးပွဲမှာ ဒုတိယရခဲ့တာ။ အခုဆို ဆရာတွေ အားလုံးက မင်းကို တပည့်အဖြစ် လိုချင်နေကြတာ၊ ဒါကြောင့် ဘယ်သူ့ကို တပည့်ခံမလဲဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်။ လူတိုင်း ဒီလို အခွင့်အရေးမျိုး မရနိုင်ဘူးနော်"
ချူလီယွဲ့ကဲ့သို့ ရှားပါးပါရမီရှင်မျိုးကသာ ထိုလူများ၏ အလိုရမ္မက်ကို နှိုးဆွနိုင်ခြင်း ဖြစ်သည်။
"ကောင်းပါပြီ... ကျွန်မ ပစ္စည်းတွေ နေရာချပြီးတာနဲ့ လာခဲ့ပါ့မယ်"
...
ချူလျိုယွဲ့၏ နေအိမ်မှာ အလွန်သန့်ရှင်းစင်ကြယ်သော နှစ်ထပ်တိုက်ကလေး ဖြစ်သည်။ သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ လိုအပ်သည့် အရာအားလုံး အဆင်သင့် ပြင်ဆင်ပေးထားသည်ကို တွေ့ရသည်။ သူမအနေဖြင့် ဘာမှသယ်လာစရာပင် မလိုချေ။ သို့သော်လည်း သူမ၏ ပစ္စည်းများကို သေသေချာချာ နေရာချပြီးနောက် ဘယ်ဘက်ရင်ဘတ်တွင် အမည်ကတ် ပါရှိသော အကယ်ဒမီဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထို့နောက် သစ်သီးဥယျာဉ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ပိုင်ချန်းက သစ်သီးဥယျာဉ်သို့ သွားရမည့်လမ်းကို ပြောပြထားပြီး ဖြစ်သဖြင့် သူမ အဆင်ပြေပြေပင် ရောက်ရှိသွားသည်။ အဝေးကပင် ရှေးဟောင်းဆန်ကာ ကျယ်ဝန်းလှသော အဆောက်အအုံတစ်ခုကို ချူလျိုယွဲ့ မြင်လိုက်ရသည်။
ချူလျိုယွဲ့ တံခါးဝတွင် ရပ်လိုက်သည့်ခဏ၌ ပြင်းထန်သော ဖိအားတစ်ခုက သူမထံသို့ တိုက်ရိုက် တိုးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမသည် အကြည့်ကို စုစည်းလိုက်သော်လည်း မလှုပ်မယှက်ဘဲ တည်ငြိမ်စွာ ရပ်နေလိုက်သည်။
ဝူး!
ထိုကြမ်းတမ်းသော စွမ်းအင်လှိုင်းသည် သူမ၏ မျက်နှာနားသို့ ရောက်ခါနီးမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ကျန်ရှိနေသော လေဟုန်က သူမ နဖူးပေါ်မှ ဆံစအချို့ကို ဝေ့ယမ်းသွားစေသည်။ ချူလျိုယွဲ့သည် တည်ငြိမ်စွာ ရပ်မြဲရပ်လျက် လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
"ဆရာများကို ဂါရဝပြုပါတယ်"
ထို့နောက်တွင် နက်ရှိုင်းသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ "ငါပြောသားပဲ... ဒီကလေးမက တကယ့် အရည်အချင်းရှိပါတယ်ဆိုတာကို မင်းတို့ကမှ ဇွတ်စမ်းသပ်ချင်နေကြတာ။ သူ လှောင်တာ ခံရမှာတောင် မကြောက်ကြဘူးလား"
ထိုအသံမှာ စွန်းကျန့်ယန်၏ အသံပင် ဖြစ်သည်။ "ကလေးမ... အထဲဝင်ခဲ့ပါ"
သူ စကားဆုံးသည်နှင့် ချူလျိုယွဲ့ ရှေ့မှ မမြင်ရသော ပိတ်ဆို့မှုများ လုံးဝ ပျောက်ကွယ်သွားသည်။ ထို့နောက် သူမသည် အဆောက်အအုံအတွင်းသို့ လှမ်းဝင်ခဲ့သည်။ အမည်နှင့်မလိုက်ဘဲ သစ်သီးဥယျာဉ်တွင် အပင်များ သို့မဟုတ် ပန်းများ မရှိဘဲ ကျောက်တုံးကြီးများကိုသာ စည်းကမ်းမဲ့ ချထားသကဲ့သို့ ရှိသည်။ သို့သော် ချူလျိုယွဲ့ကမူ ထိုကျောက်တုံးများသည် အထူး 'လောကီအစီအရင်(မှော်စွမ်းအင်) အခင်းအကျင်း' တစ်ခု ဖြစ်နေသည်ကို ချက်ချင်း ရိပ်မိလိုက်သည်။ ဤနေရာကို ဗဟိုပြု၍ အခင်းအကျင်း၏ စွမ်းအင်များမှာ အရပ်မျက်နှာ အနှံ့သို့ ဖြာထွက်နေသည်။ အကယ်၍ ၎င်းကို စတင် လှုပ်ရှားလိုက်ပါက အင်အားကို လျှော့တွက်၍ ရမည်မဟုတ်ပေ။
ချူလျိုယွဲ့သည် အကြည့်ကို အမြန် ပြန်ရုပ်သိမ်းလိုက်သည်။ စွန်းကျန့်ယန်သည် ကျောက်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီး သူမ ဝင်လာသည်ကို မြင်သောအခါ နယ်ရုပ်တစ်ခုကို ချလိုက်သည်။ ချူလျိုယွဲ့ သတိထားမိသည်မှာ ထိုနယ်ပုံစံမှာ သူမ ထျန်းလုအကယ်ဒမီသို့ ဝင်စဉ်က အသုံးပြုခဲ့သော အခင်းအကျင်းနှင့် ထပ်တူပင် ဖြစ်သည်။ သို့သော် ယနေ့ နယ်ရုပ်များမှာ ကောင်းကင်မှ ကြယ်တာရာများအလား ပျံ့ကြဲနေပြီး ထိုနေ့ကထက် အဆပေါင်းများစွာ ပိုမို ရှုပ်ထွေးလှသည်။
"ကလေးမ... မင်းရဲ့ ဆရာကို ရွေးပြီးပြီလား"
ချူလျိုယွဲ့ အနည်းငယ် တွေဝေသွားပြီးနောက် ခေါင်းခါပြလိုက်သည်။ "ဆရာပိုင်ချန်းက ဒီကိုလာပြီး ဆရာအားလုံးနဲ့ တွေ့ကြည့်ဖို့ ပြောလိုက်လို့ပါ"
စကားပြောနေရင်း သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ခြံဝန်းထဲတွင် အကြီးအကဲစွန်းမှလွဲ၍ မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသည်။ သို့သော် အဆောက်အအုံအတွင်း၌မူ ပုန်းကွယ်နေသော စွမ်းအင် အချို့ရှိနေသည်...
"အကြီးအကဲစွန်း... ကျန်တဲ့ ဆရာတွေကော..." ချူလျိုယွဲ့ ဇဝေဇဝါ ဖြစ်သွားသည်။
စွန်းကျန့်ယန်က နယ်ပုံစံခုံဆီသို့ လက်ညှိုးညွှန်ပြကာ "အားလုံးက မင်းကို တပည့်အဖြစ် လိုချင်နေကြတော့ ငါတို့ ပြိုင်ပွဲလေးတစ်ခု လုပ်လိုက်တာပေါ့။ အခုတော့ သူတို့အားလုံး ရှုံးသွားကြပြီ၊ ငါတစ်ယောက်ပဲ ကျန်တော့တယ်" သူက ပြုံးလျက် ချူလျိူယွဲ့ကို ကြည့်လိုက်သည်။ "ငါက မင်းရဲ့ဆရာ ဖြစ်လာမယ်ဆိုရင် မင်း ဘယ်လိုထင်သလဲ"
ချူလျိုယွဲ့ အံ့အားသင့်သွားသည်။ သူမ အမှတ်မမှားလျှင် အကြီးအကဲစွန်းသည် စီထင်၏ ဆရာလည်း ဖြစ်သည်။
သူမ တွေဝေနေစဉ်မှာပင် မလှမ်းမကမ်းမှ မီးခိုးရောင် အရိပ်တစ်ခုသည် ရုတ်တရက် ခုန်ဆင်းလာပြီး သစ်သီးဥယျာဉ် တစ်ခုလုံး ဟိန်းထွက်သွားအောင် နက်ရှိုင်းသော အသံကြီးဖြင့် အော်ဟစ်လိုက်သည်။
"ကျွန်ုပ် သဘောမတူဘူး!"