အခန်း ၁၀ — အားလပ်ချိန်
ချူလျိုယွဲ့က လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကို ပျင်းရိပျင်းတွဲ ပင့်တင်လိုက်သည်။
"ညီမလေး... အစ်မက အထက်လူကြီးကို စော်ကားတဲ့ အစေခံတစ်ယောက်ကို ဆုံးမနေတာလေ။ ညီမလေးက ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ? ဒါမှမဟုတ် ညီမလေးရဲ့ မျက်လုံးထဲမှာ အစ်မအရင်းခေါက်ခေါက်က အစေခံတစ်ယောက်လောက်တောင် တန်ဖိုးမရှိဘူးလို့ ဆိုလိုတာလား?"
ဒီခွေးက ဘယ်သူ့ခွေးလဲဆိုတာ နင် အရင်စဉ်းစားသင့်တာပေါ့!
ချူရှန်းမိန်မှာဒေါသ ကြောင့် ရင်တလှပ်လှပ် ဖြစ်နေရသည်။ အကယ်၍ ဘေးပတ်ဝန်းကျင်တွင် လူအုပ်ကြီးသာ ဝိုင်းမကြည့်နေပါက သူမသည် ဒေါသကို ထိန်းနိုင်တော့မည်မဟုတ်ဘဲ ချူလျိုယွဲ့ကို ပြေး၍ ထိုးကြိတ်မိတော့မည်မှာ အသေအချာပင်။ သူမက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး အတင်းအကြပ် ပြုံးလိုက်ရင်း—
"အစ်မ... အစ်မရဲ့ အဆင့်အတန်းက သူတို့ထက် အဆပေါင်းများစွာ မြင့်မြတ်ပါတယ်၊ ဒါပေမဲ့ 'ခွေးကို ရိုက်ရင် အရှင်ကို ကြည့်' ဆိုတဲ့ စကားရှိတယ်လေ။ လျန်ရှန်းက ညီမလေးရဲ့ လူဆိုတာ အစ်မလည်း သိရဲ့သားနဲ့ ဘာလို့ ဒီလောက်အထိ ရက်စက်ရတာလဲ? အစ်မရဲ့ ဓားချက်တစ်ချက်က သူ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ် တစ်ခုလုံးကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ"
သူမက သူမ၏လူအတွက် မားမားမတ်မတ် ရပ်တည်ပေးနေသည့်ပုံပင်။ ဘေးမှ ဝိုင်းကြည့်နေသူများမှာလည်း ထိုနှစ်ယောက်ကို စိတ်ထဲမှ နှိုင်းယှဉ်ကြည့်နေမိကြသည်။
ချူရှန်းမိန်က ပါရမီထူးချွန်ရုံသာမက ဟန်ဆောင်မှုလည်း ကင်းပြီး နူးညံ့သိမ်မွေ့ကာ ရင့်ကျက်သူဖြစ်ကြောင်း လူတိုင်းက မြင်ကြသည်။ သူမသည် အလွန်အမင်း ဒေါသထွက်နေချိန်မှာတောင် သူမ၏ အစေခံအတွက် အလေးထားပေးနေသည်မှာ ချီးကျူးစရာပင်။ တစ်ဖက်တွင်မူ ချူလျိုယွဲ့မှာ အသုံးမကျသူဖြစ်သော်လည်း အလွန်ပင် မောက်မာလွန်းလှသည်။ အရူးမတစ်ယောက်နှင့်ပင် တူနေတော့၏။
ချူလျိုယွဲ့က တစ်ခုခုကို သတိရသွားသည့်အလား "ဪ... ဟုတ်သားပဲ။ သူက ညီမလေးရဲ့ အစေခံဆိုတာ အစ်မ တကယ် မေ့သွားလို့ပါ"
ချူရှန်းမိန်မှာ သွေးအန်မတတ် ဒေါသထွက်သွားရသည်။ ချူလျိုယွဲ့က သူမရှေ့တွင် သိသိသာသာပင် သရုပ်ဆောင်နေခြင်း ဖြစ်သည်။ အကယ်၍ ယနေ့သာ ချူလျန်ရှန်းအတွက် သူမ ဘာမှမလုပ်ပေးနိုင်ပါက 'ချူရှန်းမိန်သည် အသုံးမကျသူတစ်ဦး၏ နင်းခြေခြင်းကို ခံလိုက်ရသည်' ဟူသော သတင်းက မြို့ထဲ၌ ပျံ့နှံ့သွားပေတော့မည်။ ထိုသို့ဆိုလျှင် သူမ၏ ဂုဏ်သိက္ခာမှာ ဘယ်မှာ ကျန်တော့မည်နည်း။
"အစ်မက မှတ်မိသွားပြီဆိုတော့လည်း... ဒါဆိုရင်..."
ချူရှန်းမိန် စကားမဆုံးခင်မှာပင် ချူလျိုယွဲ့က ကြားဖြတ်ပြောလိုက်သည်။
"တစ်နည်းအားဖြင့် ပြောရရင်... ငါ့နေရာကို လာပြီး ပြဿနာရှာဖို့ သူ့ကို နင်ပဲ ခိုင်းလိုက်တာပေါ့ ဟုတ်လား?"
ချူရှန်းမိန်မှာ ရုတ်တရက် ဆွံ့အသွားသည်။
"နင်က ချူလျန်ရှန်းကို လူတွေခေါ်ပြီး ငါ့ကို လာဖမ်းခိုင်းတယ်၊ ပြီးတော့ ငါ့ရဲ့ ဆေးတွေကိုလည်း လုခိုင်းတယ်... ဟုတ်တယ်မလား?"
"ဘာ... ဘာလို့... ငါက..." ချူရှန်းမိန်က အလိုအလျောက် ငြင်းဆိုလိုက်သည်။
သို့သော် ချူလျိုယွဲ့က သူမကို လုံးဝ မယုံကြည်ပေ။ "။နင့်ရဲ့ ညွှန်ကြားချက်သာ မပါရင် ချူလျန်ရှန်းက ဒီလောက်အထိ လုပ်ရဲပါ့မလား?"
ထိုစကားတစ်ခွန်းက ချူရှန်းမိန်ကို စကားမထွက်နိုင်အောင် လုပ်လိုက်ပြန်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပြဇာတ်ကောင်းကို စောင့်ကြည့်နေကြသကဲ့သို့ တိတ်ဆိတ်သွား၏။
ချူလျန်ရှန်းက အတော်လေး ပါးနပ်သူဖြစ်သည်။ ချူလျိုယွဲ့သာ ဆက်ပြောနေပါက သူတို့အတွက် အခြေအနေ မဟန်တော့သည်ကို ရိပ်မိသဖြင့် အမြန်ပင် အော်ပြောလိုက်သည်။
"သမီးတော်... ဒါတွေအားလုံးက ကျုပ်အမှားတွေပါ။ သမီးကြီးက မြင့်မြတ်တဲ့သူမို့လို့ ကျုပ်က မစော်ကားသင့်ခဲ့တာပါ။ တကယ်လို့ သမီးကြီးက အရှင်သခင် ဒါမှမဟုတ် အိမ်ရှေ့စံဆီကို တိုင်ချင်တယ်ဆိုရင်လည်း ကျုပ်တစ်ယောက်တည်းပဲ အပြစ်အားလုံးကို ခံပါ့မယ်"
ချူရှန်းမိန်၏ မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်သွားသည်။ ချူလျိုယွဲ့က သူမနှင့် အိမ်ရှေ့စံတို့၏ စေ့စပ်မှုကို အသုံးချကာ သူမကို ဖိအားပေးနေခြင်း ဖြစ်သည်။ ဘာတွေ ဖြစ်ကုန်တာလဲ? ချူလျိုယွဲ့သည် သူမကိုယ်သူမ အိမ်ရှေ့စံနှင့် မတန်ဟု သိထားသဖြင့် ယခင်က ဤစေ့စပ်မှုအကြောင်းကို ထည့်ပင် မပြောဝံ့ခဲ့ပေ။ အခုကျမှ ဘာဖြစ်လို့...။
"ဘာတွေ ဆူညံနေကြတာလဲ?"
ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ချူရှန်းမိန်သည် ထိုအသံကို ကြားလိုက်ရသဖြင့် ဝမ်းသာအားရ လှည့်ကြည့်လိုက်သည်။
"ပထမအကြီးအကဲ!"
ချူလျိုယွဲ့ မော့ကြည့်လိုက်ရာ ပထမအကြီးအကဲ 'ချူယောင်' လမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ သူ၏ နောက်တွင်လည်း စိမ်းသက်သော အမျိုးသားတစ်ဦး ပါလာ၏။
"သူ့ကို လာခိုင်းတာ ငါပဲ။ ဘာလဲ... နင့်မှာ ပြဿနာရှိလို့လား?"
ချူယောင်သည် ချူရှန်းမိန်၏ ရှေ့တွင် ရပ်လိုက်ကာ ချူလျိုယွဲ့ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အသံထဲတွင် မုန်းတီးမှုကို အထင်းသားပင် ကြားနေရသည်။
ချူရှန်းမိန်မှာ စိတ်အေးသွားတော့သည်။ အမှန်တော့ ပထမအကြီးအကဲမှာ ဤကိစ္စကို ဘာမှ မသိသေးသော်လည်း သူမဘက်က ရပ်တည်ပေးသဖြင့် ကျေနပ်သွားရသည်။ သူမက အကြီးအကဲနောက်မှ အမျိုးသားကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
"ဒု-တပ်မှူးစုန့်... ဘာလို့ ဒီကို ရောက်နေတာလဲ?"
ထိုသူမှာ အိမ်ရှေ့စံ၏ ကိုယ်ရံတော် စုန့်ယွမ်ပင် ဖြစ်သည်။ စုန့်ယွမ်က အမြန်ပင် ဦးညွှတ်နှုတ်ဆက်လိုက်၏။ "သမီးတော်... အားနာစရာကြီးပါ။ ကျုပ် ဒီကိုလာတာက တစ်ခုခု လာပေးဖို့ပါ"
အိမ်ရှေ့စံ၏ အမိန့်ဖြင့် ချူရှန်းမိန်ကို တစ်ခုခု လာပေးသည်မှာ အထူးပြောနေစရာ မလိုပေ။ ဘေးမှ ကြည့်နေသူများ၏ မျက်နှာများမှာလည်း ပြောင်းလဲသွားကြသည်။ အိမ်ရှေ့စံသည် ချူရှန်းမိန်ကို သဘောကျနေသည်ဟူသော သတင်းမှာ အမှန်ပင် ဖြစ်ပုံရသည်။
ချူရှန်းမိန်သည်လည်း အလွန်ပင် ကျေနပ်သွားရသည်။ လူအုပ်ကြီး၏ မနာလိုသော အကြည့်များက သူမ၏ စိတ်ကို အားရကျေနပ်စေသည်။ သူမ၏ ပါးပြင်များမှာ ရှက်သွေးဖြာသည့်အလား နီမြန်းသွားကာ—
"ကျင်းအစ်ကိုက တစ်ခုခု ပေးချင်တယ်ဆိုရင် တစ်ယောက်ယောက်ကို လွှတ်လိုက်ရင် ရနေတာပဲ။ ဒု-တပ်မှူးစုန့်ကို ကိုယ်တိုင်လာပို့ခိုင်းပြီး ဒုက္ခပေးသလို ဖြစ်သွားပြီ"
စုန့်ယွမ်က စာအိတ်တစ်အိတ်ကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ "အိမ်ရှေ့စံရဲ့ မွေးနေ့ပွဲက မကြာခင် ရောက်တော့မှာပါ။ အဲ့ဒါကြောင့် ဖိတ်စာကို လာပို့ပေးတာပါ။ တခြားသူတွေအတွက်တော့ ဖိတ်စာပို့မယ့်သူတွေ သီးသန့်ရှိပေမဲ့ သမီးတော်အတွက်ကိုတော့ အိမ်ရှေ့စံက ကျုပ်ကို ကိုယ်တိုင် လာပို့ခိုင်းလိုက်တာပါ"
ထိုအခါမှ လူအုပ်ကြီးမှာ ဤအရာမှာ အိမ်ရှေ့စံ၏ မွေးနေ့ဖိတ်စာ ဖြစ်ကြောင်း သိသွားကြသည်။ အိမ်ရှေ့စံအနေဖြင့် မွေးနေ့ပွဲသို့ ဧည့်သည်များ ဖိတ်ကြားခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း စုန့်ယွမ်ကိုယ်တိုင် လာပို့ပေးသော ဖိတ်စာကို ရရှိသူမှာ လက်ချိုးရေတွက်ရုံသာ ရှိသည်။ ဤသည်က အိမ်ရှေ့စံအနေဖြင့် ချူရှန်းမိန်ကို အမှန်တကယ် အလေးထားကြောင်း ပြသနေခြင်းပင်။
"ဟုတ်ကဲ့ပါ... ဒု-တပ်မှူးစုန့်ကို ကျေးဇူးတင်ပါတယ်" ချူရှန်းမိန်က ဖိတ်စာကို ယူလိုက်စဉ် ရင်ထဲတွင် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်နေရသည်။ အိမ်ရှေ့စံက သူမကို သဘောကျကြောင်း သူမ သိထားသော်လည်း ယခင်က သိသာထင်ရှားမှု မရှိခဲ့ပေ။ ယခုမူ အားလုံးရှေ့တွင် ရှင်းလင်းစွာ ပြသလိုက်ပြီ ဖြစ်သည်။
မကြာခင် မြို့တော်တစ်ခုလုံး ဤအကြောင်းကို သိသွားကြပေမည်။ အိမ်ရှေ့စံက သူမကို အိမ်ရှေ့စံမင်းသမီးအဖြစ် တင်မြှောက်ရန် ရည်ရွယ်ချက် ရှိနေပြီ မဟုတ်ပါလား။
သူမက ဖိတ်စာကို ကိုင်ကာ ချူလျိုယွဲ့ကို တမင်သက်သက် မေးလိုက်သည်။ "အစ်မ... ကျင်းအစ်ကိုနဲ့ အစ်မရဲ့ စေ့စပ်ပွဲကလည်း မကြာခင် လာတော့မှာဆိုတော့ အစ်မလည်း ဖိတ်စာကို စောစောစီးစီး ရထားမှာပဲ ဟုတ်တယ်မလား?"
လူအုပ်ကြီးဆီမှ ရယ်သံများ ထွက်ပေါ်လာသည်။ ဖိတ်စာတဲ့လား? အိမ်ရှေ့စံက သူမအကြောင်းကိုတောင် မေ့နေလောက်ပြီ။
ချူရှန်းမိန်က အတည်အပေါက်ဖြင့်ပင် "ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ အစ်မက ကျင်းအစ်ကိုရဲ့ မွေးနေ့ပွဲတွေကို တစ်ခါမှ မလာခဲ့ဘူးနော်။ ဒီနှစ်တော့ အစ်မ လာမှာမလား?"
ချူလျိုယွဲ့က နှာခေါင်းရှုံ့လိုက်သည်။ အတိတ်တုန်းက ရုန်ကျင်းသည် မူလ ချူလျိုယွဲ့ကို မွေးနေ့ပွဲတက်ရန် ဖိတ်ခဲ့ဖူးပြီး သူမကလည်း မျှော်လင့်ချက်အပြည့်ဖြင့် တက်ရောက်ခဲ့သည်။ သို့သော် သူမ ရခဲ့သည်မှာ လှောင်ပြောင်မှုများနှင့် ကဲ့ရဲ့ရှုတ်ချမှုများသာ ဖြစ်သည်။ ထိုအချိန်မှစ၍ သူမ မသွားတော့သလို ရုန်ကျင်းကလည်း မဖိတ်တော့ပေ။ ဤတစ်ကြိမ်တွင်လည်း သူမအတွက် ဖိတ်စာ ရှိလိမ့်မည်မဟုတ်သည်မှာ သေချာသည်။
ချူရှန်းမိန်က အံ့အားသင့်သည့်အလား ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။ "အား... အစ်မဆီမှာ ဖိတ်စာ မရှိဘူးလား? ဒါ... ဒါကတော့..." သူမက လက်ထဲမှ ဖိတ်စာကို ကြည့်ရင်း ခက်ခဲနေသည့်ပုံစံ ဖမ်းလိုက်သည်။ "စိတ်မကောင်းပါဘူး အစ်မရယ်... အစ်မမှာ မရှိဘူးဆိုတာ ညီမလေး မသိလို့ပါ..."
ပထမအကြီးအကဲက သူ၏ မုတ်ဆိတ်ကို ကျေနပ်စွာ သပ်လိုက်သည်။ ချူလျိုယွဲ့ဆိုသော ထိုအသုံးမကျသူက ချူမိသားစုနှင့် အိမ်ရှေ့စံတို့၏ မဟာမိတ်ပြုမှုကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အိမ်ရှေ့စံက မိန်မိန်ကို မျက်စိကျနေခဲ့သည်။ ထိုအကြောင်းကို တွေးမိရင်း သူက ချူလျိုယွဲ့ကို အေးစက်သော မျက်နှာဖြင့် ကြည့်လိုက်သည်။
"သူ့လို အသုံးမကျတဲ့သူက ဘာလို့ သွားမှာလဲ? အရှက်သွားခွဲဖို့လား? မြန်မြန် ဒူးထောက်စမ်း!"
ချူလျိုယွဲ့က သူ့ကို အေးစက်စွာ ပြန်ကြည့်လိုက်သည်။ "ပထမအကြီးအကဲ... အဲ့ဒီအတွက် အကြောင်းပြချက် တစ်ခုလောက် ပေးသင့်တယ် မဟုတ်ဘူးလား?"
ပထမအကြီးအကဲက မျက်မှောင်ကြုတ်ကာ ဆေးပုံကြီးကို လက်ညှိုးထိုးပြပြီး ဟိန်းဟောက်လိုက်သည်။ "နင်က မေးတောင် မေးရဲသေးတယ်ပေါ့? ပြောစမ်း! ဒီဆေးတွေဝယ်ဖို့ ပိုက်ဆံတွေ နင် ဘယ်ကရတာလဲ?"
စုန့်ယွမ်က ချူလျိုယွဲ့ကို ကြည့်လိုက်သည်။ ဤသူက... မြို့ထဲမှာ နာမည်ကျော်နေတဲ့ ချူမိသားစုရဲ့ အသုံးမကျတဲ့သမီး ချူလျိုယွဲ့လား။ ယခင်က သူမကို သူ တစ်ခါမှ သတိမထားမိခဲ့သလို အိမ်ရှေ့စံကိုယ်တိုင်လည်း သူမ မည်သို့ပုံစံရှိသည်ကိုပင် မသိပေ။ မမျှော်လင့်ဘဲ ဤအချိန်ကျမှ သူမက ထူးထူးခြားခြား ဖြစ်နေတော့သည်။ ရယ်စရာကောင်းလိုက်တာ။
စုန့်ယွမ်၏ အကြည့်များက ချူလျိုယွဲ့ထံသို့ ရောက်နေသည်ကို မြင်သောအခါ ချူရှန်းမိန် စိတ်မသက်မသာ ဖြစ်လာသည်။ စုန့်လျန်မှာ စုန့်ယွမ်၏ ဝမ်းကွဲညီဖြစ်ပြီး သူမအတွက် လမ်းခင်းပေးခဲ့သူလည်း ဖြစ်သည်။ ထိုအကြောင်းကို အိမ်ရှေ့စံ သိချင်မှ သိပေလိမ့်မည်။ သူက ဘာမှ ထုတ်မပြောသော်လည်း သူ၏ အမူအရာကတော့ ထိုလုပ်ရပ်များကို တိတ်တဆိတ် သဘောတူညီထားသည့်ပုံပင်။ သို့သော် စုန့်ယွမ်ကတော့ စုန့်လျန်၏ အခြေအနေကို မသိသေးပေ။ အကယ်၍ သူသာ သိသွားလျှင်...။
ချူလျိုယွဲ့က ခေတ္တမျှ တိတ်ဆိတ်နေသည်။ လူအုပ်ကြီးက သူမ အပြစ်ဝန်ခံတော့မည်ဟု ထင်နေချိန်တွင် သူမက စုန့်ယွမ်ကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။ ထို့နောက် ပြုံးစစဖြင့် ပြောလိုက်၏။
"ပထမအကြီးအကဲ... ကျမက ဒီလောက်ပိုက်ဆံတွေ ဘယ်ကရတယ်လို့ ထင်လဲ? မြို့တော်တစ်ခုလုံးမှာ ဒီလိုမျိုး လုပ်ပေးနိုင်တဲ့လူက အများကြီး မရှိဘူးလေ"
ပထမအကြီးအကဲက ဆက်ပြီး ဆဲဆိုရန် ပြင်လိုက်သော်လည်း ရုတ်တရက် ကြောင်သွားရသည်။ ချူလျိုယွဲ့ ဆိုလိုသည်မှာ အိမ်ရှေ့စံက သူမကို ပိုက်ဆံပေးသည်ဟု ဆိုလိုခြင်းလော။ သူက ဝေခွဲမရစွာဖြင့် စုန့်ယွမ်ကို ကြည့်လိုက်သည်။ စုန့်ယွမ်မှာလည်း ကြောင်အမ်းသွားရ၏။ အိမ်ရှေ့စံက သူမကို ဘာကြောင့် ပိုက်ဆံပေးရမှာလဲ? သို့သော် ဤသည်မှအပ အခြား အကြောင်းပြချက်လည်း မရှိသယောင် ဖြစ်နေသည်။
"ညီမလေး... ညီမလေး အားနာမနေပါနဲ့။ ဒီနှစ် အိမ်ရှေ့စံရဲ့ မွေးနေ့ပွဲကို အစ်မ မတက်တော့ဘူး"
ချူရှန်းမိန်၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း နောက်ဆက်တွဲ စကားကြောင့် သူမ အေးခဲသွားရသည်။
"ဘာပဲဖြစ်ဖြစ်... စေ့စပ်ပွဲကလည်း မကြာခင် လာတော့မှာဆိုတော့ အစ်မမှာ ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်လေ။ အစ်မက ညီမလေးလိုမှ အားမနေတာ... ဟုတ်တယ်မလား?"