အခန်း ၈၄ အစ်ကိုလတ်စ်၊ ကျွန်မတို့ရဲ့ကလေးလေး နောက်ဆုံးတော့ မွေးဖွားလာခဲ့ပြီ!
"ကိုကို၊ အားးး လုပ်ဦးလေ!"
".... အားးး"
အိုင်းရစ်က သူမမျက်နှာလေးထက်တွင် ချိုသာသော အပြုံးတစ်ခုနှင့်အတူ လပ်စ်ကို ပန်းသီးပိုင် တစ်ဇွန်း ခွံ့ကျွေးနေသည်။ ဗီရာက ထိုမြင်ကွင်းကို ကြည့်ပြီး ကြည်နူးနေမိ၏။ လပ်စ် အသက်ဆယ်နှစ်၊ အိုင်းရစ် ကိုးနှစ်အရွယ်ကတည်းက သူမသည် ထိုကလေးနှစ်ယောက်ကို ဖူးစာဆုံပေးရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။
သူတို့နှစ်ယောက်လုံးမှာ သူမ၏ မြေးများဖြစ်ကြပြီး သူတို့နှစ်ဦးလုံး ဘဝကို အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားစေချင်သည်။ ကံကောင်းထောက်မစွာဖြင့် အိုင်းရစ်သည်လည်း ထိုအကြံအစည်ကို အလွန်သဘောကျရုံသာမက လပ်စ် ဝိုင်းလ်ဂတ် ခံတပ် မှာ ရှိနေစဉ်အတွင်း တခြားမည်သည့် မိန်းကလေးနှင့်မျှ နီးစပ်မှုမရှိစေရန် သူမ၏ အဖွားကိုပင် အကူအညီတောင်းထားသေးသည်။
အမှန်အတိုင်းပြောရလျှင် ခံတပ်အတွင်းရှိ မိန်းကလေးအများအပြားမှာ လပ်စ်အပေါ် စိတ်ဝင်စားနေကြသော်လည်း သူတို့၏ မိဘများက တခြားတစ်ယောက်ကိုသာ ရွေးချယ်ရန် တိုက်တွန်းထားကြသည်။ ပထမဆုံးအကြောင်းရင်းမှာ လပ်စ်၏ နုနယ်ဖျော့တော့သော ကျန်းမာရေးအခြေအနေကြောင့်ဖြစ်ပြီး၊ နောက်တစ်ချက်မှာ သူသည် အီလီစီယမ် သို့ မသွားနိုင်ခြင်းကြောင့် ဖြစ်သည်။
ဆိုလစ် ကမ္ဘာရှိ လူသားတို့သည် ခွန်အား၊ တည်ငြိမ်မှုနှင့် အရင်းအမြစ်များကိုသာ ဦးစားပေးကြသည်။ လပ်စ်သည် ရုပ်ရည်ချောမောသော်လည်း ထိုအချက်တစ်ချက်သာ ရှိသည်။ သူ၌ စွမ်းအား၊ တည်ငြိမ်မှု သို့မဟုတ် အရင်းအမြစ်များ မရှိပေ။ သူ၏ ရုပ်ရည်ကြောင့် လူကြိုက်များသော်လည်း ရုပ်ရည်နှင့် လူကြိုက်များမှုက ဝမ်းရေးကို မဖြေရှင်းပေးနိုင်ပေ။
သားမက်ရွေးချယ်ရာတွင် မိဘများသည် ဇနီးဖြစ်သူကို ကာကွယ်ပေးနိုင်လောက်သည့် သန်မာသော အမျိုးသားကိုသာ ပိုနှစ်သက်ကြသည်။ ထို့ကြောင့် ဝိုင်းလ်ဂတ် ခံတပ်တွင် နေထိုင်သူတို့၏ အမြင်တွင် လပ်စ်သည် အလားအလာရှိသော သားမက်လောင်းတစ်ဦး မဟုတ်ပေ။
သို့သော် အိုင်းရစ်ကမူ လပ်စ် သန်မာသည်ဖြစ်စေ၊ မသန်မာသည်ဖြစ်စေ ဂရုမစိုက်ပါ။ သူသည် နုနယ်သော်လည်း သူမနှင့် အမြဲတမ်း အတူတူဆော့ကစားပေးခဲ့ပြီး သူမဖခင် အဝေးသို့ ရောက်နေချိန်တိုင်း သူမဘေးတွင် ရှိနေပေးရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည့်အတွက် သူမက သူ့ကို ချစ်မိသွားခြင်းဖြစ်သည်။
ဝန်ခံရလျှင် သူတို့နှစ်ဦး နီးစပ်သွားရခြင်းမှာ ဗီရာ၏ အခန်းကဏ္ဍကလည်း အလွန်အရေးကြီးသည်။ သူမသည် သူတို့နှစ်ယောက် အမြဲတူတူရှိနေနိုင်စေရန် အခွင့်အရေးများ ဖန်တီးပေးလေ့ရှိသည်။
သို့သော် လပ်စ်က အီလီစီယမ်သို့ ဝင်ရောက်နိုင်ရန်အတွက် လေ့ကျင့်မှုများကို အာရုံစိုက်လာသည့်အခါ သူတို့နှစ်ဦး အတူတူရှိချိန်မှာ နည်းပါးသွားခဲ့သည်။
အိုင်းရစ်သည်လည်း လေ့ကျင့်မှုများ ပြုလုပ်သော်လည်း သူမ၏ ပတ်ဝန်းကျင်မှာမူ ထူးခြားသည်။ သူတော်စင် တစ်ဦး၏ သမီးဖြစ်သည့်အတွက် သူမကို အချိန်တိုင်း ကောင်းမွန်စွာ စောင့်ရှောက်ထားကြသည်။
အိုင်းရစ်၏ အသက်မွေးဝမ်းကျောင်းမှာ သားရဲထိန်းကျောင်းသူ ဖြစ်ပြီး သားရဲသားဖောက်ခြင်း တွင် အထူးကျွမ်းကျင်သူလည်း ဖြစ်သည်။ လပ်စ် သူမထံသို့ လာတွေ့ရသည့် အကြောင်းရင်းမှာ လူအများမသိကြသော အိုင်းရစ်၏ ထူးခြားချက်တစ်ခုရှိနေ၍ ဖြစ်သည်။ ထိုအချက်မှာ သူမ၏ မယုံနိုင်စရာကောင်းလောက်သည့် ကံကောင်းမှုပင် ဖြစ်သည်။
သူမကို ကံကောင်းခြင်းနတ်သမီး၏ သမီးတော်ဟု ခေါ်ဆိုလျှင်ပင် မမှားနိုင်ပေ။ အကယ်၍ ငှက်အုပ်တစ်အုပ်က လူအုပ်ကြီးထဲကို အညစ်အကြေး စွန့်ချလိုက်လျှင်ပင် သူမတစ်ယောက်တည်းကလွဲ၍ ကျန်သည့်သူအားလုံး အထိခံရမည်မှာ သေချာလှသည်။
သူမသည် လွင်ပြင်များထဲတွင် သားရဲဥများကိုလည်း မတော်တဆ တွေ့ရှိလေ့ရှိပြီး၊ သူမ ဥဖောက်လိုက်သည့်အခါတိုင်း ၁၀၀ ရာခိုင်နှုန်း ရှားပါးပြီး ဒဏ္ဍာရီလာ သားရဲများသာ မွေးဖွားလာတတ်သည်။
ယခုအချိန်တွင် အိုင်းရစ်၌ သူမကိုယ်တိုင် ဥမှစ၍ ပြုစုပျိုးထောင်ထားသော သားရဲဖော် ငါးကောင်ရှိသည်။
နဂါးပြာ၊ ကျားဖြူ၊ ဖီးနစ်နီ၊ လိပ်နက် နှင့် ယူနီကွန်းတို့ ဖြစ်ကြသည်။
လပ်စ်က တစ်ခါကဆိုလျှင် "အကယ်၍ မင်းသာ ကမ္ဘာကြီးကို အုပ်စိုးဖို့ ကြံရွယ်ထားရင် အဲဒါက တကယ်ဖြစ်လာမှာ သေချာတယ်" ဟုပင် နောက်ပြောင်ခဲ့ဖူးသည်။
လပ်စ်၏ သွားများပင် ကျိန်းသွားစေနိုင်လောက်သည့် အိုင်းရစ်၏ တစ်ဖက်သတ် အချစ်ပြသမှုများအပြီးတွင်၊ ဟာ့ဖ်အယ်ဖ် လေးသည် သူလာရသည့် အကြောင်းရင်းကို စတင်ပြောပြလိုက်သည်။
"အယ်လ်ဖာ သားရဲ ဆီက ရလာတဲ့ ဥ ဟုတ်လား?" သားရဲဥအကြောင်း ကြားလိုက်သည်နှင့် အိုင်းရစ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ "ဟိဟိ... အဲဒီတော့ ကိုကိုက ဥဖောက်ပေးဖို့ ကျွန်မဆီ လာခဲ့တာပေါ့ ဟုတ်လား?"
"အင်း" လပ်စ်က ခေါင်းညိတ်ရင်း ဗီရာပေးထားသော သားရဲဥများ ထည့်ရန်အတွက်သာ သီးသန့်အသုံးပြုသည့် သိုလှောင်လက်စွပ်ထဲမှ ဥကို ထုတ်ယူလိုက်သည်။ "ကူညီပါဦး အိုင်းရစ်ရာ"
အိုင်းရစ်က အမြင့် နှစ်ပေခန့်ရှိသော ထိုသားရဲဥကို သူမ၏ ပေါင်ပေါ်တွင် တင်ကာ မျက်နှာပြင်ကို အသာအယာ ပွတ်သပ်ရင်း ပြုံးလိုက်သည်။
"ဒီဥထဲမှာ ရှင်သန်ချင်တဲ့ ပြင်းပြတဲ့ဆန္ဒရှိနေတာကို ကျွန်မ ခံစားလို့ရတယ်" အိုင်းရစ်က မျက်လုံးလေးမှိတ်ကာ ပြောလိုက်သည်။ "စိတ်မပူနဲ့နော်... မကြာခင် မင်းကို ငါ အပြင်လောကထဲ ခေါ်ထုတ်ပေးမယ်"
အပြာနုရောင် ဆံနွယ်များနှင့် လှပသော မိန်းကလေးငယ်သည် ပြုံးလိုက်ပြီး ဥကို သားရဲဖောက်သည့်နေရာသို့ မချီသွားသည်။ လပ်စ်သည်လည်း ထိုဥမှ မည်သို့သော သားရဲမျိုး မွေးဖွားလာမည်ကို သိချင်စိတ်ပြင်းပြနေသဖြင့် သူမနောက်မှ လိုက်သွားခဲ့သည်။
ဗီရာနှင့် အလီစီယာတို့ကမူ ထိုလူငယ်နှစ်ယောက်ကို အနှောင့်အယှက်မဖြစ်စေချင်သဖြင့် လိုက်မသွားခဲ့ကြပေ။
—-
"ဟိဟိ... ကိုကိုလပ်စ်၊ တစ်မျိုးကြီးပဲနော်... ကျွန်မတို့နှစ်ယောက်ရဲ့ ကလေးလေးကို ကျွန်မကိုယ်တိုင် မွေးဖွားပေးနေရသလိုပဲ" အိုင်းရစ်က ဥကို အပူပေးစက် ပေါ်သို့ တင်ရင်း ပြောလိုက်သည်။ "ကဲ... ကိုကို ဘာလိုချင်လဲ? သားလေးလား၊ သမီးလေးလား?"
"အာ... ဘာဖြစ်ဖြစ် ရပါတယ်" လပ်စ်က ပြန်ဖြေသည်။ "ကျန်းမာသန်စွမ်းစွာ မွေးဖွားလာရင် ပြီးတာပါပဲ"
အိုင်းရစ်နှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်၍ သူမ မည်ကဲ့သို့သော မိန်းကလေးမျိုးဖြစ်သည်ကို လပ်စ် လုံးဝမေ့နေခဲ့သည်။ ဘေးနားရှိ လှပသော မိန်းကလေးငယ်သည် သူမ၏ ကိုကိုအပေါ် အလွန်အမင်း စွဲလမ်းသူ(ဘရိုကွန်း) တစ်ဦးဖြစ်သည်။
သို့သော် အိုင်းရစ်သည် သာမန် ကိုကိုစွဲစွဲသူမျိုး မဟုတ်ဘဲ သူမ၏ ကိုကိုအား လက်ထပ်ရန်အထိ ရည်ရွယ်ထားသူမျိုး ဖြစ်သည်။
အိုင်းရစ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်သားပဲ... အဲဒါက အရေးကြီးဆုံးပေါ့။ စိတ်မပူနဲ့နော်... ကျွန်မတို့ကလေးလေးကို ဘေးကင်းကင်းနဲ့ မွေးပေးမှာမို့လို့"
လပ်စ်မှာ အိုင်းရစ်နှင့် နှစ်အတော်ကြာ နေခဲ့ဖူးသဖြင့် သူမ၏ စကားပြောပုံကို ယဉ်ပါးနေပြီဖြစ်သောကြောင့် ဘာမှမကြားသလိုမျိုး ငြိမ်နေလိုက်သည်။
အိုင်းရစ်က ဂါထာများ ရွတ်ဖတ်လိုက်ပြီး သူမ၏ လက်များဖြင့် သားရဲဥမျက်နှာပြင်ပေါ်တွင် မှော်စာလုံး များကို ရေးထွင်းလိုက်သည်။ များသောအားဖြင့် သားရဲဖောက်သူများသည် သားရဲမွေးဖွားရာတွင် အထောက်အကူဖြစ်စေရန် သူတို့၏ မှော်စွမ်းအားနှင့် သက်စောင့်အား အချို့ကို ထည့်သွင်းပေးနိုင်စွမ်း ရှိကြသည်။
ဤသို့ ပြုလုပ်ခြင်းဖြင့် သားရဲသည် ဘေးကင်းစွာ မွေးဖွားလာစေရုံသာမက တစ်ခါတစ်ရံတွင် ဒီယာဘလို နှင့် အစ်ရှ်တာ တို့ကဲ့သို့ အမည်နာမရ သတ္တဝါများ ကဲ့သို့ပင်၊ သူတို့၏ မျိုးနွယ်တူ သားရဲများထက် သာလွန်သည့် ရှားပါးစွမ်းရည် သို့မဟုတ် ပါရမီများကိုလည်း ရရှိလာနိုင်သည်။
သူမ ဂါထာရွတ်အပြီးတွင် ဥသည် စတင်တောက်ပလာပြီး မျက်နှာပြင်တွင် အက်ကြောင်းငယ်လေးတစ်ခု ပေါ်လာသည်။ မကြာမီတွင် အက်ကြောင်းများသည် တစ်ဥလုံးသို့ ပြန့်နှံ့သွားခဲ့သည်။
လပ်စ်သည် ထိုဥမှ မည်သည့် သားရဲမျိုး ထွက်ပေါ်လာမည်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေမိသည်။
'အိုင်းရစ်ရဲ့ လက်ရာဆိုတော့ ဒါက ဒဏ္ဍာရီလာ သားရဲတစ်ကောင် ဖြစ်မှာ သေချာတယ်။ နဂါးတစ်ကောင်များလား? ဒါမှမဟုတ် ဖီးနစ်လား? ခဏနေဦး... သူမမှာ အဲဒီနှစ်ကောင်စလုံး ရှိပြီးသားပဲဆိုတော့၊ သူမရဲ့ သားရဲအုပ်စုမှာ ဘာလိုနေသေးလဲ? ငါ စဉ်းစားလို့ရတာဆိုလို့ ချီလင်း ပဲ ရှိတော့တယ်...'
လပ်စ် ထိုသို့ စဉ်းစားနေစဉ်မှာပင် ဥသည် အပိုင်းပိုင်းကွဲသွားပြီး အတွင်းမှ သားရဲလေး ထွက်ပေါ်လာသည်။
"ကိုကိုလပ်စ်၊ ကျွန်မတို့ ကလေးလေး မွေးပြီ!" အိုင်းရစ်က ထိုသားရဲလေးကို ဝမ်းသာအားရ ချီလိုက်ပြီး နမ်းလိုက်သည်။ "ချစ်စရာလေး မဟုတ်ဘူးလား? အင်း... ဒီနေ့ကစပြီး မင်းရဲ့နာမည်က အီကို နော်"
အသစ်စက်စက် မွေးဖွားလာသော အီကိုလေးသည် သူမကို နမ်းလိုက်သည့် အနမ်းကို တုံ့ပြန်သည့်အလား အိုင်းရစ်၏ ညာဘက်ပါးပြင်ကို တိုးဝှေ့လိုက်သည်။
အခြားတစ်ဖက်တွင်မူ လပ်စ်မှာမူ အိုင်းရစ်၏ လက်ထဲမှ သားရဲလေးကို ကြည့်ပြီး မှင်တက်နေမိသည်။
သူသည် အိုင်းရစ်၏ အကူအညီဖြင့် ဒဏ္ဍာရီလာ သို့မဟုတ် အလွန်ရှားပါးသော အယ်လ်ဖာ သားရဲတစ်ကောင် ရလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း၊ မွေးဖွားလာသည့် သားရဲမှာ အလွန်ပင် ရိုးရှင်းလှသော သားရဲတစ်ကောင် ဖြစ်နေသည်။ အိုင်းရစ်သည် သူမ၏ သားရဲဖော်များကို ဖောက်စဉ်ကပင် သူမ၏ ကံကောင်းမှုများအားလုံးကို သုံးစွဲပစ်လိုက်သလားဟု လပ်စ် သံသယဝင်သွားမိသည်။
"ကိုကိုလပ်စ်၊ သူလေးက အရမ်းချစ်စရာကောင်းတယ် မဟုတ်ဘူးလား?" အိုင်းရစ်က သားရဲလေးကို လပ်စ်အား ပြလိုက်သည်။
"အင်း... အင်း..." လပ်စ်က ပြန်ဖြေလိုက်သည်။ "သူလေးက ကြည့်ရတာ အရမ်း... တွန့်တွန့်အိအိလေးပဲနော်"
အိုင်းရစ်က တဟဟ ရယ်မောပြီး သားရဲလေးကို နောက်တစ်ကြိမ် နမ်းလိုက်ကာ လပ်စ်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ဟာ့ဖ်အယ်ဖ်လေးက အီကို ကို စိုက်ကြည့်လိုက်ပြီး အီကို ကလည်း သူ့ကို ပြန်ကြည့်နေသည်။
ဤသည်မှာ သူတို့၏ ပထမဆုံး တွေ့ဆုံမှုဖြစ်ပြီး၊ အံ့ဖွယ်အမှုများနှင့် ဆုတောင်းများ လက်တွေ့ဖြစ်လာနိုင်သည့် ကမ္ဘာကြီးကို လေ့လာစူးစမ်းမည့် အီကိုနှင့် လပ်စ်တို့၏ ခရီးစဉ်အစလည်း ဖြစ်ပေတော့သည်။