အခန်း ၆၄ မင်းကို လွမ်းတယ်
ဗီရာသည် သူမတို့အိမ်ရှေ့၌ ကြွေကျနေသော သစ်ရွက်များကို လှည်းကျုံးနေစဉ် ပတ်ဝန်းကျင်၌ တံမြက်စည်းလှည်းသံကို ခပ်တိုးတိုး ကြားနေရသည်။
လပ်စ် ထွက်ခွာသွားပြီးကတည်းက သူမမှာ အခြားလုပ်စရာ အလုပ်မရှိသဖြင့် နေ့စဉ်ရက်ဆက်နီးပါး ဤသို့ပင် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ သစ်ရွက်များကို စုပုံပြီးနောက် ဥယျာဉ်ထဲရှိ အခြားအပင်များအတွက် မြေဆွေးအဖြစ် အသုံးပြုရန် သယ်ဆောင်သွားလေသည်။
အလုပ်ပြီးဆုံးသွားသောအခါ သူမသည် အိမ်ထဲသို့ ပြန်ဝင်ခဲ့ပြီး လပ်စ်၏ အခန်းသို့ ဦးတည်လိုက်သည်။ အခန်းထဲသို့ ရောက်လျှင် ပုံမှန်မဟုတ်သည်များ ရှိမရှိ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုသည်။ အရာအားလုံး အစီအစဉ်တကျ ရှိနေသည်ကို မြင်သောအခါ သူမသည် လက်ကို ဝေ့ယမ်းလိုက်ပြီး သန့်ရှင်းရေးမှော်အတတ်ဖြင့် အခန်းကို သန့်စင်လိုက်သည်။
ညင်သာသော လေပြည်လေးတစ်ခုသည် အခန်းအတွင်းသို့ ဖြတ်သန်းသွားပြီး လန်းဆန်းသော ရနံ့တစ်ခုကို ချန်ရစ်ထားခဲ့သည်။ အကယ်၍ လပ်စ်သာ အိမ်သို့ ပြန်လာခဲ့လျှင် သက်သောင့်သက်သာ အနားယူနိုင်စေရန် ဗီရာသည် သူမ၏ မြေးဖြစ်သူ အခန်းကို မှော်အတတ်သုံး၍ နေ့စဉ် သန့်ရှင်းရေး လုပ်ပေးလေ့ရှိသည်။
သန့်ရှင်းရေးမှော်အစီရင် ပြီးဆုံးသွားသောအခါ သူမသည် ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ သူမ အခန်းထဲမှ ထွက်ခွာတော့မည့်ဆဲဆဲတွင် လပ်စ်၏ စားပွဲပေါ်၌ တင်ထားသော သက်တံ့ရောင် ဘောလုံးလေးတစ်ခုကို မြင်လိုက်ရသည်။ ထိုဘောလုံးလေးသည် လပ်စ် အသက်နှစ်နှစ်အရွယ်က လှည့်လည်ရောင်းချသော ကုန်သည်တစ်ဦးထံမှ သူမ ဝယ်ပေးခဲ့သော အရာဖြစ်သည်။
ဗီရာသည် ထိုဘောလုံးလေးကို ကောက်ကိုင်လိုက်ပြီးနောက် သူမ၏ မွေးစားမြေးလေး အသက်နှစ်နှစ်သားအရွယ်က ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ပြန်လည်အမှတ်ရကာ လွမ်းဆွတ်ဖွယ်ရာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
—--
ဗီရာက လပ်စ်ကို မိကျောင်းဘီလူးကြီးများလက်မှ ကယ်တင်ခဲ့ပြီး နှစ်နှစ်အကြာတွင်...
"မင်္ဂလာနံနက်ခင်းပါ အဖွားဗီရာ... မင်္ဂလာပါ လပ်စ်လေး!"
"အဖွားတို့မြေးအဘွား လမ်းလျှောက်ထွက်ကြမလို့လား?"
"လပ်စ်လေးက တော်တော်ကြီးလာပြီပဲ။ သူ့ကို မွေးစားခဲ့တာ မနေ့တစ်နေ့ကလိုပဲ ရှိသေးတယ်။ နောက်ထပ် နှစ်အနည်းငယ်ကြာရင်တော့ သူဟာ တကယ့်ကို ချောမောတဲ့ ကောင်လေးတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ။"
ဗီရာသည် ဝိုင်းလ်ဂတ်ခံတပ် ရှိ ဒေသခံများနှင့် စကားပြောရင်း ပြုံးပြလိုက်သည်။ လပ်စ်သည် ဤခံတပ်အတွင်း၌ ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်နေရခြင်းမှာ သူသည် ဟာ့ဖ်အယ်ဖ် တစ်ဦး ဖြစ်နေ၍ မဟုတ်ဘဲ ဗီရာ၏ မွေးစားမြေး ဖြစ်နေသောကြောင့်ပင်။
ဤခံတပ်တွင် နယ်မြေ၏ အရှင်သခင်အဖြစ် ရပ်တည်နိုင်စေရန် ကာကွယ်ပေးထားသော အစောင့်အရှောက် ကိုးဦး ရှိသည်။ ဒေသတွင်းနှင့် ပြည်ပမှ စစ်ဘုရင်များက ၎င်းတို့၏ နယ်မြေချဲ့ထွင်ရန်အတွက် ဤခံတပ်ကို ကျူးကျော်ရန် ကြိုးပမ်းခဲ့ကြသော အကြိမ်ပေါင်း များစွာရှိခဲ့ဖူးသည်။
သို့သော် ၎င်းတို့၏ ရည်မှန်းချက်အားလုံးသည် ဤအစောင့်အရှောက် ကိုးဦး၏ လက်ချက်ဖြင့် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ ဗီရာသည် ထိုအစောင့်အရှောက်များထဲမှ တစ်ဦးဖြစ်သောကြောင့် ဝိုင်းလ်ဂတ်ခံတပ်တွင် သူမ၏ အဆင့်အတန်းမှာ အလွန်မြင့်မားသည်။ ထိုကဲ့သို့သော အစောင့်အရှောက်တစ်ဦး၏ မွေးစားခြင်းကို ခံထားရသူ ဖြစ်သဖြင့် လပ်စ်သည် ဒေသခံများကြားတွင် ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
ဗီရာ၏ ရင်ခွင်ထဲ၌ အချီခံထားရသော လပ်စ်သည် လက်မကို စုပ်ရင်း ပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်နေသည်။ တစ်စုံတစ်ယောက်က သူ့ပါးကို လာပွတ်လျှင် သူ ငိုတတ်သည်။ လှပသော မိန်းကလေးတစ်ဦးက သူ့ကို နမ်းလျှင်ပင် သူ ငိုနေဦးမည်သာ။ တစ်စုံတစ်ယောက်က စကားလာပြောလျှင်လည်း သူ ငိုလိမ့်မည်။
ဤအချက်က ဗီရာကို အခက်တွေ့စေသည်။ သူမ၏ မြေးလေးသည် အခြားသူများ၏ အကိုင်အတွယ်ခံရခြင်း၊ အနမ်းခံရခြင်း သို့မဟုတ် စကားပြောခြင်းတို့ကို လုံးဝမနှစ်သက်ချေ။
ခံတပ်အတွင်းရှိ ကလေးအများစု စုဝေးရာ ကစားကွင်းကျယ်ကြီးအနီးသို့ ရောက်သောအခါ ဗီရာ၏ ရင်ခွင်ထဲမှ လက်မစုပ်နေသော ကလေးငယ်သည် ခေါင်းမော့ကာ အခြားကလေးများ ကစားနေသည်ကို အလွန်စိတ်ဝင်တစား ကြည့်နေသည်။ အဖွားဖြစ်သူသည် သူ့ကို အခြားကလေးများ ကစားသည်ကို ကြည့်ရှုနိုင်ရန် ဤနေရာသို့ မကြာခဏ ခေါ်လာလေ့ရှိသည်။
သို့သော် ယနေ့မှာတော့ ထူးခြားသည်။ ဗီရာသည် သူ့ကို ရွယ်တူချင်းကလေးများနှင့် ရောနှောကစားတတ်စေရန် ကစားကွင်းသို့ ခေါ်လာခြင်းဖြစ်သည်။ ကလေးငယ်များရှိရာ ကစားကွင်း၏ ဘယ်ဘက်ခြမ်းသို့ အဘွားအို လျှောက်သွားသောအခါ ကလေးများကို လာရောက်စောင့်ရှောက်နေကြသော အမျိုးသမီးအချို့သည် မတ်တပ်ရပ်၍ သူမကို အရိုအသေပေးကြသည်။
ဗီရာက သူတို့ကို နေသာသလိုနေရန် လက်ဝေ့ယမ်းပြလိုက်ပြီးနောက် လပ်စ်ကို မြေပြင်ပေါ်တွင် ချပေးလိုက်သည်။
အသက်နှစ်နှစ်အရွယ် ဖြစ်သဖြင့် လပ်စ်သည် ကိုယ်တိုင် မတ်တပ်ရပ်နိုင်ပြီ ဖြစ်သော်လည်း အချိန်အတော်များများတွင် သူသွားလိုသည့်နေရာသို့ လေးဘက်ထောက်၍သာ သွားလိုသေးသည်။
"လပ်စ်... ဟိုက ကလေးတွေနဲ့ သွားကစားလေ" ဟု ဗီရာက အခြားကလေးများ ကစားနေသည့် နေရာသို့ သွားရန် သူမ၏ မြေးလေးကို ချော့မော့ပြောဆိုလိုက်သည်။
ကလေးငယ်များ ကစားသည့် နေရာတွင် အန္တရာယ် တစ်စုံတစ်ရာ မဖြစ်စေရန် အထူးကာကွယ်ရေးမှော်ဖြင့် ဝန်းရံထားသည်။
ဗီရာသည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသော်လည်း လပ်စ်က သူမနောက်မှ လိုက်လာသည်ကို မြင်လိုက်ရသည်။ သူမ ရပ်လိုက်သောအခါ လပ်စ်က သူမ၏ ခြေထောက်ကို ဖက်တွယ်ပြီး ရယ်မောလေသည်။
ထိုမြင်ကွင်းကို ကြည့်နေသော အမျိုးသမီးများမှာ တခိခိ ရယ်မောကြကုန်သည်။ ၎င်းတို့သည် လပ်စ်ကို ယခင်က အကြိမ်ပေါင်းများစွာ မြင်ဖူးသော်လည်း ဗီရာ ခံတပ်အတွင်း ပတ်ကင်းလှည့်သည့်အခါတိုင်း သူမက သူ့ကို ချီပိုးထားသည်ကိုသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
ဟာ့ဖ်အဲ့လ်ဖ် ကောင်လေးငယ်က သူ့အဖွားနောက်သို့ ဘဲပေါက်လေးတစ်ကောင်လို တကောက်ကောက် လိုက်နေသည်ကို မြင်ရသည်မှာ အမျိုးသမီးများ၏ စိတ်ကို ကြည်နူးစေသည်။ သူသည် မည်မျှ ချစ်စရာကောင်းကြောင်း ၎င်းတို့ မတွေးဘဲ မနေနိုင်ကြပေ။
"လပ်စ်... မြေးက ဟိုကလေးတွေနဲ့ မကစားချင်ဘူးလား?" ဗီရာက မေးသည်။ "ကြည့်စဥ်... သူတို့တွေ ဟိုမှာ ပျော်နေကြတာ။"
ဗီရာသည် ကစားကွင်းအတွင်း ပြန့်ကျဲနေသော ရောင်စုံဘောလုံးများနှင့် သေတ္တာလေးများကို ကစားနေကြသည့် နှစ်နှစ်မှ လေးနှစ်အရွယ် ကလေးအုပ်စုဆီသို့ ညွှန်ပြလိုက်သည်။
လပ်စ်သည် ဗီရာညွှန်ပြသည့် နေရာကို တစ်ချက်ကြည့်လိုက်ပြီး လက်မကို ပြန်စုပ်လိုက်ပြန်သည်။ အခွင့်အရေးရပြီဟု တွေးကာ အဘွားအိုသည် သူမ၏ ခြေထောက်ကို ဖက်ထားသော လပ်စ်၏ ဘယ်ဘက်လက်ကို ဖြည်းညင်းစွာ ခွာလိုက်ပြီး လပ်စ် မမြင်နိုင်မည့် သစ်ပင်ထိပ်သို့ ခုန်တက်လိုက်သည်။
လပ်စ်သည် ကလေးငယ်တစ်ဦးသာ ဖြစ်သဖြင့် သူ့အနားမှ အဖွားဖြစ်သူ ပျောက်ကွယ်သွားသည်ကို ချက်ချင်း သတိမထားမိပေ။ သူ လှည့်ကြည့်လိုက်သောအခါတွင်မူ ဗီရာကို မတွေ့ရတော့ပေ။
ဟာ့ဖ်အယ်ဖ် ကောင်လေးငယ်သည် သူ့အဖွားကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့် လုပ်နေသည်။ မိနစ်အနည်းငယ်ကြာသည်အထိ ဗီရာကို မတွေ့ရသောအခါ လပ်စ်သည် အော်ငိုပြီး အဖွားဖြစ်သူကို လှမ်းခေါ်တော့သည်။
"မန်မား! ဝါးးးးးး! မန်မားးးး!"
(မှတ်ချက် - မန်မား သည် မားမား နှင့် ဂရန်းမား ကို ပေါင်းစပ်ခေါ်ဆိုခြင်း ဖြစ်သည်။)
ဟာ့ဖ်အယ်ဖ် ကောင်လေးငယ်သည် အားပါးတရ ငိုယိုနေသဖြင့် စောစောက ကြည့်နေသော အမျိုးသမီးများမှာ သူ့ကို ပြေးဖက်ကာ ချော့မော့ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ သို့သော် ဗီရာသည် သူမမြေး၏ လှုပ်ရှားမှုတိုင်းကို သစ်ပင်ပေါ်မှ စောင့်ကြည့်နေကြောင်း သိကြသဖြင့် မည်သူမျှ မလှုပ်ရဲကြပေ။
"မန်မားးးး! မန်မားးးး!"
လပ်စ်သည် မျက်နှာတစ်ခုလုံး နီမြန်းလာသည်အထိ အဆက်မပြတ် အော်ငိုနေသည်။ ယခုအချိန်တွင် သူ့ကို မြင်ရသူတိုင်းသည် သနားစရာကောင်းလှသော သူ့ပုံစံကြောင့် စိတ်မကောင်း ဖြစ်ကြရမည်မှာ အသေအချာပင်။
လပ်စ်သည် အခြားကလေးများနှင့် ကစားရန် အဆင်သင့် မဖြစ်သေးကြောင်း ဗီရာ သိလိုက်သဖြင့် သက်ပြင်းချလိုက်သည်။ သူမ သစ်ပင်ပေါ်မှ ခုန်ဆင်းတော့မည့်ဆဲဆဲတွင် လပ်စ်သည် ရုတ်တရက် လဲကျသွားပြီး မြေပြင်ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်သွားသည်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသော အမျိုးသမီးများသည် လန့်ဖျပ်ကာ အော်ဟစ်ပြီး နေရာမှ ထလိုက်ကြသည်။ ၎င်းတို့သည် လပ်စ်ကို ကူညီရန် သွားတော့မည့်အချိန်မှာပင် ဗီရာသည် သူ့အနားသို့ ရောက်ရှိလာသည်။
အဘွားအိုသည် သူမ၏ မြေးလေးကို ချီလိုက်ပြီး မှော်အတတ်ဖြင့် သူ့အခြေအနေကို ချက်ချင်း စစ်ဆေးလိုက်သည်။ စစ်ဆေးမှုရလဒ်က ဗီရာကို ဝေခွဲမရ ဖြစ်သွားစေသည်၊ အကြောင်းမှာ သူမ၏ ဆေးပညာ ဗဟုသုတအရ လပ်စ်မှာ ဘာမှ မဖြစ်ဘဲ ကျန်းမာနေသောကြောင့် ဖြစ်သည်။
ထို့နောက် အဘွားအိုသည် သူမမြေး၏ မျက်နှာပေါ်မှ မျက်ရည်နှင့် နှပ်ချေးများကို သုတ်ပေးလိုက်ပြီးနောက် ဝိုင်းလ်ဂတ်ခံတပ်၏ ကုသပေးသူ ဖြစ်သော သူမ၏ သူငယ်ချင်းထံသို့ သွားရောက်ရန် ထွက်ခွာခဲ့သည်။ သူမသည် ဆေးပညာ ကျွမ်းကျင်သူ မဟုတ်သဖြင့် မြေးဖြစ်သူတွင် ဘာဖြစ်သွားသည်ကို သိရှိနိုင်ရန် သူငယ်ချင်းဖြစ်သူအား အသေးစိတ် စစ်ဆေးခိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
—--
"သူ့မှာ စိုးရိမ်ရတဲ့ အန္တရာယ်တော့ မရှိပါဘူး။ အနည်းဆုံးတော့ အခုလောလောဆယ်အထိပေါ့" ဟု ဝိုင်းလ်ဂတ်ခံတပ်၏ အစွမ်းထက်ဆုံး သူနာပြု ဖြစ်သူ နာတာရှာက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "သူ့ရဲ့ ခန္ဓာကိုယ်မှာ ဘာမှ ချို့ယွင်းချက်မရှိဘူး။ ဒါပေမဲ့ မင်း သူ့ကို ခံတပ်ကို ခေါ်လာတုန်းက ငါပြောခဲ့တာကို မှတ်မိလား?"
ဗီရာက ခေါင်းငြိမ့်ပြသည်။ "သူ့ရဲ့ ဝိညာဉ်ကို ထိခိုက်စေတဲ့ မှော်အတတ်နဲ့ ထိတွေ့ခဲ့ရလို့ ကြီးလာတဲ့အခါ ပြဿနာအချို့ ရှိလာနိုင်တယ်လို့ မင်းပြောခဲ့တယ်လေ။"
"ဟုတ်တယ်" ဟု နာတာရှာက ဆိုသည်။ "အဲဒီတုန်းက သူက အရမ်းငယ်သေးတော့ ဒီပြဿနာတွေက ထင်ထင်ရှားရှား မပေါ်သေးဘူး။ အခုတော့ မတူတော့ဘူး။ ဒါဟာ သူ့ရဲ့ ဝိညာဉ် ထိခိုက်ပျက်စီးသွားခဲ့တဲ့ ဘေးထွက်ဆိုးကျိုးပဲ။"
"အခုက ပြောဖို့ စောသေးပေမဲ့၊ သူဟာ အလွန်အမင်း ဖိစီးမှုများတဲ့ အခြေအနေတွေနဲ့ ကြုံရတိုင်း သတိလစ်သွားလိမ့်မယ်လို့ ငါ ခံစားနေရတယ်။ အဆိုးဆုံး အခြေအနေကတော့ ပျော်ရွှင်တာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာ ဒါမှမဟုတ် စိတ်ဓာတ်ကျတာလိုမျိုး ပြင်းထန်တဲ့ စိတ်ခံစားမှု တစ်ခုခု ခံစားရတဲ့အခါတိုင်း ဒါဟာ ဖြစ်ပေါ်လာနိုင်တယ်။"
ဗီရာသည် စိုးရိမ်တကြီးဖြင့် သူမ၏ မြေးလေးကို ကြည့်လိုက်ပြီးနောက် စစ်ဆေးမှုမှော်ကို အာရုံစိုက်လုပ်ဆောင်နေဆဲဖြစ်သော သူမ၏ သူငယ်ချင်းကို ပြန်ကြည့်လိုက်သည်။
"သူ့ကို ကုသပေးနိုင်မယ့် နည်းလမ်းရှိလား?" ဗီရာက မေးသည်။ "ဘာတွေ လိုအပ်တယ်ဆိုတာသာ ပြောပါ၊ ငါ ရှာပေးပါ့မယ်။"
နာတာရှာက သက်ပြင်းချကာ ခေါင်းခါပြလိုက်သည်။ "ဒါက ငါ့ရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပြီ။ ငါ့ရဲ့ စွမ်းအားတွေကိုလည်း သုံးကြည့်ပြီးပြီ၊ လွန်ခဲ့တဲ့ တစ်နှစ်ကလည်း သူ့ကို အလွန်အစွမ်းထက်တဲ့ ဆေးရည် တစ်ခု တိုက်ကျွေးခဲ့သေးတယ်။ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ ဝိညာဉ်ဟာ ပြန်လည်ကောင်းမွန်လာလိမ့်မယ်လို့ ငါထင်ခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး။"
"ဒါဆို ငါ ဘာလုပ်သင့်သလဲ?"
"သူ့ကို စိတ်ဖိစီးမှု မခံစားစေနဲ့၊ စိတ်ဖိစီးစရာ အခြေအနေတွေနဲ့ မကြုံတွေ့စေနဲ့။ သူ့ရဲ့ အခြေအနေကို အမြဲ စောင့်ကြည့်နိုင်အောင် ငါ့ဆီကို ပုံမှန် လာပြပေးပါ။ ဒါဆိုရင်တော့ သူ အယ်လ်ဆီယမ် ကို သွားနိုင်တဲ့ အရွယ်မတိုင်ခင်မှာ ဒီဝေဒနာကနေ ကင်းဝေးစေမယ့် နည်းလမ်းတစ်ခုခုကို ငါတို့ ရှာတွေ့နိုင်ကောင်း ရှာတွေ့ပါလိမ့်မယ်။"
သူငယ်ချင်းဖြစ်သူ၏ အိမ်မှ ထွက်လာပြီးနောက် ဗီရာသည် မြေးဖြစ်သူကို အိမ်သို့ ချီပိုးကာ ပြန်လာခဲ့သည်။ လမ်းတစ်ဝက်သို့ ရောက်သောအခါ လပ်စ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဝေဝါးစွာဖြင့် ဗီရာကို ကြည့်သည်။ အရှေ့၌ အဖွားဖြစ်သူကို မြင်လိုက်ရသောအခါ သူသည် သူမ၏ လည်ပင်းကို အမြန်ဖက်တွယ်ပြီး ထပ်မံ ငိုကြွေးပြန်သည်။
ဟာ့ဖ်အယ်ဖ် ကောင်လေးငယ်သည် စောစောက အလွန်အမင်း ကြောက်လန့်သွားခဲ့ပြီး ဗီရာ သတိမထားမိဘဲ ပျောက်ကွယ်သွားသည့်အပေါ်တွင် စိတ်မပြေသေးသည်မှာ ထင်ရှားလှသည်။
"ကဲ... ကဲ... မငိုနဲ့တော့နော်" ဟု ဗီရာက လပ်စ်၏ ကျောကို အသာအယာ ပုတ်ရင်း ချော့မော့လိုက်သည်။ "မစိုးရိမ်ပါနဲ့၊ အဖွား မြေးကို နောက်တစ်ခါ ထပ်မထားခဲ့တော့ဘူး၊ ဟုတ်ပြီလား? အဲဒါကြောင့် မငိုနဲ့တော့နော်။"
လပ်စ်ကို အငိုတိတ်စေရန် ငါးမိနစ်ခန့် အချိန်ယူ၍ ချော့မော့ခဲ့ရသည်။ ထိုအချိန်မှာပင် သူမသည် ပစ္စည်းအမျိုးမျိုး ခင်းကျင်းရောင်းချနေသော ကုန်သည်ဆိုင် တစ်ဆိုင်ဘေးမှ ဖြတ်သွားခဲ့သည်။
မြေးဖြစ်သူကို ပြန်လည်ချော့မော့သည့် အနေဖြင့် ဗီရာသည် ကုန်သည်ထံမှ သက်တံ့ရောင် ဘောလုံးလေးကို ဝယ်ယူပြီး လပ်စ်ကို ကစားရန် ပေးလိုက်သည်။
အံ့သြစရာကောင်းသည်မှာ ဟာ့ဖ်အယ်ဖ် ကောင်လေးငယ်သည် ဗီရာပေးသော လက်ဆောင်ကို အလွန်နှစ်သက်ပြီး အမြဲတစေ ကစားလေတော့သည်။ တစ်ခါတစ်ရံ ဘောလုံးကစားရင်း အလွန်အမင်း စိတ်လှုပ်ရှားကာ သတိလစ်သွားတတ်သဖြင့် ဗီရာမှာ ရုတ်တရက် ထိတ်လန့်တုန်လှုပ်ခဲ့ရသည့် အကြိမ်များစွာ ရှိခဲ့ဖူးသည်။
—--
"အချိန်တွေ ကုန်ဆုံးသွားတာ တော်တော်မြန်တာပဲ" ဟု ဗီရာက ရေရွတ်ရင်း ဘောလုံးလေးကို စားပွဲပေါ်သို့ ကြင်နာစွာ ပြန်တင်လိုက်သည်။ သူမသည် လပ်စ် ငယ်စဉ်က နေ့ရက်များကို လွမ်းဆွတ်နေမိသော်လည်း သူသည် ထာဝရ ကလေးအဖြစ် ရှိမနေနိုင်သည်ကိုလည်း သူမ နားလည်ပါသည်။
ထို့ကြောင့် လပ်စ်က အယ်လ်ဆီယမ်သို့ သွားရန် ဆုံးဖြတ်ခဲ့စဉ်က သူမသည် တိတ်တဆိတ် သဘောတူခွင့်ပြုခဲ့ပြီး သူမ၏ မိသားစု အထူးလျှို့ဝှက်ပညာ များကို သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ လပ်စ် အန္တရာယ်ရှိသော အခြေအနေများနှင့် ကြုံတွေ့ရသည့်အခါ ထိုပညာရပ်များက သူ့ကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်လိမ့်မည်ဟု ဗီရာ မျှော်လင့်မိသည်။
နေ့လည်စာအတွက် ဘာချက်ရမလဲဟု တွေးတောနေစဉ် အိမ်အတွင်း၌ စွမ်းအင်လှုပ်ခတ်မှု တစ်ခုကို သူမ ခံစားလိုက်ရသည်။
ဗီရာသည် မဆိုင်းမတွဘဲ လေ့ကျင့်ရေးအခန်းဆီသို့ ပြေးသွားလိုက်သည်။ သူမ တံခါးကို ဖွင့်လိုက်သည်နှင့် ဆံပင်အနီရောင်နှင့် မြစိမ်းရောင် မျက်လုံးများရှိသော ချောမောသည့် ဟာ့ဖ်အယ်ဖ် လူငယ်လေးတစ်ဦးက သူမဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကျွန်တော် ပြန်ရောက်ပါပြီ အဖွား" ဟု လပ်စ်က ပြုံးလျက် ပြောသည်။ "အဖွားကို လွမ်းနေတာ။"
အဘွားအိုသည် သူမ၏ မြေးဖြစ်သူထံသို့ လျှောက်သွားပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ လပ်စ် အယ်လ်ဆီယမ်သို့ သွားခဲ့သည်မှာ တစ်လကျော် ရှိပြီဖြစ်သဖြင့် သူမလည်း သူ့ကို အလွန် လွမ်းဆွတ်နေခဲ့ခြင်း ဖြစ်သည်။
"ပြန်လာတာ ကြိုဆိုပါတယ် လပ်စ်ရယ်" ဟု ဗီရာက ထုံးစံအတိုင်း မြေးဖြစ်သူ၏ ခေါင်းကို အသာအယာ ပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။ "မြေးရဲ့ ဆံပင်တွေလည်း နည်းနည်း ရှည်နေပြီပဲ၊ အဖွား ညှပ်ပေးရမလား?"
"အဲဒီလောက်တောင် ရှည်သွားပြီလား?" ဟု လပ်စ်က ခေါင်းကို ကုတ်ရင်း မေးသည်။
"ဟုတ်တယ်လေ" ဗီရာက ပြုံးလျက် ဖြေသည်။ "ဒါပေမဲ့ အဲဒါက နောက်မှ လုပ်လို့ရပါတယ်။ မြေး ဗိုက်ဆာပြီလား? နေ့လည်စာအတွက် ဘာစားချင်လဲ?"
ထိုနေ့တွင် ဗီရာသည် လပ်စ် အကြိုက်ဆုံး ဟင်းလျာများကို အကုန်ချက်ပြုတ်ပေးခဲ့သည်။ ဟာ့ဖ်အယ်ဖ် လူငယ်လေးသည် အစားအသောက်များမှာ အလွန်အရသာရှိလှပြီး အဖွားဖြစ်သူ၏ လက်ရာကို လွမ်းဆွတ်နေခဲ့သဖြင့် အများအပြား စားသောက်လေတော့သည်။ ထမင်းစားပြီးနောက် လပ်စ်သည် အယ်လ်ဆီယမ်၌ သူကြုံတွေ့ခဲ့ရသော စွန့်စားခန်းများကို ဗီရာအား ပြောပြသည်။
မြေးဖြစ်သူ၏ ကြွားလုံးများကို နားထောင်ရင်း ဗီရာက ပြုံးနေမိသည်။ လပ်စ်က ကိုဘိုး အသိုက် ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည်ဟု ပြောသောအခါ သူမ ရယ်ချင်သွားသည်။ ထိုမိစ္ဆာကောင်များကို ယခင်က ကိုယ်တိုင် တိုက်ခိုက်ခဲ့ဖူးသူ တစ်ယောက်အနေဖြင့် သူမ၏ မြေးဖြစ်သူ ပြောသော အပိုအလွန် ဇာတ်လမ်းများကို သူမ မည်သို့ ယုံကြည်နိုင်ပါမည်နည်း။
'ဘာပဲဖြစ်ဖြစ်... သူ ဘေးကင်းနေရင် အဲဒါဟာ အရေးအကြီးဆုံးပဲ' ဟု တွေးကာ ဗီရာက လပ်စ်၏ ထူးချွန်သော စွမ်းဆောင်ရည်ကို ချီးကျူးစကား ဆိုလိုက်သည်။
တစ်လကျော်ကြာ ခွဲခွာနေခဲ့ပြီးမှ ပြန်လည်ဆုံတွေ့ရခြင်း ဖြစ်သဖြင့် ဗီရာသည် လပ်စ်၏ စိတ်ကြည်နူးမှုကို မဖျက်ဆီးလိုဘဲ သူလိုသလောက် ကြွားဝါခွင့် ပေးထားလိုက်သည်။
အဘွားနှင့် မြေး နှစ်ဦးသား အတူတကွ အချိန်ကောင်းများ ကုန်လွန်စေနေစဉ်မှာပင် ကိုဘိုး အသိုက်တွင် ဖြစ်ပျက်ခဲ့သော သတင်းများသည် ဂွီလီဗန် ဘုရင့်နိုင်ငံတော်ရှိ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ နားထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဟာ့ဖ်အယ်ဖ် လူငယ်လေးသည် သူ၏ စွန့်စားခန်းများကို ဆက်လက်လုပ်ဆောင်ရန် သစ်ရွက်ကျေးရွာ သို့ ပြန်သွားသည့် အချိန်တွင်မူ လူပု လူမျိုးများသည် ပေါ့ပေါ့တန်တန် သဘောထားရမည့် လူမျိုးများ မဟုတ်ကြောင်း သူ နားလည်သွားလိမ့်မည် ဖြစ်သည်။