နတ်ဘုံတံခါးဝမှ အားအကောင်းဆုံး ဝိညာဉ်ဆင့်ခေါ်သူ
အခန်း (၂၉) ကိုလက်၏ အစ်မ
"အစ်မ၊ အစ်မတကယ်ပဲ အစ်ကိုကြီးလပ်စ်နဲ့ တွေ့ကြည့်သင့်တယ်" ဟု ကိုလက်က ပြုံးရွှင်စွာ ပြောလိုက်သည်။ "သူက ဟာ့ဖ်အယ်ဖ် တစ်ယောက်ဖြစ်ပေမဲ့ လူပုတစ်ယောက်လိုပဲ သတ္တိရှိတာ! အစ်မတို့က အသက်ချင်းလည်း တူတူပဲ၊ ပြီးတော့ သူက တော်တော်လည်း ရုပ်ချောတယ်!"
ဆံပင်ရွှေရောင်ရှည်ရှည်ကို မြင်းမြီးပုံစံ စည်းထားသည့် ဆွဲဆောင်မှုရှိသော မိန်းကလေးငယ်တစ်ဦးသည် သစ်ရွက်ကျေးရွာတွင် သူမတွေ့ခဲ့သည့် ဟာ့ဖ်အာ်ဖ်ကောင်လေးအကြောင်း မရပ်မနား တတွတ်တွတ်ပြောနေသော ညီမငယ်လေးကို ပြန်လည်ပြုံးပြလိုက်သည်။
ကိုလက်၏ အစ်မသည် အပြစ်ပြောစရာမရှိအောင် ပြုလုပ်ထားသည့် အရုပ်ကလေးတစ်ရုပ်နှင့် တူသည်။ သို့သော် ချစ်စရာကောင်းသည့် ကိုလက်နှင့်မတူဘဲ သူမ၏ ဆွဲဆောင်မှုမှာ ဖူးပွင့်ခါစ ပန်းလေးတစ်ပွင့်ကဲ့သို့ပင်။
သူမ၏အမည်မှာ အာအီနာ ဖြစ်ပြီး ဂွီလီဗန် လူပုနိုင်ငံနှင့် ဆိုလစ်ကမ္ဘာရှိ အီဗာရစ် လူပုအင်ပါယာတို့တွင် ထိပ်တန်းပါရမီရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်သည်။
"အီလီစီယမ်ရဲ့ လူပုနယ်မြေထဲက အစပြုသူကျေးရွာမှာ ဟာ့ဖ်အယ်ဖ် ဖြစ်ဖြစ်၊ တခြားမျိုးနွယ်စုဝင်ပဲဖြစ်ဖြစ် ပေါ်လာတယ်ဆိုတာ ဒါပထမဆုံးအကြိမ် ကြားဖူးတာပဲ" ဟု အာအီနာက မဖုံးကွယ်နိုင်သော စိတ်ဝင်စားမှုဖြင့် ဆိုသည်။ "ဒါနဲ့ သူက ဘယ်လိုပုံစံလဲ? သူက သန်မာလား?"
ကိုလက်က ခေါင်းခါလိုက်သည်။ "သူက အဲ့လောက်မသန်မာပေမဲ့ တကယ့်ကို လူမိုက်ကြီးပဲ! တိုက်ပွဲတုန်းက သူက လူပုတွေကို ကယ်ဖို့နဲ့ ဒဏ်ရာရတဲ့သူတွေကို တိုက်ပွဲနဲ့ဝေးတဲ့ ရွာအစွန်က ဆေးကုသရေးနေရာဆီ ပို့ပေးဖို့ကိုပဲ ဦးစားပေးလုပ်ခဲ့တာ။"
အာအီနာသည် သူမ၏ညီမကို ကြည့်ရင်း လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။ "သူက တိုက်ခိုက်ရမှာ ကြောက်လို့၊ အသေမခံချင်လို့ ဒဏ်ရာရတဲ့သူတွေကို ကူညီတာကို အကြောင်းပြချက်အနေနဲ့ သုံးတာများလား။"
"အစ်ကိုကြီးက အဲ့လိုလူမျိုး မဟုတ်ပါဘူး!" ကိုလက်က နှုတ်ခမ်းဆူလိုက်သည်။ "သူကသာ တိုက်ပွဲကို ကြောက်ရင် ကျွန်မတို့ လွတ်အောင် ဒရောဂါ သုံးကောင်ကို ရင်ဆိုင်ပေးမှာ မဟုတ်ဘူး! အဲ့ဒါတွေက အဆင့် ၁ သားရဲတွေလေ။ အစ်ကိုကြီးသာ သူတို့ကို တားမပေးခဲ့ရင် ကျွန်မလည်း သေသွားနိုင်တယ် သိလား?"
"အစ်မ တောင်းပန်ပါတယ်" မျက်ရည်ဝဲနေသော ညီမဖြစ်သူ၏ မျက်နှာကို မြင်သောအခါ အာအီနာက တောင်းပန်လိုက်သည်။ "သူက တကယ်ပဲ သူရဲဘောကြောင်တဲ့သူ မဟုတ်ပါဘူး။ သူက အရမ်းသတ္တိရှိတဲ့သူပါ။"
"ဟုတ်တယ်! သူက အရမ်းသတ္တိရှိတာ! သူက ကျွန်မအသက်ကို ကယ်ခဲ့တာလို့ ဖေဖေကိုလည်း ပြောပြပြီးပြီ၊ ဖေဖေကလည်း သူ့ကို ကျေးဇူးတင်လက်ဆောင်အနေနဲ့ အဆင့် ၂ သားရဲဝိညာဉ်ကျောက် ဆယ်ခု ပေးဖို့ သဘောတူလိုက်ပြီ။"
"အဖေက တကယ့်ကို ရက်ရောတာပဲ။"
"ဟုတ်တယ်!"
အာအီနာ ပြုံးလိုက်သည်။ သူမ၏ဖခင် ဘာတွေးနေသည်ကို သူမ နားလည်လိုက်ပြီဖြစ်သည်။ သူမ ခန့်မှန်းချက်သာ မှန်လျှင် သူမ၏ဖခင်သည် ညီမဖြစ်သူ၏အသက်ကို ကယ်ပေးခဲ့သည့်အတွက် ထိုဟာ့ဖ်အယ်ဖ်ကို အမှန်တကယ် ကျေးဇူးတင်နေခြင်း ဖြစ်သည်။ သို့သော်လည်း မျိုးဆက်သစ်လူငယ်များကို လက်ဆောင်များစွာ ပေးကမ်းခြင်းမှာ ၎င်းတို့ကို အလိုလိုက်ရာရောက်ပြီး ၎င်းတို့၏ ဘဝကို လွယ်ကူစေရန် ပြုလုပ်ပေးခြင်း ဖြစ်သည်။
သားရဲဝိညာဉ်ကျောက်များ၏ စွမ်းအားကြောင့် အခြေခံအမှတ်များ ရုတ်တရက် တိုးတက်လာခြင်းမှာ ၎င်းတို့အား လုံခြုံမှုအတုအယောင်ကို ပေးစွမ်းနိုင်သည်။ သို့သော် အဆုံးတွင်တော့ အခြေခံအမှတ်များ မည်မျှပင် တိုးလာပါစေ၊ အီလီစီယမ်တွင် ဂရုမစိုက်လျှင် အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်များစွာ ရှိနေဆဲပင်။
'ဖေဖေရဲ့ ရည်ရွယ်ချက်က လပ်စ်ကို အစပြုသူကျေးရွာကနေ မြန်မြန်ဘွဲ့ရအောင် လုပ်ပေးလိုက်ဖို့ပဲ၊ ဒါမှ ကိုလက်က သူ့ကို ထပ်မတွေ့နိုင်တော့မှာ' ဟု အာအီနာက တွေးလိုက်သည်။ 'ဒါကလည်း မဆိုးပါဘူး။ သူ အလယ်အလတ်နယ်မြေ ထဲကို ခြေချလိုက်တာနဲ့ ကိုလက် ဂုဏ်ယူနေတဲ့ အဲ့ဒီ "အစ်ကိုကြီး" ကို ငါ တွေ့ရတော့မှာပေါ့။'
အစပြုသူကျေးရွာများသည် ပြင်ပလူများအား တမန်တော် အဆင့်သို့ ရောက်သည်အထိသာ နေထိုင်ခွင့်ပြုသည်။
ထိုအဆင့်သို့ ရောက်ရှိသွားသည်နှင့် ကမ္ဘာ့နိယာမအရ ၎င်းတို့ကို ဆယ်ရက်သာ အချိန်ပေးပြီးနောက် အနီးဆုံးရှိ အလယ်အလတ်နယ်မြေသို့ အဓမ္မ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ပစ်မည်ဖြစ်သည်။
'မေးစရာရှိတာက သူ ဘယ်အလယ်အလတ်နယ်မြေကို ရောက်သွားမလဲဆိုတာပဲ?' အာအီနာ မျက်မှောင်ကြုတ်လိုက်သည်။
ဂွီလီဗန် လူပုနိုင်ငံတွင် တမန်တော်များအတွက် အလယ်အလတ်မြို့ အယောက်နှစ်ဆယ်ကျော်ရှိပြီး မြို့တော် အာရွန်ဝမ် အပါအဝင် မြို့ကြီးငါးမြို့ ရှိကာ ထိုနေရာတွင် နယ်ပယ်၏ အဆင့်မြင့်စစ်သည် များ နေထိုင်ကြသည်။
မြို့ပေါင်း နှစ်ဆယ်မှာ နည်းပါးသည်ဟု ထင်ရသော်လည်း ၎င်းတို့မှာ တစ်မြို့နှင့်တစ်မြို့ မိုင်ပေါင်းများစွာ ဝေးကွာကြသည်။
အာအီနာသည် ယခုအချိန်အထိ မြို့သုံးမြို့တွင်သာ မှတ်ပုံတင်ထားရသေးသဖြင့် ထိုသုံးမြို့သို့သာ သူမ အချိန်မရွေး ကူးပြောင်းသွားလာနိုင်သည်။ အကယ်၍ လပ်စ်သာ သူမ ရောက်ဖူးသည့် မြို့တစ်မြို့တွင် ပေါ်လာပါက၊ သူမ၏ညီမကို ကယ်ပေးခဲ့သည့်အတွက် ထိုဟာ့ဖ်အယ်ဖ်ကို သူမ ကိုယ်တိုင် ကျေးဇူးတင်နိုင်မည်ဖြစ်သည်။
'အဆင့် ၂ သားရဲဝိညာဉ်ကျောက် ဆယ်ခုဆိုရင် သူ့ကို အခြေခံအမှတ် တစ်ရာလောက် ပေးနိုင်လိမ့်မယ်' ဟု အာအီနာက ခေါင်းထဲတွင် တွက်ချက်လိုက်သည်။ 'ဒါဆိုရင် သူက အစပြုသူကျေးရွာရဲ့ ကန့်သတ်ချက်ကို ရောက်ဖို့ နောက်ထပ် တစ်ရာပဲ လိုတော့မယ်။ သူသာ တကယ်ပါရမီပါရင် တမန်တော်အဆင့်ကို ရောက်ဖို့ နောက်ထပ် နှစ်လပဲ ကြာလိမ့်မယ်။'
အာအီနာသည် သားရဲများကို သတ်၍ အတွေ့အကြုံယူခြင်းနှင့် အဆင့်တက်မှ အခြေခံအမှတ်များ ရရှိခြင်းဟူသော ဗဟုသုတပေါ်တွင် အခြေခံ၍ တွက်ချက်နေခြင်းဖြစ်သည်။ လပ်စ်သည် အဆင့်တက်ရန် မလိုဘဲ သူ၏ မစ်ရှင်များကို ပြီးမြောက်အောင် လုပ်ရုံနှင့် အမှတ်များကို တိုက်ရိုက်ရရှိနိုင်သည်ကိုမူ သူမ မသိရှိပေ။
"အစ်မ... ကျွန်မနဲ့ အစ်ကိုကြီး အလယ်အလတ်မြို့တွေကို ရောက်လာရင် ကျွန်မတို့ကို သေချာဂရုစိုက်ပေးပါနော်၊ ဟုတ်ပြီလား?" ကိုလက်က သူမ၏အစ်မလက်ကို ဆုပ်ကိုင်ရင်း မျက်လုံးဝိုင်းလေးများဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပါပြီ" ဟု အာအီနာက ပြုံးလျက် ပြန်ဖြေသည်။ "ဒါပေမဲ့ သူ့အပေါ် အစွဲရှိတဲ့သူတွေ သေချာပေါက် ရှိလာလိမ့်မယ်ဆိုတာ မင်း နားလည်ထားရမယ်။ လူသားတွေကို ကြိုက်တဲ့ လူပုတွေ သိပ်မရှိဘူး၊ သူက ဟာ့ဖ်အယ်ဖ် တစ်ယောက်ဖြစ်နေပေမဲ့ သူ့ရဲ့ မျိုးနွယ်စုကြောင့် အပယ်ခံရနိုင်တယ်။"
ကိုလက်က နားလည်ကြောင်း ခေါင်းငြိမ့်ပြသည်။ ဆိုလစ်ကမ္ဘာရှိ သူတို့၏ အီဗာရစ် လူပုအင်ပါယာသည် နှစ်တစ်ရာစစ်ပွဲအတွင်း ဖြစ်ပျက်ခဲ့သည့်အရာများကြောင့် လူသားများကို မနှစ်သက်ကြပေ။
ယနေ့တိုင်အောင် အီဗာရစ် တော်ဝင်မိသားစုသည် လူသားများအပေါ် ရန်ငြိုးထားဆဲဖြစ်ပြီး မျိုးနွယ်စုနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုများကို လက်ခံရန် ငြင်းဆိုထားသည်။
"ဒါနဲ့ မင်း ဘယ်တော့ အီလီစီယမ်ကို ပြန်သွားမှာလဲ?" အာအီနာက မေးသည်။
ကိုလက်က ခဏစဉ်းစားပြီးနောက် လက်နှစ်ချောင်း ထောင်ပြလိုက်သည်။ "မေမေက သူ့ကို အရမ်းလွမ်းနေလို့ နှစ်ရက်လောက် နေဦးလို့ ပြောတယ်။ ဖေဖေကလည်း ကျွန်မ ဘေးကင်းအောင် ပစ္စည်းကိရိယာအသစ်တွေ ပြင်ပေးနေတယ်။
မက်တီနဲ့လည်း စကားပြောပြီးပြီ၊ သူ့မိဘတွေကလည်း အဲ့လိုပဲ လုပ်ပေးနေကြတယ်တဲ့။ သစ်ရွက်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ သားရဲကျူးကျော်မှုက တခြားအစပြုသူကျေးရွာတွေလောက် မလုံခြုံဘူးဆိုတာကို သူတို့ သိသွားကြပုံရတယ်။"
အာအီနာ နားလည်ကြောင်း ခေါင်းငြိမ့်ပြသည်။ အစပြုသူကျေးရွာတစ်ခုတွင် သားရဲကျူးကျော်မှု ဖြစ်ပွားခဲ့သည်ကို ကြားလိုက်ရချိန်တွင် သူမကိုယ်တိုင်လည်း အံ့ဩသွားခဲ့ရသည်။ ဤသို့ဖြစ်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း လူကြီးများအနေဖြင့် မကြားချင်ဆုံးအရာပင် ဖြစ်သည်။
အကယ်၍သာ သူတို့၏ကလေးများသည် အချိန်မတော် သစ်ရွက်ကျေးရွာသို့ ရောက်ရှိသွားပါက သားရဲကျူးကျော်မှုနှင့် ထိပ်တိုက်ရင်ဆိုင်ရပြီး အချိန်မတိုင်မီ သေဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။
"ဖေဖေက မိဘတွေအနေနဲ့ သစ်ရွက်ကျေးရွာရဲ့ အန္တရာယ်တွေအကြောင်း သူတို့ကလေးတွေကို ပညာပေးဖို့ အမိန့်ထုတ်ပြန်ထားတယ်" ဟု အာအီနာက ဆိုသည်။ "အကယ်၍ သားရဲကျူးကျော်မှုနဲ့ ကြုံလာခဲ့ရင် လူတိုင်း ရွာထဲကနေ ထွက်ပြေးဖို့၊ ဒါမှမဟုတ် နော်ရီယာက စစ်ကူတွေ ရောက်မလာခင်အထိ မြေအောက်ခိုလှုံရာနေရာမှာ ပုန်းနေဖို့ ညွှန်ကြားထားတယ်။"
"ကျွန်မလည်း အဲ့လိုပဲ လုပ်ရမှာလား အစ်မ?"
"ဒါပေါ့။ မင်းရဲ့ အသက်က အရမ်းအရေးကြီးတယ်။ သားရဲကျူးကျော်မှု ဖြစ်လာရင် မင်းရဲ့အဖွဲ့ကို မြေအောက်ခိုလှုံရာနေရာဆီပဲ ခေါ်သွားလိုက်။ မင်းတို့အားလုံးက ကလေးတွေပဲ ရှိသေးတာဆိုတော့ သစ်ရွက်ကျေးရွာကလူတွေက ဘာမှမပြောဘဲ မင်းတို့ကို ခိုလှုံခွင့်ပေးပါလိမ့်မယ်။"
ကိုလက်က ခေါင်းငြိမ့်ပြသည်။ "နားလည်ပါပြီ။ သားရဲကျူးကျော်မှု ဖြစ်လာရင် ကျွန်မ ပုန်းနေပါ့မယ်။ ဒါပေမဲ့ ကျွန်မ သိချင်တာက အစ်ကိုကြီးကိုကော ကျွန်မတို့နဲ့အတူ ခိုလှုံခွင့်ပေးပါ့မလား?"
အာအီနာ မျက်မှောင်ကြုတ်သွားသည်။ ဤမေးခွန်းအတွက် အဖြေကို သူမ မသိသဖြင့် ညီမဖြစ်သူအား မျှော်လင့်ချက်အမှားများ မပေးရဲပေ။
"သူ့ကို ခိုလှုံရာနေရာထဲ ပေးဝင်မလား၊ မဝင်ဘူးလားဆိုတာတော့ အစ်မ မသိဘူး" ဟု အာအီနာက ပြန်ဖြေသည်။ "ဒါပေမဲ့ နောက်တစ်ကြိမ် သားရဲကျူးကျော်မှု မစခင်မှာ သူ သစ်ရွက်ကျေးရွာကနေ ထွက်သွားနိုင်ဖို့လည်း ဖြစ်နိုင်တာပဲလေ။"