အခန်း ၇၀ ပထမတန်းစားက တကယ်ကို မိုက်တယ်
လင်းဖုန်း၏ စကားကို ကြားလိုက်ရပြီးနောက် ဝမ်လီဖင် အနည်းငယ် မှင်တက်သွားပြီး သူ့ကို ခြေဆုံးခေါင်းဆုံး တစ်ချက် ပြန်လည်အကဲခတ်လိုက်၏။
ထို့နောက်တွင်တော့ သူမက နှာခေါင်းတစ်ချက် ရှုံ့လျက် လှောင်ပြုံးပြုံးလိုက်လေသည်။ "မောင်ရင်လေးရာ... ကြွားတာလည်း အတိုင်းအထက်အလွန် ရှိရဦးမယ်လေ။ မောင်ရင် အခု ဝတ်ထားတဲ့ အဝတ်အစားတွေအားလုံး ပေါင်းလိုက်ရင်တောင် ယွမ်တစ်ထောင်မပြည့်ပါဘူး ဟုတ်တယ်မလား။ သူဌေးတိုင်းက အဝတ်အစားကို ဂရုမစိုက်ကြဘူးဆိုတာ မှန်ပေမဲ့ စျေးပေါတဲ့အထည်တွေက စျေးကြီးတဲ့အထည်တွေလောက် ဘယ်လိုမှ မဝတ်လို့မကောင်းဘူးလေ!
တကယ်ပဲ ချမ်းသာတဲ့လူတစ်ယောက်က အဝတ်အစားအကောင်းစားတွေကို ထားခဲ့ပြီး စျေးပေါတဲ့ အဝတ်အစားတွေကို ရွေးဝတ်ပါ့မလား"
လင်းဖုန်း မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ လာပြန်ပြီ... ဒီလိုဇာတ်ကွက်မျိုး!
သူ ချမ်းသာကြွယ်ဝလာကတည်းက ကုန်တိုက်ကြီးတွေဆီ သွားပြီး အဝတ်အစားအသစ်တွေ ဝယ်ဖို့အတွက် အချိန်မအားခဲ့သည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် စနစ် ရရှိပြီးကတည်းက ရက်ပိုင်းအတွင်းမှာတင် သူ့၌ ဖြေရှင်းရမည့် အရေးကြီးကိစ္စရပ်များစွာ ရှိနေခဲ့သောကြောင့် ဖြစ်၏။
အင်း... မိန်းကလေးတွေနဲ့ လျှောက်ပြီး ပွေရှုပ်တာကလည်း အရေးကြီးကိစ္စတစ်ခုပဲ မဟုတ်ဘူးလား။
ထို့ကြောင့် သူသည် အဝတ်အစားကိစ္စကို အမြဲတမ်း အမှတ်မထင် ပစ်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းအပြင် ဆုယွီရှုနှင့်အတူ ကုမ္ပဏီ၌ အတူတူ အလုပ်လုပ်ရမည်ဖြစ်ရာ ဝတ်ကောင်းစားလှများ အလွန်အကျွံ ဝတ်ဆင်ထားပါက သာမန်မိသားစုမှ ဝန်ထမ်းတစ်ဦးဟူသော ပုံစံနှင့် ကိုက်ညီမည်မဟုတ်သဖြင့် ဤကိစ္စကို ခေတ္တဘေးဖယ်ထားခဲ့ခြင်းလည်း ပါဝင်ပေသည်။
ယနေ့တွင်တော့ လူကို အဝတ်အစားကြည့်၍ အကဲခတ်တတ်သည့် ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
လင်းဖုန်းသည် မိမိကိုယ်ကိုယ် သူဌေးဖြစ်ကြောင်း အတင်းအကျပ် သက်သေပြရန် မကြိုးစားတော့ဘဲ အေးစက်စက် လေသံဖြင့်သာ မေးလိုက်သည်။ "မမတို့ ကုမ္ပဏီနာမည်က ဘာလဲ"
"လုံဖေး အနုပညာဖျော်ဖြေရေး ကုမ္ပဏီလေ! အိုင်ဒေါတွေကို အထူးမြေတောင်မြှောက်ပေးတဲ့ နေရာပေါ့၊ မောင်ရင် ကြားဖူးတယ် မဟုတ်လား" ဝမ်လီဖင်က မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်များ အပြည့်ဖြင့် ဆိုလိုက်သည်။
လင်းဖုန်း ခေါင်းကို အသာညိတ်ပြလိုက်ပြီး "သြော်... ဟုတ်ကဲ့၊ သိပါပြီ!"
ထို့နောက် လင်းဖုန်းသည် တစိုးတစဉ်းမျှ တုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်ခဲ့တော့သည်။
"မောင်ရင်ကလည်း ဘာဖြစ်သွားတာလဲ။ စိတ်ဝင်စားလား မဝင်စားဘူးလား ဆိုတာကို စကားတစ်ခွန်းလောက်တော့ ဟခဲ့ဦးလေ!" ဝမ်လီဖင်က နောက်ကွယ်မှနေ၍ လှမ်းအော်ပြောလိုက်ရှာသည်။
လင်းဖုန်း လျှောက်လှမ်းရင်းနှင့်ပင် ကျန်းလေ့ထံသို့ ဖုန်းခေါ်ဆိုလိုက်၏။
ကျန်းလေ့က ဖုန်းကို ချက်ချင်း လက်ခံဖြေကြားလာသည်။ "လင်းဒါရိုက်တာကြီး... ကျွန်တော့်ကို ဘာကိစ္စ ရှိလို့လဲ "
"မင်း 'လုံဖေး အနုပညာဖျော်ဖြေရေး ကုမ္ပဏီ' အကြောင်း ကြားဖူးလား။ အဲဒီကုမ္ပဏီရဲ့ အတိုင်းအတာက ဘယ်လိုရှိလဲ"
လင်းဖုန်းက ဟွာရုန်ဂရုနှင့် ဘာမှမသက်ဆိုင်သည့် အနုပညာကုမ္ပဏီတစ်ခုအကြောင်း ရုတ်တရက် မေးမြန်းလာသဖြင့် ကျန်းလေ့ အနည်းငယ် အံ့အားသင့်သွားရသော်လည်း သေသေချာချာပင် ပြန်လည် ဖြေကြားပေးခဲ့သည်။
လက်အောက်ငယ်သားတစ်ဦးအနေဖြင့် ဥက္ကဋ္ဌကြီးက ဘာဖြစ်လို့ မေးရသလဲဆိုသည်ကို လိုက်လံစုံစမ်းနေရန် မလိုပေ၊ မေးမြန်းသမျှကို ကောင်းမွန်စွာ ဖြေကြားနိုင်ရန်သာ လိုအပ်သည် မဟုတ်ပါလား။
"လုံဖေးကုမ္ပဏီက ကျွန်တော်တို့ လုပ်ငန်းတွေနဲ့ လမ်းကြောင်းမတူသလို ပူးပေါင်းဆောင်ရွက်တာမျိုးလည်း မရှိခဲ့လို့ သေသေချာချာ စုံစမ်းထားတာမျိုးတော့ မရှိပါဘူး ။ ဒါပေမဲ့ ကြားရသလောက်တော့ အဲဒီကုမ္ပဏီက လတ်တလော နှစ်ပိုင်းအတွင်းမှာမှ ရုတ်တရက် နာမည်ကြီးလာတာပါ။ စွမ်းရည်ပြိုင်ပွဲ အချို့ကတစ်ဆင့် အိုင်ဒေါအမြောက်အမြားကို မြေတောင်မြှောက်ပေးခဲ့တယ်။ သို့သော်လည်း လုပ်ငန်းလောကထဲမှာတော့ သူ့ရဲ့ နာမည်က အရမ်းဆိုးပါတယ်၊ ဝန်ထမ်းတွေကို အဆမတန် ခေါင်းပုံဖြတ်တယ်လို့လည်း မကြာခဏ သတင်းထွက်လေ့ရှိတယ်။
လုံဖေးက စတော့စျေးကွက်မှာ စာရင်းဝင် ကုမ္ပဏီ မဟုတ်ပေမဲ့ ပြီးခဲ့တဲ့နှစ်က ပညာရှင်အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရ တကယ်လို့ အများပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းမယ်ဆိုရင် သူ့ရဲ့ စျေးကွက်တန်ဖိုးက သန်းနှစ်ထောင် (နှစ်ဘီလီယံ) ဝန်းကျင်လောက်ပဲ ရှိနိုင်ပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု စွမ်းဆောင်ရည်ကတော့ အကန့်အသတ် ရှိပါတယ် "
လင်းဖုန်း ခေါင်းအသာညိတ်လိုက်ပြီး "အခုချက်ချင်း အဲဒီကုမ္ပဏီကို ဝယ်ယူဖို့ စီစဉ်လိုက်ပါ။ အချိန် ဘယ်လောက်ကြာမလဲ"
ဖုန်းတစ်ဖက်က ကျန်းလေ့ လန့်သွားရသည်။ "လင်းဒါရိုက်တာကြီး... အနုပညာကုမ္ပဏီတစ်ခုကို ဝယ်ယူမလို့လား။ ဒါက ကျွန်တော်တို့လုပ်ငန်းစုနဲ့ ဘာမှမဆိုင်ဘူးလေ ! ၎င်းအပြင် လက်ရှိ လုပ်ငန်းစုရဲ့ ဘဏ်စာရင်းမှာ အသုံးပြုနိုင်တဲ့ ရံပုံငွေက ငါးဘီလီယံကျော်ပဲ ရှိတာ။ လုံဖေးကို ဝယ်ယူဖို့ လောက်ငတယ်ဆိုသော်လည်း အရင်းအနှီး ပြန်လည်စီးဆင်းဖို့အတွက် အခက်အခဲတွေ ရှိလာနိုင်ချေ အများကြီး ရှိပါတယ်"
ကျန်းလေ့သည် ထိပ်တန်း အသက်မွေးဝမ်းကျောင်း မန်နေဂျာတစ်ဦးပီပီ ဤကိစ္စ၏ ဆိုးကျိုးများကို စကားလုံးအနည်းငယ်ဖြင့် ရှင်းလင်းစွာ ထောက်ပြလိုက်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း လင်းဖုန်းက အသာအယာ ပြုံးလိုက်ရင်း "ဘယ်သူက ဟွာရုန်ဂရုရဲ့ နာမည်နဲ့ ဝယ်မယ်လို့ ပြောလို့လဲ။ ငါက လုံဖေးအနုပညာကုမ္ပဏီကို ငါ့ရဲ့ တစ်ကိုယ်ရေ နာမည်နဲ့ပဲ တိုက်ရိုက် ဝယ်ယူမှာ။ ကုမ္ပဏီရဲ့ ငွေတွေကို သုံးစရာမလိုဘူး၊ ငါ့ရဲ့ ကိုယ်ပိုင်အကောင့်ထဲကနေပဲ တိုက်ရိုက် နှုတ်ယူမှာဖြစ်လို့ ရံပုံငွေအတွက် ဘာမှ ပူစရာမလိုဘူး။ မင်း အတတ်နိုင်ဆုံး အမြန်ဆုံး ပြီးစီးအောင်သာ လုပ်ဆောင်လိုက်ပါ"
ကျန်းလေ့ ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ လင်းဒါရိုက်တာကြီး... ကျွန်တော် အခုချက်ချင်း သွားရောက် စီစဉ်လိုက်ပါ့မယ်"
ဖုန်းချပြီးနောက် လင်းဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
လင်းဖုန်း ဘာဖြစ်လို့ ရုတ်တရက် လုံဖေးအနုပညာကုမ္ပဏီကို ဝယ်ယူချင်ရတာလဲလို့ မေးစရာ ရှိလာနိုင်ပေသည်။
အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါပဲ၊ ခုနတင် ဝမ်လီဖင်က လင်းဖုန်းကို စကားလုံးများဖြင့် လာရောက်နှိမ်ချ စော်ကားသွားခဲ့သဖြင့် သူ စိတ်အနည်းငယ် လှုပ်ရှားသွားခဲ့ရခြင်းကြောင့် ဖြစ်၏။
သူက အဲဒီလောက်အထိ စိတ်အလိုလိုက်တတ်သူ ဖြစ်ပေသည်!
ချမ်းသာရင် စိတ်အလိုလိုက်လို့ ရတယ်လေ!
လုံဖေးအနုပညာကုမ္ပဏီကို ဝယ်ယူပြီးနောက် နောင်တစ်ချိန် ဝမ်လီဖင် မိမိကို ပြန်လည်တွေ့ရှိရမည့် အချိန်တွင် သူမ၏ မျက်နှာအမူအရာ မည်မျှအထိ စိတ်ဝင်စားစရာ ကောင်းနေမလဲဆိုသည်ကို လင်းဖုန်း တွေးကြည့်နေမိသည်။
လင်းဖုန်းသည် မျက်နှာထက်တွင် အပြုံးများဖြင့် လေယာဉ်ပေါ်သို့ တက်လာခဲ့သည်။ သူ လေယာဉ်ပေါ်သို့ ရောက်ရှိကာ မိမိထိုင်ခုံကိုပင် ရှာမတွေ့သေးမီ အချိန်မှာပင် လေယာဉ်အမှုထမ်း မိန်းကလေးတစ်ဦးက လင်းဖုန်း၏ နောက်ကွယ်မှ ခရီးဆောင်အိတ်ကို အလိုက်တသိ လှမ်းယူပေးကာ အရှေ့ဘက်ရှိ ဘီရိုထဲသို့ ထည့်ပေးရမလားဟု ယဉ်ကျေးစွာ မေးမြန်းလာခဲ့သည်။
ထိုဘီရိုမှာ ခရီးဆောင်အိတ်များ ထည့်ရန်အတွက် သီးသန့် ပြုလုပ်ထားခြင်းဖြစ်ပြီး နေရာအတော်လေး ကျယ်ဝန်းလှသည်။ လက်မတစ်ဆတ် မြေတစ်လက်မလျှင် ရွှေတန်ဖိုးရှိလှသော ပထမတန်းစား လေယာဉ်ခန်းအတွင်း ယခုကဲ့သို့ အိတ်များအတွက် သီးသန့် နေရာအကျယ်ကြီး ထားရှိပေးခြင်းမှာ တကယ့်ကို ဇိမ်ကျလှပေသည်။
"အိတ်အသေးလေးမလို့ အဲဒီထဲ ထည့်စရာမလိုပါဘူး။ ထိုင်ခုံဘေးမှာပဲ ထားလိုက်ပါမယ်"
ထို့နောက် လေယာဉ်အမှုထမ်းလေးက လင်းဖုန်းကို သူ၏ ထိုင်ခုံဆီသို့ ဦးဆောင် ခေါ်သွားခဲ့သည်။
ဒါကတော့ လင်းဖုန်းအတွက် ပထမတန်းစား လေယာဉ်လက်မှတ်ဖြင့် ပထမဆုံးအကြိမ် စီးခွင့်ရခြင်း ဖြစ်ပေသည်။ အရင်တုန်းကဆိုလျှင် စျေးလျှော့လက်မှတ်များကိုသာ ရှာဖွေကာ သာမန်စီးပွားရေးတန်း ကနေသာ စီးခဲ့ရဖူးခြင်း ဖြစ်သည်။ ယနေ့တွင်တော့ လင်းဖုန်းတစ်ယောက် ပထမတန်းစား၏ ခမ်းနားထည်ဝါမှုကို ကောင်းကောင်းကြီး ခံစားလိုက်ရတော့သည်။
နေရာအကျယ်အဝန်းက လွန်စွာ ကျယ်ဝန်းလှပြီး မှန်တံခါးကို ပိတ်လိုက်ပါက သီးသန့် အခန်းငယ်လေးတစ်ခုအသွင် ပြောင်းလဲသွားစေသည်။
လင်းဖုန်း ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် လေယာဉ်အမှုထမ်းလေးက အစားအသောက်စာရင်းကို ကမ်းပေးလာသည်။ ဝန်ဆောင်မှုမှာ အလွန် အဆင့်အတန်းမြင့်မားလှရာ ယခင်က သာမန်တန်းတွင် သူ တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသော အရာများ ဖြစ်ပေသည်။
လင်းဖုန်း အခန်းတံခါးကို ပိတ်ရန် ကြံရွယ်လိုက်စဉ် ဘေးဘက်ဆီမှ မိန်းကလေးတစ်ဦး၏ ကိုယ်ဟန်ကို အမှတ်မထင် လှမ်းမြင်လိုက်ရ၏။
"..."
လင်းဖုန်း စူးစမ်းလိုစိတ်ဖြင့် အနည်းငယ် ထပ်မံကြည့်ရှုလိုက်မိသည်။ "သူ့ကိုကြည့်ရတာ အမျိုးသမီး အနုပညာရှင်တစ်ယောက်နဲ့ နည်းနည်း တူသလိုပဲ၊ အထူးသဖြင့် အဲဒီ ရင်သားအစုံရဲ့ ထည်ဝါမှုက လျူရှင်းထက်တောင် မနည်းဘူးပဲ! ငါ့ထိုင်ခုံနဲ့တော့ နည်းနည်း ဝေးနေသလိုပဲ... ထားလိုက်ပါတော့လေ။ ဒီတစ်ခေါက် သွားတာက လျှိုနန်ချင်းကို သွားတွေ့ဖို့မလို့ ကိစ္စအပိုတွေ ထပ်မရှာတာက ပိုကောင်းပါတယ်။ ငါက တကယ့်ကို အချစ်အပေါ် သစ္စာရှိတဲ့ ယောက်ျားကောင်း တစ်ယောက်ပဲဥစ္စာ!"
လင်းဖုန်း တည်ကြည်လေးနက်သော မျက်နှာပေးဖြင့် ရေရွတ်လိုက်ပြီးနောက် အတန်ကြာအောင် ဆက်လက်ကြည့်ရှုနေမိသေးပြီးမှ တံခါးကို ဆွဲပိတ်လိုက်တော့သည်။
စနစ်က စိတ်မရှည်စွာဖြင့် တစ်ဖန် ထွက်ပေါ်၍ ဆဲဆိုလာပြန်သည်— 【ဟိဟိ... အိမ်ရှင်ကတော့ တကယ်ကို မျက်နှာပြောင်တိုက်ပြီး လိမ်ညာရဲတာပဲ။ မင်းကသာ အချစ်အပေါ် သစ္စာရှိတယ်ဆိုရင် ဆယ်နှစ်တိုင်တိုင် ပြည့်တန်ဆာလုပ်ခဲ့တဲ့ မိန်းမတစ်ယောက်ကလည်း သူမကိုယ်သူမ အပျိုစင်ပါလို့ ကြေညာလို့ ရတာပေါ့!】
လင်းဖုန်း စနစ်ကို လုံးဝ ဂရုမစိုက်ဘဲ ပစ်ထားလိုက်သည်။
လင်းဖုန်း အခုဆိုရင် စနစ်ကို ကိုင်တွယ်ရန် အကောင်းဆုံး နည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ သူမကို လုံးဝ ဥပေက္ခာပြုထားလိုက်ပြီးနောက် သူမ စိတ်လျှော့သွားသည့် အချိန်ကျမှ ရုတ်တရက် ကမန်းကတန်း တိုက်ခိုက်ပြီး လှောင်ပြောင်ပစ်ရန် ဖြစ်ပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် လင်းဖုန်းက ဂရုမစိုက်ဘဲ ပစ်ထားလိုက်သည့်အခါ လိုလီ စနစ်လေးသည် ပျင်းစရာကောင်းလှသည်ဟု ထင်မှတ်ကာ စကားဆက်မပြောတော့ချေ။
နာရီဝက်ခန့် ကြာပြီးနောက် လင်းဖုန်း၏ စိတ်အာရုံက စနစ်အတွင်းသို့ ရုတ်တရက် ပြန်လည် နစ်မြုပ်သွားခဲ့သည်။
"စနစ်... မင်းက ဘာဖြစ်လို့ အမြဲတမ်း အဲဒီလောက်တောင် ကြမ်းတမ်းခက်ထန်နေရတာလဲ"
လိုလီစနစ်လေး ဇဝေဇဝါ ဖြစ်သွားရ၏။
【မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ငါက ဘယ်တုန်းက မင်းအပေါ် ကြမ်းတမ်းခဲ့လို့လဲ】
"မင်း တကယ်ပဲ မကြမ်းတမ်းဘူးလို့ သေချာလား"
【သေချာတာပေါ့... ငါက လုံးဝ မကြမ်းတမ်းပါဘူး!】
လင်းဖုန်း၏ နှုတ်ခမ်းထောင့်တွင် ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "သိရတာ ဝမ်းသာပါတယ်။ တကယ်တော့ ခန္ဓာကိုယ်အချိုးအစား သေးငယ်တာကလည်း အရမ်းကို ချစ်စရာကောင်းပါတယ်! အနည်းဆုံးတော့ ဖဲကစားတဲ့ အချိန်မျိုးမှာ အသုံးဝင်တာပေါ့။ တကယ်လို့ တစ်စုံတစ်ယောက်က Pair of 3 ချလာရင် မင်းက အင်္ကျီကို ချက်ချင်း ဆွဲဖြဲလိုက်ပြီး Pair of Aces ကွ... မင်း ငါ့ကို မနိုင်ဘူး!' လို့ အော်ပြောလို့ ရတာပေါ့"
လိုလီစနစ်လေးမှာ ထိုအချိန်မှသာ လင်းဖုန်းက မိမိ၏ ရင်သား အချိုးအစား သေးငယ်သည်ကို သရော်လှောင်ပြောင်နေမှန်း သဘောပေါက်သွားခဲ့ပြီး လင်းဖုန်းအပေါ် စကားလုံး အမြောက်အမြားဖြင့် ဆဲဆိုတိုက်ခိုက်တော့သည်။ သို့သော်လည်း ထိုအချိန်တွင် လင်းဖုန်းသည် စနစ်ထဲမှ ကြိုတင် ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး လေယာဉ်ခုံကို ကုတင်အသွင် ပြောင်းလဲကာ မျက်နှာထက်တွင် အပြုံးများဖြင့် လှဲလျောင်း အိပ်စက်နေခဲ့ပြီ ဖြစ်သည်။
အတင်းအဖျင်း စကားလုံးတွေကတော့ အမြဲရှိနေမှာပဲ၊ ဒါပေမဲ့ နားမထောင်ရင် ဘာမှမဖြစ်တော့ဘူးပေါ့!
………
ကျန်ချွမ်းပြည်နယ်၊ ကန်လင်မြို့ဝယ်...
လျှိုမူဟွမ်နှင့် လျှိုနန်ချင်းတို့ သားအဖနှစ်ဦးသည် လင်းဖုန်း လွှဲပေးလိုက်သည့် ယွမ်သန်းတစ်ရာမှာ တကယ့်လက်တွေ့ အသုံးပြု၍ ရနိုင်သော အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် နှစ်ဦးသား အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ကြရသည်။
သန်းတစ်ရာကြီးများတောင်။
ဒါက သာမန်လူအများစု ဘဝပေါင်းများစွာ ကြိုးစားအားထုတ်လျှင်ပင် ဘယ်လိုမှ မစုဆောင်းနိုင်သည့် စည်းစိမ်ချမ်းသာကြီး မဟုတ်ပါလား။
လွန်ခဲ့သည့် ရက်ပိုင်းကတင် လျှိုမူဟွမ်သည် ယွမ်ရှစ်သန်းအတွက် ဦးနှောက်ခြောက်မတတ် စိုးရိမ်ပူပန်နေခဲ့ရသော်လည်း အခုတော့ လင်းဖုန်းက သန်းတစ်ရာကို အလွယ်တကူ လွှဲပေးခဲ့ခြင်း ဖြစ်ပေသည်။
"နန်ချင်း... အခု သမီးနဲ့ အဲဒီ လင်းဖုန်းကြားက ဆက်ဆံရေးက ဘယ်လို အခြေအနေ ရှိနေပြီလဲ"