အခန်း ၆၉ အနုပညာအကျိုးဆောင်တစ်ဦး တံခါးခေါက်လာခြင်း
လျှိုမူဟွမ်သည် မယုံကြည်နိုင်လောက်အောင် ဖြစ်လျက် မျက်လုံးပြူးကာ ဆိုလိုက်သည်။ "သမီး... သမီး နောက်တစ်ခေါက် ပြန်ပြောပါဦး။ သူ ဘယ်လောက်တောင် လွှဲပေးလိုက်တာလဲ"
"သန်းတစ်ရာပါအဖေ! မူလက သူက ဆယ်သန်းပဲ လွှဲမလို့ပါ၊ ဒါပေမဲ့ အလောတကြီးနဲ့ သုညတစ်လုံး ပိုနှိပ်မိသွားလို့ သန်းတစ်ရာ ဖြစ်သွားတာလို့ ပြောတယ်" လျှိုနန်ချင်းက အဖြစ်မှန်အတိုင်း ထွက်ဆိုလိုက်၏။
သို့သော်လည်း လျှိုမူဟွမ်၏ မျက်နှာတွင်မူ 'သမီး ငါ့ကို လာနောက်နေတာလား' ဟူသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး "နန်ချင်း... သမီး လတ်တလော စိတ်ဖိစီးမှုတွေ အရမ်းများနေလို့ ထင်ယောင်ထင်မှား ဖြစ်နေတာလား။ သွား... အခန်းထဲပြန်ပြီး ကောင်းကောင်း အနားယူလိုက်ဦး။ ကုမ္ပဏီကိစ္စတွေကိုတော့ အဖေပဲ အားလုံး ဖြေရှင်းလိုက်ပါ့မယ်၊ သမီး စိုးရိမ်မနေနဲ့တော့"
"အဖေ... သမီးပြောတာကို အဖေ မယုံဘူးဆိုတာ သမီး သိပါတယ်။ အစတုန်းက သမီးကိုယ်တိုင်လည်း မယုံခဲ့ပါဘူး။ သန်းတစ်ရာ နေနေသာသာ ရှစ်သန်းဆိုတာတောင် ယုံဖို့ခက်တာ။ ဒါပေမဲ့ သမီးဆီကို ဘဏ်ကနေ ငွေဝင်တဲ့ မက်ဆေ့ခ်ျ တကယ် ရောက်လာခဲ့တာပါ အဖေ"
လျှိုနန်ချင်းသည် သူမ၏ ဖုန်းထဲက ဘဏ်မက်ဆေ့ခ်ျကို လျှိုမူဟွမ်အား ထိုးပြလိုက်သည်။ လျှိုမူဟွမ် ထိုစာကို မြင်လိုက်ရသည့် ခဏ၌ မျက်လုံးအစုံ ဝိုင်းစက်သွားခဲ့ရတော့သည်။
"ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ... ဘုရားရေ... တကယ်ပဲ သန်းတစ်ရာကြီးပါလား!!!"
"ဒါ... ဒါက တကယ်ကြီးလား" လျှိုမူဟွမ် အသက်ရှူပင် မှားမတတ် ရေရွတ်လိုက်မိရှာသည်။
ဖခင်ဖြစ်သူ၏ ဆွံ့အမှင်တက်သွားသော အမူအရာကို မြင်လိုက်ရမှ လျှိုနန်ချင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု လှပစွာ ပွင့်လန်းသွားခဲ့သည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက သူမကိုယ်တိုင်လည်း ယခုကဲ့သို့ပင် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
သို့သော်လည်း စီးပွားရေးလောကတွင် ကျင်လည်ခဲ့ဖူးသည့် လျှိုမူဟွမ်သည် စိတ်ကို အမြန်ပြန်ထိန်းလိုက်ပြီး ခေါင်းကို အသာခါယမ်းကာ ဆိုသည်။ "မဖြစ်နိုင်တာ... တစ်ခုခုတော့ မှားနေပြီ!"
လျှိုနန်ချင်း နားမလည်နိုင် ဖြစ်သွားရသည်။ "အဖေ... ဘာက မှားနေလို့လဲ"
"မက်ဆေ့ခ်ျ တစ်စောင်ထဲနဲ့တော့ ဘာမှ သက်သေမပြနိုင်သေးဘူးလေ။ တကယ်လို့ အဲဒီကောင်လေးက ဘဏ်ရဲ့ နာမည်အတုလုပ်ပြီး သမီးဆီကို သက်သက်မဲ့ နောက်ပြောင်ပြီး ပို့လိုက်တာလည်း ဖြစ်နိုင်တာပဲ"
လျှိုနန်ချင်း မတတ်သာသည့်အလား သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ "အဖေကလည်း... ဘာလို့ သမီးပြောတာကို အဲဒီလောက်တောင် မယုံချင်ရတာလဲ။ ဒါဆို သမီး ဖုန်းထဲက မိုဘိုင်းလ်ဘဏ်လုပ်ငန်းအက်ပ် ကို ဖွင့်ပြီး လက်ကျန်ငွေကို တိုက်ရိုက် ပြပေးမယ် ဟုတ်ပြီလား"
ပြောပြောဆိုဆိုဖြင့် လျှိုနန်ချင်းသည် သူမ၏ မိုဘိုင်းလ်ဘဏ်လုပ်ငန်းအက်ပ်ကို ဖွင့်လိုက်တော့သည်။ အကောင့်ထဲသို့ ဝင်ရောက်နေစဉ်အတွင်း သူမ၏ နှလုံးသားလေးမှာ ရင်ဘတ်ထဲမှ လျှံထွက်မတတ် တဒုန်းဒုန်း ခုန်စပြုလာခဲ့ရ၏။ လင်းဖုန်းအပေါ် အကြွင်းမဲ့ ယုံကြည်သော်လည်း ဖခင်ဖြစ်သူ၏ စကားကြောင့် ဤမက်ဆေ့ခ်ျမှာ တကယ်ပဲ နောက်ပြောင်မှုတစ်ခု ဖြစ်နေမလားဟု စိုးရိမ်စိတ်လေး တစ်ချက် ဝင်သွားမိခြင်း ဖြစ်ပေသည်။
လျှို့ဝှက်နံပါတ် နှိပ်လိုက်သည်၊ အကောင့်ထဲ ဝင်သွားသည်၊ ထို့နောက် အကောင့်အသေးစိတ်ကို နှိပ်လိုက်၏။
လက်ကျန်ငွေပမာဏ- ၁,၀၀၀,၀၀၃,၆၇၅.၃၂ ယွမ်။
ဟူး...
လျှိုနန်ချင်း သက်ပြင်းအရှည်ကြီး ချလျက် စိတ်အေးသွားခဲ့ရတော့သည်။ လင်းဖုန်းသည် သူမထံသို့ ယွမ်သန်းတစ်ရာ အမှန်အကန် လွှဲပေးခဲ့ခြင်း ဖြစ်ပေသည်!
လျှိုမူဟွမ်သည် ထိုရှည်လျားလှသော ဂဏန်းတန်းကြီးကို မြင်လိုက်ရသည့်အခါ အသက်ရှူရန်ပင် မေ့လျော့သွားခဲ့ပြီး အတန်ကြာမှသာ အမြဲတမ်း အသက်မဲ့ ညှိုးငယ်နေခဲ့သော မျက်နှာထက်တွင် ဝမ်းမြောက်လှသော အပြုံးကြီးတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။
"နန်ချင်း... သမီးက ငါတို့မိသားစုရဲ့ ကံကောင်းခြင်း နတ်သမီးလေးပဲ! အခုတော့ ကုမ္ပဏီကြီး ဘေးကင်းသွားပြီ!"
လျှိုနန်ချင်းနှင့် လျှိုမူဟွမ်တို့ သားအဖနှစ်ဦး အချင်းချင်း ကြည့်လိုက်ကြရာ နှစ်ယောက်လုံး၏ မျက်ဝန်းထဲတွင် အတိုင်းထက်အလွန် ဝမ်းမြောက်နေကြသည့် အရိပ်အယောင်များကို အထင်အရှား မြင်တွေ့နေရတော့သည်။
..........
လင်းဖုန်းသည် ကျန်ချွမ်းမြို့သို့ သွားမည့် လေယာဉ်လက်မှတ်ကို ဝယ်ယူပြီးနောက် မိဘများ၊ လင်းမြောင်မြောင်၊ လျူရှင်း၊ အာကျောက်နှင့် ဆုယွီရှုတို့ထံသို့ အခြေအနေကို အကျဉ်းချုံး အကြောင်းကြားလိုက်သည်။
ဆုယွီရှုကို ပေးခဲ့သည့် ဆင်ခြေမှာမူ ကျန်ချွမ်းမြို့တွင် ရှိသော ဆွေမျိုးတစ်ဦး၌ အရေးပေါ်ပြဿနာတစ်ခု ဖြစ်ပွားနေသဖြင့် အပြေးအလွှား သွားရောက်ကူညီရမည်ဟူ၍ ဖြစ်၏။
ကျန်ရှိနေသည့် အခြားလူများကိုမူ ကုမ္ပဏီကိစ္စဖြင့် ခရီးထွက်ရမည်ဟုသာ အကြောင်းပြခဲ့သည်။
လူတိုင်း၏ တုံ့ပြန်မှုမှာ လင်းဖုန်းအတွက် စိုးရိမ်ပူပန်ပေးကြခြင်းသာ ဖြစ်ပြီး မည်သူမျှ စကားအပိုများ လိုက်လံမမေးမြန်းခဲ့ကြပေ။
အဝတ်အစားအချို့ကို ကမန်းကတန်း ပြင်ဆင်ပြီးနောက် လင်းဖုန်းသည် သူ၏ ပါဂါနီပြိုင်ကားကြီးကို မောင်းနှင်ကာ လေဆိပ်သို့ ဦးတည်ထွက်ခွာလာခဲ့တော့သည်။ လီဟွိုင်းနှင့် ၎င်း၏ နောက်လိုက်အုပ်စုမှာ လူအင်အား ၃၀ ကျော်ရှိသည့်အပြင် လေယာဉ်ပေါ်သို့ သယ်ဆောင်ရန်မသင့်တော်သည့် ပစ္စည်းကိရိယာ အမြောက်အမြား ရှိနေသဖြင့် အဖွဲ့နှစ်ဖွဲ့ ခွဲခြား၍ သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
လူအင်အား ၃၀ နီးပါးရှိသော အဓိက စစ်ကြောင်းကြီးကို လီဟွိုင်းကိုယ်တိုင် ဦးဆောင်ကာ လေယာဉ်ဖြင့် ကျန်ချွမ်းမြို့သို့ ပေါ့ပေါ့ပါးပါး ဦးတည်သွားရောက်စေပြီး ကျန်ရှိသည့် လူ ၆ ဦးကိုမူ အထူးမွမ်းမံပြင်ဆင်ထားသည့် 'ကိုစတာ' ဗန်ကားကြီး နှစ်စီးဖြင့် ကျန်ချွမ်းမြို့သို့ မောင်းနှင်သွားစေခဲ့သည်။
ထို ၆ ဦးသည် လမ်းခရီးတွင် ကားကို တစ်လှည့်စီ မောင်းနှင်ကြမည်ဖြစ်ရာ ကျန်ချွမ်းမြို့သို့ ဆိုက်ရောက်မည့် အချိန်မှာ လေယာဉ်ဖြင့် သွားသူများထက် အများကြီး နောက်ကျမည် မဟုတ်ပေ။
ဤသို့ဖြင့် လင်းဖုန်း၏ ကျန်ချွမ်းခရီးစဉ်ကြီး စတင်ခဲ့လေတော့သည်။
..........
လေဆိပ်ဝယ်...
လင်းဖုန်းသည် ပထမတန်းစား လက်မှတ်ကို ဝယ်ယူထားခြင်း ဖြစ်သဖြင့် သာမန် ခရီးသည်များကဲ့သို့ အပြင်ဘက်ရှိ စောင့်ဆိုင်းခန်းတွင် တိုးဝှေ့စောင့်ဆိုင်းနေရန် မလိုပေ။ သူ့အတွက် လေအေးပေးစက်၊ အစားအသောက်၊ အအေးမျိုးစုံနှင့် အထူးဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများ အဆင်သင့်ရှိသော သီးသန့် VIP နားနေဆောင် ရှိနေပေသည်။
ဒါကတော့ ငွေကြေး၏ စွမ်းပကားပေတည်း!
လင်းဖုန်းသည် နားနေဆောင်ရှိ ဆိုဖာခုံကြီးပေါ်တွင် လှဲလျောင်းရင်း မျက်လုံးမှိတ်ကာ အနားယူနေခဲ့သဖြင့် သူ၏ နောက်ကွယ်မှနေ၍ တစ်စုံတစ်ဦးက စူးစိုက်ကြည့်နေသည်ကို သတိမထားမိခဲ့ချေ။
လေယာဉ်ပေါ်တက်ရမည့် အချိန်သို့ ရောက်ရှိလာသည့်အခါ လင်းဖုန်း မျက်လုံးကို ဖွင့်လိုက်ပြီး နားထင်ကို အသာနှိပ်ကာ လေယာဉ်ဆီသို့ ဦးတည်ရန် ပြင်လိုက်သည်။ သို့သော်လည်း လင်းဖုန်း မတ်တတ်ရပ်လိုက်သည့် ခဏ၌ပင် နောက်ကွယ်မှ လူတစ်ယောက်က သူ၏ ပုခုံးကို ခပ်ဖွဖွ လာရောက်ပုတ်လိုက်လေသည်။
လင်းဖုန်း လှည့်ကြည့်လိုက်ရာ အနက်ရောင် ဂါဝန်ရှည်ကြီးကို ဆင်မြန်းထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရ၏။
ထိုအမျိုးသမီး၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း မျက်ဝန်းအစုံထဲတွင်မူ လွန်စွာ လျှို့ဝှက်ဆန်းကြယ်ပြီး ပါးနပ်မှုများ ပြည့်နှက်နေကာ မြင်လိုက်ရုံမျှဖြင့် လူအကဲခတ် အလွန်တော်မည့်ပုံစံမျိုး ဖြစ်ပေသည်။
"ဘယ်သူလဲ... ဘာကိစ္စရှိလို့လဲ" လင်းဖုန်းက အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
ထိုအမျိုးသမီးက ပြုံးလိုက်ရင်း သူမ၏ လက်ကိုင်အိတ်ထဲမှ နာမည်ကတ် တစ်စောင်ကို စိတ်အေးလက်အေး ထုတ်ယူကာ လင်းဖုန်းထံသို့ ကမ်းပေးလိုက်၏။ "ကျွန်မနာမည် ဝမ်လီဖင် ပါ၊ အသက်မွေးဝမ်းကျောင်း အနုပညာအကျိုးဆောင် တစ်ယောက်ပေါ့။ ဒါက ကျွန်မရဲ့ နာမည်ကတ်ပါ"
လင်းဖုန်း လက်ကမ်း၍ နာမည်ကတ်ကို မယူဘဲ ထိုအမျိုးသမီးကိုသာ စူးစိုက်ကြည့်နေမိသည်။ "ကျွန်တော် မေးနေတယ်လေ... ဘာကိစ္စရှိလို့လဲလို့။ ကိစ္စမရှိရင် ကျွန်တော် လေယာဉ်ပေါ်တက်ရတော့မယ်"
ဝမ်လီဖင်သည် လင်းဖုန်း၏ အေးစက်လှသော အမူအရာအပေါ် တစိုးတစဉ်းမျှ စိတ်ဆိုးခြင်း မရှိဘဲ သူမ၏ နာမည်ကတ်ကို လင်းဖုန်း၏ ခရီးဆောင်အိတ် ဇစ်ကြားထဲသို့ တည်တည်ငြိမ်ငြိမ်ပင် ထိုးထည့်ပေးလိုက်သည်။
သို့သော်လည်း သူမ၏ အပေါ်ယံ တည်ငြိမ်မှုမှာ လွန်စွာ အဆင့်အတန်းမြင့်မားလှသော သရုပ်ဆောင်မှုတစ်ခုလည်း ဖြစ်နိုင်ပေသည်။
အကယ်၍ ဒုတိယအချက်သာ မှန်ကန်မည်ဆိုပါက ဤအမျိုးသမီး၏ မြေခွေးကဲ့သို့ ပါးနပ်မှုမှာ တကယ့်ကို အဆမတန် နက်ရှိုင်းလှပေသည်။
"ကျွန်မမှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူးရှင်။ ခုနက ကျွန်မ မိတ်ဆက်သွားတာကို ကြားပြီးပြီဆိုတော့ ကျွန်မ ဘာအလုပ်လုပ်လဲဆိုတာ မောင်ရင် ကောင်းကောင်း သဘောပေါက်မှာပါ။ လက်ရှိ ကျွန်မတို့ ကုမ္ပဏီက အနာဂတ်မှာ ကမ္ဘာကျော်မယ့် ကြယ်ပွင့်အသစ် တွေကို လိုက်လံရှာဖွေ စုဆောင်းနေတာလေ။ စောစောက မောင်ရင့်ရဲ့ ကျောပြင်ကို မြင်လိုက်ရကတည်းက၊ ပြီးတော့ အခု ရုပ်ရည်ကို အနီးကပ် မြင်လိုက်ရတော့ တကယ့်ကို ညှို့ဓာတ်ပြင်းပြီး ခန့်ညားလွန်းလို့ပါ။ ကျွန်မတို့ ကုမ္ပဏီထဲကို ဝင်ရောက်ပူးပေါင်းဖို့ စိတ်ဝင်စားမှု ရှိမလားလို့ မေးချင်တာပါ"
"စိတ်မဝင်စားဘူး!" လင်းဖုန်းက ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်၏။
အနုပညာရှင် ကြယ်ပွင့်တစ်ဦး ဖြစ်လာခြင်းက နာမည်ကျော်ကြားပြီး ငွေကြေးအမြောက်အမြား ရရှိနိုင်သည်မှာ မှန်သော်လည်း လင်းဖုန်းတွင် လက်ရှိ၌ ငွေက သုံးမကုန်အောင် ရှိနေပြီးသားဖြစ်ရာ လူအများ၏ အာရုံစိုက်မှုကို ခံရသည့် ဘဝမျိုးကို သူ လုံးဝ သဘောမကျချေ။ ၎င်းမှာ သူ မိန်းကလေးများနှင့် လျှောက်ပြီး ပွေရှုပ်ဖို့—အာ... မဟုတ်သေးပါဘူး၊ ၎င်းမှာ လင်းဖုန်းအနေဖြင့် နိုင်ငံတော်၏ လူဦးရေတိုးပွားရေး မူဝါဒကို လွတ်လပ်စွာ အကောင်အထည်ဖော်ရန်အတွက် လွန်စွာ အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်း၏ ငြင်းပယ်မှုမှာ လုံးဝ သန့်ရှင်းပြတ်သားလှပေသည်။
"မောင်ရင်ကလည်း... ချက်ချင်းကြီး ပြတ်ပြတ်သားသား မငြင်းလိုက်ပါနဲ့ဦး။ အမှန်အတိုင်း ပြောရရင် မောင်ရင့်ရဲ့ ရုပ်ရည်က ကျွန်မ အရင်က တွေ့ဖူးသမျှ ထိပ်တန်း အိုင်ဒေါ အချောအလှတွေထက်တောင် အစပေါင်းများစွာ သာလွန်ပါတယ်။ အဲဒီအိုင်ဒေါတွေက ချောမောကြတာ မှန်ပေမဲ့ သူတို့ရဲ့ မျက်ခုံးမျက်ကွင်းတွေကြားထဲမှာ တကယ့် ယောက်ျားကောင်း တစ်ယောက်ရဲ့ ရဲရင့်တဲ့ အရှိန်အဝါ လိုအပ်နေတာ၊ မောင်ရင်ကတော့ မတူဘူး။
ဒီလို ရုပ်ရည်အလှအပမျိုးနဲ့သာ အနုပညာလောကထဲ ဝင်လာမယ်ဆိုရင် မောင်ရင်က လောကတစ်ခုလုံးကို စိုးမိုးနိုင်မှာ သေချာတယ်!
အရပ်ကလည်း တစ်မီတာ ရှစ်ဆယ်ကျော်ရှိပြီး အပြစ်ဆိုဖွယ်မရှိတဲ့ ရုပ်ရည်မျိုးနဲ့မလို့ မောင်ရင့်ကို ထိပ်တန်းအဆင့် အိုင်ဒေါတစ်ယောက် ဖြစ်လာအောင် မြေတောင်မြှောက်ပေးနိုင်ဖို့ ကျွန်မမှာ ရာနှုန်းပြည့် ယုံကြည်မှု ရှိပါတယ်။ တကယ်လို့ ကျွန်မရဲ့ အရည်အချင်းအပေါ် မယုံကြည်ဘူးဆိုရင် အခု အင်တာနက်ပေါ် ဟိုးဟိုးကျော်နေတဲ့ 'ကွန်ကွန်' တို့၊ 'ရှောင်လု' တို့၊ 'ဖန်ဖန်' တို့ဆိုတာ အားလုံး ကျွန်မ ကိုယ်တိုင် မြေတောင်မြှောက်ပေးခဲ့တဲ့ လူတွေကြီးပဲ!
ကျွန်မကိုတော့ စိတ်ချယုံကြည်လိုက်လို့ ရပါတယ်!"
ဝမ်လီဖင်၏ မျက်နှာထက်တွင် ယုံကြည်မှုများ အပြည့်အဝ ဖုံးလွှမ်းနေပြီး သူမ ဖန်တီးပေးမည့် ဆွဲဆောင်မှုရှိသော အနာဂတ်ဇာတ်ကွက်ကြီးကို မည်သည့်လူသားကမျှ ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ဟု ထင်မှတ်နေခဲ့သည်။ ဘယ်သူမှ မငြင်းနိုင်ဘူးပေါ့!
လင်းဖုန်း ဘာမှပြန်မပြောသည်ကို မြင်သောအခါ ဝမ်လီဖင်သည် မီးလောင်ရာလေပင့်သည့်အနေဖြင့် ထပ်မံ၍ ဆွဲဆောင်လိုက်ပြန်သည်။ "မောင်ရင်က နာမည်ကျော်ကြားမှုကို ဂရုမစိုက်ဘူး ဆိုရင်တောင်မှ၊ ငွေကြေးအကျိုးအမြတ်ကိုကော စိတ်မဝင်စားဘူးလား။ ထိပ်တန်း အိုင်ဒေါတစ်ယောက်က တစ်နှစ်ကို ငွေဘယ်လောက်တောင် ရှာနိုင်လဲဆိုတာ မောင်ရင် သိရဲ့လား။ အနည်းဆုံး ယွမ်သန်းပေါင်း ရာနဲ့ချီပြီး တွက်ချက်ရတာနော်၊ သိရဲ့လား။
သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် နှစ်ပေါင်း ထောင်ချီအောင် အလုပ်လုပ်ရင်တောင် ယွမ်သန်းတစ်ရာကို ရှာနိုင်ပါ့မလား။ နှစ်နည်းနည်းလောက် အားစိုက်ရုံနဲ့ တစ်သက်လုံး အေးအေးလူလူ၊ ပူပန်မှုမရှိဘဲ စည်းစိမ်ခံစားနိုင်မယ့် အခွင့်အရေးကြီးကို မောင်ရင် တကယ်ပဲ စိတ်မလှုပ်ရှားဘူးလား"
လင်းဖုန်း၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ကျွန်တော် မမကို မေးခွန်းအချို့လောက် မေးလို့ ရမလား"
ဝမ်လီဖင် စိတ်ထဲကနေ ပြုံးလိုက်မိပြီး 'ငါ ထင်တဲ့အတိုင်းပဲ... နာမည်ရော စည်းစိမ်ကိုပါ ဒွန်တွဲပြီး ငြင်းပယ်နိုင်တဲ့လူဆိုတာ ဒီလောကမှာ မရှိပါဘူး။ ဘယ်သူမှ မရှိဘူး!' ဟု တွေးလိုက်၏။
"မောင်ရင် ဘာမေးချင်လို့လဲ၊ ကျွန်မ တတ်နိုင်သလောက် အကုန် ဖြေပေးပါ့မယ်"
"အနုပညာရှင် ကြယ်ပွင့်တစ်ယောက် ဖြစ်ရတာ အဲဒီလောက်တောင် ကြီးကျယ်ခမ်းနားသလား"
ဝမ်လီဖင် ကြောင်အသွားရသည်။ "ခုနတင် ကျွန်မ ပြောပြီးပြီ မဟုတ်လား။ နှစ်အနည်းငယ်အတွင်းမှာ တစ်သက်စာ သုံးမကုန်မယ့် ငွေတွေကို ရှာနိုင်တာလေ၊ အဲဒါ မကြီးကျယ်ဘူးလား"
"ဒါဆို... လူတစ်ယောက်က တစ်သက်လုံး အလုပ်မလုပ်ဘဲ၊ ပူပန်မှုမရှိဘဲ အေးအေးလူလူ စည်းစိမ်ခံစားနိုင်ဖို့အတွက် ငွေဘယ်လောက်တောင် လိုအပ်တယ်လို့ မမ ထင်လဲ" လင်းဖုန်းက ထပ်မံ မေးမြန်းလိုက်ပြန်သည်။
"အနည်းဆုံးတော့ ယွမ်သန်းပေါင်း ရာနဲ့ချီ လိုတာပေါ့! အနည်းဆုံး စံနှုန်းကတော့ သန်းတစ်ရာထက် မနည်းရဘူး!"
"ဒါပေမဲ့... ကျွန်တော့်မှာ အခုကတည်းက အဲဒီလောက်အများကြီးထက် ပိုတဲ့ ငွေတွေ ရှိနေပြီးသားပဲဥစ္စာ၊ အဲဒါကို ကျွန်တော်က ဘာဖြစ်လို့ အနုပညာရှင် လုပ်နေဦးမှာလဲ"