အခန်း ၆၈ မတော်တဆ သုညတစ်လုံး ပိုနှိပ်မိသွားလို့ပါ
လျှိုနန်ချင်း မိမိကိုယ်ကိုယ် အိပ်မက်မဟုတ်ကြောင်း သေချာစေရန် ပေါင်ကို အားပြင်းပြင်းဖြင့် တစ်ချက် ဆွဲဆိတ်လိုက်ပြီးနောက် ဘဏ်စာသားကို အကြိမ်ကြိမ် ပြန်လည်ရေတွက်နေမိတော့သည်။
"ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ... ဘုရားရေ... သိန်းတစ်ရာ (ဆယ်သန်း) လား... မဟုတ်ဘူး၊ ဒါ သိန်းတစ်ထောင် (သန်းတစ်ရာ) ကြီးပါလား"
လျှိုနန်ချင်း မည်မျှပင် ပြန်လှန်ရေတွက်ပါစေ မက်ဆေ့ခ်ျထဲတွင် ပေါ်နေသည့် ဂဏန်းပမာဏမှာ ယွမ်သန်းတစ်ရာ အတိပင် ဖြစ်နေခဲ့သည်။
"လင်း... လင်းဖုန်း၊ နင် ငွေဘယ်လောက်တောင် လွှဲလိုက်တာလဲ"
"ဆယ်သန်းလေ၊ ဘာဖြစ်လို့လဲ... မရောက်သေးဘူးလား" လင်းဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ ပုံမှန်အားဖြင့် သူ၏ ဘလက်ကတ်ဖြင့် ငွေလွှဲပါက ချက်ချင်းရောက်ရမည် ဖြစ်၏။ ယခုတစ်ကြိမ်တွင် ဘာများ ပြဿနာရှိနေလို့လဲ။
"မ... မဟုတ်ဘူး၊ မဟုတ်ဘူး... အခုတင် ငါ သေသေချာချာ ရေတွက်ကြည့်တာ... နင် လွှဲလိုက်တာ ဆယ်သန်းမဟုတ်ဘူး၊ သိန်းတစ်ထောင် (သန်းတစ်ရာ) ကြီး ဖြစ်နေတာ!" လျှိုနန်ချင်း၏ စိတ်ထဲတွင် လင်းဖုန်း၏ ပုံရိပ်က တဖြည်းဖြည်းနှင့် ဝေဝါးဆန်းကြယ်လာသလို ခံစားလိုက်ရသည်။
ဖုန်းထဲက တစ်ဖက်က စကားပြောနေသူမှာ ယခင်က သူမကို အမြဲ ရယ်မောပျော်ရွှင်အောင် လုပ်ပေးတတ်သည့် ထိုလင်းဖုန်း အစစ်ကော ဟုတ်ရဲ့လား။
"သန်းတစ်ရာကြီးလား... ငါ ဆယ်သန်း လွှဲလိုက်တာ မဟုတ်ဘူးလား။ အော်... ဟုတ်ပြီ၊ စောစောက ငါ နည်းနည်း အလောတကြီး ဖြစ်သွားလို့ သုညတစ်လုံး ပိုနှိပ်မိသွားတာ ထင်တယ်။ ဒါပေမဲ့ ပြဿနာမရှိပါဘူး၊ ကိုယ်ရည်ရွယ်ထားတာထက် နည်းမသွားရင် ပြီးတာပဲ။ ငွေပိုရှိတော့လည်း ကောင်းတာပေါ့။ ဒီငွေတွေကို နင့်အဖေဆီ အမြန်ဆုံး အပ်လိုက်ဦး၊ ဒါမှ ကုမ္ပဏီက လတ်တလော အကျပ်အတည်းတွေကို ကျော်လွှားနိုင်မှာ"
"လင်း... လင်းဖုန်း၊ ငါတို့ အဆက်အသွယ်ပြတ်နေတဲ့ ရက်ပိုင်းအတွင်းမှာ နင့်ဆီမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ။ နင်... တရားမဝင်တဲ့ ကိစ္စတွေ ဘာမှ မလုပ်ထားဘူးမလား" လျှိုနန်ချင်း စိုးရိမ်တကြီးဖြင့် မေးလိုက်မိရှာသည်။
ရက်ပေါင်း ၃၇၆ ရက်အတွင်းမှာတင် လင်းဖုန်းသည် သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦးဘဝမှ ယွမ်သန်းတစ်ရာကို အလွယ်တကူ ထုတ်ပေးနိုင်သူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
သူ တကယ်ပဲ ဘာတွေကို ဖြတ်သန်းခဲ့ရတာလဲ။
ထို့ပြင် လင်းဖုန်း၏ စောစောက လေသံအရ သန်းတစ်ရာဟူသော ငွေပမာဏအပေါ် တစိုးတစဉ်းမျှ နှမြောတွန့်တိုဟန် မရှိချေ။ ဘယ်လိုအလုပ်မျိုးကများ အချိန်တိုလေးအတွင်းမှာ ဒီလောက်အများကြီး ရှာနိုင်ရတာလဲ။
"နန်ချင်း... တခြားလူတွေ ငါ့ကို နားမလည်ရင်တောင် နင်ကတော့ ငါ့ကို နားလည်ရမှာပေါ့။ ငါက ဥပဒေဖောက်ဖျက်ပြီး ဒုစရိုက်လုပ်တဲ့လူတွေကို အမုန်းဆုံးပဲလေ၊ ကိုယ်တိုင် ဘယ်လိုလုပ် အဲဒီလိုမျိုး လုပ်ပါ့မလဲ။ ဒီငွေတွေက လတ်တလော စတော့ရှယ်ယာ ကစားရာကနေ ကံကောင်းပြီး အများကြီး မြတ်လာတာပါ။ အဲဒီအကြောင်းတွေက စကားစပ်မိရုံနဲ့ ရှင်းပြဖို့ ခက်လို့ ငါ ကျန်ချွမ်းကို ရောက်တဲ့အခါကျမှ အသေးစိတ် ပြောပြမယ်။
အခု လောလောဆယ်တော့ ဒီငွေတွေကို အရင်ယူပြီး ကုမ္ပဏီကို ကယ်တင်လိုက်ဦးနော်။ အရာရာ အဆင်ပြေမယ်ဆိုရင် ဒီနေ့ ညစာမစားခင် ငါ ကျန်ချွမ်းမြို့ကို ရောက်လာလိမ့်မယ်"
"ဒါ... ဒါဆိုလည်း မလိုတဲ့ ကိုးဆယ့်နှစ်သန်းကို နင့်ဆီ အရင်ပြန်လွှဲပေးမယ်လေ"
"မလောပါနဲ့ဦး၊ ငါ ရောက်မှပဲ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့။ နင့်အတွက် အခု အရေးကြီးဆုံးက ဒီငွေကို နင့်အဖေဆီ သွားပေးဖို့ပဲ။ ကုမ္ပဏီရဲ့ အခြေအနေက အချိန်ဆွဲလို့မရဘူး၊ အချိန်ကြာရင် အပြောင်းအလဲတွေ ရှိလာနိုင်တယ်!"
"ငါ... ငါ နားလည်ပါပြီ၊ အခုချက်ချင်း သွားလိုက်မယ်!"
ဖုန်းချပြီးနောက် လင်းဖုန်းသည် ကျန်ချွမ်းပြည်နယ်၊ ကန်လင်မြို့သို့ သွားမည့် လေယာဉ်လက်မှတ်ကို ချက်ချင်း အွန်လိုင်းမှ ဘွတ်ကင်လုပ်လိုက်ပြီး လီဟွိုင်းကိုလည်း လုံခြုံရေးကုမ္ပဏီမှ ညီအစ်ကိုအချို့ကို ခေါ်ဆောင်ကာ ကျန်ချွမ်းသို့ သွားမည့် လေယာဉ်လက်မှတ်များ ချက်ချင်း ဝယ်ယူရန် အကြောင်းကြားလိုက်သည်။
လင်းဖုန်း စိတ်ထဲကနေ ကြိုတင်တွေးဆမိသည်မှာ ကျန်ချွမ်းမြို့တွင် လျှိုမူဟွမ်၏ ကုမ္ပဏီပြဿနာမှာ ငွေကြေးတစ်ခုတည်းဖြင့် ဖြေရှင်း၍ ရနိုင်မည်မဟုတ်ချေ။ ဤဘေးထွက်တာဝန်ကို အောင်မြင်စွာ ပြီးဆုံးစေရန်အတွက် အဓိက သော့ချက်မှာ နောက်ကွယ်ကနေ မကောင်းကြံ သွေးထိုးနေသည့် တကယ့်လက်သည်တရားခံ—ကျုံးရန်ယောင်ကို အမြစ်ပြတ် စင်စစ် ရှင်းလင်းပစ်ရန်သာ ဖြစ်ပေသည်။
...
ဖုန်းချပြီးနောက် လျှိုနန်ချင်းသည် ဖခင်ဖြစ်သူ လျှိုမူဟွမ်ရှိရာ အခန်းဆီသို့ အပြေးအလွှား လာခဲ့တော့သည်။
ဒေါက်... ဒေါက်... ဒေါက်...
လျှိုနန်ချင်းသည် လျှိုမူဟွမ်၏ အခန်းတံခါးကို ခေါက်လိုက်၏။
အခန်းတွင်းရှိ လျှိုမူဟွမ်မှာမူ လတ်တလော ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသည့် ပြင်းထန်သော ရိုက်ခတ်မှုများကြောင့် တစ်ညအတွင်းမှာပင် ဆံပင်များ အဖွေးသား ဖြူဆွတ်သွားခဲ့ရှာပြီ ဖြစ်သည်။ မူလက စိတ်ဓာတ်ထက်သန် ပြတ်သားလှသော သူ၏ ပုံစံမှာ အခုတော့ လုံးဝ စိတ်ပျက်အားလျော့ကာ စိတ်ဓာတ်ကျဆင်းနေသည့် အသွင်သို့ ပြောင်းလဲသွားခဲ့ရလေပြီ။
လျှိုမူဟွမ်သည် အသက်လေးဆယ်ကျော် အရွယ်သာ ရှိသေးသော်လည်း လက်ရှိတွင် သူ့ကို ကြည့်လိုက်ပါက အသက်ခြောက်ဆယ်နီးပါးဟု ပြောလျှင်ပင် လူတိုင်းက ဧကန်မုချ ယုံကြည်ကြပေလိမ့်မည်။
လတ်တလော ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းက သူ့အပေါ်ကို ပြင်းထန်လွန်းလှသော ထိုးနှက်ချက်ကြီး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
၎င်းမှာ သူ တောင့်ခံနိုင်သည့် အတိုင်းအတာ၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်ရာ မိသားစု၏ တစ်ဦးတည်းသော အားကိုးရာ တိုင်လုံးကြီးကို ဝုန်းခနဲ ပြိုလဲသွားစေခဲ့ခြင်း ဖြစ်ပေသည်။
"အဖေ... သမီး ဝင်ခဲ့ရမလား၊ အဖေ့ကို ပြောစရာ အရေးကြီးကိစ္စ ရှိလို့ပါ"
လျှိုမူဟွမ်သည် အသက်မဲ့နေသော မျက်ဝန်းများကို အသာပင့်ကြည့်လိုက်ပြီး အားအင်ချည်းနှဲ့စွာဖြင့် "ဝင်ခဲ့လေ..." ဟု ဆိုရှာသည်။
လျှိုနန်ချင်း တံခါးတွန်းဖွင့်ကာ ဝင်လာခဲ့ရာ ဖခင်ဖြစ်သူသည် ကြမ်းပြင်ပေါ်တွင် ဒီအတိုင်း ထိုင်နေပြီး မျက်ဝန်းအစုံမှာ ဟာလာဟင်းလင်း ဖြစ်လျက် စိတ်ဓာတ်များ အဆမတန် ကျဆင်းနေသည်ကို မြင်လိုက်ရသည်။
"နန်ချင်း... မပူပါနဲ့၊ တကယ်လို့ ကုမ္ပဏီကြီးတစ်ခုလုံး ဒေဝါလီခံသွားရရင်တောင်၊ ငါတို့မိသားစုမှာ ရှိသမျှ အရာအားလုံး ဆုံးရှုံးသွားရရင်တောင်မှ အဖေ သမီးကို အဲဒီတိရစ္ဆာန်လိုကောင်နဲ့ ဘယ်တော့မှ လက်မထပ်ခိုင်းဘူး! သူက ကုမ္ပဏီကို သုံးပြီး အဖေ့ကို ဒူးထောက်ခိုင်းလို့ ရမယ်ထင်နေတာ၊ တကယ်ကို အိမ်မက်ယောင်နေတာပဲ!"
"အဖေ... သမီး အခုလာတာ ကုမ္ပဏီကိစ္စအတွက်ပါ"
လျှိုနန်ချင်းသည် လျှိုမူဟွမ်ကို ကြမ်းပြင်ပေါ်မှ အသာအယာ တွဲထူပေးလိုက်ပြီးနောက် သူမ၏ ဖုန်းကို ထုတ်လိုက်သည်။
သို့သော်လည်း လျှိုမူဟွမ်က လျှိုနန်ချင်းသည် ကုမ္ပဏီ၏ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် မိမိကိုယ်ကိုယ် အနစ်နာခံကာ ကျုံးရန်ယောင်နှင့် လက်ထပ်ရန် သဘောတူလိုက်ပြီဟု ထင်မှတ်သွားခဲ့သည်။ "နန်ချင်း... သမီး အဖေ့အတွက်နဲ့ ဘဝကို အဆုံးရှုံးမခံပါနဲ့။ အဖေ ဘာဖြစ်လို့ စီးပွားရေးကို အပင်ပန်းခံ စလုပ်ခဲ့ရတာလဲ၊ ဘာလို့ 'ရွှန်းရန် ကုမ္ပဏီ' ကို တည်ထောင်ခဲ့ရတာလဲ။ သမီးနဲ့ သမီးအမေ... ငါတို့တစ်မိသားစုလုံး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်အောင်လို့ပဲ မဟုတ်လား။
အခု ကုမ္ပဏီ ရှင်သန်ဖို့အတွက် သမီးရဲ့ ဘဝတစ်ခုလုံးစာ ပျော်ရွှင်မှုကို စေးကပ်လှဲလှယ်ရမယ်ဆိုရင် ဒါဟာ အဓိကနဲ့ သာမညကို မှားယွင်းရာ မရောက်ဘူးလား။ သမီး ဘာမှ ထပ်မပြောပါနဲ့တော့၊ အဖေ အသေသေချာချာ ဆုံးဖြတ်ပြီးပါပြီ။ မနက်ဖြန်ကျရင် ကုမ္ပဏီ ဒေဝါလီခံဖို့ပဲ လျှောက်လွှာတင်လိုက်တော့မယ်!"
"အဖေ... သမီး ပြောချင်တာ အဲဒီအကြောင်း မဟုတ်ပါဘူး။ သမီး ပြောချင်တာက ကုမ္ပဏီရဲ့ ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းဖို့ လောက်လောက်ငင ရှိမယ့် ငွေတွေကို သမီး ချေးလို့ ရခဲ့ပြီလို့ ပြောမလို့ပါ"
လျှိုမူဟွမ်၏ အချိန်အတော်ကြာအောင် အသက်မဲ့နေခဲ့သော မျက်နှာထက်တွင် အံ့ဩမှုအရိပ်အယောင်တစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သော်လည်း ခဏအတွင်းမှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့ရပြန်သည်။ "နန်ချင်း... အဖေ့ကို လာပြီး နောက်မနေပါနဲ့နဲ့။ ကုမ္ပဏီရဲ့ လက်ရှိ အကျပ်အတည်းကို ကျော်လွှားဖို့ဆိုရင် အနည်းဆုံး ယွမ်ရှစ်သန်းလောက် လိုတာလေ။ ဒါက နည်းတဲ့ ငွေပမာဏ မဟုတ်ဘူး။ သမီးက ဘယ်သူ့ဆီက သွားချေးမှာလဲ"
"အဖေ... သမီး အရင်က အဖေ့ကို ခဏခဏ ပြောပြဖူးတဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော် 'လင်းဖုန်း' ကို မှတ်မိလား"
"သမီး အရင်က အမြဲတမ်း ချီးကျူးပြီး ပြောလေ့ရှိတဲ့၊ သမီး စိတ်ထဲမှာ သဘောကျနေမိတဲ့ အဲဒီ အတန်းဖော်လေးလား။ အဖေ မှတ်မိတာပေါ့၊ ဘာဖြစ်လို့ အခု သူ့အကြောင်းကို ရုတ်တရက် ထည့်ပြောရတာလဲ"
"အဖေ... လင်းဖုန်းက သမီးဆီကို အခုတင် ငွေလွှဲပေးလိုက်တာ။ ကုမ္ပဏီရဲ့ လက်ရှိ အကျပ်အတည်းအားလုံးကို ဖြေရှင်းဖို့ လောက်လောက်ငင ရှိပါတယ်"
လျှိုမူဟွမ်၏ မျက်ဝန်းအစုံတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ "ရှစ်သန်းဆိုတာ သေးငယ်တဲ့ ပမာဏ မဟုတ်ဘူးနော်။ အဖေ မှတ်မိသလောက်တော့ သမီး အရင်က ပြောဖူးတာ သူ့အိမ်ရဲ့ စီးပွားရေးအခြေအနေက သိပ်မကောင်းဘူးဆို၊ ပြီးတော့ နောင်တစ်ချိန်ကျရင် တောင်းရမ်းတဲ့ တင်တောင်းငွေတွေ ဘာတွေ မယူဘဲ သမီးတို့ဘက်ကပဲ အိမ်ထောင်ဖက် ပစ္စည်းအသုံးအဆောင် တွေကို ပိုပြီး ထည့်ပေးရမယ်ဆိုပြီး အဖေနဲ့တောင် တိုင်ပင်ဖူးသေးတယ် မဟုတ်လား"
လျှိုနန်ချင်း၏ မျက်နှာထက်တွင် ရှက်သွေးဖြန်းကာ နီမြန်းမှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့ရသည်။ "လင်းဖုန်း ပြောတာတော့ သူ လတ်တလော စတော့ရှယ်ယာ ကစားရာကနေ ငွေအများကြီး မြတ်လာလို့ပါတဲ့"
"စတော့ရှယ်ယာ ကစားတာ ဟုတ်လား... လတ်တလော စျေးကွက်အခြေအနေက တက်နေတာ မှန်ပေမဲ့ စတော့ရှယ်ယာ ကစားရုံသက်သက်နဲ့ ရှစ်သန်းအထိ မြတ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူလှဘူး။ တကယ့် စျေးကွက်ကစားသူ ဒါရိုက်တာကြီး တွေဆိုရင်တော့ ဖြစ်နိုင်ပေမဲ့ သာမန် လက်လီရင်းနှီးမြှုပ်နှံသူ တစ်ယောက်အဖို့တော့ ဒါဟာ အိမ်မက်တစ်ခုလိုပါပဲ!"
"အဖေ... လင်းဖုန်း သမီးဆီ လွှဲပေးလိုက်တဲ့ ငွေက ရှစ်သန်း မဟုတ်ဘူး" လျှိုနန်ချင်း စကားတစ်ခွန်း ဖြည့်စွက်လိုက်သည်။
"အော်... ဒါဆိုလည်း ဟုတ်ပါပြီလေ။ စတော့ရှယ်ယာ ကစားတာက တကယ်ပဲ အဲဒီလောက်အများကြီး ဘယ်လိုမှ မမြတ်နိုင်ပါဘူး။ ဒါပေမဲ့ ငွေက အရမ်းနည်းနေပြန်ရင်လည်း လက်ရှိ ကုမ္ပဏီရဲ့ အခြေအနေအတွက် သမုဒ္ဒရာထဲ ရေတစ်စက် ချသလိုမျိုးပဲ ဖြစ်နေမှာ။ လင်းဖုန်းရဲ့ စေတနာကိုတော့ အဖေ တကယ် ကျေးဇူးတင်ပါတယ်။ သူက တကယ်ပဲ ယုံကြည်အားကိုးထိုက်တဲ့ ကလေးတစ်ယောက်ပဲ!
သမီး ကုမ္ပဏီကိစ္စအတွက် စိုးရိမ်မနေပါနဲ့တော့။ အဖေ မနက်ဖြန်ပဲ ဒေဝါလီခံဖို့ လျှောက်လိုက်တော့မယ်။ သူ သမီးဆီ လွှဲပေးထားတဲ့ ငွေကိုတော့ နောင်တစ်ချိန် သမီးတို့ မိသားစုအသေးလေး တည်ဆောက်တဲ့အခါ အစပျိုး ရံပုံငွေအဖြစ်ပဲ သိမ်းထားလိုက်ပါတော့"
"အဖေကလည်း... လင်းဖုန်း သမီးဆီ ငွေဘယ်လောက် လွှဲပေးလဲဆိုတာကို ဘာလို့ အရင် မမေးတာလဲ" လျှိုနန်ချင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူမ ဘဏ်ဆီက မက်ဆေ့ခ်ျရတုန်းက ဘယ်လောက်တောင် ထိတ်လန့်သွားခဲ့ရသလဲ၊ အခု ခဏနေရင် ဖခင်ဖြစ်သူ လျှိုမူဟွမ်လည်း အဲဒီလိုမျိုး အံ့အားသင့်သွားရတော့မှာ မြင်ယောင်နေသည် မဟုတ်ပါလား။
ထိုကဲ့သို့သော ဆန်းကြယ်လှသည့် ခံစားချက်ကို သူမတစ်ယောက်တည်း ခံစားနေ၍ မဖြစ်ချေ။
"သူ ဘယ်လောက် လွှဲပေးလို့လဲ... တစ်သန်းလား"
၎င်းမှာ လျှိုမူဟွမ် စိတ်ထဲကနေ ခန့်မှန်းထားသည့် သာမန် လက်လီရင်းနှီးမြှုပ်နှံသူတစ်ဦး စတော့ရှယ်ယာ ကစားရာမှ ရရှိနိုင်သည့် အမြင့်ဆုံး အတိုင်းအတာပင် ဖြစ်သော်လည်း လျှိုနန်ချင်းက ခေါင်းခါပြလိုက်သည်။
"အဖေ ခန့်မှန်းတာ များသွားလို့လား။ အင်းလေ... သာမန်လူတစ်ယောက်က အချိန်တိုလေးအတွင်း စတော့ရှယ်ယာ ကစားပြီး တစ်သန်းမြတ်ဖို့ဆိုတာ အရမ်းကို တိုက်ဆိုင်လွန်းမှ ဖြစ်မှာပဲ။ ဒါဆို ဘယ်လောက်လဲ... ရှစ်သိန်းလား။ ငါးသိန်းလား။ ဒါမှမဟုတ် အဲဒါထက် နည်းမလား"
လျှိုနန်ချင်း ဆန်းကြယ်သော အပြုံးတစ်ခု ပြုံးလိုက်ရင်း လက်ညှိုးတစ်ချောင်းကို ထောင်ပြလိုက်သည်။
"တစ်သိန်းလား" လျှိုမူဟွမ်က မဝံ့မရဲ လေသံဖြင့် မေးမြန်းလိုက်၏။
လျှိုနန်ချင်းက ခေါင်းကို ထပ်မံခါယမ်းလိုက်ပြီး— "သိန်းတစ်ထောင် (သန်းတစ်ရာ) ပါ အဖေ!" ဟု ဆိုလိုက်တော့သည်။
ဖူး...!
လျှိုမူဟွမ် ခံတွင်းထဲသို့ ခုလေးတင် ငုံ့သောက်လိုက်သည့် လက်ဖက်ရည်ကြမ်းများအားလုံး နေရာတင် ပြန်လည် ပန်းထွက်ကုန်တော့သည်။
"သမီး... သမီး ဘာပြောလိုက်တယ်!!!"