အခန်း ၆၆ အထက်တန်းကျောင်းတုန်းက အတန်းဖော် လျှိုနန်ချင်း
"ကောင်းပြီလေ... ဒါဆိုလည်း ငါ ထိုက်ကျိုးမြို့ကိုပဲ သွားတော့မယ်!"
နောက်ဆုံးတွင်တော့ ချန်ရန်ချိုး၏ စိတ်လိုက်မာန်ပါ ဖြစ်တည်မှုကပင် အသိတရားကို အနိုင်ယူသွားခဲ့တော့သည်။
အသိတရားတွေ ဘာတွေ လာမပြောနဲ့တော့၊ ဒီနေ့တော့ ငါ စိတ်အလိုအတိုင်းပဲ လုပ်တော့မယ်!
ချန်ရန်ချိုးသည် လင်းဖုန်း၏ စီစဉ်ပေးမှုများကို နာခံကာ ချီကျိုးမြို့နှင့် ကပ်လျက်ရှိသော ထိုက်ကျိုးမြို့သို့ ထွက်ခွာခဲ့လေသည်။ သူမ ထိုက်ကျိုးမြို့တွင် တည်းခိုမည့်နေရာကိုလည်း လင်းဖုန်းကပင် အားလုံး အစအဆုံး စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
သူက ငွေကြေး၊ နေအိမ်နှင့် အလုပ်အကိုင် အခွင့်အလမ်းများကိုပါ ပံ့ပိုးပေးခဲ့၏။
ချန်ရန်ချိုး ထွက်ခွာသွားချိန်တွင် စိတ်ထဲ၌ တွေးမိသည်မှာ- ဤပုံစံက သူတစ်ပါးရဲ့ လျှို့ဝှက်မွေးစားခြင်း ခံရတာနဲ့ အရမ်းတူမနေဘူးလား။
သို့သော်လည်း ချန်ရန်ချိုးသည် ခေါင်းကို ချက်ချင်း ခါယမ်းလိုက်ပြီး "ငါ့ရဲ့ စိတ်ရင်းဖြူစင်ဖို့ပဲ လိုတာပဲဟာ။ အင်း... ဟုတ်တယ်! ငါ့ဘက်က စိတ်ရင်းဖြူစင်ရင် ပြီးတာပဲ!" ဟု မိမိကိုယ်ကိုယ် ဖြေသိမ့်လိုက်ရှာသည်။
…………
ချန်ရန်ချိုးသည် ထိုက်ကျိုးမြို့သို့ ရောက်ရှိပြီးမှသာ ဆုယွီရှုထံသို့ ဖုန်းဆက်ပြီး သူမ၏ နေရပ်အသစ်အကြောင်းကို ပြောပြကာ အချိန်ရလျှင် လာလည်ရန် ဖိတ်ခေါ်ခဲ့သည်။
လင်းဖုန်းနဲ့အတူတူ လာရင် ပိုကောင်းတာပေါ့!
ယင်းနောက်ဆုံးစကားစုကိုတော့ ချန်ရန်ချိုး နှုတ်မှ ထုတ်မပြောခဲ့သည်မှာ အမှန်ပင်။
လျှိုရှုနှင့် ချန်ရန်ချိုးတို့၏ ရှုပ်ထွေးလှသော ကိစ္စရပ်များကို ဖြေရှင်းပြီးနောက်တွင်တော့ လင်းဖုန်း သက်ပြင်းအရှည်ကြီး ချနိုင်ခဲ့ပြီ ဖြစ်သည်။ သူ၏ မှတ်စုစာအုပ်အသေးလေးထဲမှ ပထမဆုံး နာမည်ကို နောက်ဆုံးတော့ အောင်မြင်စွာ ခြစ်ထုတ်နိုင်ခဲ့ပြီ ဖြစ်၏။
အခုဆိုရင် ဒုတိယမြောက်လူအတွက် ပြင်ဆင်ရမည့် အချိန်ပင်။
ဒုတိယမြောက်လူကတော့ သူ၏ အထက်တန်းကျောင်းတုန်းက အတန်းခေါင်းဆောင်—လီဟောက်ယု!
လီဟောက်ယုနှင့်အတူ သူ ဖြေရှင်းရမည့် အခြားကိစ္စတစ်ခုမှာ သူ၏ အထက်တန်းကျောင်းတုန်းက အတန်းဖော်လေးနှင့် ကြားထဲက ဖွင့်မပြောဖြစ်ခဲ့သည့် အချစ်ဇာတ်လမ်းဟောင်းလေး ဖြစ်ပေသည်။
【သောက်ကျိုးနည်း... လူပွေလူရှုပ်ကြီးပဲ!】
စနစ်သည် ပျင်းရိနေ၍ ထင်သည်၊ ရုတ်တရက် ထွက်ပေါ်လာပြီး ရန်စတိုက်ခိုက်လာပြန်သည်။
"ငါက အထက်တန်းကျောင်းတုန်းက အတန်းဖော်ကို သိမ်းပိုက်မယ်လို့ ပြောလို့လား။ စနစ်... မင်း ငါ့ကို မဟုတ်မမှန် စွပ်စွဲဖို့ မကြံနဲ့နော်!"
【အိုဟို... ဒါဆို အိမ်ရှင်က ဘာလုပ်ချင်လို့လဲ။ သူမနဲ့ အတိတ်ဟောင်းတွေကို ပြန်တမ်းတမလို့လား။ ငါ အိမ်ရှင်နဲ့ လက်တွဲလာတာ ရက်ပေါင်းများစွာ ရှိနေပြီပဲ၊ မင်း ဘယ်လိုလူစားလဲဆိုတာ ငါ အသိဆုံးပါ!】
လင်းဖုန်း မျက်နှာသေဖြင့် ဆိုလိုက်သည်။ "စနစ်... မင်း ငါ့အပေါ် မဟုတ်မမှန် စွပ်စွဲတာက နည်းနည်း များမနေဘူးလား။ တကယ်လို့ ငါသာ ဘာမှမလုပ်ရင် မင်းရဲ့ အစွပ်စွဲကို အလကားခံရသလို ဖြစ်နေမှာပေါ့။ ဒါကြောင့် ငါ ဆုံးဖြတ်လိုက်ပြီ၊ အလကားတော့ အစွပ်စွဲမခံနိုင်ဘူး။ မင်း ပြောတဲ့အတိုင်းပဲ ငါ လုပ်ပြလိုက်မယ်!"
【ဟွန့်...】
စနစ်က လင်းဖုန်းကို ဂရုမစိုက်တော့ဘဲ အဝေးသို့ လွင့်ပျောက်သွားရာ လင်းဖုန်းကလည်း လီဟွိုင်းကို လီဟောက်ယုအကြောင်း စုံစမ်းစစ်ဆေးရန် ညွှန်ကြားလိုက်သည်။ လီဟောက်ယု လောလောဆယ် ဘာလုပ်နေသလဲ၊ ပြီးတော့ ဘယ်လို ယုတ်မာကောက်ကျစ်တဲ့ ကိစ္စတွေ လုပ်ထားသလဲဆိုသည်ကို သိရှိချင်ခြင်း ဖြစ်သည်။
လီဟွိုင်းကို တာဝန်ပေးပြီးနောက် လင်းဖုန်းသည် သူ၏ အထက်တန်းကျောင်းတုန်းက အတန်းဖော်လေး 'လျှိုနန်ချင်း' ၏ ဆက်သွယ်ရန် လိပ်စာကို ရှာဖွေလိုက်သည်။
သူတို့နှစ်ဦး အဆက်အသွယ် ပြတ်တောက်နေခဲ့သည်မှာ လွန်စွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။
အဓိကအကြောင်းရင်းမှာ လျှိုနန်ချင်း တက်ရောက်ခဲ့သည့် တက္ကသိုလ်က ချီကျိုးမြို့နှင့် အလွန်ဝေးကွာပြီး တောင်ဘက်စွန်းရှိ ကျန်ချွမ်းပြည်နယ်တွင် တည်ရှိသောကြောင့် ဖြစ်သည်။
တက္ကသိုလ် စတက်ခါစတုန်းကတော့ သူတို့နှစ်ဦး ခဏခဏ ဖုန်းပြောဖြစ်ကြသေးသည်။ လင်းဖုန်းသည် ကျန်ချွမ်းတက္ကသိုလ်အထိ သွားရောက်ကာ လျှိုနန်ချင်းကို သွားရှာခဲ့ဖူးပြီး ထိုစဉ်က သူတို့နှစ်ဦး၏ ပုံစံမှာ ချစ်သူမောင်နှံအလားပင်။
သို့သော်လည်း ဝေးကွာလွန်းလှသော အကွာအဝေးဟူသည်မှာ လှပသောအရာအားလုံးကို ဖျက်ဆီးပစ်တတ်သည့် မူလအရင်းအမြစ် ဖြစ်ပေသည်။
သူတို့နှစ်ဦး အတူတူမရှိကြသဖြင့် စကားပြောဖြစ်သည့် အကြိမ်ရေက တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး အချိန်ရတိုင်း စကားပြောဖြစ်ရာမှသည် နောက်ပိုင်းတွင် နေ့စဉ် မနက်ခင်းနှုတ်ဆက်စကားနှင့် ညချမ်းနှုတ်ဆက်စကား မျှသာ လဲလှယ်ဖြစ်ကြတော့သည်။
နောက်ပိုင်းတွင် ထိုနှုတ်ဆက်စကားများပင် မရှိတော့ဘဲ တစ်ပတ်လျှင် အနည်းငယ်မျှသာ စကားပြောဖြစ်ကြတော့၏။
ယင်းနောက်တွင်တော့ တဖြည်းဖြည်းနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားခဲ့ရတော့သည်။
လင်းဖုန်း နောက်ပိုင်းတွင် ပြန်တွေးမိသည်မှာ သူနှင့် လျှိုနန်ချင်းကြားတွင် နောင်တအချို့ ရှိခဲ့ဖူးသည်။ ယခုအချိန်တွင်တော့ လင်းဖုန်းသည် ထိုနောင်တကို ပြန်လည်ဖြည့်ဆည်းပေးချင်နေမိသည်။
သူ့ကို လူရှုပ်လူပွေဟု သတ်မှတ်မည်ဆိုလျှင်လည်း ဖြစ်ပါစေတော့!
သူ့မှာ စနစ်တစ်ခုတောင် ရှိနေပြီပဲဥစ္စာ၊ အနည်းငယ်မျှ လူရှုပ်ဖြစ်တာကလည်း အရမ်းကြီး မလွန်ပါဘူး ဟုတ်တယ်မလား။
လင်းဖုန်း လျှိုနန်ချင်းထံသို့ မက်ဆေ့ခ်ျတစ်ခု ပေးပို့လိုက်သည်-
【လတ်တလော ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား။ အခုဆိုရင် အလုပ်သင် ဆင်းနေရပြီ မဟုတ်လား။ ကျန်ချွမ်းမှာပဲ ဆင်းနေတာလား ဒါမှမဟုတ် ချီကျိုးမြို့ကို ပြန်လာပြီလား။ ငါတို့ မတွေ့ရတာ တော်တော်ကြာပြီနော်။】
မက်ဆေ့ခ်ျ ပို့ပြီးနောက် တစ်မိနစ်ခန့်အကြာတွင်ပင် လျှိုနန်ချင်းထံမှ မက်ဆေ့ခ်ျ ချက်ချင်း ပြန်လည်ဝင်ရောက်လာခဲ့သည်။
【ငါက နင် ငါ့ကို မေ့တောင်မေ့နေပြီ ထင်တာ!】
【ကြည့်စမ်း... ငါ တခြားလူအားလုံးကို မေ့ရင်မေ့မယ်၊ နင့်ကိုတော့ ဘယ်တော့မှ မမေ့ပါဘူး။ ငါ ကျန်ချွမ်းကို လာရှာတုန်းက နင့်ကို ဘာပြောခဲ့လဲ မှတ်မိလား။ နောက်နောင် နင် ငါ့ကို တွေ့ချင်တဲ့အချိန်တိုင်း စကားတစ်ခွန်းသာ ဟလိုက်၊ ငါ ချက်ချင်း အပြေးအလွှား ရောက်လာခဲ့မယ်လို့ ပြောခဲ့တယ်လေ!】
【ဒါဆို ဘာလို့ အဲဒီလောက်တောင် ကြာအောင် ငါ့ဆီ မက်ဆေ့ခ်ျ မပို့ခဲ့တာလဲ။ နင် ငါ့ဆီ နောက်ဆုံး မက်ဆေ့ခ်ျ ပို့ခဲ့တာ လွန်ခဲ့တဲ့ ၃၇၆ ရက်ကလေ!】
လျှိုနန်ချင်း၏ စကားလုံးများထဲတွင် စိတ်ကောက်စနိုးဖြစ်နေသည့် အရိပ်အယောင်များ ထင်ရှားစွာ ပါဝင်နေသော်လည်း လင်းဖုန်းမှာမူ အံ့အားသင့်သွားရသည်။ ၃၇၆ ရက် ဟုတ်လား။ ဒါက အရမ်း တိကျလွန်းမနေဘူးလား။
【ငါ မက်ဆေ့ခ်ျမပို့တာ မှန်ပေမဲ့ နင်လည်း ငါ့ဆီ မက်ဆေ့ခ်ျမပို့ဘူးပဲဥစ္စာ ဟုတ်တယ်မလား】
【အဲဒါချင်း တူလို့လား။ နောက်ဆုံးမက်ဆေ့ခ်ျကို ငါက ပို့ထားတာလေ ဟုတ်ပြီလား။ ငါ နင့်ရဲ့ စာပြန်မှုကို ၃၇၆ ရက်လုံးလုံး စောင့်နေခဲ့တာ၊ ဖုန်းအသစ်လဲရင်တောင် အရင်က စာတိုမှတ်တမ်းတွေကို အမြဲ သိမ်းထားတာဟင့်!】
လင်းဖုန်း : "???"
သူမက စကော်ပီရိုရာသီဖွား လားမသိဘူး။
လူတစ်ယောက်က စာတစ်စောင် ပြန်ဖို့ကို ၃၇၆ ရက်လုံးလုံး စောင့်နေနိုင်တယ်လား။
လင်းဖုန်း ကြောင်အသွားသည့် အချိန်မှာပင် လျှိုနန်ချင်းထံမှ အခြားမက်ဆေ့ခ်ျတစ်ခု ထပ်မံဝင်ရောက်လာခဲ့ပြန်သည်။
【လင်းဖုန်း... စောစောက နင်ပြောတော့ ငါ စကားတစ်ခွန်း ဟလိုက်တာနဲ့ ငါ့ဆီ ချက်ချင်း အပြေးအလွှား လာနိုင်တယ်ဆိုတာ တကယ်လား】
【တကယ်ပေါ့! ငါ ဘယ်တော့မှ မလိမ်ဘူး!】
【ဒါဆို အခု ငါ့ဆီ ချက်ချင်း လာပေးလို့ရမလား။ ငါ... ငါ နင့်ကို ဆက်ပြီး စောင့်နိုင်တော့မယ် မထင်ဘူး...】
!!!
လင်းဖုန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရပြီး လျှိုနန်ချင်းထံသို့ ဖုန်း ချက်ချင်း ခေါ်ဆိုလိုက်တော့သည်။
လျှိုနန်ချင်း ဤကဲ့သို့ စကားမျိုး ပြောလာသည်ဆိုလျှင်...
သူမ၏ ကျန်းမာရေးတစ်ခုခု ဖြစ်နေလို့လား။
ဖုန်းခေါ်ဆိုမှုကို ချက်ချင်း လက်ခံလိုက်ပြီးနောက် တစ်ဖက်မှ လျှိုနန်ချင်း၏ နုညံချိုသာလှသော အသံလေး ထွက်ပေါ်လာခဲ့သည်။ ယခင်ကကဲ့သို့ပင် နားထောင်ရသည်မှာ အလွန် နှလုံးသားအေးချမ်းလှပေသည်။
"လင်းဖုန်း... ငါ လတ်တလော ရက်ပိုင်းအတွင်းမှာ အတော်လေး ဝေခွဲမရ ဖြစ်နေတာ၊ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ နင် ငါ့ဆီ ဖုန်းဆက်လာတော့ ငါ ဒီအကြောင်းကို နင့်ကို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်တယ်"
"ဘာဖြစ်လို့လဲ။ အဲဒီလို စကားမျိုးတွေ မပြောပါနဲ့နော်! နင် ဘာမှမဖြစ်စေရပါဘူး။ ငါ ရှိနေသရွေ့တော့ တကယ်လို့ ယမမင်းက နင့်ကို လာခေါ်ရင်တောင် ငါ သူ့မုတ်ဆိတ်မွှေးကို ဆွဲနုတ်ပစ်ဦးမှာ!"
လင်းဖုန်းသည် လျှိုနန်ချင်းတွင် တစ်စုံတစ်ရာ ပြင်းထန်သော ရောဂါဝေဒနာ ခံစားနေရသည်ဟု ထင်မှတ်ကာ သူ၏ စကားလုံးများထဲတွင် စိုးရိမ်ပူပန်မှုများ အထိုင်းအမှိုင်း ပါဝင်နေခဲ့သည်။
"လင်း... လင်းဖုန်း၊ နင် နားလည်မှုလွဲနေပြီ။ ငါ့မှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ရောဂါမျိုး ဘာမှမရှိပါဘူး။ ဒါပေမဲ့ ငါ... မကြာခင် လက်ထပ်ရတော့မယ် ထင်တယ်..."
ဖုန်းကို ကိုင်ထားသည့် လင်းဖုန်း မျက်လုံးအစုံ ဝိုင်းသွားခဲ့ရပြီး နေရာတင် ကျောက်ရုပ်အလား မှင်တက်သွားရရှာသည်။
ဒါက ဘာဇာတ်ကွက်ကြီးလဲ။
သူက ဇာတ်လိုက်တစ်ယောက်ပဲဥစ္စာ၊ ဤကဲ့သို့သော ဇာတ်ကွက်မျိုးကို ကြုံတွေ့ရသည်မှာ အရမ်း ဝမ်းနည်းစရာကောင်းလွန်းမနေဘူးလား။
သို့သော်လည်း လျှိုနန်ချင်း၏ နောက်ဆက်တွဲ ရှင်းပြချက်ကို ကြားလိုက်ရမှသာ လင်းဖုန်း စိတ်အနည်းငယ် ပြန်လည်သက်သာသွားခဲ့ရသည်။ တကယ်တော့ လျှိုနန်ချင်းသည် အခြားလူတစ်ဦးကို စိတ်ဝင်စားသွားခြင်း မဟုတ်ဘဲ နောက်ကွယ်တွင် အခြားသော လျှို့ဝှက်ချက်တစ်ခု ရှိနေခြင်း ဖြစ်ပေသည်။
လျှိုနန်ချင်း ကျန်ချွမ်းမြို့သို့ တက္ကသိုလ်တက်ရန် ရောက်ရှိသွားကတည်းက သူမ၏ မိသားစုတစ်ခုလုံးပါ ကျန်ချွမ်းသို့ လိုက်ပါပြောင်းရွှေ့ခဲ့ကြသည်။ လေးနှစ်တာ ကာလအတွင်း သူတို့ ချီကျိုးမြို့သို့ ပြန်လာသည့် အကြိမ်ရေမှာ လက်ချိုးရေတွက်၍ပင် ရပေသည်။
လျှိုနန်ချင်း၏ ဖခင်ဖြစ်သူ 'လျှိုမူဟွမ်' သည် ကျန်ချွမ်းမြို့သို့ ရောက်ရှိပြီးနောက် လက်ဗလာဖြင့် စတင်ကာ အထည်အလိပ် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့သည်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ရန်ပုံငွေများ ရရှိခဲ့ပြီးနောက် လက်ရှိတွင် ကုမ္ပဏီ၏ တန်ဖိုးမှာ သန်း ၁၀၀ ကျော်အထိ ရှိနေပြီ ဖြစ်၏။
သူစိမ်းပြင်ပြင် အရပ်ဒေသတစ်ခုတွင် လက်ဗလာဖြင့် စတင်ကာ နှစ်အနည်းငယ်အတွင်း သန်း ၁၀၀ ကျော် တန်ဖိုးရှိသော ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခြင်းမှာ လျှိုမူဟွမ်သည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သက်သေပြနေခြင်း ဖြစ်ပေသည်၊ အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင် စနစ်မရှိကြသောကြောင့် ဖြစ်၏။
သို့သော်လည်း လတ်တလောတွင် လျှိုမူဟွမ်၏ ကုမ္ပဏီ၌ ပြဿနာအချို့ ကြုံတွေ့နေရသည်။ ယခုနှစ်တွင် ကုမ္ပဏီသည် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ နာမည်ကြီး ဒီဇိုင်နာတစ်ဦးကို ငှားရမ်း၍ ကုမ္ပဏီ၏ နွေရာသီ အမျိုးသမီး အဝတ်အထည် ဒီဇိုင်းအသစ်ကို ရေးဆွဲခိုင်းခဲ့သည်။ မူလက အရာရာတိုင်းသည် အလွန် ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်နေခဲ့ပြီး လျှိုမူဟွမ်နှင့် ကုမ္ပဏီဝန်ထမ်းများအားလုံး ထိုဒီဇိုင်နာ၏ လက်ရာအပေါ် များစွာ သဘောကျခဲ့ကြသည်။
သို့သော်လည်း ကုမ္ပဏီက ဧပြီလမတိုင်မီ ထိုအဝတ်အထည်အားလုံးကို အပြေးအလွှား ချုပ်လုပ်ပြီးစီးခဲ့သည့် အချိန်တွင်တော့ မည်သည့် ကုန်တိုက် သို့မဟုတ် အရောင်းဆိုင်ကမျှ ထိုအထည်များကို လက်ခံရောင်းချပေးရန် သဘောမတူခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ဤအဝတ်အထည်များ၏ ဒီဇိုင်းမှာ စျေးကွက်ထဲရှိ နာမည်ကြီး ဇိမ်ခံကုန်အမှတ်တံဆိပ် အားလုံး၏ ဒီဇိုင်းကို အတုခိုးထားခြင်း ဖြစ်နေသောကြောင့်တည်း။
ထို့အပြင် ၎င်းမှာ အဆင့်မြင့်အတုခိုးခြင်းမျိုး မဟုတ်ဘဲ ဇိမ်ခံကုန်အမှတ်တံဆိပ်၏ နာမည်နေရာတွင် မိမိတို့၏ ကုမ္ပဏီနာမည်ကို အောက်တန်းကျကျ၊ အရည်အချင်းမရှိစွာဖြင့် တိုက်ရိုက် လဲလှယ်ထားခြင်း ဖြစ်နေသည်။
ဤဖြစ်ရပ်ကြောင့် အဝတ်အထည်များ ပြည့်နှက်နေသည့် သိုလှောင်ရုံကြီး အများအပြားမှာ ရောင်းမထွက်ဘဲ ဖြစ်နေရပြီး ကုမ္ပဏီ၏ ရံပုံငွေများ ပြန်လည်မစီးဆင်းနိုင်တော့ဘဲ ပြင်းထန်သော ဘဏ္ဍာရေး အကျပ်အတည်းကြီးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ပေသည်။