အခန်း ၆၅ ဒါမှမဟုတ် မသွားဘဲ နေလိုက်ပါတော့
အသက်တစ်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအလား နုပျိုလှပနေသော ချန်ယန်ချိုးသည် လင်းဖုန်းကို မြင်လိုက်ရသည့်အခါ ပါးပြင်လေးနှစ်ဖက် အနည်းငယ် နီမြန်းသွားရှာသည်။ "နင် ရောက်ပြီပဲ"
လင်းဖုန်းက သူမကို လက်လှမ်းပြလိုက်ရင်း "ကားပေါ် အရင်တက်ပါဦး၊ ဧပြီလရဲ့ မနက်ခင်းတွေက နည်းနည်း အေးသေးတယ်" ဟု ဆိုလိုက်သည်။
ချန်ယန်ချိုး ခေါင်းညိတ်ပြကာ လင်းဖုန်း၏ ပါဂါနီပြိုင်ကားလေးထဲသို့ ဝင်ထိုင်လိုက်၏။
ကားအတွင်းဝယ်...
"မမချိုးရဲ့ ရထားက ဘယ်နှစ်နာရီလဲ"
"ကိုးနာရီခွဲလေ၊ မလောပါဘူး အချိန်ရပါသေးတယ်"
ချန်ယန်ချိုးသည် သူမ၏ ထိုင်ခုံတွင် ငြိမ်သက်စွာ ထိုင်ရင်း ဂါဝန်အနားသတ်လေးကို လက်ချောင်းများဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်။ သူမ၏ ပုံစံမှာ အချစ်ဦးနှင့် ဆုံတွေ့နေရသည့် အရွယ်မရောက်သေးသော မိန်းကလေးငယ်တစ်ဦးအလား။
"မမ ဘယ်ကို သွားမလို့လဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား။ ဘယ်မြို့ကို သွားမှာလဲ၊ အတိအကျကော ဘယ်နေရာမှာ နေမှာလဲ"
ချန်ယန်ချိုး၏ မျက်ဝန်းအိမ်ထဲတွင် ဝေခွဲမရသည့် ရုန်းကန်မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသော်လည်း နောက်ဆုံးတွင်တော့ အသိတရားမဲ့မှုကပင် အနိုင်ရသွားခဲ့ရရှာသည်။ လင်းဖုန်းနှင့် နှစ်ကိုယ်တည်း ရှိနေသည့် အချိန်မျိုးတွင် သူမ မည်သို့မျှ အသိတရားဖြင့် မထိန်းချုပ်နိုင်ခဲ့ချေ။
"ကျန်သုန်ပြည်နယ်က နင်းပေ့မြို့ကို သွားမလို့ပါ။ တက္ကသိုလ်တုန်းက အဲဒီကို ရောက်ဖူးတယ်လေ။ အတိအကျ ဘယ်နေရာမှာ နေမလဲဆိုတာတော့ မဆုံးဖြတ်ရသေးဘူး"
လင်းဖုန်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အိတ်ကပ်ထဲမှ ဘဏ်ကတ်တစ်ခုကို ထုတ်ယူလိုက်သည်။
"မမချိုး... ဒါလေးကို ယူထားပါဦး။ ကျွန်တော့်ရဲ့ နှုတ်ဆက်လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ"
ချန်ယန်ချိုး လက်ကမ်း၍ မယူခဲ့ပေ။ "ငါ ဒါကို လက်မခံနိုင်ပါဘူး။ ငါ့မှာ စုထားဆောင်းထားတဲ့ ငွေလေးတွေ ရှိပါသေးတယ်၊ အဲဒါနဲ့တင် နေထိုင်ဖို့ လောက်ငပါတယ်"
"ယူထားလိုက်ပါဗျာ၊ အထဲမှာ ငွေအများကြီး ရှိတာ မဟုတ်ပါဘူး။ လျှို့ဝှက်နံပါတ်က ၂၂၀၄၀၆ ပါ... ကျွန်တော် အကင်ဆိုင်ကို ပထမဆုံးအကြိမ် ရောက်သွားခဲ့တဲ့ နေ့စွဲလေးပေါ့"
ချန်ယန်ချိုး တုံ့ဆိုင်းနေဆဲဖြစ်သည်ကို မြင်သောအခါ လင်းဖုန်းက သက်ပြင်းချလျက် မတတ်သာသည့်အလား ဆိုလိုက်သည်။ "ယူထားလိုက်ပါ မမရဲ့။ ဒါက ကျွန်တော်က လက်ဆောင်ပေးတာ မဟုတ်ပါဘူး၊ မမ ရထိုက်ရနိူင်တဲ့ အရာမလို့ပါ"
"ရထိုက်ရနိုင်တယ်ဟုတ်လား... ဘာကို ဆိုလိုတာလဲ" ချန်ယန်ချိုးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"မမရဲ့ မောင်လေးအကြောင်းပါ။ မနေ့က သူ လုံခြုံရေးကုမ္ပဏီရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီး ကုမ္ပဏီထဲကို တရားဝင် ဝင်ရောက်ခွင့်ရသွားပြီ။ လုံခြုံရေးကုမ္ပဏီရဲ့ လစာက အရမ်းများတယ်လေ၊ အခြေခံလစာတင် တစ်လကို နှစ်သိန်း ရှိပြီးတော့ နှစ်ချုပ်ထောက်ပံ့ကြေး၊ အပိုဆုကြေးနဲ့ တာဝန်ထမ်းဆောင်တဲ့ စရိတ်တွေအပြင် အားလုံးပေါင်းလိုက်ရင် တစ်နှစ်ကို အနည်းဆုံး ငါးသန်းလောက် ရမှာ။
ဒီကတ်ထဲမှာ ငါးသန်း ရှိတယ်၊ ညီလေးချန်ရဲ့ ပထမဆုံးနှစ် လစာလို့ပဲ သဘောထားလိုက်ပါ။ ကျွန်တော့်ရဲ့ အာဏာနဲ့ အကြိုထုတ်ပေးလိုက်တာ!"
ချန်ယန်ချိုး အတော်လေး အံ့အားသင့်သွားရသည်။ "ရိဟောင်က လုံခြုံရေးကုမ္ပဏီထဲ ဝင်သွားတာလား။ အဲဒါ... သူ အန္တရာယ် မများဘူးလား"
ချန်ယန်ချိုးသည် ဟိုတစ်နေ့က လင်းဖုန်း ပြောခဲ့သည့် စကားကို ပြန်လည်တွေးမိသွားသည်။ လုံခြုံရေးကုမ္ပဏီက လုပ်ရသည့် တာဝန်အချို့မှာ အန္တရာယ်များလှသည်ဟူ၍ ဖြစ်၏။
"အန္တရာယ်တော့ ရှိနိုင်ပေမဲ့ သူ့ရဲ့ အသက်အန္တရာယ်အထိတော့ ဘယ်လိုမှ မစိုးရိမ်ရပါဘူးဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေကို အသက်ဘေးနားနီးတဲ့ အလုပ်မျိုး ဘယ်တော့မှ အတင်းအကျပ် မလုပ်ခိုင်းပါဘူး"
လင်းဖုန်း၏ စကားကို ကြားလိုက်ရမှ ချန်ယန်ချိုး ရင်ထဲက အပူလုံးကြီး ကျသွားခဲ့ရသည်။
ဘာကြောင့်မှန်းမသိသော်လည်း လင်းဖုန်း၏ စကားလုံးများကို ကြားရသည်မှာ သူမအတွက် ထူးခြားသည့် လုံခြုံမှုအတိကို ခံစားရစေသည်။
"ဒါပေမဲ့လည်း... ဒီငါးသန်းက အရမ်းများလွန်းပါတယ်။ ငါ့အတွက် ဒီလောက်အများကြီး မလိုပါဘူး။ ဒီလိုလုပ်ပါလား... ငါက နှစ်သိန်းပဲ ယူထားလိုက်မယ်၊ ကျန်တာကိုတော့ ရိဟောင်ကိုပဲ ပေးလိုက်ပါ။ သူ့ကိုပဲ အသေသေချာချာ အပ်ထားပေးပါ... သူ သိပါတယ်၊ 'အာဖေး' အတွက် စုခိုင်းထားတယ်လို့ မမ ပြောတယ်ဆိုရင် သူ မမဆိုလိုတာကို နားလည်ပါလိမ့်မယ်"
"အာဖေး ဆိုတာလား"
ချန်ယန်ချိုး လန့်သွားရသည်။ "နင်... နင် ဘယ်လိုလုပ် သိတာလဲ။ ရိဟောင်က နင့်ကို ပြောပြတာလား"
"မဟုတ်ပါဘူး၊ တကယ်တော့ ဟိုတစ်နေ့က အကင်ဆိုင်ထဲမှာ မမနဲ့ ညီလေးချန်တို့ ပြောနေတဲ့ စကားတွေကို ကျွန်တော် အမှတ်မထင် ကြားလိုက်မိလို့ပါ။ ပြီးတော့ ကျွန်တော် လူလွှတ်ပြီး စုံစမ်းကြည့်ခိုင်းတော့ အာဖေးက ထောင်ဒဏ်လျှော့ရက် ရထားတယ်တဲ့။ အပြောင်းအလဲမရှိရင်တော့ ဒီလကုန်ပိုင်းဆို ထောင်က လွတ်လာလိမ့်မယ်"
"နင်... နင် တကယ်ပြောနေတာလား" ချန်ယန်ချိုး မျက်လုံးဝိုင်းလေးများဖြင့် အံ့ဩတကြီး ကြည့်ကာ မေးလိုက်မိသည်။
"အမှန်ပဲပေါ့ဗျာ။ အာဖေးရဲ့ ကိစ္စအတွက် မမ ဘာမှ စိုးရိမ်မနေပါနဲ့တော့။ သူ တကယ် လွတ်လာမယ့်ရက်ကျရင် ကျွန်တော် မမနဲ့ ညီလေးချန်တို့ကို အကြောင်းကြားပေးပါ့မယ်"
ချန်ယန်ချိုး ခေတ္တမျှ ငြိမ်သက်သွားပြီးမှ ပြောရှာသည်။ "လင်းဖုန်း... ကျေးဇူးတင်ပါတယ်! တကယ်ကို ကျေးဇူးတင်ပါတယ်၊ နင် ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ"
"မိသားစုချင်းပဲ ဘာလို့ အားနာနေတာလဲဗျာ။ တကယ်တော့ ကျွန်တော်လည်း မမကို မေးချင်တဲ့ အချက်တစ်ခု ရှိသေးတယ်"
ချန်ယန်ချိုးသည် လင်းဖုန်း၏ နှုတ်မှ "မိသားစုချင်းပဲ" ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ သူမ၏ နှလုံးသားအိမ်လေးမှာ ရုတ်တရက် လှုပ်ခတ်သွားရပြန်သည်။
"နင်... နင် ဘာမေးချင်လို့လဲ"
"မမ ဘာဖြစ်လို့ ချီကျိုးမြို့ကနေ ထွက်သွားချင်ရတာလဲ"
"ငါ... ငါက ပတ်ဝန်းကျင်အသစ်တစ်ခုကို ပြောင်းလဲပြီး စိတ်အပန်းဖြေချင်လို့ပါ။ ဒီတစ်ခေါက် ပြန်ပေးဆွဲခံရတဲ့ ကိစ္စက ငါ့ကို ချီကျိုးမြို့အပေါ်မှာ စိတ်ဒဏ်ရာ ရသွားစေလို့လေ"
"ဒါက အဓိကအကြောင်းပြချက် မဟုတ်ပါဘူး ဟုတ်တယ်မလား" လင်းဖုန်း၏ မျက်ဝန်းများက ချန်ယန်ချိုး၏ မျက်ဝန်းအစုံကို စူးစိုက်ကြည့်လိုက်ရာ ချန်ယန်ချိုး အကြည့်တို့ကို အမြန်ပင် လွှဲဖယ်လိုက်မိသည်။
"အဲဒါ အကြောင်းပြချက် အစစ်အမှန်ပါပဲ!" ချန်ယန်ချိုး မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိလှသော အသံတိုးတိုးဖြင့် ပြန်လည်ချေပလိုက်ရှာသည်။
"ကောင်းပါပြီ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော် မမချိုးကို မသွားစေချင်ဘူး။ ပြီးခဲ့တဲ့တစ်ခေါက် လျူရှို့ ပြန်ပေးဆွဲတုန်းကလိုမျိုးပေါ့၊ တော်သေးလို့ ချီကျိုးမြို့ထဲမှာမလို့ ကျွန်တော် အချိန်မီ ရောက်သွားနိုင်ခဲ့တာ။ မဟုတ်ရင်တော့ တွေးဝံ့စရာတောင် မရှိဘူး"
"ငါ့အတွက် စိုးရိမ်မနေပါနဲ့၊ နောက်နောင် ငါ အရာရာကို သတိထားပါ့မယ်"
...
သူတို့နှစ်ဦး အချိန်အတော်ကြာအောင် စကားစမြည် ပြောဆိုနေမိကြသည်။ ချန်ယန်ချိုး အချိန်ကို ကြည့်လိုက်သည့်အခါ ကိုးနာရီကျော်နေပြီ ဖြစ်၏။ ရထားက ကိုးနာရီခွဲတွင် ထွက်ခွာမည်ဖြစ်ရာ ယခုအချိန်မှာ လက်မှတ်စစ်ဆေးပြီး ဘူတာရုံထဲသို့ ဝင်ရမည့် အချိန်ပင် ဖြစ်သည်။
"ကျွန်တော် မမကို လိုက်ပို့ပေးမယ်လေ၊ ဘူတာရုံထဲအထိ အတူတူ သွားကြစို့"
ချန်ယန်ချိုး ခေါင်းညိတ်ပြကာ မငြင်းဆန်ခဲ့ပေ။
သူတို့နှစ်ဦးသည် စကားတစ်ခွန်းမှ မဆိုဘဲ ဘူတာရုံ၏ ဝင်ပေါက်ဆီသို့ တိတ်ဆိတ်စွာ လျှောက်လှမ်းလာခဲ့ကြသည်။ ဘူတာရုံ ဝင်ပေါက်သို့ ရောက်ခါနီးတွင်တော့ ချန်ယန်ချိုးသည် သူမ၏ သတ္တိအားလုံးကို စုစည်းလိုက်ဟန်ဖြင့် ခြင်္သေ့သံလောက်မျှသာ ရှိသော အသံတိုးတိုးလေးဖြင့် ဆိုလာသည်။ "ငါ... ငါ နင့်ကို... တစ်ခါလောက် ဖက်ထားလို့... ရမလား"
လင်းဖုန်းက အကြားအာရုံ၊ အမြင်အာရုံ ထက်မြက်သူပီပီ ချန်ယန်ချိုး၏ အသံလေးမှာ လွန်စွာ တိုးညှင်းလှသော်လည်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
"စကားပြောတာ ဘာလို့ အဲဒီလောက်တောင် တုံ့ဆိုင်းနေရတာလဲဗျာ။ မိန်းကလေးတစ်ယောက်ရဲ့ တုံ့ဆိုင်းမှုက ပိုပြီး အဓိပ္ပာယ်ရှိတဲ့ နေရာမှာပဲ သုံးသင့်တာ!"
လင်းဖုန်း တိုးတိုးလေး ရေရွတ်လိုက်ရင်း သူ၏ ရင်ခွင်ကျယ်ကြီးကို ဖွင့်ဟပေးလိုက်၏။
"လာပါ... နှုတ်ဆက်တဲ့အနေနဲ့ ဖက်လိုက်ရအောင်!" လင်းဖုန်းက ချန်ယန်ချိုး၏ စိတ်ထဲက ဖိအားများကို လျှော့ချပေးလိုက်သည်။
ချန်ယန်ချိုးသည် လက်ဆွဲသေတ္တာကို မြေပြင်ပေါ်သို့ ချလိုက်ပြီး လင်းဖုန်း၏ ရင်ခွင်ကျယ်ကြီးထဲသို့ တိုးဝင်ကာ ဖက်တွယ်လိုက်တော့သည်။
သူတို့နှစ်ဦး အချိန်အတော်ကြာအောင် တင်းကြပ်စွာ ဖက်ထားမိကြ၏။
လင်းဖုန်း အချိန်ကို လှမ်းကြည့်လိုက်ရာ ကိုးနာရီ နှစ်ဆယ့်ငါးမိနစ် ဖြစ်နေပြီ ဖြစ်သည်။ အခု ချက်ချင်း မထွက်ခွာပါက ရထားမှီတော့မည် မဟုတ်ချေ။
သို့သော်လည်း လင်းဖုန်း၏ စိတ်ထဲတွင် တစ်ကိုယ်ကောင်းဆန်သော အတွေးတစ်ခု ဝင်လာခဲ့သည်။ နင်းပေ့မြို့က ချီကျိုးမြို့နှင့် အရမ်းဝေးလွန်းလှရာ အကယ်၍ သူမသာ ယခုရထားကို လွဲချော်သွားခဲ့မည်ဆိုပါက ချန်ယန်ချိုးတစ်ယောက် မသွားဘဲ နေရစ်ခဲ့နိုင်သည် မဟုတ်ပါလား။
ချန်ယန်ချိုးသည် မျက်ဝန်းအစုံကို မှိတ်ထားရင်း လင်းဖုန်း၏ ရင်ခွင်အာရုံထဲတွင် မိန်းမောနေမိရှာသည်။ ဤနွေးထွေးလှသော ခံစားချက်က သူမကို စွဲလန်းစေကာ ဘယ်လိုမှ ထွက်မသွားချင်အောင် ဆွဲဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။
ကိုးနာရီခွဲ ကျော်သွားသည့် အချိန်မှသာ လင်းဖုန်း နောက်ဆုံး၌ နှုတ်ဟလာခဲ့သည်။ "ရထားကတော့ အခုလောက်ဆို ထွက်သွားလောက်ပြီ ထင်တယ်။ မမ... ဒါမှမဟုတ် မသွားဘဲ နေလိုက်ပါတော့လား"
ချန်ယန်ချိုး ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။ "ကိုး... ကိုးနာရီခွဲ ဟုတ်လား"
သူမသည် အချိန်ကို စစ်ဆေးရန် ဖုန်းကို အလောတကြီး ထုတ်လိုက်သည်။ ထူးခြားသည်မှာ အချိန်ကြည့်နေသည့် အချိန်တွင်ပင် လင်းဖုန်းကို ဖက်ထားသည့် သူမ၏ လက်မောင်းများကို လုံးဝ ဖြေလျော့မပေးခဲ့ခြင်း ဖြစ်ပေသည်။
"နင်... နင် ဘာလို့ စောစောက ငါ့ကို သတိမပေးတာလဲ"
ချန်ယန်ချိုးက လင်းဖုန်းကို ဖက်ထားဆဲဖြစ်ပြီး သူမ၏ စကားလုံးများထဲတွင် အပြစ်တင်မည့် အရိပ်အယောင် လုံးဝ မပါဝင်ခဲ့သည့်အပြင်...
စိတ်သက်သာရာရသွားသည့် အရသာမျိုးပင် စွက်ဖက်နေသလား...
"ရထားလည်း ထွက်သွားပြီပဲဥစ္စာ၊ ဒါဆိုရင် နင်းပေ့ကို မသွားပါနဲ့တော့ မမရယ်! တကယ်လို့ မမက ချီကျိုးမြို့မှာ ဆက်မနေချင်ဘူးဆိုရင်လည်း အိမ်နီးနားချင်းဖြစ်တဲ့ ထိုက်ကျိုးမြို့မှာ ဟွာရုန်ဂရုရဲ့ ရုံးခွဲတစ်ခု ရှိတယ်လေ။ မမ အဲဒီကို သွားရင် မကောင်းဘူးလား။ ကုမ္ပဏီက အဲဒီမှာ ဝန်ထမ်းအိမ်ရာလည်း စီစဉ်ပေးထားပြီးသား။ မမ ဘယ်လိုထင်လဲ"
ချန်ယန်ချိုး စိတ်ထဲကနေ တွေးလိုက်မိသည်မှာ- ငါက နင့်ကို ရှောင်ချင်လို့ ချီကျိုးမြို့ကနေ ထွက်သွားဖို့ ကြံတာကို၊ အခု နင်စီစဉ်ပေးတဲ့နေရာကို သွားမယ်ဆိုရင် ငါ ထွက်သွားတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
ပြီးတော့ ဒီလိုပုံစံက... တစ်မျိုးကြီး ဖြစ်မနေဘူးလား။
"ဘယ်လိုလဲ မမ... အဖြေလေးတစ်ခုတော့ ပေးဦးလေဗျာ!"
"ငါ... ငါက..."
ချန်ယန်ချိုး စကားများ ထစ်အငေါ့ငေါ့ဖြစ်နေကာ ဘာပြန်ပြောရမှန်း မသိတော့ချေ။
အသိတရားကတော့ သူမကို ဤသို့ မလုပ်သင့်ကြောင်း တားမြစ်နေသော်လည်း လက်ရှိအချိန်တွင်တော့ ချန်ယန်ချိုး၏ စိတ်ထဲ၌ အသိတရားဟူသည်မှာ မည်သည့်အရာမှန်း မသိတော့လောက်အောင်ပင် ဝေဝါးနေခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင်တော့ အချိန်အတော်ကြာအောင် ရုန်းကန်တွေးတောပြီးနောက် ချန်ယန်ချိုးသည် သူမ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ရတော့သည်။