အခန်း ၆၄ လက်သီးတစ်ချက်၏အရှိန် ကီလိုဂရမ် ရာခုနစ်ဆယ်
ချန်ရိဟောင်၏ အကြည့်တို့က ပြတ်သားတည်ကြည်နေသည်။ "ကျွန်တော် ဆုံးဖြတ်ချက်ချပြီးပါပြီ။ အဖွဲ့ထဲဝင်ချင်ပါတယ်!"
"ဒီနေရာက စိတ်ကူးပေါက်တိုင်း ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး။ လင်းဒါရိုက်တာက မင်းကို အခွင့်အရေးပေးကြည့်ဖို့ မပြောခဲ့ရင် မင်းလို လမ်းဘေးကောင်မျိုးကို ငါ မျက်လုံးစောင်းလို့တောင် ကြည့်မှာမဟုတ်ဘူး။ ဒါပေမဲ့ လင်းဒါရိုက်တာရဲ့ စကားကြောင့်သာ မင်းကို ဒီမှာ စမ်းသပ်ပေးတာ။ မအောင်ရင်တော့ ချက်ချင်းထွက်သွားရမယ်။ နားလည်လား"
ချန်ရိဟောင်၏ ခိုင်မာသော အကြည့်တို့က ယိမ်းယိုင်မသွားခဲ့ချေ။ "နားလည်ပါတယ်! ဒါပေမဲ့ ကျွန်တော် အောင်မြင်မှာပါလို့ ယုံကြည်တယ်"
"ယုံကြည်မှုရှိတာ ကောင်းပေမဲ့ အလွန်အကျွံဖြစ်ရင်တော့ ထောင်လွှားရာကျတတ်တယ်။ စကားတွေ အများကြီး ပြောမနေနဲ့တော့။ မင်းရှေ့က ဒီစက်က မင်းရဲ့ အင်အားကို တိုင်းတာပေးလိမ့်မယ်။ ကဲ... ရှိသမျှ အားအကုန်သုံးပြီး ထိုးလိုက်စမ်း"
ချန်ရိဟောင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ရှေ့က ကိရိယာကို စိုက်ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
သူသည် ငယ်စဉ်ကတည်းက ခွန်အားကြီးမားလှသူအဖြစ် နာမည်ကျော်ခဲ့သူ ဖြစ်၏။ လမ်းသရဲဘဝဖြင့် လျှောက်သွားနေစဉ်တုန်းက သူ့ကို 'စွမ်းအားရှင် ကွန်ကရက်' ဟုပင် ဘွဲ့မည်ပေးခဲ့ကြဖူးသည်။ ယခုအချိန်တွင် ပြန်တွေးလျှင် အနည်းငယ် ရှက်စရာကောင်းသည်ဟု ထင်ရသော်လည်း ထိုခေတ်ထိုအခါကတော့ လူတိုင်းကြောက်ရသည့် အရှိန်အဝါမျိုး ဖြစ်ခဲ့သည်။
"ဟား!"
ချန်ရိဟောင် အော်ဟစ်လိုက်ရင်း ပြင်းထန်လှသော လက်သီးချက်တစ်ချက်ကို ဝုန်းခနဲ ပစ်သွင်းလိုက်တော့သည်။
ဘေးတွင် ရပ်ကြည့်နေသော လီဟွိုင်း၏ မျက်ဝန်းအစုံ ကျဉ်းမြောင်းသွားခဲ့ရ၏။ ချန်ရိဟောင်သည် စနစ်တကျ လေ့ကျင့်ထားခြင်းမရှိသဖြင့် လက်သီးထိုးချက် အနေအထားက ခွန်အားအားလုံးကို အပြည့်အဝ ထုတ်မသုံးနိုင်သေးသော်လည်း ထိုလက်သီးချက်၏ ပြင်းအားက လီဟွိုင်းကို အံ့အားသင့်သွားစေရန် လုံလောက်ခဲ့ပေသည်။
တီ... တီ... တီ...
စက်ဆီမှ အချက်ပေးသံ ထွက်ပေါ်လာပြီးနောက် လက်သီးချက်၏ ပြင်းအားပမာဏ ပေါ်လာခဲ့သည်မှာ- ၇၂၆ ကီလိုဂရမ်!
နားမလည်သူများအဖို့ ၇၂၆ ကီလိုဂရမ်ဟူသော ပမာဏက ဘာကိုဆိုလိုမှန်း သိနိုင်မည်မဟုတ်သော်လည်း လီဟွိုင်းကတော့ ကောင်းကောင်းသိသည်။ စနစ်တကျ လေ့ကျင့်မှု တစ်ကြိမ်တစ်ခါမျှ မရှိဖူးသူတစ်ယောက်က ၇၂၆ ကီလိုဂရမ်အထိ ထိုးနိုင်ခြင်းမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ နားလည်နေသည်။
ဆယ်စုနှစ်တစ်ခုအတွင်း တွေ့ရခဲလှသည့် ပါရမီရှင်ပင်။
ကမ္ဘာ့စံချိန်တင် ခွန်အားအကြီးဆုံးအဖြစ် မှတ်တမ်းတင်ထားရသည့် မိုက်တိုက်ဆန်၏ လက်သီးချက်ပြင်းအားမှာ ၈၀၀ ကီလိုဂရမ် ဖြစ်သည်။
သို့သော်လည်း မိုက်တိုက်ဆန်၏ ၈၀၀ ကီလိုဂရမ်မှာ အချက်အလက်များစွာပေါ်တွင် မူတည်နေခဲ့ခြင်း ဖြစ်၏။ တစ်ဖက်တွင် ထိုခေတ်က စျေးကွက်မြှင့်တင်ရေး ကြော်ငြာမှုများစွာ ပါဝင်နေသလို အခြားတစ်ဖက်တွင်လည်း ထိုခေတ်က တိုင်းတာသည့် ကိရိယာများမှာ ယခုခေတ်ကဲ့သို့ တိကျမှုမရှိခဲ့ချေ။ အကယ်၍သာ ယခုခေတ် တိကျသေချာသော စက်များနှင့် တိုင်းတာမည်ဆိုပါက...
မိုက်တိုက်ဆန် ထိုးနိုင်သည့် ကိန်းဂဏန်းက ချန်ရိဟောင်ထက် ပိုချင်မှ ပိုလိမ့်မည်။
ထို့အပြင် ချန်ရိဟောင်သည် စနစ်တကျ သင်ကြားလေ့ကျင့်မှု မရှိသေးချေ။ အကယ်၍ သူ့ကို ပညာရှင်ပီပီသသ လမ်းညွှန်ပြသပေးလိုက်မည်ဆိုပါက ၈၀၀ ကျော်အထိ ထိုးနိုင်ရန်မှာ ဘာမှခက်ခဲမည် မဟုတ်တော့ပေ။
လောလောဆယ်တွင် လုံခြုံရေးကုမ္ပဏီအတွင်းရှိ လူများ၏ အင်အားကို ၈၀၀ ဟူသော စံနှုန်းဖြင့် ခွဲခြားထားခြင်း ဖြစ်သည်။ ၈၀၀ ကျော်နိုင်သူများကိုသာ တကယ့် ထိပ်သီးသခင်များအဖြစ် သတ်မှတ်ခြင်း ဖြစ်ပေသည်။
လူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ခွန်အားတစ်ခုတည်းပေါ်တွင် မူတည်နေခြင်း မဟုတ်သော်လည်း ခွန်အားသည် စွမ်းရည်ကို အကဲဖြတ်ရာတွင် အရေးအကြီးဆုံး အချက်များထဲမှ တစ်ခုဖြစ်သည်မှာ ငြင်းမရချေ။
ချန်ရိဟောင်သည် ထိုလက်သီးချက်တွင် မိမိ၏ ခွန်အားအားလုံးကို သုံးလိုက်ရသဖြင့် ထိုးပြီးသည်နှင့် သူ၏ လက်မောင်းတစ်ပြင်လုံး နာကျင်ကိုက်ခဲလာကာ အပေါ်သို့ပင် ကောင်းကောင်း မမြှောက်နိုင်တော့ချေ။
"ကျွန်တော့်လက်သီးချက်က အောင်ရဲ့လားခင်ဗျာ" ချန်ရိဟောင် မိမိ၏ ညာဘက်လက်ကို အသာနှိပ်ရင်း လီဟွိုင်းကို မေးလိုက်သည်။
လီဟွိုင်းက လေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး "ငါ မင်းကို အထင်သေးမိသွားတယ်။ မင်းရဲ့ လက်သီးပြင်းအားက အခုလောလောဆယ် လုံခြုံရေးကုမ္ပဏီထဲက ညီအစ်ကိုတွေအားလုံးထဲမှာ အလယ်အလတ်အထက် အဆင့်ကို တန်းရောက်သွားပြီ"
ချန်ရိဟောင်၏ မျက်နှာတွင် ဝမ်းသာပီတိ အရိပ်အယောင်များ ပေါ်လာခဲ့သည်။ မိမိကိုယ်ကို ယုံကြည်မှုရှိသော်လည်း တကယ့်လက်တွေ့ စမ်းသပ်မှုတွင်တော့ ရင်တထိတ်ထိတ်ဖြစ်နေခဲ့ရခြင်း ဖြစ်ရာ အခုလို လီဟွိုင်း၏ အသိအမှတ်ပြုမှုကို ကြားလိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။
"မင်း ခွန်အားကြီးတာ မှန်ပေမဲ့ သိပ်ပြီးတော့လည်း ဝင့်ဝါမသွားနဲ့ဦး။ ခွန်အားစမ်းသပ်မှုက ပထမဆုံး အဆင့်ပဲ ရှိသေးတယ်။ နောက်ထပ် အလျင်နှုန်း၊ တုံ့ပြန်မှုအရှိန် စတဲ့ စမ်းသပ်မှုတွေ အများကြီး ကျန်သေးတယ်။ မင်းရဲ့လက်မောင်း နာတာ သက်သာအောင် ခဏနားပြီးရင် နောက်တစ်ဆင့်ကို ဆက်သွားကြမယ်"
"ဟုတ်ကဲ့ပါ!" ချန်ရိဟောင်က လေးနက်သော အသံဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။
..........
နောက်တစ်နေ့ မနက်ဝယ်...
လင်းဖုန်း စောစောစီးစီး နိုးလာခဲ့ပြီး လင်းမြောင်မြောင်၏ တင်ပါးလေးကို ခပ်ဖွဖွပုတ်ကာ နှိုးလိုက်သည်။ "ဝက်ကလေး... မနက်စာစားဖို့ ထတော့လေ"
မြောင်မြောင်က မနေ့က အားရပါးရ ဆော့ကစားထားသဖြင့် အနည်းငယ် ပင်ပန်းနေဆဲဖြစ်ရာ မျက်လုံးပင်မပွင့်ဘဲ ပွစိပွစိ ရေရွတ်လိုက်သည်။ "မစားတော့ဘူး... မနေ့ညက အဝစားထားတာ ဗိုက်ပြည့်နေတုန်းပဲ..."
"ငါ စာတစ်စောင် ရေးထားခဲ့တယ်နော်။ နိုးလာရင် ဖတ်ကြည့်ဖို့ မမေ့နဲ့ဦး"
မြောင်မြောင်က အိပ်ချင်မူးတူးဖြင့် အော်အော်အဲအဲ ပြန်ထူးလိုက်သော်လည်း လင်းဖုန်းကတော့ သူမ ကြားမကြား သေချာမသိတော့ချေ။
ထိုစာထဲတွင် လင်းဖုန်း ရေးသားထားသည်မှာ- အကယ်၍ မြောင်မြောင်သာ စိတ်ဝင်စားပါက ယခင်က 'ချန်ဟယ် စူပါမားကတ်'၊ ယခု 'ကျားဟယ် စူပါမားကတ်' ကို သူမအား စီမံခန့်ခွဲရန် လွှဲပြောင်းပေးမည်ဟူ၍ ဖြစ်သည်။
အမှန်တကယ်တော့ မြောင်မြောင်ကို နာမည်ခံ သဘောမျိုးသာ ထားရှိမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူမကို တကယ့်လက်တွေ့ စီမံခန့်ခွဲခိုင်းပါက ကျွမ်းကျင်မည်မဟုတ်သောကြောင့် ဖြစ်သော်လည်း စူပါမားကတ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းညွှန်ချက်ကြီးများကိုမူ မြောင်မြောင်အား ဆုံးဖြတ်ခွင့် ပေးထားမည်ဖြစ်သည်။
အကယ်၍ မြောင်မြောင်တစ်ယောက်တည်း လုပ်ကိုင်ရသည်မှာ ပျင်းစရာကောင်းသည်ဟု ထင်ပါက မိဘများကိုပါ ခေါ်ယူကာ အတူတူ ပူးပေါင်းလုပ်ကိုင်နိုင်သည်။
လင်းဖုန်းသည် စာရေးထားခဲ့ပြီးနောက် အိမ်ထဲမှ ထွက်လာကာ သူ၏ ပါဂါနီ ပြိုင်ကားပေါ်သို့ တက်၍ ချန်ယန်ချိုးနှင့် ချိန်းဆိုထားသည့် အတိုင်း ချီကျိုးဘူတာရုံဆီသို့ ဦးတည်မောင်းနှင်လာခဲ့တော့သည်။
လမ်းခရီးတွင် လင်းဖုန်းသည် ကားမောင်းရင်းပင် အသစ်စက်စက် နေ့ရက်သစ်အတွက် စနစ်တွင် ဝင်ရောက်မှတ်တမ်းတင် လိုက်၏။
"တီ... အိမ်ရှင် အောင်မြင်စွာ မှတ်တမ်းတင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်! သင်သည် ဝယ်ယူမှု ငွေပြန်အမ်းကတ် ၁၀ စောင်ကို ရရှိပါသည်။ ကတ်တစ်ခုချင်းစီ၏ အမြင့်ဆုံး ငွေပြန်အမ်းငွေပမာဏမှာ ငါးသန်း ဖြစ်ပြီး ငွေပြန်အမ်းမည့် အဆပမာဏကိုတော့ အိမ်ရှင်ကိုယ်တိုင် ၁ ဆမှ ၁၀ ဆအတွင်း ကျပန်း မဲနှိုက်ရယူရမည် ဖြစ်ပါသည်"
လင်းဖုန်း၏ စိတ်အာရုံက စနစ်ထဲမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး "နောက်ထပ် အမှိုက်ဆုတစ်ခုပဲပဲ၊ ဘာမှ သုံးစားလို့မရဘူး" ဟု တွေးလိုက်မိသည်။
..........
ဘူတာရုံဝယ်...
ချန်ယန်ချိုးသည် တောက်တောက်ပပ အနီရောင် ဂါဝန်လေးကို ဆင်မြန်းထားပြီး ယနေ့မနက်တွင် မိတ်ကပ် ကိုပါ သေသေချာချာ လိမ်းခြယ်ထားခဲ့သည်။ လက်ရှိတွင် သူမကို အသက် ၂၅ နှစ်အောက်ဟု ပြောလျှင်ပင် လူတိုင်းက ဧကန်မုချ ယုံကြည်ကြပေလိမ့်မည်။
မိန်းမသားတို့သည် မိမိချစ်မြတ်နိုးရသူအတွက်သာ အလှပြင်တတ်ကြသည် မဟုတ်ပါလား။
အတိတ်ကာလတုန်းက ချန်ယန်ချိုးသည် တစ်ကိုယ်တည်း အထီးကျန်စွာ အိုမင်းရင့်ရော်သွားရန် ဆုံးဖြတ်ထားခဲ့သူဖြစ်ရာ ပုံမှန်အားဖြင့် အလှပြင်ရန် စိတ်မဝင်စားဘဲ မိမိ၏ ပင်ကိုယ်အလှအပအပေါ်၌သာ ပစ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက် ယခုအချိန်တွင်တော့ သူမ၏ အေးစက်နေသော နှလုံးသားအိမ်က တစ်ဖန် ပြန်လည်လှုပ်ခတ်လာခဲ့ပြီ ဖြစ်သည်။
စနစ်တကျ အလှပြင်ဆင်ထားသော ချန်ယန်ချိုး၏ အလှတရားက လမ်းသွားလမ်းလာများစွာ၏ အကြည့်တို့ကို ဖမ်းစားထားနိုင်ခဲ့၏။ ကျား၊ မ မရွေး လမ်းလျှောက် ဖြတ်သန်းသွားသူတိုင်းက သူမကို မကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်နေရသည်။
ယခုအချိန်တွင်တော့ ဆုယွီရှုနှင့် နှိုင်းယှဉ်လျှင်ပင် သူမ၏ အလှက အောက်ကျနောက်ကျ ဖြစ်မနေတော့ချေ။
ထို့ပြင် ဆုယွီရှုနှင့် မတူညီသည့်အချက်မှာ ချန်ယန်ချိုးထံတွင် ရင့်ကျက်သည့် အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှု အရသာ၊ သို့မဟုတ် ရိုးရိုးရှင်းရှင်း ပြောရလျှင် လောကီအရာရာကို နားလည်သော မိန်းမမြတ်တစ်ဦး၏ အရှိန်အဝါမျိုး ပိုမိုကိန်းအောင်းနေခြင်း ဖြစ်ပေသည်။
မနက် ၈ နာရီ ၂၅ မိနစ်။
လင်းဖုန်းသည် သူ၏ ပါဂါနီ ပြိုင်ကားကြီးဖြင့် ဘူတာရုံရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။
ချန်ယန်ချိုးသည် လမ်းဘေးတွင် ရပ်နေဆဲဖြစ်ပြီး ရိုင်းစိုင်းလှသော တောပန်းခင်းကြီးထဲတွင် တစ်ပင်တည်း ထင်ထင်ရှားရှား ပွင့်လန်းနေသည့် နှင်းဆီနီတစ်ပွင့်အလား လွန်စွာ တောက်ပလွန်းလှသည်။
သူမ၏ မျက်ဝန်းအစုံက လူအုပ်ကြီးထဲတွင် မိမိမျှော်လင့်နေသည့် လူသားကို ရှာဖွေနေသည့်အလား ရှေ့တည့်တည့်ဆီသို့သာ အမြဲဝဲကျနေသော်လည်း လူအဝင်အထွက်များပြားလှသဖြင့် အခုထိ ရှာမတွေ့သေးချေ။
လင်းဖုန်း ကားကို ဖြည်းညှင်းစွာ မောင်းနှင်ရင်း ချန်ယန်ချိုး ရှိရာဘက်သို့ ကပ်လိုက်သည်။
ကားမှန်များမှာ အမည်းရောင် ဖလင်ကပ်ထားသဖြင့် ချန်ယန်ချိုးအနေဖြင့် ကားထဲတွင် ထိုင်နေသူမှာ လင်းဖုန်းဖြစ်ကြောင်း အပြင်ကနေ လှမ်းမမြင်နိုင်ချေ။
ထိုဇိမ်ခံကားကြီးကို မြင်လိုက်ရသည့် ခဏ၌ ချန်ယန်ချိုးသည် မသိစိတ်ကပင် ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်မိသည်။
ဘာကြောင့်မှန်းမသိသော်လည်း သူမသည် ယခုကဲ့သို့သော ပြိုင်ကားအကောင်းစားကြီးများကို မြင်လျှင် ပင်ကိုယ်စိတ်ကပင် အလိုလို တွန်းကန်ချင်စိတ် ဖြစ်ပေါ်မိတတ်သည်။ သူမ၏ အမြင်အရ ထိုကဲ့သို့သော ပြိုင်ကားမျိုးကို မောင်းနှင်သည့် သူဌေးဆယ်ယောက်တွင် ကိုးယောက်ခွဲခန့်မှာ လူဆိုးများသာ ဖြစ်ကြသည်။
ဆင်းရဲသားများက စိတ်ထားကောင်းနိုင်သော်လည်း သူဌေးများကတော့ ဧကန်မုချ ယုတ်မာတတ်ကြသည်ဟူ၍ ဖြစ်၏။
ဒါက ထာဝရအမှန်တရားတစ်ခု ဖြစ်ပေသည်၊ အဘယ်ကြောင့်ဆိုသော် လောကကြီး၏ နိယာမအရ သာမန်လူတစ်ယောက် ဘဝပေါင်းများစွာ ကြိုးစားအားထုတ်လျှင်ပင် မရှာဖွေနိုင်သည့် စည်းစိမ်ချမ်းသာမျိုးကို ပိုင်ဆိုင်ထားသူတစ်ဦး၏ စည်းစိမ်မှာ သူတစ်ပါးကို အမြတ်ထုတ်ခြင်းမှ ရရှိလာခြင်း ဖြစ်ရမည်၊ သို့မဟုတ် အခြားသူများကို အမြတ်ထုတ်ခဲ့သည့် ဘိုးဘွားဘီဘင်များထံမှ အမွေဆက်ခံခဲ့ခြင်းသာ ဖြစ်ရမည် ဖြစ်သောကြောင့်တည်း။
ထို့ကြောင့် ချမ်းသာခြင်းကပင် မူလအပြစ်တရား ဖြစ်ပေသည်။
စည်းစိမ်ဥစ္စာဟူသည်မှာ ကြိုးစားအားထုတ်မှု သက်သက်ဖြင့် ဘယ်လိုမှ မရရှိနိုင်ချေ။ အကယ်၍ ကြိုးစားအားထုတ်မှု သက်သက်ဖြင့်သာ ချမ်းသာကြေးဆိုလျှင် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးအရာမှာ မြည်းတစ်ကောင်သာ ဖြစ်ရပေလိမ့်မည်။
အတွေးလွန်သွားပြီ ဖြစ်၏။
ချန်ယန်ချိုးသည် မိမိထံသို့ ဦးတည်မောင်းနှင်လာသော ပါဂါနီကားကြီးကို မြင်သောအခါ မျက်မှောင်ကြုတ်လျက် ဘေးသို့ ခြေလှမ်းအနည်းငယ် တိုးလိုက်မိသည်။
သူမက ကားကြီးမှာ လမ်းဖြတ်မောင်းသွားရုံသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် ကားကြီးက သူမ၏ ရှေ့တည့်တည့်တွင် ဝုန်းခနဲ ရပ်တန့်သွားခဲ့သည်။
ကား လုံးဝရပ်တန့်သွားပြီးနောက် ချန်ယန်ချိုး ဘေးသို့ ရှောင်ထွက်သွားရန် ကြံစည်နေစဉ်မှာပင် ပါဂါနီကား၏ မှန်တံခါး ပွင့်ဟလာခဲ့ပြီး အတွင်းမှ မနေ့ကတစ်နေ့လုံး သူမ တမ်းတမ်းစွဲ လွမ်းမောနေခဲ့ရသည့်၊ တွေးမိရုံမျှဖြင့် စိတ်လှုပ်ရှားခဲ့ရသည့် ထိုမျက်နှာလေး ပေါ်ထွက်လာခဲ့တော့သည်။
"မမချိုး... ကျွန်တော် နောက်မကျပါဘူးနော်"
ချန်ယန်ချိုး၏ မျက်နှာထက်တွင် တောက်ပလန်းဆန်းသော အပြုံးတစ်ပွင့် ချက်ချင်း ဝေဆာသွားခဲ့ရပြီး စိတ်ထဲက ပူပန်မှုအဝဝမှာလည်း လေထဲသို့ လွင့်ပါးပျောက်ကွယ်သွားခဲ့ရလေပြီ။
ဒီလိုကားမျိုးကို မောင်းတဲ့လူ ဆယ်ယောက်မှာ ကိုးယောက်ခွဲက လူဆိုးဆိုရင် လင်းဖုန်းကတော့ ကျန်တဲ့ အကောင်းဆုံး လူတစ်ဝက်ပေါ့။
ချန်ယန်ချိုး : (*^▽^*)