အခန်း ၆၁ ရဲစခန်းသို့ ပို့ဆောင်ခြင်း
ကားအတွင်းဝယ်...
လင်းဖုန်းသည် ချန်ယန်ချိုး၊ သူမ၏မောင်ဖြစ်သူတို့နှင့်အတူ ယှဉ်တွဲထိုင်နေသည်။
"မင်းတို့ မေးချင်တာဖြစ်ဖြစ်၊ ပြောချင်တာဖြစ်ဖြစ် ရှိရင် အခုပြောလို့ရပြီနော်" လင်းဖုန်းက သူတို့နှစ်ယောက်ကို ကြည့်ရင်း ဆိုလိုက်သည်။
ချန်ရိဟောင်က ပထမဆုံး စတင်၍ စကားဆိုလာသည်။ "စောစောက ကျွန်တော်ပြောလက်စ စကားတွေ အဲဒီလူရဲ့ တိုက်ခိုက်မှုကြောင့် ပြတ်တောက်သွားလို့ပါ။ အကိုလင်းရဲ့ အမိန့်ကို နာခံနေတဲ့ အဲဒီလူတွေက ဘယ်သူတွေလဲဟင်။ ကျွန်တော်ရော သူတို့အဖွဲ့ထဲ ဝင်လို့ရမလား။ ကျွန်တော့်ရဲ့ လက်ရုံးရည်ကိုတော့ ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်။ အကိုလင်း မယုံရင် စမ်းသပ်ကြည့်လို့ရတယ်နော်"
"ညီလေးချန်... အဲဒီလူတွေက လုံခြုံရေးကုမ္ပဏီတစ်ခုက လူတွေပါ။ သူတို့က တကယ့်စစ်မြေပြင်တွေကနေ အနားယူလာခဲ့ကြပြီး အခုတော့ သီးသန့်တာဝန်တွေကို ထမ်းဆောင်ပေးနေကြတဲ့ ကြေးစားစစ်သည်တွေပေါ့။ တစ်ခါတလေကျရင် သူတို့ လုပ်ရတဲ့အလုပ်တွေက အရမ်း အန္တရာယ်များတတ်လို့ ညီလေးကို အဲဒီထဲ မဝင်စေချင်ဘူး"
"လင်းဖုန်း... စောစောက အဲဒီလူတွေက နင့်ကို 'ညွှန်ကြားရေးမှူးလင်း' လို့ ခေါ်ကြတာ။ နင်က အဲဒီလုံခြုံရေးကုမ္ပဏီရဲ့ သူဌေးလား" ချန်ရိဟောင်က လင်းဖုန်းကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။
လင်းဖုန်းက ခေါင်းညိတ်ပြကာ "ဟုတ်တယ်... ဒါပေမဲ့ ညီလေး ဝင်ခွင့်ရမရဆိုတာကိုတော့ ငါတစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ ဒီကိစ္စကို ခဏဘေးဖယ်ထားလိုက်ရအောင်။ အခု လတ်တလောကိစ္စတွေအားလုံးကို အရင်ရှင်းလင်းပြီးမှ ဒါကို ဆက်ပြောကြရင် မကောင်းဘူးလား"
ချန်ရိဟောင်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပါပြီ၊ အကိုလင်း ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်" ဟု ဆိုလေသည်။
ထို့နောက်တွင်တော့ ချန်ယန်ချိုးကလည်း အလောတကြီး မေးမြန်းလာခဲ့ပြန်သည်။ "လင်းဖုန်း... နင် တကယ်ပဲ ဘာအလုပ်လုပ်တာလဲ။ နင်က ကုမ္ပဏီတစ်ခုရဲ့ သာမန်ဝန်ထမ်းတစ်ယောက်တော့ လုံးဝ မဟုတ်တာ သေချာတယ်။ သာမန်ဝန်ထမ်းတစ်ယောက်က အခု နင်လုပ်ပြသွားတဲ့ အရာအားလုံးကို ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး"
လင်းဖုန်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အမှန်အတိုင်း ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။ ယခုအချိန်အထိ ဆက်လက်ဖုံးကွယ်ထားခြင်းက ကောင်းကျိုးရှိမည်မဟုတ်ပေ။
"မမချိုး... ညီလေးချန်... ကျွန်တော် ဝန်ခံရရင်တော့ ကျွန်တော်က ဟွာရုန်ဂရုရဲ့ ဝန်ထမ်းတစ်ယောက် မဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်က ဟွာရုန်ဂရုရဲ့ ဥက္ကဋ္ဌပါ။ ဟွာရုန်ဂရုအပြင် ကျွန်တော့်လက်အောက်မှာ တခြားကုမ္ပဏီအများကြီးလည်း ရှိပါသေးတယ်။ ပြီးတော့ လတ်တလောမှာ လျှိုရှုအကြောင်း အင်တာနက်ပေါ် ဟိုးဟိုးကျော်သွားအောင် လုပ်ခဲ့တာကလည်း ကျွန်တော် ကိုယ်တိုင် စီစဉ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ လျှိုရှုရဲ့ နာမည်ကို အဖတ်ဆယ်မရအောင် ဖျက်ဆီးပစ်ပြီး သူပြုခဲ့တဲ့ မကောင်းမှုတွေအတွက် ပြန်ပေးဆပ်စေချင်လို့ပဲ"
ချန်ယန်ချိုးသည် စိတ်ထဲကနေ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း လင်းဖုန်း၏ နှုတ်မှ တကယ့်အမှန်တရားကို ကြားလိုက်ရသည့်အခါတွင်တော့ ဆွံ့အမှင်တက်သွားရပြီး ရင်ထဲက အံ့ဩတုန်လှုပ်မှုကို အချိန်အတော်ကြာအောင် မနည်းထိန်းချုပ်လိုက်ရရှာသည်။
အတန်ကြာမှ...
ချန်ယန်ချိုးသည် ရင်ထဲက တုန်လှုပ်မှုကို အနည်းငယ် လျှော့ချနိုင်ခဲ့ပြီးနောက် မေးလိုက်သည်။ "ဒါဆို... နင် ဒီလိုမျိုး လုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲဟင်"
"ကျွန်တော် ယွီရှုအတွက် လုပ်ခဲ့တာပါ!"
ထို့နောက်တွင်တော့ လင်းဖုန်းက သူ၏ စိတ်ကူးကြံစည်မှုများကို ချန်ယန်ချိုးအား တစ်ခုချင်းစီ အသေးစိတ် ရှင်းပြခဲ့သည်။
အကယ်၍ လင်းဖုန်းသာ ဟွာရုန်ဂရု၏ ဥက္ကဋ္ဌအဆင့်အတန်းဖြင့် ဆုယွီရှုကို အစကတည်းက ချဉ်းကပ်ခဲ့မည်ဆိုပါက ဆုယွီရှုအနေဖြင့် သူ့ရှေ့မှောက်တွင် ဖိအားများ ခံစားရနိုင်ပေသည်။ သို့သော်လည်း လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေဖြင့် ချဉ်းကပ်ခဲ့သောကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ပိုမိုပေါ့ပါးလွတ်လပ်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် လင်းဖုန်းသည် သာမန်ဖြူစင်သည့် အချစ်ရေးမျိုးနှင့် ဝေးကွာနေခဲ့သည်မှာလည်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
တက္ကသိုလ်တုန်းက အချစ်ရေးအချို့ ရှိခဲ့ဖူးသော်လည်း မိန်းကလေးတိုင်းက သူ့ရုပ်ရည်ကိုသာ မက်မောခဲ့ကြပြီး တစ်ကိုယ်ကောင်းဆန်ခြင်း၊ ရွှေတူးခြင်း စသည့် အပြစ်အနာအဆာများစွာ ရှိခဲ့ကြသည်။ ထို့ကြောင့် နောက်ပိုင်းတွင် လင်းဖုန်းတစ်ယောက် ချစ်သူရှာရန် စိတ်မကူးတော့ပေ။
သို့သော် ဆုယွီရှုကတော့ သူ ယခင်က တွေ့ဆုံခဲ့ဖူးသည့် မိန်းကလေးများနှင့် မတူညီဘဲ ရုပ်ရည်ကော စိတ်နေသဘောထားပါ ပြည့်စုံလွန်းလှရာ လင်းဖုန်းအနေဖြင့် စစ်မှန်သော အချစ်ရေးတစ်ခုကို ဖြတ်သန်းကြည့်ချင်ခဲ့သည်။
ပြီးတော့ ထိုကဲ့သို့ သာယာလှပသည့် ခံစားချက်မျိုးကို လောလောဆယ်တွင် ဆုယွီရှုထံကနေသာ ရရှိနိုင်ခြင်း ဖြစ်သည်။ လင်းဖုန်းသည်လည်း ထိုခံစားချက်ကို အမှန်တကယ်ပင် သဘောကျမိသည်။
နားထောင်ပြီးနောက် ချန်ယန်ချိုး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
"လင်းဖုန်း... တကယ်လို့ နောင်တစ်ချိန်မှာ ယွီရှုသာ နင့်ရဲ့ မူလဝိသေသကို သိသွားခဲ့ရင် နင့်ကို စကားတစ်ခွန်းမှ မပြောဘဲ ချက်ချင်း ထွက်သွားလိမ့်မယ်။ ငါ ယွီရှုရဲ့ စရိုက်ကို ကောင်းကောင်းသိတယ်။ အဲဒီအချိန်ကျရင် နင် ဘာလုပ်မလဲ"
ချန်ယန်ချိုး ပြောလိုက်သည့် စကားများသည် လင်းဖုန်းကိုယ်တိုင်လည်း စိုးရိမ်ပူပန်နေရသည့် အချက်ဖြစ်သော်လည်း ထိုကဲ့သို့ ဆိုးရွားသည့် အကျိုးဆက်များကိုမူ လင်းဖုန်း မတွေးချင်သေးပေ။
"ကျွန်တော် အခု နည်းလမ်းတစ်ခုခုကို စဉ်းစားနေပါတယ်၊ သူမကို တဖြည်းဖြည်းချင်း ဖွင့်ပြောရမလား၊ ဒါမှမဟုတ် အားလုံးကို တိုက်ရိုက်ပဲ ရှင်းပြလိုက်ရမလားလို့ပေါ့"
"ငါ့အထင်တော့ ယွီရှုက ဘယ်နည်းလမ်းနဲ့ပဲဖြစ်ဖြစ် စိတ်ဆိုးမှာပဲ။ သူက သူတစ်ပါးရဲ့ လှည့်စားမှုကို အခံရဆုံးပဲလေ!" ချန်ယန်ချိုးက ဆိုသည်။
"ဒါကို နောက်မှပဲ ဆက်ပြောကြရအောင်။ အနည်းဆုံးတော့ အခုအချိန်မှာ အရာအားလုံး အဆင်ပြေနေတာပဲ။ ကျွန်တော် နည်းလမ်းကောင်းတစ်ခု ရှာတွေ့လိမ့်မယ်လို့ ယုံကြည်ပါတယ်"
လင်းဖုန်းက ထိုအကြောင်းအရာကို ဆက်လက်မဆွေးနွေးလိုတော့ပေ။
လင်းဖုန်း ဆက်မပြောချင်တော့သည်ကို မြင်သောအခါ ချန်ယန်ချိုးလည်း စကားစဖြတ်လိုက်သဖြင့် သူတို့သုံးယောက်ကြား ခဏတာ တိတ်ဆိတ်ခြင်းက ကြီးစိုးသွားခဲ့တော့သည်။
နောက်ဆုံးတွင် ကားလေးသည် ရဲစခန်းဝင်းအတွင်းသို့ ဆိုက်ရောက်လာခဲ့သည်။ လင်းဖုန်းက လျှိုရှုနှင့် လူမိုက်အားလုံးကို ရဲများလက်ထဲသို့ အပ်နှံလိုက်ပြီး လျှိုရှုကျူးလွန်ခဲ့သည့် ပြန်ပေးဆွဲမှု အသေးစိတ်ကို သေသေချာချာ ထွက်ဆိုချက်ပေးခဲ့သည်။
ထိုကိစ္စသည် အလွန်ပင် အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ လျှိုရှု ဒဏ်ရာရရှိခဲ့မှုနှင့် ဒုတိယဦးလေးဖြစ်သူ လျူဟွာချန် သေဆုံးခဲ့မှုတို့မှာ နောက်ဆုံး ကယ်ဆယ်ရေးလုပ်ဆောင်စဉ်အတွင်း ခုခံကာကွယ်မှုကြောင့်ဖြစ်သည်ဟု မှတ်တမ်းတင်လိုက်ကြသည်။
လင်းဖုန်း၏ ဟွာရုန်ဂရု ဥက္ကဋ္ဌဟူသော အရှိန်အဝါ၊ လုံခြုံရေးကုမ္ပဏီ၏ အပြစ်ဆိုဖွယ်မရှိလှသည့် နောက်ဆက်တွဲ စီစဉ်ဆောင်ရွက်မှုတို့ကြောင့် အရာအားလုံးက အလွန်တရာ အဆင်ပြေချောမွေ့ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ရဲတပ်ဖွဲ့က လျူပင်နှင့် ၎င်း၏ နောက်လိုက်အုပ်စုကို မကြာမီ အချိန်အတွင်း ဖမ်းဆီးရမိတော့မည်ဖြစ်ကြောင်းနှင့် ယနေ့ညမတိုင်မီ တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း လင်းဖုန်းကို ကတိပေးခဲ့ကြသည်။
လင်းဖုန်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိသည်။ လျှိုရှုနှင့် ပတ်သက်သည့် ကိစ္စရပ်ကြီးသည် နောက်ဆုံးတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ရဲစခန်းမှ ထွက်လာပြီးနောက် လင်းဖုန်းက လူတစ်ယောက်ကို ချန်ယန်ချိုးအား အိမ်သို့ ပြန်လည်ပို့ဆောင်ခိုင်းလိုက်သည်။ သို့သော် ချန်ရိဟောင်ကမူ အိမ်မပြန်ဘဲ လုံခြုံရေးကုမ္ပဏီသို့ ဝင်ရောက်ရန်သာ အားသန်နေခဲ့သဖြင့် လင်းဖုန်းက လီဟွိုင်းအား သူ့ကို ခေါ်ဆောင်သွားစေပြီး ကုမ္ပဏီ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ စမ်းသပ်စစ်ဆေးခိုင်းလိုက်သည်။
ကိစ္စအဝဝကို ဖြေရှင်းပြီးနောက်တွင်တော့ လင်းဖုန်းသည် ကားနောက်ခန်းတွင် လှဲလျောင်းရင်း နားထင်ကို ခပ်ဖွဖွနှိပ်ကာ ဖုန်းကို ထုတ်လိုက်သည်။
စစ်ဆင်ရေးကို မထိခိုက်စေရန်အတွက် သူ၏ဖုန်းကို တစ်ချိန်လုံး ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ဖုန်းကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လွတ်သွားသော ဖုန်းခေါ်ဆိုမှု ဒါဇင်ပေါင်းများစွာနှင့် မက်ဆေ့ခ်ျအမြောက်အမြား ဝင်ရောက်လာခဲ့ပြီး အားလုံးမှာ ဆုယွီရှုထံမှ ဖြစ်သည်။
လင်းဖုန်း မက်ဆေ့ခ်ျပါ အကြောင်းအရာများကို ကြည့်လိုက်ရာ အားလုံးနီးပါးမှာ လွန်ခဲ့သည့် တစ်နာရီခန့်က ပေးပို့ထားခြင်း ဖြစ်သည်။
ဆုယွီရှုက ပြန်ပေးဆွဲခံရမှုအကြောင်း၊ လင်းဖုန်း ရဲတိုင်ခဲ့သလားဆိုသည်ကို စိုးရိမ်တကြီး မေးမြန်းထားပြီး သူမကိုယ်တိုင် ရဲတိုင်ရန် လိုအပ်မလားဟုလည်း ဆိုထားသည်။
ထို့အပြင် လင်းဖုန်း ဖုန်းပိတ်ထားသဖြင့် ဘာမှမဖြစ်ပါစေနှင့်ကြောင်း ဆုတောင်းပေးထားပြီး မမချိုးနှင့် အခြားတစ်ယောက်ကို ပြန်ပေးဆွဲသွားသူမှာ မည်သူနည်းဟုလည်း မေးမြန်းထားရှာသည်။
"ယွီရှု တစ်ယောက် အခုထိ စိုးရိမ်နေတုန်း ဖြစ်မှာပဲ။ ငါ သူမဆီ ချက်ချင်း ဖုန်းပြန်ဆက်ရမယ်၊ ဒါပေမဲ့ ဖုန်းမဆက်ခင်မှာ ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုခုကို အရင်စဉ်းစားထားမှဖြစ်မယ်"
ခဏမျှ ကြာပြီးနောက်...
လင်းဖုန်းသည် သင့်တော်မည့် အကြောင်းပြချက်တစ်ခုကို တွေးမိသွားသဖြင့် ဆုယွီရှုထံသို့ ဖုန်းပြန်ခေါ်လိုက်သည်။
လင်းဖုန်း ဖုန်းခေါ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းရှေ့တွင် အမြဲစောင့်ဆိုင်းနေသည့်အလား ဆုယွီရှုက ချက်ချင်းပင် ဖုန်းကို ကိုင်လိုက်တော့သည်။
"လင်းဖုန်း... နင် နောက်ဆုံးတော့ ဖုန်းပြန်ကိုင်ပြီပေါ့! မမချိုးကို ဘယ်သူ ပြန်ပေးဆွဲသွားတာလဲဟင်"
"လျှိုရှုလေ! ဟိုတစ်နေ့က အကင်ဆိုင်မှာ တွေ့ခဲ့တဲ့ အဲဒီလူပဲ။ ငါက ရှောင်စန်းကို အွန်လိုင်းပေါ်မှာ သူ့အကြောင်းတွေ ဖွင့်ချခိုင်းခဲ့တာကို သူ သိသွားလို့ ငါ့ကို ခြိမ်းခြောက်ဖို့ မမချိုးနဲ့ ညီလေးချန်တို့ကို ပြန်ပေးဆွဲသွားတာ"
လင်းဖုန်း ပြောလိုက်သည့် စကားများထဲတွင် သတင်းအချက်အလက်များ လွန်စွာများပြားလွန်းသဖြင့် ဆုယွီရှု ချက်ချင်း တွေးမမှီ ဖြစ်သွားရသည်။
ခေတ္တမျှ ကြောင်အသွားပြီးနောက် ဆုယွီရှုက စိုးရိမ်တကြီး မေးမြန်းလာသည်။ "ဒါဆို မမချိုးတို့ အခု ဘယ်လိုနေလဲဟင်။ နင် ရဲတိုင်လိုက်ရဲ့လား"
"ရဲတိုင်လိုက်ပါတယ်၊ မမချိုးနဲ့ ညီလေးချန်တို့ကိုလည်း ကယ်တင်နိုင်ခဲ့ပြီးပါပြီ။ လျှိုရှုကိုလည်း ရဲတွေ ဖမ်းဆီးသွားပြီမလို့ နင် ဘာမှ စိုးရိမ်မနေနဲ့တော့နော်။ မမချိုးတို့ နှစ်ယောက်လုံး ဘာမှမဖြစ်ဘဲ ဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်သွားကြပြီ"
ထိုစကားကို ကြားလိုက်ရမှ ဆုယွီရှု ရင်ထဲက အပူလုံးကြီး ကျသွားပြီး သက်ပြင်းအရှည်ကြီး ချနိုင်တော့သည်။
"သူတို့ ဘာမှမဖြစ်ရင် ပြီးတာပါပဲ... အားလုံး အဆင်ပြေသွားလို့ တော်ပါသေးတယ်"
"ငါ အခု နင့်ဆီ လာခဲ့မယ်။ အသေးစိတ် အကြောင်းအရာတွေကို တွေ့မှပဲ သေသေချာချာ ပြောပြတော့မယ်နော်"
"အင်းပါ... ဒါဆို ကုမ္ပဏီမှာပဲ တွေ့ကြရအောင်"