"အားးး!!!"
ရင်ကွဲမတတ် စူးရှလှသော အော်ဟစ်ညည်းတွားသံကြီးက စုံစမ်းစစ်ဆေးဆဲ စက်ရုံပျက်ကြီးအတွင်း ဟိန်းထွက်သွားခဲ့သည်။ ချန်ရန်ချိုး၏ မျက်ဝန်းအစုံသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားခဲ့ရရှာသည်။ ခုနတင်ပဲ အသက်လုရမည့် အရေးကြီးဆုံးအချိန်၌ သူမ၏ မျက်စိရှေ့မှောက်တွင် အေးစက်လှသော ဓားအလင်းတန်းတစ်ခု ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့ပြီးနောက်— နောက်တစ်စက္ကန့်တွင်တော့ လျှိုရှု၏ လက်ဝါးကြီးသည် သူမ၏ မျက်စိရှေ့မှောက်တင်တွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့ရခြင်း ဖြစ်သည်!
ပိုပြီး တိတိကျကျ ပြောရလျှင် လက်တစ်ဝက် ပြတ်တောက်သွားခြင်း ဖြစ်၏!
ချန်ရန်ချိုး အကြီးအကျယ် လန့်ဖျတ်သွားခဲ့ရပြီးနောက် မိမိပတ်ဝန်းကျင်က လူမိုက်များအားလုံး ရန်သူအဖွဲ့အစည်းကြီးနှင့် ရင်ဆိုင်နေရသည့်အလား မျက်နှာများ ပျက်ယွင်းနေကြသည်ကို မြင်လိုက်ရသည်။
ဒီလူတွေက အားနွဲ့သူကို နှိပ်စက်ပြီး အားကိုးရှိသူကို ကြောက်ရွံ့တတ်ကြသည့် လမ်းဘေးက လူမိုက်အဆင့်လေးတွေသာ ဖြစ်ကြသည်။ သာမန်လူတွေကို အနိုင်ကျင့်ဖို့ဆိုရင်တော့ သူတို့အတွက် ပြဿနာမရှိသော်လည်း အခုလိုမျိုး ကြောက်မက်ဖွယ်ရာ အခြေအနေမျိုးကို ဘဝတွင် တစ်ခါမျှ မကြုံဖူးကြပေ။
ပျံလွှားဓားတစ်လက်၏ အရှိန်ဖြင့် လျှိုရှု၏ လက်မောင်း ပြတ်တောက်သွားပြီးနောက် လူမိုက်အုပ်စု၏ တစ်ဝက်ကျော်ခန့်မှာ ထိတ်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် ချက်ချင်း လဲကျသွားကြတော့သည်။ ကျန်ရှိနေသည့် မတ်တတ်ရပ်နေသူများမှာလည်း တဆတ်ဆတ် တုန်ရင်နေကြပြီး အချို့ဆိုလျှင် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲတွင် ဆီးပင် ထွက်ကုန်ကြတော့သည်။
သူတို့၏ ဆရာကြီးဖြစ်သူ ဒုတိယဦးလေး လျူဟွာချန်းကတော့ သတ္တိအနည်းငယ် ရှိနေသေးသည်။ သူ လျှိုရှု၏ အရှေ့သို့ အမြန်လှမ်းလာခဲ့ပြီး တရစပ် သွေးထွက်နေသည့် လက်မောင်းငုတ်တိုကြီးကို ကြည့်ကာ ရင်ထဲတွင် ထိတ်လန့်အေးစက်သွားခဲ့ရသည်!
သူတို့တွေ တကယ့် ပြဿနာအကြီးကြီးနဲ့ တိုးပြီ ဖြစ်ကြောင်း သိလိုက်ရပြီ။
"အမြန်!... ဒီလူနှစ်ယောက်ကို ဝိုင်းထားကြစမ်း။ ဟိုကောင်တွေက သူတို့ကို လာကယ်တာ သေချာတယ်။ တို့လက်ထဲမှာ ဒီလူနှစ်ယောက် ရှိနေသရွေ့တော့ တို့တွေ ဘာမှ..."
သို့သော်လည်း ဒုတိယဦးလေး လျူဟွာချန်း စကားကို ဆုံးအောင်ပင် မပြောနိုင်လိုက်ရှာပေ၊ နောက်ထပ် ပျံလွှားဓားတစ်လက်က ကြိုတင်သတိပေးခြင်းမရှိဘဲ ဝုန်းခနဲ ပျံသန်းလာခဲ့ပြီး သူ၏ လည်ပင်းကို ဖျတ်ခနဲ ဖြတ်သန်းသွားခဲ့တော့သည်။ ထိုအရာပြီးနောက် သူ၏ မျက်နှာတွင် ဘာအမူအရာမှ ထပ်မံ မပြောင်းလဲနိုင်တော့ဘဲ လည်ပင်းဆီမှ သွေးစိမ်းရှင်ရှင် စီးဆင်းလာလျက် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲပြိုကျသွားခဲ့ရရှာတော့သည်။
"အားးး!!!"
စက်ရုံထဲက လူမိုက်အုပ်စုသည် မုန်တိုင်းမိသည့် ငှက်အုပ်အတိုင်း အသက်လုကာ အရပ်မျက်နှာအနှံ့သို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် အသည်းအသန် ထွက်ပြေးကြတော့သည်။
အကယ်၍ လျှိုရှု၏ လက်မောင်း ပြတ်တောက်သွားခြင်းက သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစစ်ကို စတင်ဖျက်ဆီးလိုက်ခြင်း ဖြစ်လျှင်၊ အခု ဒုတိယဦးလေး လျူဟွာချန်း၏ အသက်ပျောက်ကွယ်သွားခြင်းကတော့ သူတို့၏ စိတ်ဓာတ်ကို လုံးဝ ဥဿုံ ပြိုလဲပျက်စီးသွားစေခဲ့ပြီ ဖြစ်သည်။
"အခုမှ ထွက်ပြေးဖို့ သတိရတာလား။ မင်းတို့တွေ လွတ်အောင် ပြေးနိုင်မယ် ထင်လို့လား"
လင်းဖုန်း၏ ပြတ်သားလှသော အသံကြီး ထွက်ပေါ်လာခဲ့ရာ ချန်ရန်ချိုး၏ ရင်ထဲက နူးညံ့လှသော အစိတ်အပိုင်းတစ်ခုကို တစ်စုံတစ်ခုက ပြင်းပြင်းထန်ထန် လာရောက် ထိတွေ့လိုက်သလို ခံစားလိုက်ရသည်!
သူရဲကောင်းက မိန်းမလှလေးကို လာရောက် ကယ်တင်ခြင်းဆိုသည့် ဇာတ်ကွက်က ရိုးအီနေပြီဆိုသော်လည်း လက်တွေ့တွင်တော့ တကယ့်ကို ထိရောက်လှပေသည်!
ဘယ်မိန်းကလေးမဆို မိမိကိုယ်ကိုယ် မျှော်လင့်ချက်မဲ့နေသည့် အချိန်မျိုးတွင် မိမိ၏ ဖူးစာရှင် နတ်သားလေးက ကောင်းကင်ဘုံကနေ ဆင်းသက်လာပြီး ဘေးအန္တရာယ်ကနေ လာရောက် ကယ်တင်ပေးဖို့ တိတ်တဆိတ် ဆုတောင်းမိကြတာ ဓမ္မတာပဲ မဟုတ်ပါလား။
ချန်ရန်ချိုးကလည်း သဘာဝအတိုင်း ခြွင်းချက်မရှိပါဘူး၊ သို့သော်လည်း သူမက တခြားသူတွေထက် ပိုပြီး တွေးတောမိနေခဲ့ရသည်!
လင်းဖုန်းက ဆုယွီရှု၏ ရည်းစားလေ။ ဆုယွီရှုက ပါးစပ်ကနေ တရားဝင် ဝန်မခံသေးဘူးဆိုပေမဲ့ သူတို့နှစ်ယောက်ကြားက ရင်းနှီးလှတဲ့ အပြုအမူတွေက အရာအားလုံးကို သက်သေပြနေခဲ့ပြီ။
သူမအနေနဲ့ စိတ်ကူးလွန်လို့ မဖြစ်ဘူး!
ချန်ရန်ချိုးတစ်ယောက် စိတ်ကူးထဲတွင် လွန်ဆွဲနေစဉ်မှာပဲ လင်းဖုန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး လုံခြုံရေးကုမ္ပဏီ ဝန်ထမ်းများကို လှုပ်ရှားရန် အချက်ပြလိုက်ပြီ ဖြစ်သည်။
"သူတို့ကို အရှင်လတ်လတ်ပဲ ဖမ်းဆီးဖို့ ကြိုးစားကြပါ။ ဒါပေမဲ့ တကယ်လို့ အသည်းအသန် ရုန်းကန်ပြီး ဇွတ်တိုးမယ့်ကောင်တွေ ရှိရင်တော့ သတ်ပစ်လိုက်လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့ သဘော ပဲလေ!"
"စိတ်ချပါ လင်းဒါရိုက်တာကြီး!"
တခြားလူများက ဒုတိယဦးလေး လျူဟွာချန်း၏ လက်အောက်ငယ်သားများကို လိုက်လံဖမ်းဆီးနေကြစဉ် လင်းဖုန်းသည် အေးအေးလူလူပင် ချန်ရန်ချိုးနှင့် ချန်ရိဟယ်တို့ ချည်နှောင်ခံထားရသည့် နေရာဆီသို့ လှမ်းလာခဲ့သည်။
ပင်မသစ်ပင်ကြီး လဲပြိုသွားတာနဲ့ မျောက်အုပ်တွေ ပျက်ပြားသွားသလိုမျိုး လူမိုက်အုပ်စုအားလုံး ထွက်ပြေးသွားကြသဖြင့် စောစောက လူသူထူထပ်နေသည့် ပတ်ဝန်းကျင်သည် တစ်ခဏချင်းအတွင်းမှာတင် ခြောက်ကပ်သွားခဲ့ရသည်။
အလယ်ဗဟိုနေရာတွင် ကြိုးဖြင့် တုတ်နှောင်ခံထားရသည့် ချန်ရန်ချိုး၊ ချန်ရိဟယ်တို့အပြင် လက်မောင်းကနေ သွေးတွေ တရစပ် ထွက်နေပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေသည့် လျှိုရှုသာ ကျန်ရစ်တော့သည်။
လင်းဖုန်း တိုင်လုံးကြီး၏ အနားသို့ လှမ်းလာခဲ့ပြီး ကြိုးများကို ဖြတ်တောက်ကာ ချန်ရန်ချိုးနှင့် ကိုချန်တို့ကို လွှတ်ပေးလိုက်သည်။
"မမချိုး... ရှောင်ချန်၊ ဘာမှမဖြစ်ကြဘူးမလား။ ဟိုကောင်တွေ မင်းတို့ကို တစ်ခုခု လုပ်လိုက်သေးလား"
ချန်ရန်ချိုး အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ရင်း— "တို့တွေ ဘာမှမဖြစ်ပါဘူး လင်းဖုန်းရယ်။ ကံကောင်းလို့ နင် ရောက်လာခဲ့လို့ပေါ့။ တကယ်လို့ နင်သာ ရောက်မလာရင် တို့တွေ ဘယ်လိုမျိုး စော်ကားခံရမလဲဆိုတာ မတွေးရဲစရာပဲ။ ငါကတော့ အစော်ကားခံရမယ့်အစား သေပစ်ဖို့တောင် စိတ်ကူးထားတာ"
လင်းဖုန်း သက်ပြင်းတစ်ချက် ချလိုက်မိရင်း— "တကယ်တော့ ကျွန်တော်ကသာ မင်းတို့ကို တောင်းပန်ရမှာပါ။ အဲ့ဒီကောင်တွေက ကျွန်တော့်ကို ကလဲ့စားချေချင်လို့ လာကြတာလေ။ ကျွန်တော့်ကြောင့်သာ မဟုတ်ရင် မင်းတို့ အခုလိုမျိုး ပြန်ပေးဆွဲခံရမှာ မဟုတ်ဘူး"
"အဲ့လိုမျိုး မပြောပါနဲ့။ ဟိုနေ့က အကင်ဆိုင်မှာတုန်းက ငါကိုယ်တိုင်လည်း သူ့ကို ပြစ်မှားမိခဲ့တာပဲ။ သူတို့ တို့ကို လာပြီး ကလဲ့စားချေဖို့ ကြံစည်တာက အနှေးနဲ့အမြန် ကြုံရမယ့် ကိစ္စပဲလေ"
ပုံမှန်အချိန်ဆို စကားနည်းလှသည့် ချန်ရိဟယ်သည် ဤတစ်ကြိမ်တွင်တော့ ထူးထူးခြားခြား ရှည်ရှည်ဝေးဝေး ဝင်ရောက်ပြောဆိုလာခဲ့သည်။
လင်းဖုန်း အနည်းငယ် အံ့ဩသွားရရင်း— "ရှောင်ချန်... ကျွန်တော် မင်းဆီကနေ အခုလိုမျိုး စကားစု အပြည့်အစုံကြီး ကြားရတာ ဒါ ပထမဆုံးအကြိမ်ပဲ"
ချန်ရိဟယ် သက်ပြင်းချလိုက်ရင်း— "ဒီအဖြစ်အပျက်ကို ကြုံပြီးတဲ့နောက် ငါ အများကြီး သဘောပေါက်သွားခဲ့ရတယ်။ ဒါက ငါ့အတွက် အဆိုးထဲက အကောင်း ဖြစ်လာနိုင်တာပဲလေ။ ငါ အရင်လိုမျိုး အသုံးမကျတဲ့ ပုံစံနဲ့ ဘဝကို ဆက်ပြီး ဖြတ်သန်းမသွားချင်တော့ဘူး လင်းဖုန်း။ အဲ့ဒါကြောင့် ငါ မင်းကို ကိစ္စတစ်ခုလောက် တောင်းဆိုချင်လို့ပါ"
လင်းဖုန်း ကြောင်သွားရရင်း— "ဘာကိစ္စများလဲ"
"အဲ့ဒီလူတွေက ဘာအလုပ်လုပ်ကြတာလဲ။ ငါကော သူတို့လိုမျိုး ဖြစ်လာအောင် လေ့ကျင့်လို့ ရမလား။ ငါ့ရဲ့ တိုက်ခိုက်ရေး အရည်အချင်းကလည်း အဆိုးကြီးတော့ မဟုတ်ပါဘူး!" ချန်ရိဟယ်သည် ဘေးနားက လုံခြုံရေးကုမ္ပဏီ ဝန်ထမ်းများကို လက်ညှိုးထိုးပြလိုက်ရင်း၊ သူ၏ မျက်ဝန်းအစုံက အရင်နှင့်မတူဘဲ တောက်ပလှသော အရောင်အဝါများဖြင့် လျှံထွက်နေခဲ့တော့သည်။
လင်းဖုန်း မျက်လုံးကို မသိမသာ မှေးစိုက်လိုက်မိပြီး သူ စကားပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပဲ၊ ရုတ်တရက် ချန်ရန်ချိုး၏ ကျယ်လောင်လှသော သတိပေးအော်ဟစ်သံကြီးကို ကြားလိုက်ရတော့သည်— "လင်းဖုန်း... သတိထားဦး! အမြန် ရှောင်လိုက်!"
ပြောပြောဆိုဆိုဖြင့် ချန်ရန်ချိုးသည် လင်းဖုန်း၏ ကိုယ်လုံးကို အားပြင်းပြင်းဖြင့် ဘေးသို့ တွန်းထုတ်ပစ်လိုက်တော့သည်။ ထိုအချိန်ကျမှပဲ လင်းဖုန်း သတိပြုမိလိုက်သည်မှာ မြေပြင်ပေါ်တွင် လူးလိမ့်နေသည့် လျှိုရှုသည် ဘယ်အချိန်ကတည်းက ဓားမြှောင်တစ်လက်ကို ကောက်ကိုင်မိသွားမှန်းမသိဘဲ၊ လင်းဖုန်း၏ နောက်ကျောဆီသို့ အငြိုးတကြီးဖြင့် ပြေးဝင်ခုတ်ချရန် ကြံစည်နေခြင်း ဖြစ်သည်။
လင်းဖုန်း၏ တုံ့ပြန်မှုစွမ်းဆောင်ရည်က သာမန်လူသားတွေထက် အဆပေါင်းများစွာ သာလွန်လှပေသည်။ သူ လျှိုရှုကို မြင်လိုက်ရသည့် တစ်ပြိုင်နက် ခန္ဓာကိုယ်ကို လေထဲသို့ မြှောက်လိုက်ကာ ပျံလွှားကန်ချက် တစ်ချက်ဖြင့် လျှိုရှု၏ ရင်ဘတ်ကို အားပြင်းပြင်းဖြင့် လှမ်းကန်ပစ်လိုက်ရာ လျှိုရှုတစ်ယောက် လေထဲသို့ ဝုန်းခနဲ လွင့်ထွက်သွားခဲ့ရပြီးနောက်၊ လင်းဖုန်းသည် ချန်ရန်ချိုး၏ ကိုယ်လုံးလေးကို မိမိ၏ ရင်ခွင်ထဲသို့ အမြန် ဆွဲသွင်းလိုက်တော့သည်။
လင်းဖုန်း၏ အချိန်မီ တုံ့ပြန်နိုင်မှုကြောင့် လျှိုရှု၏ ဓားမြှောင်သည် ချန်ရန်ချိုး၏ အင်္ကျီစလေးကိုသာ သီသီလေး ဖြတ်သန်းသွားနိုင်ခဲ့တော့သည်။
သူမ၏ အင်္ကျီစလေးသာ စုတ်ပြဲသွားခဲ့ပြီး၊ သူမ၏ ကိုယ်ခန္ဓာမှာမူ ဘာဒဏ်ရာအနာတရမှ ရှိမသွားခဲ့ပေ။
ချန်ရန်ချိုးတစ်ယောက် ကြောင်အမ်းသွားခဲ့ရရှာပြီး လင်းဖုန်း၏ ရင်ခွင်ကျယ်ကြီးထဲတွင် အူကြောင်ကြောင်လေး မှီတွယ်နေမိသည်။
ဤအခိုက်အတန့်တွင် သူမအနေဖြင့် ဤကမ္ဘာပေါ်၌ လင်းဖုန်း၏ ရင်ခွင်ထက် ပိုမိုနွေးထွေးလှသည့် နေရာတစ်ခု ရှိမနေတော့ဟု အပြည့်အဝ ခံစားလိုက်ရသည်!
ခဏကြာပြီးနောက် လင်းဖုန်းသည် ချန်ရန်ချိုး၏ ခါးလေးကို ဖက်တွယ်ထားသည့် သူ၏ လက်မောင်းကို အလိုက်သိစွာဖြင့် အရင်ဆုံး လွှတ်ပေးလိုက်သည်။ ချန်ရန်ချိုးလည်း ထိုအခါမှပဲ သတိပြန်ဝင်လာခဲ့ရပြီး လင်းဖုန်း၏ လက်ကို တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လွှတ်ပေးလိုက်ရကာ ရင်ထဲတွင်တော့ နှမြောတသမှုများစွာ ကျန်ရစ်နေခဲ့ရရှာသည်။
ချန်ရန်ချိုး ကိုယ်ကို လှည့်လိုက်စဉ် သူမ၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ နီမြန်းနေခဲ့ရသည်။ လွန်ခဲ့သည့် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ကတည်းက ဘယ်သူ့အတွက်မှ မလှုပ်ခတ်ခဲ့ဖူးသည့် သူမ၏ စိတ်နှလုံးသားကြီးသည် ယနေ့တွင်တော့ အကြောင်းရင်းမရှိဘဲ တဒိန်းဒိန်းနှင့် အပြင်းအထန် ခုန်ပေါက်နေခဲ့ရပြီ ဖြစ်သည်။
သူတို့နှစ်ယောက် ခွာလိုက်ကြပြီးနောက် အပြန်အလှန် နားလည်မှုရှိစွာဖြင့် နှုတ်ဆိတ်နေခဲ့ကြသည်။ ချန်ရန်ချိုးက နံရံဘက်သို့ မျက်နှာမူထားခဲ့ပြီး၊ လင်းဖုန်းကတော့ လီဟွိုင်းကို လက်ဟန်ပြလိုက်ကာ ခုနတင်ပဲ သူ ကန်ထုတ်ပစ်လိုက်သည့် လျှိုရှုကို ညွှန်ပြလိုက်ရင်း— "သူ့ရဲ့ သွေးထွက်တာကို အရင် တားပေးလိုက်ပါ၊ ပြီးရင် သူ့ကို သတိမေ့သွားအောင် လုပ်ထားလိုက်ဦး။ ခဏကျရင် ရဲစခန်းဆီ အပ်နှံရမယ်။ သူ အခုလောလောဆယ် သေလို့မဖြစ်သေးဘူး၊ အွန်လိုင်းပေါ်က ပြည်သူလူထုရဲ့ ဝေဖန်မှုတွေအတွက် သူ ကိုယ်တိုင် ထွက်ပြီး ရှင်းလင်းချက် ပေးရဦးမှာမလို့ပဲ"
လီဟွိုင်း သူ့ရဲ့အိတ်ကပ်ထဲကနေ 'အရေးပေါ် ရှေးဦးသူနာပြုစုခြင်း' သေတ္တာအသေးစားလေးကို ထုတ်ယူလိုက်သည်— ၎င်းအတွင်း၌ ပတ်တီးအချို့နှင့် ဆားတစ်ထုပ်သာ ပါဝင်သည်။
"မင်းရဲ့ ဒဏ်ရာကို တို့တွေ အရင်ဆုံး ပိုးသတ်ပေးရသေးတာပေါ့!"
ပြောပြောဆိုဆိုဖြင့် လီဟွိုင်းသည် ဆားထုပ်ကို ဖောက်လိုက်ပြီး လျှိုရှု၏ ပြတ်တောက်နေသည့် လက်မောင်းဒဏ်ရာ ဝတ္တုကြီးပေါ်သို့ တရစပ် သွန်ချပစ်လိုက်တော့သည်!
"အားးး!!!"
လျှိုရှုတစ်ယောက် နာကျင်လွန်းသဖြင့် သတိလစ်မတတ် ဖြစ်သွားရရှာသည်။ မေ့ဆေးမပါဘဲ ပြတ်တောက်နေသည့် ဒဏ်ရာပေါ်သို့ ဆားဖြင့် တိုက်ရိုက် ပိုးသတ်ခြင်း၏ နာကျင်မှုဝေဒနာက ဘယ်လောက်အထိ ပြင်းထန်လိမ့်မည်ကို သာမန်လူသားတစ်ဦးအနေဖြင့် စိတ်ကူးထဲတောင် ထည့်မတွေးရဲပေ။ ဒါပေမဲ့ ဒါဟာ လျှိုရှုလို ကောင်မျိုး ခံစားရမည့် ထိုက်တန်တဲ့ ဝဋ်ကြွေးပဲ မဟုတ်ပါလား!
ယခင်က လျှိုရှုရဲ့ ရိုက်နှက်မှုကြောင့် ခြေထောက်နှစ်ဖက်စလုံး အစိတ်စိတ်အမြွှာမြွှာ ကျိုးသွားခဲ့ရရှာတဲ့ ရှောင်စန်းရဲ့ နာကျင်မှုကလည်း အခုထက်မနည်း ပြင်းထန်ခဲ့မှာ အမှန်ပဲလေ။
ယခင်က ရှောင်စန်းရဲ့ ခြေသလုံးပေါ်ကို ဆူပွက်နေတဲ့ ရေနွေးအိုးကြီးနဲ့ အငြိုးတကြီး လောင်းချခဲ့စဉ်တုန်းက ခံစားခဲ့ရမယ့် ဝေဒနာကလည်း အခု လျှိုရှု ခံစားနေရတာထက် ပိုရင်ပိုမှာဖြစ်ပြီး လျော့နည်းသွားမှာ မဟုတ်တာ သေချာလှသည်။
ဒီလျှိုရှုဆိုတဲ့ကောင်က အရင်တုန်းက သူတစ်ပါးကို ဒုက္ခပေးနေခဲ့စဉ်တုန်းက သူ့မှာလည်း အခုလိုမျိုး နေ့ရက်မျိုး ကြုံတွေ့ရလိမ့်မယ်လို့ တစ်ခါမျှ ထည့်တွေးဖူးမှာ မဟုတ်ဘူး မဟုတ်လား။
ဆားဖြင့် ဒဏ်ရာကို အတင်းအကျပ် ပိုးသတ်ပြီးနောက်တွင်တော့ လျှိုရှုသည် နာကျင်မှုဒဏ်ကို မခံနိုင်တော့ဘဲ လီဟွိုင်းက တမင်လုပ်စရာမလိုဘဲ သူ့ဘာသာသူ သတိမေ့မြောသွားခဲ့ရရှာတော့သည်။
ကျန်ရှိနေသည့် အခြားသော လူမိုက်များအားလုံးကိုလည်း လုံခြုံရေးကုမ္ပဏီ ဝန်ထမ်းများက အမိအရ ဖမ်းဆီးလိုက်ကြပြီး ကြိုးများဖြင့် အသေသေချာချာ တုတ်နှောင်ပစ်လိုက်ကြပြီ ဖြစ်သည်။
"လင်းဒါရိုက်တာကြီး... လူအားလုံးကို ဖမ်းဆီးပြီးပါပြီ ။ သူတို့ကို ဘယ်လို ဆက်ပြီး ကိုင်တွယ်ရမလဲ"
လင်းဖုန်း မြေပြင်ပေါ်က လူအုပ်ကြီးကို လှည့်ပတ်ကြည့်ရှုလိုက်ရင်း စိတ်ထဲကနေ အချိန်ကို တွက်ချက်လိုက်သည်။ ရဲစခန်းဆီသို့ အမျိုးမျိုးသော သတင်းအချက်အလက်များနှင့် သက်သေအထောက်အထားများ ပေးပို့ဖို့အတွက် အချိန် တစ်ရက်ခန့် လိုအပ်မည် ဖြစ်သည်။ အခု လျှိုရှုကို ရဲစခန်းဆီ လွှဲပြောင်းပေးလိုက်ခြင်းက အချိန်ကိုက် တိုက်ဆိုင်မှုအရှိဆုံးပဲ ဖြစ်သည်။
"ရဲစခန်းကို ချက်ချင်း ဆက်သွယ်လိုက်ပါ၊ ပြီးရင် ဒီလူတွေအားလုံးကို ဥပဒေအရ လွှဲပြောင်းပေးလိုက်ကြ။ လျှိုရှုရဲ့ ပြစ်မှုစာရင်းထဲမှာ အခု နောက်ထပ် အသစ်တစ်ခု ထပ်တိုးသွားပြီပေါ့— အဲဒါက 'ပြန်ပေးဆွဲမှု' ပဲ!"
...
လီဟွိုင်းသည် လျှိုရှုနှင့် အခြားသော လူမိုက်များကို ဦးဆောင်ကာ စက်ရုံပျက်ကြီးအတွင်းမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ လင်းဖုန်းနှင့် ချန်ရန်ချိုးတို့နှစ်ယောက် အပြန်အလှန် စိုက်ကြည့်လိုက်ကြရင်း လင်းဖုန်းက အရင်ဆုံး စကားဆိုလိုက်သည်— "တို့တွေ ဒီနေရာကနေ အရင် ထွက်ခွာကြရအောင်။ မင်းရဲ့ စိတ်ထဲမှာ မေးခွန်းတွေ အများကြီး ရှိနေမှန်း ကျွန်တော် သိပါတယ်၊ ခဏကျရင် ကားပေါ်ရောက်မှပဲ အေးဆေး စကားပြောကြတာပေါ့”