အွန်လိုင်းပေါ်တွင် လျှိုရှုနှင့် ပတ်သက်သည့် အပုပ်နံ့ သတင်းဆိုးများက တစ်ခုပြီးတစ်ခု ပိုမိုထွက်ပေါ်လာခဲ့ပြီး အချို့သော မီဒီယာများကဆိုလျှင် လျှိုရှုကျူးလွန်ခဲ့သည့် ကြီးမားသော ပြစ်မှုကြီး ဆယ်ခုဟူ၍ပင် စာရင်းပြုစု ဖော်ပြလာကြတော့သည်!
သို့သော်လည်း အချို့သော အစိုးရတရားဝင် မီဒီယာများက ဤကိစ္စအပေါ် ရေငုံနှုတ်ပိတ် နေနေကြခြင်းကြောင့် အွန်လိုင်းအသုံးပြုသူများအကြား အကြီးအကျယ် မကျေမနပ် ဖြစ်ပွားလာခဲ့ရသည်။
တကယ်တော့ အစိုးရမီဒီယာများအနေဖြင့် လွယ်လွယ်ကူကူ ထုတ်ဖော်မပြောကြားသေးခြင်းက မှန်ကန်လှပေသည်။ ဘာကြောင့်လဲဆိုသော် လျှိုရှုအမှု ဖွင့်ချခံရသည်မှာ တစ်ရက်ပင် မပြည့်သေး၍ ဖြစ်သည်။
ယခုလို သတင်းအချက်အလက် ပေါက်ကွဲထွက်ပေါ်နေသည့် ခေတ်ကြီးထဲတွင် တစ်ရက်တာ အချိန်သည် သတင်းများ မရေမတွက်နိုင်အောင် ပျံ့နှံ့သွားဖို့ လုံလောက်သည်ဆိုသော်လည်း အစိုးရဌာနများဘက်က တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက်မူ လုံးဝ မလုံလောက်သေးပေ။
ခိုင်လုံသော သက်သေအထောက်အထား မရှိဘဲ အစိုးရမီဒီယာများ နှုတ်ဆိတ်နေခြင်းက သဘာဝကျလှသည်။ အမှုမှန်ကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှသာ လျှင်မြန်ပြတ်သားစွာ ထုတ်ပြန်ကြေညာနိုင်မည် မဟုတ်ပါလား။
သို့သော်လည်း စိတ်လိုက်မာန်ပါ ဖြစ်နေသည့် အချို့သော အွန်လိုင်းအသုံးပြုသူများကတော့ ထိုအချက်ကို ထည့်တွေးမနေကြပေ။ အခုလိုမျိုး ကြီးမားလွန်းလှသည့် အရေးအခင်းကြီး ဖြစ်ပွားနေတာတောင် အစိုးရဘက်က ဘာအသံမှ ထွက်မလာသလို လျှိုရှုကိုလည်း ဖမ်းဆီးအရေးယူခြင်း မရှိတာကို မြင်ရရုံဖြင့် ၎င်းတို့သည် နောက်ကွယ်တွင် ဖုံးကွယ်ပေးထားမှုများ သေချာပေါက် ရှိနေပြီး လာဘ်လာဘများ ရယူထားကြကာ အရာရှိများနှင့် စီးပွားရေးသမားများ ပူးပေါင်းကြံစည်နေကြခြင်းဖြစ်သည်ဟု တထစ်ချ ကောက်ချက်ချပစ်လိုက်ကြတော့သည်။
ထို့ကြောင့်မို့လို့ လျှိုရှုအမှု ပေါက်ကွဲထွက်ပေါ်လာကတည်းက အချို့သော အစိုးရတရားဝင် မီဒီယာစာမျက်နှာများ၏ မှတ်ချက်ပေးသည့် ကဏ္ဍ အတွင်း၌ ပြစ်တင်ရှုတ်ချသံများဖြင့် ပြည့်နှက်နေခဲ့တော့သည်။
"လျှိုရှုကို ဘာလို့ ဖမ်းမဆွဲသေးတာလဲ။ သူက ပိုက်ဆံရှိလို့လား။ လူတိုင်းက ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှ ရှိရမယ်မဟုတ်ဘူးလား။"
"တကယ်ကို မှောင်မိုက်လွန်းတဲ့ လူ့အဖွဲ့အစည်းပဲ။ အရာရှိနဲ့ စီးပွားရေးသမားတွေ ပေါင်းစားနေကြတာ။ ဆင်းရဲသားတွေခမျာ အနိုင်ကျင့်ခံရပြီး တရားမျှတမှု ရှာစရာ နေရာတောင် မရှိတော့ဘူး။ အခု ကိစ္စက ဒီလောက်အထိ ကြီးကျယ်နေပြီ၊ အခုထိ အရေးမယူချင်သေးဘူးလား။"
"ကျွန်တော့်အမြင်အရတော့ သူတို့အားလုံး လျှိုရှုနဲ့ တစ်အိုးတည်းသောက် တစ်လှေတည်းစီးတွေ ဖြစ်နေလို့ ဒီအတိုင်း အချိန်ဆွဲပြီး သတင်းအေးသွားအောင် လုပ်နေကြတာ။ အင်တာနက်ရဲ့ မှတ်ဉာဏ်က အကန့်အသတ် ရှိတယ်လေ။ ဒီအကြောင်းကို လူတွေ မပြောကြတော့တဲ့ အချိန်ကျရင် လျှိုရှုကတော့ ပိုက်ဆံရှိတဲ့ သခင်လေးအဖြစ် ဆက်ပြီး ဆရာလုပ်နေမှာဖြစ်ပြီး ရှောင်စန်းခမျာတော့ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ စိတ်ပျက်လက်ပျက် ကျန်ရစ်ခဲ့ရတော့မှာ!"
"အင်တာနက်မှာ မှတ်ဉာဏ်မရှိရင် ရှိပါစေ၊ ကျွန်တော့်မှာတော့ ရှိတယ်။ ငါ ဒီနေရာမှာတင် သက်သေအဖြစ် စာချန်ခဲ့မယ်— တကယ်လို့ ဒီအမှုကို မျှမျှတတ အရေးမယူပေးဘူးဆိုရင် ငါ နေ့တိုင်း ဒီအောက်မှာ လာပြီး ဆဲဆိုမှတ်ချက်ပေးနေမှာ!"
...
တရားမျှတမှုကို လိုလားကြသည့် အွန်လိုင်းအသုံးပြုသူများအပြင် မရေမတွက်နိုင်အောင် များပြားလှသည့် မာကတ်တင်း အကောင့်များကလည်း ဤအကြောင်းအရာကို ဝိုင်းဝန်းဖော်ပြလာကြသည်။ လျှိုရှုသည် အွန်လိုင်းပေါ်တွင် လူတိုင်းက ဝိုင်းဝန်းနှိမ်နင်းချင်နေကြသည့် လမ်းဘေးက ကြွက်သူခိုးတစ်ကောင်အတိုင်း ပြည်သူ့ရန်သူအဖြစ် လုံးဝ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။
ထိုနေ့ ညသန်းခေါင်ယံ အချိန်တွင်။
လျှိုရှုသည် သူ၏ ဒုတိယဦးလေးဖြစ်သူ လျူဟွာချန်း နှင့် ဦးလေးဖြစ်သူ၏ လက်အောက်ခံ လူမိုက်အုပ်စု အများအပြားနှင့်အတူ တိတ်တဆိတ် စုဝေးနေခဲ့ကြသည်။
"လျှိုရှု... မင်း တကယ်ကြီး လက်စွမ်းပြတော့မလို့လား။ မင်းအဖေကတော့ ငါ့ကို မှာထားတယ်၊ ဒီရက်ပိုင်းအတွင်း အရာအားလုံးကို အေးအေးဆေးဆေးပဲ ကိုင်တွယ်ဖြေရှင်းရမယ်တဲ့!"
"ဒုတိယဦးလေး!... ကျွန်တော့်အဖေက သတ္တိကြောင်တာလေ၊ ဦးလေးကော သတ္တိကြောင်နေလို့လား။ အခု အွန်လိုင်းပေါ်မှာ ကျွန်တော့်ကို လူတွေ ဘယ်လောက်အထိ ဆဲဆိုနေကြလဲဆိုတာ ဦးလေး မသိဘူးလား။ ဒါတွေအားလုံးကို ပြေလည်သွားအောင် လုပ်ဖို့ဆိုရင် ဒီပြဿနာတွေကို စတင်ဖန်တီးခဲ့တဲ့ အဓိက တရားခံကို အရင်ဆုံး အပြတ်ရှင်းပစ်ရမယ်!"
ဒုတိယဦးလေး လျူဟွာချန်းတစ်ယောက် တွန့်ဆုတ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် လျှိုရှုသည် မီးလောင်ရာလေပင့်သည့် စကားကို ထပ်မံ ဆိုလိုက်ပြန်သည်— "ဒုတိယဦးလေး... အခု ချန်ဟယ်စတိုးဆိုင်တွေရဲ့ စီးပွားရေးက ပိုပိုပြီး ဆိုးရွားလာနေပြီ။ တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဦးလေး သေချာပေါက် ရသင့်ရထိုက်တဲ့ အမြတ်ဝေစု ပိုက်ဆံတွေအားလုံး ပျောက်ဆုံးသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အခုလိုမျိုး ဂုဏ်သရေရှိရှိ ဆရာကြီးလုပ်နေနိုင်ဦးမလား။ ဦးလေး ဒီလောကထဲမှာ ကျင်လည်လာတာ ကြာပြီဆိုတော့ ရန်သူတွေလည်း အများကြီး ရှိနေမှာပဲ မဟုတ်လား။ အဲ့ဒီရန်သူတွေ ကလဲ့စားချေဖို့ ရောက်လာတဲ့အချိန်ကျမှ လက်အောက်ငယ်သားတွေကို ပေးစရာ ပိုက်ဆံမရှိရင် ဘယ်လိုလုပ်မလဲ။ ဦးလေး အဲ့ဒီလို နေ့ရက်မျိုး ရောက်လာမှာကို တကယ်ကြီး မြင်ချင်လို့လား။"
လျှိုရှု၏ စကားများက ဒုတိယဦးလေး လျူဟွာချန်းအား အလေးအနက် တွေးတောသွားစေခဲ့သည်။
သူ အခုလိုမျိုး နေရာတစ်နေရာ ရလာခြင်းက လျှိုပင်ရဲ့ လက်အောက်မှာ အသုံးတော်ခံခဲ့လို့ ဖြစ်သည် မဟုတ်ပါလား!
လျှိုပင်သည် သူ့အား လစဉ်လတိုင်း ငွေကြေးအမြောက်အမြား ထောက်ပံ့ပေးပြီး သူ့နှင့် သူ့ရဲ့ လူမိုက်အုပ်စုကို မွေးမြူထားခဲ့ခြင်း ဖြစ်ကာ အရေးကြုံသည့် အခါတိုင်းတွင်လည်း အသုံးချလေ့ရှိသည်။
တကယ်လို့ ချန်ဟယ်စတိုးဆိုင်ကြီးတွေ တကယ်ပဲ ပြိုလဲပျက်စီးသွားပြီး ပိုက်ဆံမရှိတော့ဘူးဆိုရင် လက်အောက်ငယ်သားတွေက သေချာပေါက် သူ့ကို စွန့်ခွာသွားကြပေလိမ့်မည်။ ထိုလူမိုက်များက သစ္စာရှိလှသည့် ညီအစ်ကိုအရင်းအချာများ မဟုတ်ကြဘဲ အကျိုးစီးပွားရှိမည့်သူနောက်ကိုသာ လိုက်ပါမည့် အောက်တန်းစား လူမိုက်များသာ ဖြစ်ကြ၍ပင်။
မိမိ၏ လက်ရှိအရှိန်အဝါကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့၊ လစဉ်လတိုင်း ပိုက်ဆံတွေ အရင်အတိုင်း ပုံမှန်ရရှိနေစေဖို့နှင့် လက်အောက်ငယ်သားတွေ စွန့်ခွာမသွားစေဖို့အတွက်ဆိုလျှင် သူသည် အွန်လိုင်းပေါ်က အခြေအနေများကို အမြန်ဆုံး ငြိမ်သက်သွားအောင် ပြုလုပ်ရမည် ဖြစ်သည်။
"မင်း ပြောတာ မှန်တယ်။ အွန်လိုင်းပေါ်က အခြေအနေတွေကို ငြိမ်သက်သွားအောင် လုပ်ဖို့ဆိုရင် ဒီပြဿနာကို ဖန်တီးခဲ့တဲ့ကောင်ကို အရင်ဆုံး ကိုင်တွယ်ရလိမ့်မယ်!"
လျှိုရှု၏ မျက်နှာပေါ်တွင် ဝမ်းသာအားရဖြစ်သွားသည့် အမူအရာတစ်ခု ပေါ်ထွက်လာခဲ့ရင်း— "ဒုတိယဦးလေး... အဲ့ဒါပေါ့! ဒါကြောင့် ဦးလေး ကျွန်တော့်စကားကို နားထောင်ရမယ်။ လင်းဖုန်းရဲ့ အိမ်ကို အရင်သွားပြီး သူ့ရဲ့ မိဘတွေကို ဖမ်းဆီးပြီး ဓားစာခံလုပ်ထားလိုက်။ အဲ့ဒီအချိန်ကျရင် အဲ့ဒီကောင် ငါ့ကို ဆက်ပြီး ဆန့်ကျင်ရဲဦးမလား စောင့်ကြည့်ရတာပေါ့!"
"ကောင်းပြီ... ဒါဆိုရင်တော့ ဒုတိယဦးလေး ဒီနေ့ မင်းစကားကို နားထောင်ပေးမယ်။ မင်း ဘာခိုင်းခိုင်း ငါ အကုန်လုပ်ပေးမယ်!"
လျှိုရှု၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်လှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တော့သည်— "ကဲ... သွားကြစို့၊ လင်းဖုန်းရဲ့ အိမ်ကို ဦးတည်မယ်!"
...
ညသန်းခေါင် တစ်နာရီဝန်းကျင်ခန့်တွင်။
လျှိုရှုသည် လူမိုက်တစ်စုကို ဦးဆောင်ကာ လင်းဖုန်း၏ အိမ်ဟောင်းတည်ရှိရာ လူနေအိမ်ရာဝင်းအတွင်းသို့ တိတ်တဆိတ် တိုးဝှက်ဝင်ရောက်လာခဲ့ပြီး လှေကားအတိုင်း လင်းဖုန်းအိမ်၏ တံခါးဝရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြသည်။
"မင်းတို့ထဲမှာ သော့ခတ်တာကို ဖွင့်နိုင်တဲ့သူ ပါလား" လျှိုရှု လူအုပ်ကြီးကို လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ကျွန်တော် တတ်ပါတယ် သခင်လေး။ အရင်တုန်းက နှိုက်ကလပ် (ခိုးဝှက်ခြင်း) လောကထဲမှာ ခဏ ကျင်လည်ခဲ့ဖူးလို့ပါ!"
လူအုပ်ထဲက "ရှောင်ကွမ်းထုံ" (ကတုံးလေး) ဟု ခေါ်သည့် ကောင်လေးတစ်ယောက်က ရှေ့သို့ တက်၍ ဗမာဆန်ဆန် စာရင်းပေးလိုက်သည်။ လျှိုရှုသည် အလိုက်မသိဘဲ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည့် ထိုကောင်လေး၏ ကတုံးခေါင်းကို ဖတ်ခနဲ ဖြတ်ရိုက်လိုက်ရင်း—
"မင်းက အသံကို အဲ့လောက်အထိ အကျယ်ကြီး အော်ပြောနေတော့ တို့တွေ ဒီကို ရောက်နေတာကို လူတွေအကုန်လုံး သိအောင် တမင် လုပ်နေတာလား"
"ကျွန်... ကျွန်တော် မှားသွားပါတယ်..." ကတုံးလေး အမြန် တောင်းပန်လိုက်ရသည်။
"အပိုစကားတွေကို နောက်မှပြောစမ်း။ ယခုလိုမျိုး သော့ခတ်ကို အသံမထွက်ဘဲ ပွင့်အောင်လုပ်ဖို့ ဘယ်လောက်ကြာမလဲ"
ကတုံးလေး ခဏမျှ တွေးတောလိုက်ပြီးနောက် ရင်ဘတ်ကို ပုတ်ကာ အာမခံချက် ပေးလိုက်သည်— "သခင်လေး စိတ်ချပါ၊ အလွန်ဆုံးရှိလှ ဆယ်မိနစ်အတွင်းမှာတင် သေချာပေါက် ပွင့်စေရပါမယ်!"
"ကောင်းပြီ... အမြန် ဖွင့်စမ်း!"
ထိုကတုံးလေးက တကယ်ပဲ လေလုံးထွားနေခြင်း မဟုတ်ပေ။ သူက အရင်က အထပ်ထပ်အခါခါ ခိုးဝှက်ခဲ့ဖူးသည့် သူခိုးဟောင်းတစ်ယောက် ဖြစ်တာမို့ ဆယ်မိနစ်ဟု ပြောခဲ့သော်လည်း အမှန်တကယ်တွင် သုံးမိနစ်ကျော်ခန့်အတွင်းမှာတင် တံခါးသော့ကို အောင်မြင်စွာ ဖွင့်လှစ်ပေးလိုက်နိုင်ခဲ့သည်။
လျှိုရှု၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး ကတုံးလေး၏ ပုခုံးကို ပုတ်ပေးလိုက်ရင်း— "ကောင်းတယ်... တော်တယ်။ ဒီတစ်ခေါက်တော့ မင်းကို ပထမဆုံး အကောင်းဆုံး ဆုလာဘ် ပေးရမယ်!"
တံခါးပွင့်သွားပြီးနောက် လျှိုရှုသည် လူတိုင်းကို လက်ဟန်ပြလိုက်ပြီး လက်ထဲတွင် ဓားမကြီးတစ်လက်ကို တင်းတင်းဆုပ်ကိုင်ကာ အိမ်ခန်းအတွင်းသို့ အရင်ဆုံး ဝင်ရောက်သွားခဲ့တော့သည်။
သို့သော်လည်း အခန်းအနှံ့ ရှာဖွေပြီးနောက်တွင်တော့ လျှိုရှု၏ မျက်နှာအမူအရာက အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရသည်— "မင်းတို့ အကုန်လုံး သေသေချာချာ ရှာဖွေပြီးပြီလား"
"အထဲကော အပြင်ကော အကုန် ရှာဖွေပြီးပါပြီ သခင်လေး၊ အိမ်ထဲမှာ လူတစ်ယောက်မှ ရှိမနေတာ သေချာပါတယ်။ ပြီးတော့ လျှပ်စစ်ပစ္စည်းတွေအားလုံးလည်း ပိတ်ထားတာမို့လို့ ဒီအိမ်မှာ လူမနေတာ ရက်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ပုံစံမျိုးပါပဲ"
လျှိုရှု လက်ထဲက ဓားမကြီးကို မြှောက်လိုက်ပြီး အခန်းထဲက တီဗွီဖန်သားပြင်ကြီးဆီသို့ ဒေါသတကြီး ဝုန်းခနဲ လှမ်းခုတ်ချပစ်လိုက်တော့သည်!
"တောက်!... ခွေးမသားလေး။ သူတို့တွေ သတင်းကြိုရလို့ ကြိုတင် ရွှေ့ပြောင်းသွားကြတာလား၊ ဒါမှမဟုတ် တိုက်ဆိုင်မှုလား!"
လျှိုရှု၏ ဒုက္ခပေးဖော် ဒုတိယဦးလေး လျူဟွာချန်းက ကြားထဲက ဝင်ပြောလိုက်သည်— "သူတို့တွေ ကြိုတင် ပြောင်းရွှေ့သွားတာ ဖြစ်ရမယ်။ မင်း ဒီအိမ်ကို လာမယ့် အစီအစဉ်ကို ဘယ်သူ့ကိုမှ ကြိုမပြောခဲ့ဘူး မဟုတ်လား။ ငါတို့ကိုယ်တိုင်တောင် အခု လှုပ်ရှားမှု စတင်ခါနီးကျမှ သိရတာဆိုတော့ တခြားလူက သတင်းကြိုပေါက်ကြားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
လျှိုရှု ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည့်အလား နှုတ်ခမ်းထောင့်လေးတွင် ရက်စက်လှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြန်သည်— "လက်ဗလာနဲ့ ပြန်ရတာကော ဘာဖြစ်လဲ။ ငါ့နောက်ကို လိုက်ခဲ့ကြဦး၊ တခြားနေရာတစ်ခု သွားမယ်! အဲ့ဒီနေရာမှာတော့ တခြားသော အဖိုးတန် ဆုလာဘ်တွေကို သေချာပေါက် ရရှိနိုင်လိမ့်မယ်!"
...
ထိုနေ့ ညပိုင်း။
လင်းဖုန်းတစ်ယောက် အကြောင်းရင်းမရှိဘဲ စိတ်လှုပ်ရှား တက်ကြွနေခဲ့ပြီး လုံးဝ အိပ်ချင်စိတ် ရှိမနေပေ။
အိပ်မရတာမို့ လင်းဖုန်း ဖုန်းကိုဖွင့်ပြီး အချိန်ကို ကြည့်လိုက်ရာ ညသန်းခေါင်ကျော်သွားခဲ့ပြီဖြစ်၍ နောက်ထပ် နေ့သစ်တစ်နေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
"ညသန်းခေါင် ကျော်သွားပြီဆိုတော့ Sign-in လုပ်မယ့် အကြိမ်ရေက ပြန်ပွင့်သွားပြီပေါ့။ ကြည့်ရအောင်... ဒီနေ့ ငါ့အတွက် ဘယ်လိုမျိုး အဖိုးတန် ပစ္စည်းကောင်းတွေ ရဦးမလဲဆိုတာ"
"စနစ်... ထွက်ခဲ့စမ်း၊ ငါ Sign-in လုပ်မယ်!"
【ဒင်... အိမ်ရှင်၊ Sign-in အောင်မြင်စွာ ပြုလုပ်ပြီးပါပြီ။ သင်ဟာ ကမ္ဘာ့အဆင့်မီ လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ 'လင်းမျိုးနွယ်စု လုံခြုံရေးကုမ္ပဏီ' ကို ရရှိပါတယ်! ဤလုံခြုံရေးကုမ္ပဏီတွင် စစ်မြေပြင်ကနေ အငြိမ်းစားယူထားခဲ့ကြတဲ့ အထူးတပ်ဖွဲ့ဝင် ကြေးစားစစ်သား အယောက် တစ်ရာ တိတိ ပါဝင်ပြီး ကြေးစားစစ်သား တစ်ယောက်ချင်းစီ၏ တိုက်ခိုက်ရေး စွမ်းရည်က ကမ္ဘာ့ထိပ်တန်း အဆင့်တွင် ရှိပါသည်။ ထို့အပြင် လုံခြုံရေးကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ 'လီဟွိုင်း' ၏ တိုက်ခိုက်ရေး စွမ်းရည်ကဆိုလျှင် လက်နက်ကိုင်ဆောင်ထားသည့် စစ်ဘုရင် အယောက် ၃၀ ကို တစ်ယောက်တည်းဖြင့် အပြတ်အသတ် အနိုင်တိုက်နိုင်စွမ်း ရှိပါသည်!】
【အဆင့်မြင့် တိုက်ခိုက်ရေး ကြေးစားစစ်သားများအပြင် လုံခြုံရေးကုမ္ပဏီအတွင်း၌ စုံစမ်းစစ်ဆေးခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း စသည့် အထူးကျွမ်းကျင် အရည်အချင်းရှိသူ ပညာရှင်ပေါင်းစုံလည်း ပါဝင်ပါသည်】
လင်းဖုန်း မျက်လုံးအစုံကို မသိမသာ မှေးစိုက်လိုက်မိရင်း— "ပုံမှန်ဆိုရင် စနစ်က ငါ့ကို အခုလိုမျိုး အသုံးဝင်မယ့် ဆုလာဘ်တွေ ပေးလာတတ်တာက... ငါ့အတွက် မကြာခင်မှာ ဒီပစ္စည်းတွေ သေချာပေါက် လိုအပ်လာတော့မယ့် အခြေအနေမျိုး ကြုံရတော့မှာမလို့ပဲ၊ အရင်က ပြည်သူ့ဆက်ဆံရေး ကုမ္ပဏီတုန်းကလည်း ဒီလိုပဲလေ။ အခုကျတော့ ငါ့ကို လုံခြုံရေးကုမ္ပဏီတစ်ခု ပေးလာပြန်ပြီ။ ဒါဆိုရင်... တစ်စုံတစ်ယောက်က ငါ့ကို လာပြီး ဒုက္ခပေးဖို့ ကြံစည်နေတာများလား။”