လင်းဖုန်းတစ်ယောက် လုံးဝကို ကြောင်အမ်းသွားရသည်။ သူ တကယ်ပဲ ခုနတင်မှ နိုးလာသလို ခံစားနေရတာဖြစ်ပြီး ဆုယွီရှု သူ့ကို လာခေါ်တယ် ဟုတ်လား။ သူ ဘာတစ်ခုမှ မသိလိုက်ရပါလား။
ဆုယွီရှုကတော့ စိတ်ပျက်လက်ပျက် ပုံစံမျိုးဖြင့် "ငါ နင့်ကို နှစ်ခေါက်တောင် လာခေါ်တာနော်။ ပထမတစ်ခေါက်တုန်းက နင်က အခုချက်ချင်း ထတော့မယ် ပြောလို့ ငါလည်း မျက်နှာသွားသစ်နေလိုက်တာ။ ဒုတိယတစ်ခေါက်ကျတော့လည်း ချက်ချင်းထမယ် ပြောပြန်လို့ ငါ အပြင်ထွက်ပြီး မုန့် သွားဝယ်ပေးတာလေ။ အခု ငါ ပေါက်စီတွေတောင် ဝယ်ပြီး ပြန်ရောက်လာပြီ၊ နင်ကပဲ ငါ လာမခေါ်ဘူးလို့ ပြောရသေးတယ်လား"
လင်းဖုန်း သူ့ဆံပင်တွေကို ကုတ်လိုက်ရင်း "ဒါ တကယ် ထူးဆန်းတာပဲ။ ငါ အိပ်ချင်မူးတူးနဲ့ ယောင်ရမ်းပြီး ပြန်ပြောမိတာများလား"
ဆုယွီရှုသည် ဝရန်တာကနေ ခြောက်သွေ့သွားတဲ့ အဝတ်အစားတွေကို ရုပ်သိမ်းပြီး လင်းဖုန်းရဲ့ ကုတင်ဘေးဆီ ယူဆောင်လာပေးခဲ့သည်။ "အဝတ်တွေ ခြောက်ပြီ၊ အမြန် ထတော့။ ငါ မုန့်ဝယ်လာပြီးပြီ။ တော်သေးတာက အိမ်က ကုမ္ပဏီနဲ့ နီးလို့ပေါ့၊ မဟုတ်ရင်တော့ တို့နှစ်ယောက် သေချာပေါက် နောက်ကျပြီ"
လင်းဖုန်း သမ်းဝေလိုက်ရင်း အင်္ကျီတွေကို ဖြစ်သလို ကောက်စွပ်ကာ မျက်လုံးတွေကို ပွတ်သပ်လိုက်သည်။
နံနက်ခင်းတိုင်းရဲ့ ပထမဆုံး အလုပ်ကတော့— Sign-in လုပ်ခြင်းပဲ။
လင်းဖုန်းရဲ့ စိတ်အာရုံက စနစ်ရဲ့ ဟင်းလင်းပြင်ထဲ ဆင်းသက်သွားခဲ့သည်။
"စနစ်... Sign-in လုပ်မယ်။ ဒီနေ့တော့ ငါ့အတွက် အသုံးဝင်မယ့်အရာတစ်ခုခု ပေးစမ်းပါဦး"
"ဒင်... အိမ်ရှင်၊ Sign-in အောင်မြင်စွာ ပြုလုပ်ပြီးပါပြီ။ သင်ဟာ ကမ္ဘာ့အဆင့်မီ ပြည်သူ့ဆက်ဆံရေး (PR) ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ 'ဝေါ့လ်ရီဗာဆယ် ကုမ္ပဏီ' ကို ရရှိပါတယ်!"
"ဝေါ့လ်ရီဗာဆယ် ကုမ္ပဏီ - အင်တာနက်ပေါ်က ဆိုက်ဘာလူမိုက် သန်းနဲ့ချီကို ပိုင်ဆိုင်ထားပြီး အွန်လိုင်း ရေစီးကြောင်းတွေကို စိတ်ကြိုက် ခြယ်လှယ်နိုင်စွမ်း ရှိသည်။ မသိမသာ မီးလောင်ရာလေပင့်ပေးခြင်း၊ ကိစ္စအသေးအမွှားလေးတွေကို ပုံကြီးချဲ့ပစ်ခြင်းနှင့် အရေးကြီးကိစ္စကြီးတွေကိုတော့ သေးသိမ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိပါသည်!"
လင်းဖုန်းရဲ့ နှုတ်ခမ်းထောင့်လေးမှာ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ "ဒီဆုလာဘ်က တော်တော်လေး မဆိုးဘူးပဲ။ ငါလည်း လျှိုရှုရဲ့ မိသားစုကို ဘယ်လို ကိုင်တွယ်ရမလဲ တွေးနေတာ၊ ဒီ PR ကုမ္ပဏီကြောင့် ငါ့မှာ အစီအစဉ်သစ်တစ်ခု ရသွားပြီ!"
စနစ်ထဲကနေ စိတ်အာရုံ ပြန်လည်နိုးထလာပြီးနောက် လင်းဖုန်း အဝတ်အစားလဲကာ ဧည့်ခန်းက ဆိုဖာဆီ လှမ်းလာခဲ့သည်။
ဆုယွီရှုကတော့ ဆိုဖာပေါ်မှာ ထိုင်ရင်း ပေါက်စီတစ်လုံးကို မြိန်ရေယှက်ရေ စားနေခဲ့သည်။
လင်းဖုန်း လှမ်းလာခဲ့ပြီး ဘေးနားက လွတ်နေတဲ့ ဆိုဖာအလွတ်ကြီးတွေကို ကျော်ဖြတ်ကာ ဆုယွီရှုရဲ့ ဘေးနားမှာတင် ကပ်ပြီး ဝင်ထိုင်လိုက်တော့သည်။
ဆုယွီရှု လင်းဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ဘာမှတော့ မပြောပေ။
လင်းဖုန်းသည် ပေါက်စီကို ကိုက်စားရင်း ဆုယွီရှုကို စိုက်ကြည့်ကာ အကဲခတ်နေမိသည်။
ခဏကြာပြီးနောက်။
လင်းဖုန်း လက်ထဲက ပေါက်စီကို ချလိုက်ပြီး ဆုယွီရှုကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ပြန်သည်။
"နင်... နင် ဘာကို စိုက်ကြည့်နေတာလဲ"
"နင့်မျက်နှာပေါ်မှာ တစ်ခုခု ပေနေသလိုပဲ" လင်းဖုန်းက ပြောလိုက်သည်။
ဆုယွီရှု ဖုန်းရဲ့ အရှေ့ကင်မရာကို ချက်ချင်းဖွင့်ပြီး မျက်နှာတစ်ခုလုံးကို သေသေချာချာ စစ်ဆေးကြည့်သော်လည်း ဘာမှ ရှိမနေပေ။ သူမ လင်းဖုန်းကို ထူးဆန်းတဲ့ အမူအရာဖြင့် ပြန်ကြည့်လိုက်ရင်း "ဘာရှိလို့လဲ။ ငါ ဘာမှမမြင်ရပါဘူး"
လင်းဖုန်း ပြုံးလိုက်ရင်း "နင့်မျက်နှာပေါ်မှာ ချောမောလှပမှုတွေ လျှံထွက်နေတာကို ပြောတာပါ!"
ဆုယွီရှု : "..."
"စတာပါဟာ။ နင့်မျက်နှာပေါ်မှာ အနားမရသေးတဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေလို့။ မနေ့ညက ကောင်းကောင်းမအိပ်ရဘူးလားမသိဘူး၊ မျက်ကွင်းလေးတွေတောင် နည်းနည်း ညိုနေတယ်"
ဆုယွီရှု လင်းဖုန်းကို မျက်စောင်းအသေခဲလိုက်ရင်း "ဒါတွေအားလုံးက နင့်ကြောင့်လေ! မနေ့ညက နင်ကပဲ ငါအိပ်ပျော်သွားရင် နင့်ကုတင်ပေါ် ခိုးဝင်လာမယ်လို့ ဇွတ်ပြောနေလို့ ငါတစ်ညလုံး စိုးရိမ်ပြီး အိပ်မရဘဲ မနက် လေးနာရီလောက်ကျမှ အိပ်ပျော်သွားတာ!"
လင်းဖုန်း ကြောင်အမ်းသွားရသည်။ သူ အပျော်သဘော စနောက်လိုက်တဲ့ စကားတစ်ခွန်းကြောင့် ဆုယွီရှုတစ်ယောက် တစ်ညလုံး သောကရောက်ပြီး အိပ်မရဖြစ်ခဲ့ရလိမ့်မည်ဟု မထင်ထားမိပေ။
သူ့ရဲ့ နှာဘူးရုပ်ပုံသဏ္ဌာန်က သူမရဲ့စိတ်ထဲမှာ အဲ့လောက်တောင် စွဲထင်နေခဲ့တာလား။
"ယွီရှုရယ်... နင် ငါ့အပေါ် အထင်လွဲနေတာ ရှိလိမ့်မယ်။ ငါက အဲ့လိုလူမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နင့်လက်ကို နင့်နှလုံးသားပေါ် တင်ပြီး ပြောစမ်းပါ၊ ငါက တကယ်ပဲ အဲ့လိုလူမျိုးလား"
ဆုယွီရှု သူမရဲ့ မျက်ဝန်းဝိုင်းကြီးတွေနဲ့ လင်းဖုန်းကို တိတ်တဆိတ် စောင်းငဲ့ကြည့်လိုက်ပြီး ပေါက်စီကို ဆက်ကိုက်ရင်း လေသံတိုးတိုးလေးဖြင့် "သေချာပေါက် အဲ့လိုလူမျိုးပေါ့..." ဟု ရေရွတ်လိုက်သည်။
"နင် ဘာပြောလိုက်တာလဲ"
"ဟင့်အင်း... ဘာမှမဟုတ်ပါဘူး၊ ငါ ဘာမှမပြောဘူး" ဆုယွီရှု ချက်ချင်း ငြင်းဆိုလိုက်သည်။
"ယွီရှု... ငါ ငါ့နှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်၊ ငါ လင်းဖုန်းက ဘယ်တော့မှ အဲ့လိုလူမျိုး မဟုတ်ပါဘူး။ တကယ်လို့ နင်က ငါ့ရှေ့မှာ အဝတ်ဗလာနဲ့ ရှိနေရင်တောင်မှ ငါလုပ်မယ့် တစ်ခုတည်းသောအရာက နင်ချမ်းမှာစိုးလို့ ငါ့အဝတ်အစားတွေကို ချွတ်ပြီး နင့်ကို ခြုံပေးမှာပါ၊ တခြား ဘာမှမလုပ်ဘူး! ငါ အခုပဲ ငါ့နှလုံးသားကို ကိုင်ပြီး ကျိန်ဆို... အားးး၊ ယွီရှု... နင် ငါ့ကို ဘာလို့ လာဆိတ်တာလဲ"
လင်းဖုန်း သူ့လက်မောင်းကို ပြန်လည်ပွတ်သပ်ရင်း လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် ယှက်တင်ထားတဲ့ ဆုယွီရှုကို သနားကမား အမူအရာဖြင့် ကြည့်လိုက်သည်။
ဆုယွီရှု မျက်နှာလေး တင်းမာနေရင်း "နင် ဘာလုပ်တာလဲ"
လင်းဖုန်းရဲ့ မျက်နှာအမူအရာကတော့ အရေထူစွာဖြင့် မပြောင်းလဲဘဲ "ငါက ငါ့ရင်ထဲက စကားကို ပြောနေတာလေ။ နင် ဘာလို့ လာဆိတ်ရတာလဲ"
"နင်... နင်က နှလုံးသားကို ကိုင်ပြီး ကျိန်ဆိုချင်ရင် နင့်နှလုံးသားကို နင်ကိုင်လေ! ဘာလို့ ငါ့နှလုံးသား (ရင်ဘတ်) ကို လာကိုင်ရတာလဲ။ နှာဘူးကြီးရဲ့!"
ရှက်လွန်းလို့ မျက်နှာတစ်ခုလုံး နီမြန်းနေတဲ့ ဆုယွီရှုသည် လင်းဖုန်းကို အော်ဟစ်ဆဲဆိုပြီးနောက် စားပွဲပေါ်က စားလို့မပြီးသေးတဲ့ ပေါက်စီထုပ်ကို ကောက်ကိုင်ကာ အပြင်သို့ အတင်းပြေးထွက်သွားခဲ့တော့သည်။
"ယွီရှု... နင် ဘယ်သွားမလို့လဲ"
"ကုမ္ပဏီသွားမလို့ဟေ့ လူဆိုးကြီး၊ နင်နဲ့ စကားမပြောတော့ဘူး! နောက်ဆို နင်နဲ့ လုံးဝ စကားမပြောတော့ဘူး!"
ဒုန်း!
တိုက်ခန်းတံခါးကြီး ပိတ်သွားခဲ့သည်။ လင်းဖုန်း နှာခေါင်းပွတ်လိုက်မိပြီးနောက် အပြုံးကြီးဖြင့် ထိုခံစားချက်ကို ပြန်လည် အာရုံခံစားနေမိသည်။
အင်း...
လျူရှင်းထက်စာရင်တော့ နည်းနည်း သေးပေမဲ့ လင်းမြောင်မြောင်ထက်တော့ ကြီးတာအမှန်ပဲ!
ပိုင်ရင်းရို့နဲ့ ပိုင်ရင်းခဲ့ဆိုတဲ့ ညီအစ်မနှစ်ယောက်ကတော့ ဒီအဆင့်သတ်မှတ်ချက်ထဲ ထည့်သွင်းစဉ်းစားစရာကို မလိုတာ ဖြစ်သည်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ လမ်းကြောင်းကိုတော့ ကောင်းကင်ဘုံကတည်းက သေသေချာချာ ပိတ်ဆို့ (ရင်သားမရှိအောင် ဖန်တီး) ထားခဲ့လို့ပင်။
ဒါဆို မမချိုးနဲ့ ယှဉ်ရင်ကော...
ဒီစိတ်ကူးစိတ်သန်း ပေါ်ထွက်လာတာနဲ့ အမျှ လင်းဖုန်းသည် ဤအတွေးကို အညှောင့်လေးပင် မထွက်နိုင်အောင် ချက်ချင်း ပြတ်ပြတ်သားသား နှိပ်ကွပ်ပစ်လိုက်တော့သည်။
မဖြစ်ဘူး၊ မဖြစ်ဘူး!
မမချိုးကိုတော့ သွားပြီး စိတ်ကူးမယဉ်ရဘူး!
သူ တကယ်ပဲ စိတ်ကူးတွေ အရမ်း ယဉ်ပါးလွန်းနေခဲ့ပြီ။
မမချိုးကိုတောင်မှ သွားပြီး စိတ်ကူးပစ်မှားမိနေရတယ်လို့။
"အိမ်ရှင်က ဘာကို ကြောက်နေတာလဲ။ အိမ်ရှင်သာ သတ္တိရှိမယ်ဆိုရင် သရဲမကိုတောင် မီးဖွားခွင့် ခွင့်ရက်ယူရမယ့်အဆင့်အထိ လုပ်လို့ရတာပဲ! လူအကြီး မလုပ်စမ်းပါနဲ့ အိမ်ရှင်ရာ၊ အခုလိုမျိုး ပုံစံဆိုရင်တော့ ကျွန်မကပဲ အိမ်ရှင်ကို အရင်ဆုံး အထင်သေးမိတော့မှာ!"
လင်းဖုန်းတစ်ယောက် ဤအတွေးကို အသည်းအသန် နှိပ်ကွပ်နေစဉ်မှာပဲ စနစ်မလေးက ရုတ်တရက် ထွက်ပေါ်လာပြီး ကန့်လန့်ဝင်တိုက်ကာ ပြဿနာရှာတော့သည်။
"ဟင်း... နဂါးက မဟိန်း၊ ကျားက မဟောက်တော့ သေးသိမ်လှတဲ့ စနစ်လေးက ငါ့ကို လာပြီး လှောင်ပြောင်နေရတယ်ပေါ့၊ ရယ်စရာကောင်းလိုက်တာ!"
"အိမ်ရှင်က ကြောက်သွားတာလား။ မဟုတ်လောက်ပါဘူးနော်... ဟုတ်လား။ တကယ်ကြီး ကြောက်သွားတာလား။ ကျွတ် ကျွတ် ကျွတ်... ကျွန်မ သိထားတဲ့ အိမ်ရှင်က အခုလိုလူမျိုး မဟုတ်ပါဘူးနော်! အရင်တုန်းကတော့ ကျွန်မကို ရယ်စရာကောင်းတဲ့ A-cup ကောင်မလေးလို့ ပြောခဲ့ပြီးတော့။ အခုကြည့်ရသလောက်တော့ အိမ်ရှင်ရဲ့ သတ္တိကလည်း အဲ့လောက်ကြီး မဟုတ်ပါဘူးကော၊ ကျွတ် ကျွတ် ကျွတ်!"
လင်းဖုန်း မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။ ဒီလို လိုလီ စနစ်မလေးက အငြိုးအတေး အဲ့လောက်ကြီးလိမ့်မည်ဟု သူ တကယ်ကို တွက်မထားမိပေ။
သူ ဘယ်တုန်းကများ သူမကို ရယ်စရာကောင်းတဲ့ A-cup လို့ ပြောခဲ့တာလဲ။
အခုထိ စိတ်ထဲကနေ မှတ်ထားတုန်းပဲလား။
မင်းကမှ ငါ့ကိုလာပြီး ပြဿနာရှာနေမှတော့ ငါလည်း အားနာမနေတော့ဘူး စနစ်ရေ!
လင်းဖုန်းသည် မနေ့က ပိုင်ရင်းရို့ ညီအစ်မနှစ်ယောက် Live လွှင့်စဉ်အတွင်း ပြောပြခဲ့တဲ့ ပြက်လုံးတစ်ခုကို ရုတ်တရက် သတိရသွားတာမို့ ဒါကို စနစ်မလေးအား ပြန်လည် ဖောက်သည်ချဖို့ ဆုံးဖြတ်လိုက်တော့သည်။
"စနစ်... ငါ မင်းကို ပြက်လုံးတစ်ခု ပြောပြရမလား"
"ဟဲဟဲ... အခုကျမှ ငါ့ကို လာပြီး ဖားချင်တာပေါ့ ဟုတ်လား။ ငါ ပြောပြမယ်... မိန်းကလေးတွေဆိုတာ ချော့ရတာကို ကြိုက်တာ၊ စိတ်ဆိုးအောင် လုပ်တာကို မကြိုက်ဘူး။ ကဲ... ပြောစမ်းပါဦး၊ တကယ်လို့ နားထောင်လို့ကောင်းရင်တော့ ငါ စိတ်မဆိုးတော့ဘူး"
"ဒါဆို ငါ စပြောပြီနော်။ နောင်တစ်ချိန်ကျလို့ စနစ်မလေး မင်းအနေနဲ့ လက်တွေ့ကမ္ဘာထဲကို တကယ့် ခန္ဓာကိုယ်အစစ်အမှန်နဲ့ ရောက်ရှိလာနိုင်ခဲ့ပြီး ငါ့ရဲ့ မိန်းမဆောင်(Harem) ထဲကို ဝင်ရောက်လာခဲ့တယ်လို့ပဲ ထားလိုက်ပါတော့"
"အိမ်ရှင်ကတော့ တကယ့်ကို အရှက်မရှိတာပဲ။ ဒါက လုံးဝကို စိတ်ကူးယဉ်သက်သက်ပဲ၊ အခုထိ ကျွန်မကို လက်တွေ့ကမ္ဘာထဲ ရောက်အောင်လုပ်မယ့် နည်းလမ်းတောင် မရှာဖွေနိုင်သေးဘဲနဲ့ မိန်းမဆောင်အကြောင်းကို ကြိုတွေးနေတယ်ပေါ့။ ဒီစနစ်အနေနဲ့ အိမ်ရှင်အပေါ် ပြင်းပြင်းထန်ထန် အထင်သေးကြောင်း ဖော်ပြအပ်ပါတယ်! ( ̄_, ̄ )"
"စကား မဖြတ်နဲ့ဦးလေ၊ ဒါက ပြက်လုံးရဲ့ အစပျိုးချက်သက်သက်ပဲ ရှိသေးတာ"
"ကဲပါ... ကဲပါ၊ ဒါဆိုလည်း ဆက်ပြော၊ ငါ နားထောင်နေတယ်"
"အချိန်တွေက တဖြည်းဖြည်း ကုန်လွန်သွားပြီး မင်းမှာ ကလေးတစ်ယောက် ရလာခဲ့တယ်။ တစ်ရက်ကျတော့ မိသားစု သုံးယောက် ကုတင်ပေါ်မှာ တူတူ လှဲလျောင်းနေကြတာပေါ့။ မင်းကတော့ အိပ်ပျော်နေခဲ့ပေမဲ့ မင်းရဲ့ ကလေးကတော့ ဗိုက်ဆာလို့ ရုတ်တရက် နိုးလာပြီး မေမေကို လိုက်ရှာတော့တာပေါ့။ အဲ့ဒါနဲ့ ကလေးက ကုတင်ပေါ်မှာ ဟိုဟိုဒီဒီ တွားသွားရင်း မေမေကို လိုက်ရှာရင်းနဲ့... ပထမဆုံး ဖေဖေ့ရဲ့ ဘေးနားကို ရောက်သွားခဲ့တယ်။ ပြီးတော့ လက်ကလေးဆန့်ပြီး ဖေဖေ့ရဲ့ ရင်ဘတ်ကို လှမ်းစမ်းကြည့်လိုက်ပြီး လက်ကို ပြန်ရုပ်လိုက်ပီး 'ဪ... ဒါက ဖေဖေပဲ' လို့ ပြောလိုက်တာပေါ့။ အဲ့ဒီနောက် ကလေးက ဆက်ပြီး လိုက်ရှာရင်း မင်းရဲ့ဘေးနား (စနစ်မလေးရဲ့ ဘေးနား) ကို ရောက်လာပြီး လက်လှမ်းပြီး စမ်းကြည့်လိုက်ပြန်ရော... အဲ့ဒီမှာတင် ကလေးက ဝါးခနဲ ထငိုပါလေရော။ ငိုယိုပြီး ဘာပြောလဲဆိုတော့... 'ဘာလို့ နှစ်ယောက်စလုံးက ဖေဖေ ဖြစ်နေရတာလဲ... ဝါးးး ဝါးးး' တဲ့။”