အခန်း ၅၀။ ပြက်လုံးကတော့ ကောင်းပါတယ်၊ ခဏလောက်ပဲ ကြည့်လိုက်ဦးမယ်
ပိုင်ရင်းခဲ အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူမရဲ့ နားထင်နှစ်ဖက်ကို ပွတ်သပ်ရင်း - "နင် ဒီလောက် တတ်နိုင်နေရင်လည်း လူပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်တာတွေ မလုပ်နဲ့လေ။ တို့တွေ ကောင်းကောင်းမွန်မွန် ပြက်လုံးတွေပဲ ပြောပြိုင်ကြရအောင်၊ ဘယ်သူ့ပြက်လုံးက ပိုရယ်ရလဲဆိုတာ ကြည့်ကြတာပေါ့!"
ပိုင်ရင်းရှို့ကလည်း အလျှော့မပေးဘဲ - "ပြိုင်ရုံပေါ့၊ ငါက နင့်ကို ကြောက်နေရမှာလား!"
ပိုင်ရင်းခဲ နှာခေါင်းရှုံ့လိုက်ပြီး - "ငါ အရင်စပြောမယ်။ တစ်နေ့မှာတော့ စုချီ၊ ဝမ်တာလူနဲ့ ယောင်ချန်တို့ သုံးယောက်က ဘားတစ်ခုမှာ အရက်သောက်နေကြတယ်။ သူတို့ စကားပြောရင်းနဲ့ ပါးစပ်ကြီးတဲ့ အကြောင်းအရာဆီ ရောက်သွားတာပေါ့။"
"အဲဒါနဲ့ သူတို့ သုံးယောက်စလုံး ဘယ်သူ့ပါးစပ်က ပိုကြီးလဲဆိုတာ ပြိုင်ကြတော့တယ်။ စုချီက အရင်ဆုံး စလှုပ်ရှားလိုက်တယ်။ သူမက စားပွဲပေါ်က ပန်းသီးတစ်လုံးကို ကောက်ယူပြီး ပါးစပ်ထဲ တစ်ကိုက်တည်း အပြည့်ငုံလိုက်တယ်၊ ပြီးမှ အလွယ်တကူ ပြန်ထုတ်လိုက်ပြီး ကျန်တဲ့နှစ်ယောက်ကို မထင်မဲ့မြင် မျက်လုံးနဲ့ လှမ်းကြည့်လိုက်တာပေါ့။"
"ယောင်ချန်ကလည်း အလျှော့မပေးချင်တာမို့ စကားတစ်ခွန်းမှ မပြောဘဲ လက်နှစ်ဖက်ကို စုလိုက်ပြီး ပါးစပ်ထဲ တန်းထည့်ပြလိုက်တယ်၊ မျက်နှာအမူအရာကလည်း ဘာမှမပြောင်းလဲဘူး။"
"အဲဒီအချိန်မှာ ဝမ်တာလူကတော့ ပြုံးပဲ ပြုံးနေခဲ့တယ်။"
"တစ်မိနစ် အကြာမှာတော့ ဝမ်တာလူတစ်ယောက်တည်း ဘားထဲကနေ ပြုံးပြုံးကြီး တစ်ကိုယ်တည်း ထွက်လာခဲ့တော့တယ်။"
ပိုင်ရင်းရှို့ နှာခေါင်းရှုံ့လိုက်ရင်း - "ဒါက ဘာရယ်ရလို့လဲ။ ပြက်လုံးပြောတာနဲ့ ပတ်သက်ရင် ငါ့ကိုပဲ ကြည့်ရမှာ။ ဒီတစ်ပုဒ်ကိုသာ သေသေချာချာ နားထောင်လိုက်ဦး!"
"ဟိုးရှေးရှေးတုန်းက... လူဖြူ ပါမောက္ခတစ်ယောက်က အာဖရိက တောနက်ထဲက ရှေးဦးလူရိုင်း မျိုးနွယ်စုတစ်ခုဆီကို သွားရောက် နေထိုင်ခဲ့ရတယ်။ သူက ထိုမျိုးနွယ်စုဝင်တွေကို စာဖတ်တာ၊ စာရေးတာ၊ သင်္ချာနဲ့ သိပ္ပံပညာရပ်တွေကို နှစ်အတော်ကြာအောင် သင်ကြားပေးခဲ့တာပေါ့။"
"တစ်နေ့မှာတော့ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ဇနီးသည်က အသားဖြူဖြူ ကလေးငယ်တစ်ယောက်ကို မွေးဖွားလာခဲ့တာမို့ မျိုးနွယ်စုတစ်ခုလုံး အံ့ဩမှင်သက်သွားကြရတော့တယ်။"
"အဲဒီနေ့မှာပဲ မျိုးနွယ်စု ခေါင်းဆောင်က ပါမောက္ခဆီ သွားပြီး လှမ်းပြောတယ် -"
"'ပါမောက္ခ... တို့တွေ မြင်ဖူးသမျှထဲမှာ မင်းက တစ်ဦးတည်းသော လူဖြူ ဖြစ်နေတယ်၊ ပြီးတော့ ငါ့မိန်းမကလည်း အသားဖြူဖြူ ကလေးတစ်ယောက် မွေးလာတယ်လေ။ လူအူကြောင်ကြောင်ကြီးတစ်ယောက်တောင် ဘာဖြစ်ခဲ့လဲဆိုတာ အလွယ်တကူ ခန့်မှန်းလို့ ရတယ် သိလား!'"
"ဒါပေမဲ့ ပါမောက္ခက တည်ငြိမ်စွာနဲ့ပဲ ပြန်လည် ဖြေကြားလိုက်တယ် -"
"'မဟုတ်ပါဘူး ခေါင်းဆောင်ကြီးရဲ့၊ သင် မှားသွားပါပြီ။ ဒါက သဘာဝဖြစ်စဉ်တစ်ခုပဲ ဖြစ်ပြီး တို့ရဲ့ ယဉ်ကျေးတဲ့ လူ့လောကမှာတော့ ဒါကို ဆံပင်ဖြူအသားဖြူရောဂါလို့ ခေါ်ကြပါတယ်!'"
"ပြောပြောဆိုဆိုနဲ့ ပါမောက္ခက ဟိုးအဝေးက ကွင်းပြင်ကြီးဆီကို လက်ညှိုးထိုးပြလိုက်တယ် - 'ဟိုဘက်က သိုးအုပ်ကြီးကို လှမ်းကြည့်လိုက်ဦး။'"
"'အဲဒီသိုးတွေ အားလုံးက အဖြူရောင်တွေချည်းပဲ၊ ဒါပေမဲ့ သူတို့ထဲမှာ အမည်းရောင် သိုးတစ်ကောင် ပါနေတယ်မလား။ ဒါတွေ အားလုံးက သဘာဝတရားရဲ့ ရွေးချယ်မှု ရလဒ်တွေပဲ ဖြစ်တယ်ဗျ။'"
"ပါမောက္ခ စကားပြောလို့လည်း ပြီးကော ခေါင်းဆောင်ကြီးက ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြန်ပြောတယ် -"
"'ဒါဆိုရင် ဒီလိုလုပ်ရအောင်လေ... မင်းလည်း အဲဒီသိုးမည်းအကြောင်းကို ထပ်မပြောနဲ့တော့၊ ငါလည်း အဲဒီကလေးဖြူအကြောင်းကို ထပ်မပြောတော့ဖို့ ကတိပေးတယ်ဗျာ!'" (နားလည်လား နားမလည်ရင်ပြန်ဖတ်🥲)
ပိုင်ရင်းရှို့ ပြောလို့လည်း ပြီးကော ပိုင်ရင်းခဲတောင်မှ ဘယ်လိုမှ အောင့်မထားနိုင်တော့ဘဲ တဟားဟား အော်ရယ်မိတော့တယ်။
"ပိုင်ရင်းရှို့... နင် အခုလိုမျိုး ဟာသအပြာ တွေကို နားလည်လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး။ ငါကတော့ နင့်ရဲ့ ပြက်လုံးက ဘာကို ဆိုလိုမှန်း လုံးဝ နားမလည်ပါဘူးနော်~" ပိုင်ရင်းခဲက ခနဲ့တဲ့တဲ့ လေသံလေးနဲ့ ပြောလိုက်ရှာတယ်။
ပိုင်ရင်းရှို့က သူမကို မျက်စောင်းထိုးလိုက်ပြီး - "နေပါဦး... နေ့တိုင်း ဖူခါဒါ အိမိ (Fukada Eimi) နဲ့ မိခါမိ ယူအာ (Mikami Yua) တို့ရဲ့ ဗီဒီယိုတွေကို ဘယ်သူက ထိုင်ကြည့်နေတာပါလိမ့်..."
ပိုင်ရင်းခဲ ပြာယာခတ်သွားပြီး ပိုင်ရင်းရှို့ရဲ့ ပါးစပ်ကို အတင်း လှမ်းပိတ်လိုက်ကာ - "ငါ နင့်ကို နာမည်ဖျက်မှုနဲ့ တရားစွဲမှာနော်!"
...
သူတို့နှစ်ယောက် စကားနိုင်လုပြီး စနောက်နေကြတာကို ဖုန်းမျက်နှာပြင်ရဲ့ တခြားတစ်ဖက်မှာရှိတဲ့ လင်းဖုန်းက ကြည့်ပြီး တဟားဟား ရယ်မောနေမိတော့တယ်။ သူ့ရဲ့ အခုလို ရယ်မောသံက ဘေးနားက အခန်းထဲမှာရှိတဲ့ စုယွီရှုရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားပုံရတယ်။
"နင် အခုထိ မအိပ်သေးဘူးလား။ ဘာတွေ ထိုင်ရယ်နေတာလဲ"
လင်းဖုန်း သူ့ရဲ့ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး လိုက်ဖ်ကြည့်တုန်းက နားကြပ်တပ်ထားမိလို့ တကယ် ကံကောင်းသွားတယ်လို့ စိတ်ထဲကနေ တိုးတိုးလေး ကျေးဇူးတင်လိုက်မိတယ်။
"ဘာမှမဟုတ်ပါဘူးဟာ၊ ရုတ်တရက် ပျော်စရာကိစ္စတစ်ခု သတိရသွားလို့ပါ"
"အခု ၁၁ နာရီကျော်နေပြီ၊ ပြီးတော့ နင်က နေ့တိုင်း အလုပ်သွားရဦးမှာလေ။ စောစောအိပ်တော့" စုယွီရှုက နူးညံ့စွာ ပြောလိုက်တယ်။
"ရပါတယ်ဟာ၊ ငါက နင် အိပ်ပျော်သွားမယ့်အချိန်ကို စောင့်နေတာ။ အဲဒါမှ နင့်ကုတင်ပေါ်ကို ခိုးဝင်လို့ရမှာလေ"
စုယွီရှု : "???"
စုယွီရှု ကုတင်ပေါ်ကနေ တိတ်တိတ်ဆိတ်ဆိတ် ထလိုက်ပြီး သူမရဲ့ အခန်းတံခါးကို ဂျက်ချပိတ်လိုက်တော့တယ်။ သူမက လင်းဖုန်းက တကယ်ကြီး အဲလိုလုပ်လိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်တယ်! ဘာပဲပြောပြော အချို့သော ကိစ္စရပ်တွေမှာ လင်းဖုန်းက စကားပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူ မဟုတ်လား!
စုယွီရှုကို ခဏလောက် စနောက်ပြီးတဲ့နောက်မှာတော့ လင်းဖုန်းက ဖုန်းမျက်နှာပြင်ဆီကိုပဲ ပြန်လည် အာရုံစိုက်လိုက်တယ်။
ဒီညီအစ်မနှစ်ယောက် ပြောပြတဲ့ ပြက်လုံးတွေက တကယ့်ကို ကောင်းမွန်လှတာမို့ သူတို့အတွက် လက်ဆောင်အချို့ကို ထပ်မံ ပစ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။
နတ်ဆိုးကြီး တျောက်ချန်း : "နှစ်ယောက်စလုံးရဲ့ ပြက်လုံးတွေက တကယ် ကောင်းပါတယ်။ မအိပ်ခင်မှာ တို့တွေ လက်ဆောင်လေး နည်းနည်းလောက် ထပ်ပစ်ပေးလိုက်ဦးမယ်နော်၊ အပျော်သဘောလေးပဲ"
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လိုက်ဖ်လွှင့်ခန်းကြီးတစ်ခုလုံးမှာ လင်းဖုန်းရဲ့ ကာနီဗယ် လက်ဆောင်မုန်တိုင်းကြီးက ထပ်မံပြီး ပြင်းထန်စွာ စိုးမိုးသွားခဲ့ပြန်တော့တယ်!
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၁ ခု ပေးပို့လိုက်ပါသည်]
...
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၁၀၀ ခု ပေးပို့လိုက်ပါသည်]
...
...
[နတ်ဆိုးကြီး တျောက်ချန်း က ရှောင်ပိုင်၏ လိုက်ဖ်ခန်းတွင် ကာနီဗယ် လက်ဆောင် ၁၀၀ဝ ခု ပေးပို့လိုက်ပါသည်]
ကာနီဗယ် လက်ဆောင် အခုတစ်ထောင် တိတိ!!!
【အဆိပ်အတောက် အီးထုပ် - 'အပျော်သဘောလေးပဲ' ဆိုပြီး ကာနီဗယ် လက်ဆောင် အခုတစ်ထောင်တောင် ပစ်ပေးတယ်၊ ယွမ် သုံးသန်း တောင် သုံးပစ်လိုက်တာလား။ အင်း... ဒါကမှ တကယ့် နတ်ဆိုးကြီး တျောက်ချန်းရဲ့ စတိုင်အစစ်ပဲ!】
【နို့ရနံ့သင်းတဲ့ ခေါင်းပန်းရောင်လေး - စောစောကတင် နတ်ဆိုးကြီး တျောက်ချန်း စုစုပေါင်း ပိုက်ဆံ ဘယ်လောက်တောင် သုံးသွားလဲဆိုတာကို တွက်ချက်ပေးနိုင်မယ့် အစ်ကိုကြီး ရှိလားဟင်။】
【ငါ့ထက် လိုက်ဖ်အကြောင်း နားလည်တဲ့သူ မရှိဘူး - ငါ တွက်ချက်ပြီးပါပြီ။ နတ်ဆိုးကြီး တျောက်ချန်းက အစတုန်းက ကာနီဗယ် အခုတစ်ရာ ပို့တယ်၊ ပြီးတော့ နောက်ထပ် တစ်ရာ၊ နောက်ထပ် တစ်ရာ၊ ပြီးတော့ နှစ်ရာ၊ အခု နောက်ဆုံးမှာတော့ အခုတစ်ထောင်။ အားလုံးပေါင်းလိုက်ရင် ကာနီဗယ် လက်ဆောင် ၁၅၀၀ တိတိ ဖြစ်ပြီး... ဒါကို တရုတ်ငွေနဲ့ လဲလှယ်လိုက်ရင် ယွမ် ၄.၅ သန်း တောင် ရှိတယ်ဗျာ!!!】
【ဆင်းရဲနွမ်းပါးတဲ့ အရုပ်ဆိုးမလေး တစ်မီတာ ငါးဆယ့်ကိုး - ငါတော့ စိတ်ကူးယဉ် ကမ္ဘာထဲ ရောက်သွားသလိုပဲ။ ငါ အကြာကြီး စားချင်နေခဲ့တဲ့ ငါးယွမ်တန် အသားကင်စပ်တုတ်ကို အခုပဲ သွားဝယ်စားဖို့ ဆုံးဖြတ်လိုက်ပြီ!】
【ထိပ်ပြောင်တဲ့လူက အမြဲတမ်း တောက်ပနေမှာပဲ - အစ်ကိုကြီးကလည်း ယွမ်သန်းချီတန်တဲ့ ပရောဂျက်တွေမှာ ပါဝင်ဖူးတဲ့သူပဲဥစ္စာ။ နတ်ဆိုးကြီး တျောက်ချန်းက ယွမ် လေးသန်းကျော် သုံးတယ်၊ ငါကတော့ လေးဆယ်ကျော် သုံးတယ်ဆိုတော့ တော်တော်လေးတော့ နီးစပ်တာပဲ မလား။】
...
လင်းဖုန်း ပစ်ပေးလိုက်တဲ့ အခုတစ်ထောင်သော ကာနီဗယ် လက်ဆောင်တွေကြောင့် ပိုင်ရင်းရှို့ရဲ့ လိုက်ဖ်လွှင့်ခန်း လူကြိုက်များမှုက ဒူယင်းပလက်ဖောင်းတစ်ခုလုံးမှာ တရားဝင် နံပါတ်တစ် နေရာကို ရရှိသွားခဲ့ပြီး လိုက်ဖ်ခန်းအတွင်းရှိ လူဦးရေမှာလည်း သန်းချီ အထိ စံချိန်တင် ချိုးဖျက်သွားခဲ့တော့တယ်။
ပိုင်ရင်းရှို့ရဲ့ မူလ ဖော်လိုဝါ အရေအတွက်က တစ်သောင်းတောင် မပြည့်ခဲ့သော်လည်း အခုအချိန်မှာတော့ ငါးသိန်းကျော် အထိ တဟုန်ထိုး ကျော်လွန်သွားခဲ့ပြီ ဖြစ်ပြီး မျက်စိရှေ့တင် တဖြည်းဖြည်းနဲ့ ဆက်လက် တိုးတက်နေဆဲ ဖြစ်တယ်။
ပိုပြီး ကြောက်ဖို့ကောင်းတာက လင်းဖုန်းရဲ့ အကောင့် ဖြစ်တယ်။ သူ့ရဲ့ အကောင့်မှာလည်း ဖော်လိုဝါ အရေအတွက် သန်းချီအထိ အလွယ်တကူ ကျော်လွန်သွားခဲ့ပြီ ဖြစ်တယ်။ လက်ရှိ တိုးတက်မှု အရှိန်အဟုန်အရဆိုရင် မနက်ဖြန် မနက် သူ နိုးလာတဲ့ အချိန်ကျရင် အနည်းဆုံး ဖော်လိုဝါ နှစ်သန်းလောက်တော့ ရှိနေလိမ့်မည် ဖြစ်တယ်။
ခဏချင်းအတွင်းမှာတင် 'နတ်ဆိုးကြီး တျောက်ချန်း' ဆိုတဲ့ အမည်နာမက ပလက်ဖောင်းမျိုးစုံရဲ့ ရှာဖွေမှုအများဆုံး စာရင်းတွေမှာ ထိပ်ဆုံးက ရောက်ရှိသွားခဲ့ပြီး လိုက်ဖ်လွှင့်ခန်းမျိုးစုံရဲ့ ကွန်မန့်တွေနဲ့ သုံးသပ်ချက်တွေမှာပါ အမြဲတမ်း ထည့်သွင်း ပြောဆိုခြင်း ခံရတော့တယ်။
လင်းဖုန်းရဲ့ ဒူယင်း အကောင့်ရဲ့ စာတိုပေးပို့တဲ့နေရာ မှာလည်း မရေမတွက်နိုင်တဲ့ မိန်းကလေး Streamer တွေရဲ့ သီးသန့်စာတွေနဲ့ ပြည့်နှက်လို့ သွားခဲ့ရတယ်။
အချို့ကလည်း လင်းဖုန်းရဲ့ စရိုက်ကို သဘောကျလို့ ရင်းနှီးခွင့် ရချင်ပါတယ်ဆိုပြီး မသိမသာ အရိပ်အမြွက် ပြောလာကြတယ်။
အချို့ကလည်း သူတို့ရဲ့ ဆက်သွယ်ရန် လိပ်စာတွေကို တိုက်ရိုက် ပေးပို့လာပြီး... ကိုကြီး စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ နိုင်ငံအတွင်းရှိ ဘယ်မြို့ကိုမဆို အချိန်မရွေး ပျံသန်းလာခဲ့ပါ့မယ်လို့ ဆိုလာကြတယ်။
အချို့ကလည်း သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံတွေကို ပေးပို့လာပြီး... သူတို့က တစ်ကိုယ်တည်းမို့ ပျင်းစရာကောင်းနေတာကြောင့် ကိုကြီးရဲ့ လက်ဖဝါးနွေးနွေးလေးနဲ့ သူတို့ရဲ့ နှလုံးသားကို လာရောက် နွေးထွေးပေးစေချင်ပါတယ်လို့ ပြောလာကြတယ်။
ပြီးတော့... ပိုပြီး ထူးဆန်းတာက...
ယောက်ျားလေး အချို့ကပါ သူတို့ရဲ့ ဓာတ်ပုံတွေကို ပေးပို့လာကြတာ ဖြစ်တယ်...
ဒါပေမဲ့ လင်းဖုန်းကတော့ ဒါတွေကို ဘာတစ်ခုမှ မသိရှာပါဘူး။ ဘာလို့လဲဆိုတော့ ကာနီဗယ် အခုတစ်ထောင် ပေးပြီးတာနဲ့ လင်းဖုန်းက လိုက်ဖ်ထဲကနေ တန်းထွက်လိုက်ပြီး ဖုန်းကို အသံပိတ်ကာ ဘေးနား ပစ်ထားခဲ့ပြီးနောက် ချက်ချင်းပဲ အိပ်မောကျသွားခဲ့လို့ ဖြစ်တော့တယ်။
...
နောက်တစ်နေ့ မနက် ရှစ်နာရီ။
လင်းဖုန်းတစ်ယောက် တံခါးခေါက်သံကြောင့် ဖြည်းဖြည်းချင်း နိုးလာခဲ့ရတယ်။
တံခါးအပြင်ဘက်ကနေ စုယွီရှုရဲ့ အသံလည်း ထွက်ပေါ်လာခဲ့တယ် - "ထတော့လေ၊ ကိုးနာရီဆို အလုပ်စပြီဥစ္စာ၊ နောက်ကျလို့ မဖြစ်ဘူးနော်"
လင်းဖုန်းရဲ့ စိတ်အာရုံက လုံးဝ မနိုးကြားသေးပေမဲ့ ပါးစပ်ကတော့ မသိစိတ်အတိုင်း ပြန်လည် ဖြေကြားလိုက်မိတယ် - "အခု... အခု ချက်ချင်း ထပါပြီ..."
ပြန်လည် ဖြေကြားသံကို ကြားမှ အပြင်ဘက်က စုယွီရှုလည်း တံခါးခေါက်တာကို ရပ်လိုက်ပြီး မျက်နှာသစ်ဖို့ ထွက်သွားခဲ့တော့တယ်။
ဆယ်မိနစ် အကြာတွင်။
စုယွီရှု မျက်နှာသစ်ပြီး ပြန်လာခဲ့သော်လည်း လင်းဖုန်းတစ်ယောက် အခန်းထဲကနေ ထွက်လာတာကို မမြင်ရသေးဘူး။ သူမ အနည်းငယ် ဝေခွဲမရ ဖြစ်သွားပြီး တံခါးဝဆီ ထပ်မံ သွားကာ တံခါးကို ခေါက်လိုက်ပြန်တယ် - "နင် အခုထိ မထသေးဘူးလား။ တကယ်လို့ ထပ်ပြီး မထသေးရင်တော့ သေချာပေါက် အလုပ်နောက်ကျတော့မှာနော်"
"ထ... ထပါပြီဟာ"
"ဒါဆိုရင် ငါ အပြင်သွားပြီး မနက်စာ အရင်သွားဝယ်လိုက်ဦးမယ်။ ငါ ပြန်လာတဲ့ အချိန်ကျရင် နင် မျက်နှာသစ် လန်းဆန်းပြီးသား ဖြစ်နေရမယ်၊ အဲဒါမှ တူတူ စားလို့ရမှာ"
နောက်ထပ် ၁၅ မိနစ် ခန့် ကုန်လွန်သွားခဲ့ပြန်တယ်။
စုယွီရှုတစ်ယောက် ပေါက်စီနဲ့ ပဲနို့တွေကို ဝယ်ပြီး ပြန်ရောက်လာခဲ့သော်လည်း လင်းဖုန်းရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပြန်ဘူး။
"သူ အခုထိ တကယ် မထသေးတာလား"
စုယွီရှုက မနက်စာတွေကို ဧည့်ခန်းက စားပွဲပေါ် တင်ထားလိုက်ပြီး လင်းဖုန်းရဲ့ အခန်းတံခါးဝဆီ သွားကာ တံခါးကို ခေါက်လိုက်တယ်။ ဒီတစ်ခေါက်မှာတော့ အထဲကနေ ဘာတုံ့ပြန်မှုမှ ထွက်မလာခဲ့ပါဘူး။
"လင်းဖုန်း... နင် ထပြီလားဟင်။ အခုထိ အခန်းထဲမှာပဲ ရှိနေတုန်းလား"
"..."
ဘာသံမှ မကြားရတာမို့ စုယွီရှု ဇဝေဇဝါ ဖြစ်သွားပြီး သန့်စင်ခန်းဘက်ကို လှမ်းကြည့်လိုက်မိတယ် - 'သူက ထပြီး မျက်နှာသွားသစ်နေတာများလား။'
ဒါကြောင့် စုယွီရှုက လင်းဖုန်းရဲ့ အခန်းတံခါးလက်ကိုင်ကို အသာအယာ လှည့်ကြည့်လိုက်ရာ... အင်း၊ တံခါးက ဂျက်ချမထားဘူးပဲ။
တံခါးကို တွန်းဖွင့်ပြီး အထဲကို လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ လင်းဖုန်းတစ်ယောက် ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲ ဖြစ်တာကို တွေ့လိုက်ရပြီး အိပ်မက်ကောင်းတွေ မက်နေပုံရကာ နှုတ်ခမ်းထောင့်လေးမှာလည်း အပြုံးတစ်ခု ဆင်မြန်းထားသေးတယ်။
စုယွီရှုရဲ့ မျက်နှာလေး ချက်ချင်း တည်သွားခဲ့ရတယ်။ သူမ လင်းဖုန်းရဲ့ ကုတင်ဘေးနားအထိ သွားလိုက်ပြီး လင်းဖုန်းရဲ့ ပေါင်ကို အားနဲ့ နာနာလေး ဖြတ်ရိုက်ချလိုက်တော့တယ်။
"ထတော့... ထတော့! နေတောင် ပေါင်လယ် ရောက်နေပြီ! နင် အလုပ်နောက်ကျတော့မယ်!"
လင်းဖုန်း မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လာပြီး အိပ်ချင်မူးတူး ပုံစံလေးနဲ့ - "ဟင်?"
"ငါ စောစောကတင် နင့်ကို နှစ်ခေါက်တောင် လှမ်းခေါ်ပြီးပြီလေ၊ အဲဒီတုန်းကလည်း နင်က ထပြီ ထပြီလို့ပဲ ဖြေခဲ့တာကို။ ဘာလို့ အခုထိ အိပ်ပျော်နေရသေးတာလဲ"
လင်းဖုန်းရဲ့ အပေါ်မျက်ခွံနဲ့ အောက်မျက်ခွံတို့က အသည်းအသန် စစ်ခင်းနေကြဆဲ ဖြစ်တာမို့ သူက ကြောင်အမ်းအမ်းနဲ့ ပြန်မေးလိုက်တယ် - "နင်... နင် ငါ့ကို ဘယ်တုန်းက လှမ်းခေါ်လို့လဲဟင်"
စုယွီရှု : "..."