သန့်စင်ခန်းအတွင်း၌။
လင်းဖုန်းသည် ရေချိုးပြီးနောက် ခန္ဓာကိုယ်ကို သေသေချာချာ သုတ်သင်လိုက်ပြီး ရေချိုးခန်းအပြင်ဘက်ရှိ ဗီရိုလေးကို ဖွင့်လိုက်ရာ အထဲတွင် ညအိပ်ဝတ်စုံ နှစ်စုံကို တွေ့ရှိခဲ့ရတယ်။
သူက ညအိပ်ဝတ်စုံ တစ်စုံကို ကောက်ဝတ်လိုက်ပြီး ဗီရိုထဲမှာ ကျန်နေသေးတဲ့ အခြားတစ်စုံကို ကြည့်ကာ စိတ်ထဲကနေ တစ်ခုခုကို အကွက်ချ စဉ်းစားလိုက်မိတာပေါ့။
ခဏအကြာတွင်။
လင်းဖုန်းသည် သန့်စင်ခန်းတံခါးကို တွန်းဖွင့်ကာ ထွက်လာခဲ့တယ်။ သူ ဝတ်ထားတဲ့ ညအိပ်ဝတ်စုံက ကြည့်ရတာ နည်းနည်း ထူအမ်းအမ်း ဖြစ်နေပြီး အပြန်အလှန်အားဖြင့်တော့ သန့်စင်ခန်းထဲက ဗီရိုလေးထဲမှာ ဘာမှမကျန်တော့ဘဲ ညအိပ်ဝတ်စုံ နှစ်စုံစလုံးက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တယ်။
သူက သန့်စင်ခန်းထဲက ထွက်လာပြီးနောက် ခပ်ပေါ့ပေါ့ပဲ လှမ်းပြောလိုက်တယ် - "သန့်စင်ခန်းထဲမှာ ညအိပ်ဝတ်စုံတွေ ရှိသားပဲ။ တို့တွေကလည်း လဲမယ့် အဝတ်အစား အပိုမှ ပါမလာတာ၊ အဲဒါကြောင့် ဒီနေ့ ဝတ်ထားတဲ့ အဝတ်အစားတွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်လိုက်ရင် ဘယ်လိုလဲဟင်။ အဝတ်လျှော်စက်က အခြောက်ခံ စနစ်လည်း ပါတာဆိုတော့ ဒီနေ့ လျှော်လိုက်ရင် မနက်ဖြန်မနက်ကျ အဆင်သင့် ပြန်ဝတ်လို့ရတာပေါ့"
စုယွီရှုက ဆိုဖာပေါ်မှာ ထိုင်နေရင်း သူမရဲ့ မျက်နှာအမူအရာက အနည်းငယ် မသဘာဝဘဲ ဖြစ်နေကာ - "ငါ... ငါ့ဘာသာငါ နောက်မှပဲ လျှော်လိုက်ပါ့မယ်"
"နှစ်ခါခွဲလျှော်နေရင် အလုပ်ရှုပ်တဲ့အပြင် ရေလည်း ဖြုန်းတီးရာ ရောက်တယ်။ တို့နှစ်ယောက်ရဲ့ အဝတ်အစားတွေ ပေါင်းလိုက်ရင်တောင် အများကြီး မရှိတာမို့ တူတူတွဲလျှော်လိုက်တာက ပိုအဆင်ပြေပါတယ်။ ငါက နင် အဝတ်အစားချွတ်တာကို ချောင်းကြည့်ချင်လို့ မဟုတ်ပါဘူးဟာ၊ ငါ့ရဲ့ လူကျင့်ဝတ်ကို နင် သိသားပဲဥစ္စာ"
"ဒီလိုလုပ်လေ... ငါ အခု အခန်းထဲကို အရင်ဝင်သွားမယ်၊ ပြီးမှ နင်က အဝတ်အစားတွေ ချွတ်ပြီး ဆိုဖာပေါ် တင်ထားခဲ့ပီး ရေသွားချိုးပေါ့။ နင် သန့်စင်ခန်းထဲ ရောက်သွားတဲ့ အခါကျမှ ငါ့ကို လှမ်းအော်ခေါ်လိုက်၊ အဲဒီအခါကျမှ ငါ အခန်းထဲက ထွက်လာခဲ့မယ်။ ဘယ်လိုလဲ"
စုယွီရှု ခဏလောက် တွေးလိုက်မိတယ်။ စောစောက အသားကင် စားထားတာမို့ သူမရဲ့ အဝတ်အစားတွေမှာ အသားကင်နံ့တွေ တော်တော်လေး စွဲနေတာကြောင့် တကယ်ပဲ လျှော်ဖွတ်ဖို့ လိုအပ်နေတာလေ။
"ဒါဆိုရင်လည်း... ပြီးတာပဲ၊ ဒါပေမဲ့ နင် လုံးဝ ချောင်းမကြည့်ရဘူးနော်"
လင်းဖုန်းက ချက်ချင်းပဲ သူ့ရဲ့ လက်ဝဲဘက်လက်ကို မြှောက်လိုက်ပြီး - "ငါ ကျိန်ဆိုရဲပါတယ်၊ လုံးဝ ချောင်းမကြည့်ပါဘူးဗျာ! တကယ်လို့သာ ချောင်းကြည့်ခဲ့ရင် ငါ့တစ်သက်လုံး မိန်းမလုံးဝ မရပါစေနဲ့!"
'မိန်းမသာ မရရင် နေပါစေ၊ ရည်းစားတော့ ထားလို့ရတာပဲဥစ္စာ!' လင်းဖုန်းက စိတ်ထဲကနေ ကလိမ်ကကျစ် တွေးလိုက်မိတာပေါ့။
သူမဆီက ပြန်လည်တုံ့ပြန်မယ့် စကားကိုတောင် မစောင့်တော့ဘဲ လင်းဖုန်းက အခန်းထဲကို အပြေးအလွှား ဝင်သွားရင်း - "နင် အဆင်သင့်ဖြစ်ရင် ငါ့ကို လှမ်းခေါ်လိုက်နော်!" လို့ အော်ပြောလိုက်တယ်။
စုယွီရှုက ဆိုဖာပေါ်က လင်းဖုန်းရဲ့ အဝတ်အစားတွေကို ကြည့်ပြီး စိတ်ကို ဒုန်းဒုန်းချလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သန့်စင်ခန်းထဲမှာ ညအိပ်ဝတ်စုံ ရှိနေတာပဲမို့ သူ ဘာမှ မြင်ရမှာ မဟုတ်ပါဘူးလေ!
အပြင် တစ်ခုရှိတာက... တကယ်လို့ လင်းဖုန်းက သူမအပေါ် တစ်ခုခု ကြံစည်ချင်တယ်ဆိုရင်လည်း လွန်ခဲ့တဲ့ အချိန်ကတည်းက လုပ်လို့ရနေတာပဲဥစ္စာ။ အခုဆိုရင် သူတို့နှစ်ယောက်က အမိုးတစ်ခုတည်းအောက်မှာ တူတူတောင် နေနေကြပြီဖြစ်တာမို့ ဘာတွေကိုများ ထပ်ပြီး ကြောက်နေရဦးမှာလဲ။
ဒီလိုမျိုး တွေးလိုက်မိပြီးနောက်မှ စုယွီရှုလည်း စိုးရိမ်ပူပန်မှုတွေကို ဘေးဖယ်ထားလိုက်ပြီး ရေချိုးဖို့အတွက် ပြင်ဆင်လိုက်တော့တယ်။
…………
အခန်းအတွင်း၌။
လင်းဖုန်းက အပြင်ဘက်က ညအိပ်ဝတ်စုံကို ချွတ်လိုက်ရာ အတွင်းထဲမှာ နောက်ထပ် ညအိပ်ဝတ်စုံ တစ်စုံကို ထပ်မံ ဝတ်ဆင်ထားတာ ဖြစ်တယ်။ အခုအချိန်မှာတော့ သန့်စင်ခန်းထဲက ဗီရိုလေးက ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြီပေါ့။
မကြာခင်မှာပဲ အပြင်ဘက်ကနေ စုယွီရှုရဲ့ သာယာငြိမ့်ညောင်းတဲ့ အသံလေး ထွက်ပေါ်လာခဲ့တယ် - "ငါ အဆင်သင့် ဖြစ်ပြီနော်၊ ရေချိုးခန်းထဲ ဝင်တော့မယ်"
လင်းဖုန်းရဲ့ နှုတ်ခမ်းထောင့်မှာ အောင်နိုင်သူရဲ့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တယ်။ ထို့နောက် သူက အခန်းထဲကနေ လှမ်းထွက်လာခဲ့ပြီး လေချွန်တသီသီနဲ့ ဆိုဖာပေါ်က သူတို့နှစ်ယောက်စလုံးရဲ့ အဝတ်အစားတွေကို ကောက်ယူကာ အဝတ်လျှော်စက်ထဲကို ပစ်ထည့်လိုက်တော့တယ်။
"နောင်ကျရင် ငါ အရိုက်ခံရမလား မသိဘူး၊ ဒါပေမဲ့ ကြည့်ရတာတော့ တန်ပါတယ်!"
မိနစ် ၂၀ ခန့် ကြာပြီးနောက်။
စုယွီရှုတစ်ယောက် ဟာလာဟင်းလင်း ဖြစ်နေတဲ့ ဗီရိုလေးကို စိုက်ကြည့်ရင်း နေရာမှာတင် ဆွံ့အလို့ သွားခဲ့ရတယ်။
"ငါ့ရဲ့... ငါ့ရဲ့ ညအိပ်ဝတ်စုံကော"
စုယွီရှုရဲ့ စိတ်အာရုံက ချက်ချင်းပဲ ဗလာနတ္ထိ ဖြစ်သွားခဲ့ရပြီး ရူးမတတ်နဲ့ နေရာအနှံ့ အသည်းအသန် လိုက်ရှာတော့တယ်။ နောက်ဆုံး ရလဒ်ကတော့ ရှင်းရှင်းလေးပါပဲ... ဘာမှ ရှာမတွေ့ခဲ့ပါဘူး!
စုယွီရှုက သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကျန်ရှိနေတဲ့ တစ်ခုတည်းသော အတွင်းခံအဝတ်အစားလေးကို ငုံ့ကြည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ... အပြင်ရောက်တာနဲ့ လင်းဖုန်းကို အားရပါးရ နာနာလေး ဆိတ်ပစ်မယ်လို့ စိတ်ထဲကနေ ကြုံးဝါးလိုက်တော့တယ်။
ဒါပေမဲ့ ခဏအကြာမှာတော့ သူမတစ်ယောက် အတွေးနက်သွားရပြန်တယ်။
အခုလိုမျိုး အခြေအနေနဲ့ သူမ အပြင်ကို ဘယ်လိုလုပ် ထွက်လို့ရမှာလဲ။
စုယွီရှုက တိုင်မှာချိတ်ထားတဲ့ ရေချိုးသုတ်ပဝါကို အသုံးပြုဖို့ ကြိုးစားကြည့်ပေမဲ့ ပဝါက သေးလွန်းလှတာမို့ 'အဲဒီနေရာ' ကိုတောင် သေသေချာချာ ဖုံးကွယ်နိုင်စွမ်း မရှိဘူးလေ။
မိနစ်အနည်းငယ်လောက် ဝေခွဲမရ ဖြစ်နေပြီးတဲ့နောက်မှာတော့ စုယွီရှုက တံခါးကို အသာအယာ ခေါက်လိုက်ပြီး - "လင်း... လင်းဖုန်း၊ နင် အပြင်မှာ ရှိနေလားဟင်"
"ရှိတယ်လေ၊ ဘာဖြစ်လို့လဲ။ ငါ့ကို အထဲဝင်ပြီး ကျောလာတိုက်ပေးစေချင်လို့လား။ အခုပဲ ဝင်လာခဲ့မယ်၊ ခဏစောင့်နော်!"
စုယွီရှုတစ်ယောက် လန့်ဖျာ့သွားပြီး တံခါးကို ဂျက်ချအမြန်ပိတ်လိုက်ကာ - "နင်... နင် ဝင်မလာနဲ့ဦး! ငါ နင့်ကို တခြားကိစ္စကြောင့် လှမ်းခေါ်တာ!"
အပြင်ဘက်က လင်းဖုန်းရဲ့ အသံက စိတ်ပျက်သွားတဲ့ ပုံစံမျိုးနဲ့ - "ဒါဆို ဘာလို့ လှမ်းခေါ်တာလဲ။ အကြောလာလျှော့ပေးဖို့လား"
စုယွီရှု : "..."
"နင်... စကားမဖြတ်နဲ့ဦး။ ငါ နင့်ကို မေးနေတာ... ဗီရိုထဲက ညအိပ်ဝတ်စုံတွေ ဘယ်ရောက်ကုန်တာလဲ။ တို့တွေ အစောက ရောက်တုန်းက သေသေချာချာ မြင်သားပဲဥစ္စာ၊ ညအိပ်ဝတ်စုံက နှစ်စုံ ရှိတာကို"
"ယွီရှု... နင်က ဘာကို ဆိုလိုတာလဲ။ ငါက ညအိပ်ဝတ်စုံ နှစ်စုံစလုံးကို တမင်တကာ ဝတ်ပြီး အဝေးကို ယူသွားတယ်လို့ သံသယဝင်နေတာလား။ ပြီးတော့ နင် ဝတ်စရာ မရှိအောင် အဝတ်အစားတွေကိုလည်း တမင်တကာ လျှော်ပစ်လိုက်တယ်ပေါ့ ဟုတ်လား။ ငါက နင့်အပေါ် အခွင့်အရေးယူချင်လို့ အခုလိုမျိုး အကွက်ဆင်ပြီး ဒုက္ခခံနေတယ်လို့ ပြောချင်တာလား" လင်းဖုန်းက အပြင်ဘက်ကနေ အသံကျယ်ကြီးနဲ့ အော်ပြောလိုက်တယ်။
"လင်းဖုန်း... နင်... နင် စိတ်မဆိုးပါနဲ့၊ ငါက အဲလို ဆိုလိုတာ မဟုတ်ပါဘူး၊ ငါက..."
"ယွီရှု... နင်က တကယ့်ကို လူအကဲခတ် တော်တာပဲနော်!"
စုယွီရှု : "???"
ပတ်ဝန်းကျင်တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စုယွီရှုကပဲ တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွဲလိုက်တယ် - "လင်းဖုန်း... နင် အခန်းထဲကို အရင် ပြန်ဝင်ပေးလို့ ရမလား"
"ရတာပေါ့!" လင်းဖုန်းက အလွန်တရာမှ လွယ်ကူစွာပဲ သဘောတူလိုက်တယ်။
စုယွီရှု အနည်းငယ် အံ့အားသင့်သွားရတယ်၊ လင်းဖုန်းတစ်ယောက် အခုလိုမျိုး တန်းပြီး သဘောတူလိမ့်မယ်လို့ သူမ ထင်မထားခဲ့မိဘူးလေ။
၁၅ စက္ကန့်ခန့် ကြာပြီးနောက်။
အပြင်ဘက်ကနေ လင်းဖုန်းရဲ့ အသံ ထွက်ပေါ်လာခဲ့တယ် - "ငါ အခန်းထဲ ရောက်ပြီနော်၊ ယွီရှု... နင် အပြင်ထွက်လာလို့ ရပြီ"
စုယွီရှုတစ်ယောက် ဆွံ့အသွားခဲ့ရတယ်။
'သူက ငါ့ကို လူအူကြောင်ကြောင်ကြီးလို့ ထင်နေတာလား။'
'အနည်းဆုံးတော့ ခြေလှမ်းအနည်းငယ် လှမ်းပြပြီး ခြေသံလေး ဘာလေး ပေးရမှာ မလား။'
'ပြီးတော့ နင့်ရဲ့ အသံက စောစောက အသံအတိုင်း ပုံစံတူကြီးပဲဥစ္စာ! နင့်ရဲ့ တည်နေရာက လုံးဝ မပြောင်းလဲသေးဘူး!!!'
'ငါ့ကို လှည့်စားချင်ရင်တောင် နည်းနည်းလောက်တော့ ဟန်ဆောင်ပြပါဦးလား!'
"လင်းဖုန်း"
"ငါ့ကို ခေါ်တာလား"
"နင် အခန်းထဲကို လုံးဝ ပြန်မဝင်သွားဘူးမလား။ အခုထိ ဆိုဖာပေါ်မှာပဲ ရှိနေတုန်းပဲ မလား"
"ဟင်? ယွီရှု... နင်က ဘယ်လိုလုပ် သိတာလဲ"
စုယွီရှု : "..."
'နင်က ငါ့ကို ဖုံးကွယ်ဖို့တောင် ကြိုးမစားဘဲနဲ့၊ ငါက ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။'
"ဒါဆိုရင် နင် အခန်းထဲကို ပြန်ဝင်ပေးပါလို့ တောင်းပန်ပါတယ်နော်။ နင် အပြင်မှာ ဘာမှ လုပ်စရာ မရှိဘူးမလား"
"ဟီးဟီး!"
စုယွီရှု : "???"
…………
လင်းဖုန်းသည် စုယွီရှုကို ခေတ္တခဏ စနောက်ပြီးနောက်မှာတော့ ဆက်ပြီး မစတော့ဘဲ စုယွီရှု အနည်းငယ် ဟဟလေး ဖွင့်ထားတဲ့ တံခါးကြားကနေတစ်ဆင့် ညအိပ်ဝတ်စုံကို အထဲကို ကမ်းပေးလိုက်တော့တယ်။
တစ်မိနစ်ခန့် ကြာပြီးနောက်။
စုယွီရှုသည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ကာ မျက်နှာသေလေးနဲ့ သန့်စင်ခန်းထဲက ထွက်လာခဲ့ပြီး လင်းဖုန်းကို နာနာလေး တစ်ချက် လှမ်းဆိတ်လိုက်ကာ သူမရဲ့ အခန်းထဲကို အပြေးအလွှား ပြန်ဝင်သွားခဲ့တော့တယ်။
"လင်းဖုန်း... နင်က တကယ်ကို လူဆိုးပဲ! ငါ နင့်ကို စကားမပြောတော့ဘူး၊ ဟွန့်!"
လင်းဖုန်း နှုတ်ခမ်းလေးစူပြီး စိတ်ထဲကနေ တွေးလိုက်မိတယ် - 'တကယ်လို့ ငါသာ တကယ် လူဆိုးဆိုရင်... နင့်ရဲ့ အိပ်ရာကို ရေစိုအောင် တမင်လုပ်ပစ်ပြီး ငါ့ကုတင်ပေါ်ကို အတင်းလာတိုးခိုင်းမှာပေါ့'
စုယွီရှု အခန်းထဲ ပြန်ဝင်သွားပြီးနောက် လင်းဖုန်းလည်း သူ့ရဲ့ အခန်းထဲကို ပြန်ဝင်ခဲ့တယ်။
အခုအချိန်က တော်တော်လေး စောသေးပြီး ည ၁၀ နာရီတောင် မရှိသေးဘူးလေ။
လင်းဖုန်းက ပုံမှန်ဆိုရင် အနည်းဆုံး ၁၁ နာရီကျော်မှ အိပ်တတ်သူဖြစ်တာမို့ ကုတင်ပေါ်မှာ လှဲလျောင်းရင်း ဒူယင်း ကို ဖွင့်လိုက်တော့တယ်။
သူ ဒူယင်းထဲ ဝင်လိုက်တာနဲ့ အပေါ်ဘက်ကနေ ရုတ်တရက် အကြောင်းကြားစာ တစ်ခု တန်းပြီး ပေါ်ထွက်လာခဲ့တယ် - "သင် ဖော်လိုလုပ်ထားသော 'ရှောင်ပိုင်' သည် လက်ရှိတွင် လိုက်ဖ်လွှင့်နေပါသည်..."
လင်းဖုန်း မျက်ခုံးတစ်ချက် ပင့်လိုက်မိပြီး - "ရှောင်ပိုင် ဟုတ်လား။ ငါက ဘယ်တုန်းက ဒီလိုအမည်ရှိတဲ့ လိုက်ဖ်လွှင့်သူ ကို ဖော်လိုလုပ်ထားမိပါလိမ့်"
သူက လိုက်ဖ်လွှင့်တဲ့ အခန်းထဲကို နှိပ်ဝင်ပြီးတဲ့နောက်မှပဲ ရုတ်တရက် သတိရသွားတော့တယ်... ဪ... သူပဲကိုး!
ဒီလိုက်ဖ်လွှင့်တဲ့ မိန်းကလေးက ထိုစဉ်တုန်းက သူ ပါဂါနီ စူပါကား သွားကြည့်တဲ့ နေ့က ကားဂိုဒေါင်ထဲမှာ ဆုံခဲ့တဲ့ မိန်းကလေး ဖြစ်တယ်။ သူ့ကြောင့်မို့လို့ လန့်ဖျန့်ပြီး သူမရဲ့ ဖုန်းလေး လေထဲ ပျံဝဲသွားခဲ့ရတာလေ။
ထိုစဉ်တုန်းက လင်းဖုန်းက သူမရဲ့ ဖုန်းဖိုးအတွက် လျော်ကြေးအဖြစ် လိုက်ဖ်လွှင့်တဲ့ အခန်းထဲ ဝင်ပြီးတော့ ကာနီဗယ် လက်ဆောင်အချို့ကို ပစ်ပေးခဲ့ဖူးတာ ဖြစ်တယ်။
အခုအချိန်မှာ 'ပိုင်ရင်းရှို့' က သီချင်းတစ်ပုဒ် သီဆိုနေသော်လည်း သူမ ဆိုနေတဲ့ သီချင်းစာသားက ကြည့်ရတာ အနည်းငယ် ထူးဆန်းနေသလိုပဲ။
"အို~ ဗီဒီယိုကို ကျော်မသွားကြပါနဲ့ဦးရှင်~"
"ဒီသီချင်းလေးကိုတော့ လူပျိုကြီး လူပျိုသိုး တွေအတွက် စပ်ဆိုထားတာပါ~"
"အခြားလူတွေကတော့ ချစ်သူနဲ့တူတူ စားသောက် ပျော်ပါးနေကြချိန်မှာ နင်တို့မှာတော့ မရှိဘူး~"
"နင်တို့ကတော့ နေ့တိုင်း ညဉ့်နက်တဲ့အထိ ဖုန်းလေးပွတ်ပြီး အိပ်ကြလို့ ထိပ်ပြောင်ရတော့မယ်~"
"စိတ်မကောင်းပါဘူးနော်၊ လူပျိုကြီး သူငယ်ချင်းတို့ရေ~"
…………
"တေးသီငှက်ငယ်နှစ်ကောင်က မိုးမခပင်ထက်မှာ တွန်ကျူးနေပေမဲ့... နင်တို့ကတော့ အခုထိ ရည်းစားမရှိသေးဘူး~"
"ယုန်ထီးနဲ့ ယုန်မက ယှဉ်တွဲပြီး ပြေးလွှားနေကြပေမဲ့... နင်တို့ကတော့ အခုထိ ရည်းစားမရှိသေးဘူး~"
"နွေဦးရဲ့ မြစ်ရေပြင်က အရှေ့ဘက်ကို စီးဆင်းနေပေမဲ့... နင်တို့ကတော့ အခုထိ ရည်းစားမရှိသေးဘူး~"
"ယောက်ျားကောင်းတစ်ယောက်ရဲ့ သောကတွေက ဘယ်လောက်တောင် များပြားလိုက်သလဲ၊ ဘယ်တော့မှ ရည်းစားရမှာလဲ~"
"မတရားမှုကို မြင်ရင် ဟစ်အော်တတ်ကြပေမဲ့... နင်တို့ကတော့ အမြဲတမ်း ရည်းစားမရှိဘဲ တစ်ယောက်တည်းပဲ~"
"ဒီသီချင်းကတော့ ကောင်းကင်ဘုံမှာပဲ ရှိသင့်တဲ့ အရာမို့... နားထောင်ပြီးလည်း နင်တို့ကတော့ လူပျိုကြီး ဘဝအတိုင်းပါပဲ~"