အခန်း ၃၈။ လျှပ်စစ်ကောင်မလေး (ဆိုင်ကယ်) ကို စီးနှင်ခြင်း
လင်းဖုန်းသည် မိမိကိုယ်ကိုယ် ပြန်လည်ဆဲဆိုပုတ်ခတ်ရသည့်အပေါ် မည်သည့်စိတ်ဒဏ်ရာမျှ ရှိမနေပေ။
ပြောရမည်ဆိုလျှင် အတိုင်းအတာတစ်ခုအထိတော့ သူ လိမ်ညာပြောဆိုနေခြင်း မဟုတ်တာ အမှန်ပင်။(တကယ်နှာဘူးပါ🤌🏻)
ဒါကို လင်းမြောင်မြောင်ကော လျူရှင်းပါ သက်သေပြနိုင်လိမ့်မည်။
အင်း... လင်းဖုန်းက အဲ့လောက်အထိ ရိုးသားဖြောင့်မတ်လွန်းသူ ဖြစ်သည်။
စုယွီရှုသည် လင်းဖုန်း၏ စကားကို ကြားပြီးနောက် အနည်းငယ် သဘောမတူသလိုမျိုး တုံ့ပြန်လာသည်။ "ကောလာဟလတွေကို ဒီတိုင်း အလွယ်တကူ မယုံကြည်သင့်ဘူးနော်။ ငါ အခုပဲ တိုက်ခန်း ငါးနှစ်စာ နေထိုင်ခွင့် အလကားရထားပြီးပြီ၊ ဘာအလုပ်မှလည်း သေသေချာချာ မလုပ်ရသေးဘူး။ တွေးကြည့်ရင် တကယ်ပဲ အားနာစရာကြီး"
လင်းဖုန်းက လက်ဝှေ့ယမ်းလိုက်ရင်း "အားနာစရာ ဘာမှမရှိပါဘူး၊ အခုက တကယ်ပဲ ဘာအလုပ်မှ မရှိသေးလို့ပါဟ။ တကယ်တမ်း လုပ်စရာ အလုပ်ပေါ်လာတဲ့အခါကျမှ အတည်ပေါက် ကြိုးစားလိုက်ရင်လည်း အဆင်ပြေပါတယ်။ အလုပ်မရှိသေးတဲ့ အချိန်လေးမှာ စကားစမြည် ပြောကြတာပေါ့"
လင်းဖုန်းကပဲ စကားဝိုင်းကို စတင်လိုက်သည်။ "နင် အခု ပေါက်ထားတဲ့ တိုက်ခန်းကို ဘာလုပ်ဖို့ စီစဉ်ထားလဲ။ ကိုည်တိုင်ပဲ နေမလား၊ ဒါမှမဟုတ် အပြင်ကို ပြန်ငှားစားမလား"
စုယွီရှု ခဏလောက် စဉ်းစားလိုက်ပြီးမှ "ငါကိုယ်တိုင်ပဲ သွားနေဖို့ စီစဉ်ထားပါတယ်။ ငါ့အဖေက ဆေးရုံမှာ ကျန်းမာရေး တော်တော်လေး ကောင်းမွန်လာပြီဆိုတော့ နောက်နှစ်ပတ်အတွင်း ဆေးရုံက ဆင်းလို့ရပြီလေ။ တကယ်လို့ ငါတို့ အရင်ငှားနေတဲ့ အခန်းမှာပဲ ဆက်နေမယ်ဆိုရင် သူ့ရဲ့ ကျန်းမာရေး ပြန်လည်ထူထောင်မှုအတွက် မကောင်းဘူး၊ ပြီးတော့ အဲ့ဒီအိမ်ဟောင်းက ကုမ္ပဏီနဲ့ အရမ်းဝေးတော့ လမ်းခရီးမှာ အချိန်အကြာကြီး ကုန်ဆုံးရတာမျိုးလည်း မဖြစ်ချင်တော့ဘူး"
"အင်း... ကိုယ်တိုင် သွားနေတာက အကောင်းဆုံးပဲ။ နောက်ဆိုရင် ဘဝက တဖြည်းဖြည်းနဲ့ ပိုပြီး ကောင်းမွန်လာတော့မှာပါ"
စုယွီရှုက လက်ချောင်းလေးတွေ ချိုးပြီး တိတ်တဆိတ် တွက်ချက်ပြလာသည်။ "ငါ့ရဲ့ လက်ရှိ အလုပ်သင်လစာက တစ်လကို ယွမ် ရှစ်ထောင်ရှိတယ်၊ အမြဲတမ်းဝန်ထမ်း ဖြစ်သွားရင်တော့ တစ်လ ယွမ် တစ်သောင်းနှစ်ထောင် ရမယ်။ လစဉ်ရမယ့် အခြားခံစားခွင့်တွေပါ ပေါင်းလိုက်ရင်တော့ တစ်လကို ယွမ် နှစ်သောင်းခွဲနီးပါး ရှိလိမ့်မယ်။ လစဉ် မရှိမဖြစ် ကုန်ကျစရိတ်တွေကို နှုတ်လိုက်ရင်တောင် တစ်လကို ယွမ် နှစ်သောင်းသုံးထောင်၊ လေးထောင်လောက် အေးဆေး စုမိမှာ။ ဒီလိုဆိုရင် တစ်နှစ်ကို ယွမ် သုံးသိန်းနီးပါး စုမိနိုင်တယ်!"
"ဒီအတိုင်းဆိုရင် သုံးနှစ်ဝန်းကျင်လောက်အတွင်းမှာ နင့်ကို ပိုက်ဆံတွေ အားလုံး ပြန်ဆပ်နိုင်လိမ့်မယ် ထင်တယ်"
စုယွီရှု၏ မျက်ဝန်းအစုံတွင် မျှော်လင့်ချက်အရောင်အဝါများ ပြည့်နှက်နေပြီး ဘဝသည် တကယ်ကို ပြောင်းလဲတိုးတက်လာခဲ့ပြီ ဖြစ်သည်။
ကံတရားသည် စုယွီရှု မွေးဖွားလာကတည်းက ဘယ်တုန်းကမှ မျက်နှာသာ မပေးခဲ့ပေ။ သူမကို မွေးဖွားစဉ်မှာတင် မိခင်ဖြစ်သူက သွေးသွန်ပြီး ကွယ်လွန်သွားခဲ့ရသည်။
ဖခင်ဖြစ်သူကလည်း ကျန်းမာရေး အမြဲမကောင်းလှတာမို့ သူတို့အိမ်မှာဆိုလျှင် ဆေးမျိုးစုံ ရှိနေတတ်ပြီး ဆေးဆိုင်တစ်ဆိုင်ပင် ဖွင့်လှစ်နိုင်လောက်သည်။ စုယွီရှုတစ်ယောက် တက္ကသိုလ်ဘွဲ့ရလို့ ဘဝကို စတင်ရုန်းကန်ပြီး ပိုက်ဆံရှာတော့မည့် အချိန်မှာပဲ ဖခင်ဖြစ်သူ ဆူရှင်းကွေ့က မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့ရပြန်သည်။
သူမ၏ ဘဝက ကံဆိုးမိုးမှောင်ကျမှုများဖြင့်သာ ပြည့်နှက်နေခဲ့သော်လည်း အခုအချိန်မှာတော့ တောက်ပလှပမည့် အနာဂတ်သစ်ဆီသို့ နောက်ဆုံးတွင် မျှော်လင့်စောင့်စားခွင့် ရရှိခဲ့ပြီ ဖြစ်သည်။
လင်းဖုန်းသည် မျှော်လင့်ချက်များဖြင့် တောက်ပနေသည့် စုယွီရှု၏ မျက်ဝန်းလေးကို ကြည့်ကာ နှုတ်ခမ်းအစုံတွင်လည်း အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
လင်းဖုန်းအနေဖြင့် ထိုဆေးကုသစရိတ်တွေကို ပြန်ဆပ်စရာမလိုကြောင်း အကြိမ်ကြိမ် ပြောဖူးသော်လည်း စုယွီရှုသည် အခြားကိစ္စရပ်များတွင် လိုက်လျောညီထွေ ရှိတတ်သော်လည်း ဤကိစ္စတွင်တော့ လုံးဝ အလျှော့မပေးဘဲ လင်းဖုန်းကို ပြန်ဆပ်မည်ဟုသာ ဇွတ်မှိတ်ပြီး တင်းခံနေခဲ့ခြင်း ဖြစ်သည်။
လင်းဖုန်းလည်း ဘာမှတတ်နိုင်ခြင်းမရှိတာမို့ ဤနည်းလမ်းကိုသာ တီထွင်လိုက်ရတော့သည်။ အဲ့ဒါကတော့ ကုမ္ပဏီအတွင်းရှိ စုယွီရှု၏ ခံစားခွင့်တွေကို အမြင့်ဆုံးအထိ မြှင့်တင်ပေးပြီး သူမအနေဖြင့် လင်းဖုန်းကို အမြန်ဆုံး ပြန်လည်ပေးဆပ်နိုင်အောင် စီစဉ်ပေးခြင်းပင် ဖြစ်သည်။
"ယွီရှု... ငါတို့တစ်ခုလောက် တိုင်ပင်ရအောင်"
စုယွီရှုက လင်းဖုန်းကို စိုက်ကြည့်လိုက်ရင်း "ငါ နင့်ကို ပိုက်ဆံ သေချာပေါက် ပြန်ဆပ်မှာပါ။ နင် ဘာပဲပြောပြော ငါ့ရဲ့စိတ်ကူးက ပြောင်းလဲမှာ မဟုတ်ဘူး"
စုယွီရှုက ဂျစ်ကန်ကန် အမူအရာလေးဖြင့် ပြောလိုက်သည်။
"ငါ နင့်ကို ကတိပေးထားပြီးပြီဆိုတော့ ဘယ်တော့မှ စကားပျက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နင် စောစောက ပြောတာကျတော့... လစဉ်ရသမျှ ပိုက်ဆံတွေ အားလုံးနီးပါးကို ငါ့ဆီ ပြန်ဆပ်ပြီး နင့်အတွက် မရှိမဖြစ် ကုန်ကျစရိတ်အနည်းငယ်ပဲ ချန်ထားမယ်ဆိုတာကတော့ သိပ်ပြီး မသင့်တော်ဘူးလို့ ခံစားရလို့ပါ"
"ငါက အစားအသောက် သိပ်မစားတတ်ပါဘူး၊ ပြီးတော့ နေ့တိုင်း ကိုယ်တိုင်ချက်စားတာကလည်း ပိုက်ဆံ အများကြီး မကုန်ပါဘူး။ တိုက်ခန်းရဲ့ ရေခ၊ မီးခတွေကိုလည်း ကိုယ်တိုင် ပေးစရာမလိုဘူးဆိုတော့ လစဉ် ကုန်ကျစရိတ်က တကယ်ကို မရှိသလောက်ပါပဲ။ ငါနဲ့ အဖေ နှစ်ယောက်လုံးအတွက် တစ်လကို ယွမ် နှစ်ထောင်တောင် ကုန်မှာ မဟုတ်ဘူး"
"ဒါပေမဲ့ နင့်အဖေက အခုမှ ခွဲစိတ်မှုလုပ်ထားတာလေ။ ကျန်းမာရေး ပြန်ကောင်းဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားဖို့ မလိုဘူးလား။ လူနှစ်ယောက်အတွက် တစ်လ ယွမ် နှစ်ထောင်ဆိုတာကတော့ ဘယ်လိုမှ မလုံလောက်ပါဘူး။ အဲ့ဒါကြောင့် ဒီတစ်ခါတော့ ငါ့စကားကို နားထောင်— နင် ငါ့ကို တစ်လကို ယွမ် တစ်သောင်းခွဲပဲ ပြန်ဆပ်။ အဲ့ဒါဆို တစ်နှစ်ကို ယွမ် တစ်သိန်းရှစ်သောင်း ရှိမယ်။"
"ငါ နင့်ကို စိုက်ထုတ်ပေးထားတာ ယွမ် တစ်သန်း ဖြစ်ပေမဲ့ နင်ပြောပုံအရ အကြိုပေးချေထားတဲ့ ငွေတွေ အားလုံး မကုန်သေးဘဲ ယွမ် သုံးသိန်းလောက် ကျန်သေးတယ်ဆိုတော့ နင် ငါ့ကို ယွမ် ခုနစ်သိန်းပဲ ကြွေးတင်တာပေါ့။"
"တစ်နှစ်ကို ယွမ် တစ်သိန်းရှစ်သောင်းဆိုရင် လေးနှစ်မပြည့်ခင်မှာတင် နင် ငါ့ကို အကြွေးအားလုံး အပြီးဆပ်နိုင်လိမ့်မယ်"
"တကယ်တော့ တစ်လကို ယွမ် နှစ်သောင်း ပြန်ဆပ်ရင်လည်း အဆင်ပြေပါတယ်၊ တို့မိသားစုက ပိုက်ဆံ သိပ်မသုံးဖြစ်လို့ပါ..." စုယွီရှုက တိုးညင်းတဲ့ လေသံလေးဖြင့် ပြောလိုက်သည်။
"မရဘူး... ငါက တစ်လ တစ်သောင်းခွဲဆိုရင် တစ်သောင်းခွဲပဲ။ ပြီးတော့ နင် လစဉ်လတိုင်း အစားအသောက်ကို အာဟာရရှိအောင် ကောင်းကောင်း စားရမယ်၊ အသားတွေ ပိုဝယ်စားရမယ်။ ငါ ရံဖန်ရံခါ နင့်အိမ်ဆီ လာပြီး စစ်ဆေးဦးမှာ။ တကယ်လို့ နင် အစားအသောက် ကောင်းကောင်းမစားတာကို ငါ တွေ့သွားရင်တော့ ဒီအကြွေးတွေကို ပြန်ဆပ်ဖို့ မစဉ်းစားနဲ့တော့!"
စုယွီရှု နှုတ်ခမ်းလေး စူလိုက်ရင်း "ငါက အသားစားရတာ သိပ်မကြိုက်ပါဘူး..."
"အသားစားရတာ မကြိုက်ဘူး ဟုတ်လား။ အသားမစားဘဲ နေလို့ ဘယ်ဖြစ်မလဲ။ အသားမစားရင် ခန္ဓာကိုယ်က ဘယ်လိုလုပ် ဖွံ့ဖြိုးတိုးတက်လာမှာလဲ။ ကြည့်စမ်း... နင်က တရွတ်တိုက်ပိန်နေတာပဲ။ လာဦး... ငါ စမ်းကြည့်... အားးး၊ နင် ငါ့ကို ဘာလို့ လာဆိတ်တာလဲ..."
လင်းဖုန်း သူ့ခါးကို ပြန်လည်ပွတ်သပ်လိုက်ရသည်။ စုယွီရှုတစ်ယောက် ပုံမှန်အချိန်ဆို ငြိမ်နေတတ်သော်လည်း လက်ပါပြီဆိုလျှင်တော့ ခါးကို ကွက်တိ ဆိတ်တတ်ခြင်း ဖြစ်သည်။
(မိန်းကလေးများ မွေးရာပါ ကျွမ်းကျင်မှု🥲)
"နင့်ရဲ့လက်က စောစောက... ဘယ်နေရာကို လှမ်းနှိုက်ဖို့ ပြင်နေတာလဲ" စုယွီရှု လက်နှစ်ဖက်ဖြင့် သူမ၏ ရင်အုပ်ကို ကာကွယ်လိုက်ရင်း အော်လိုက်သည်။
လင်းဖုန်း၏ မျက်နှာအမူအရာကတော့ လုံးဝမပြောင်းလဲဘဲ အရေထူစွာဖြင့် ဆက်ပြောလိုက်သည်။ "ငါက နင့်ရဲ့ ခန္ဓာကိုယ် အခြေအနေ ဘယ်လိုရှိလဲ၊ ကျန်းမာရေး ထိခိုက်လောက်အောင် ပိန်လွန်းနေသလားဆိုတာကို စေတနာနဲ့ စမ်းသပ်ကြည့်ချင်ရုံတင်ပါ"
"နင် ပြောတာ ဘယ်လိုမှ မဟုတ်ဘူး၊ နင် စောစောက... အဲ့ဒီနေရာကို သေသေချာချာ ဦးတည်နေတာ ငါ မြင်တယ်"
"အဲ့ဒီနေရာက အရမ်းပိန်လွန်းရင်လည်း ကျန်းမာရေးအတွက် မကောင်းဘူးလေ သိလား။ တကယ်တော့ ငါ့ရဲ့ ဘိုးဘွားစဉ်ဆက်က ဆရာဝန်တွေ ဖြစ်ခဲ့ကြတာ။ သူတို့ရဲ့ ဆေးပညာတွေက ငါ့ဆီ မရောက်လာခဲ့ပေမဲ့ နှိပ်နယ်တဲ့ အနှိပ်ပညာ လျှို့ဝှက်ချက်တစ်ခုတော့ အမွေရထားခဲ့တယ်။ တကယ်လို့ နင် စိတ်မရှိဘူးဆိုရင် ဒီနေ့ တိုက်ခန်းကို ရောက်တဲ့အခါ ငါ နင့်ကို သွေးလေလည်ပတ်မှု ကောင်းမွန်သွားအောင် အနှိပ်ပညာနဲ့ နှိပ်ပေးမယ်။ ငါ အာမခံတယ်... သုံးလမပြည့်ခင်မှာတင် နင့်ရဲ့ ဆိုဒ်က တစ်ဆင့် တိုးတက်သွားစေရမယ်!"
စုယွီရှုသည် လင်းဖုန်း ပြောနေသည့် စကား၏ အဓိပ္ပာယ်ကို နောက်ဆုံးကျမှ သဘောပေါက်သွားပြီး မျက်နှာလေးတစ်ခုလုံး ရှက်သွေးဖြန်းကာ နီမြန်းသွားတော့သည်။ "နင်... နင်ကတော့လေ... ထားလိုက်တော့၊ နင်နဲ့ စကား ဆက်မပြောတော့ဘူး"
စုယွီရှုသည် လင်းဖုန်းကို ကျောခိုင်းလိုက်တော့သည်။ လင်းဖုန်း နှာခေါင်းရှုံ့လိုက်မိသည်။ ငါ ဘာများ မှားပြောမိလို့လဲ
ဒါက မဆွဲဆောင်နိုင်ဘူးလား
ငါက နှိပ်နယ်တဲ့နေရာမှာ တကယ့်ကို ဆရာကြီးအဆင့် ပါဆိုဗျာ!
...
အချိန်တွေက ကုန်လွန်ရတာ မြန်ဆန်လွန်းလှပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် အလုပ်ဆင်းချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
စုယွီရှုသည် အာဂျောင်းဆီကနေ တိုက်ခန်းသော့နဲ့ လိပ်စာကို ရရှိခဲ့ပြီးဖြစ်တာမို့ ဒီနေ့ညကစပြီး အဲ့ဒီမှာ တန်းသွားနေထိုင်လို့ရပြီ ဖြစ်သည်။
လင်းဖုန်းသည် နေ့လယ်ပိုင်းက ဘာမှမဖြစ်ခဲ့သလိုမျိုး အမူအရာဖြင့် စုယွီရှု၏ အနားသို့ ထပ်မံ ချဉ်းကပ်လာခဲ့ပြန်သည်။
"ခဏနေရင် ငါတို့ ဘယ်မှာ သွားစားကြမလဲ။ နင်ပြောတဲ့ အရသာ အရမ်းရှိတယ်ဆိုတဲ့ ဆိုင်က ဘယ်မှာလဲ"
စုယွီရှုသည်လည်း နေ့လယ်ပိုင်းက အနှိပ်ပညာနဲ့ ရင်သားဆိုဒ် တိုးတက်မည့် အကြောင်းအရာကို မသိချင်ယောင်ဆောင်ပြီး တားမြစ်ပိတ်ပင်ထားလိုက်ကာ ပြန်လည်ပြောလိုက်သည်။ "အဲ့ဒီဆိုင်က တို့တက္ကသိုလ်ရဲ့ အနီးနားမှာ ရှိတာ၊ ကုမ္ပဏီနဲ့ဆိုရင် ခုနစ်ကီလိုမီတာ၊ ရှစ်ကီလိုမီတာလောက် ဝေးတယ်။ မြေအောက်ရထား စီးသွားရင် အမြန်ဆုံး ရောက်လိမ့်မယ်"
"ငါက မြေအောက်ရထား မစီးချင်ဘူး။ အခြား နည်းလမ်းတစ်ခုခုနဲ့ သွားရအောင်"
"တက္ကစီ စီးမလို့လား။ ဒါမှမဟုတ် ဘတ်စ်ကားလား"
"နှစ်ခုစလုံး မဟုတ်ဘူး။ နင် ငါ့ကို ဒီမှာ ခဏလောက် စောင့်နေဦး၊ ခဏနေရင် သိရလိမ့်မယ်"
သုံးမိနစ်ခန့် ကြာပြီးနောက်။
စုယွီရှု၏ အံ့ဩစိတ်ဝင်စားစရာ ကောင်းလှသည့် အကြည့်တွေအောက်မှာပဲ လင်းဖုန်းသည် ပန်းရောင် လျှပ်စစ်စကူတာ ဆိုင်ကယ်လေးတစ်စီးကို အေးအေးလူလူ စီးနင်းရင်း စုယွီရှု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
"ဒါက ဘယ်ကနေ ရလာတာလဲ။ နင့်ဆိုင်ကယ်လား" စုယွီရှုက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"သေချာတာပေါ့... ငါ့ဟာ မဟုတ်ဘူး၊ မမကျိုးရဲ့ ဆိုင်ကယ်လေ"
"နင်က အလုပ်ဝင်တဲ့ ပထမဆုံးနေ့မှာတင် မမကျိုးရဲ့ ဆိုင်ကယ်ကို ခိုးစီးလာတာပေါ့။ ဒီလိုလုပ်တာ သိပ်မကောင်းဘူး ထင်တယ်နော်"
လင်းဖုန်း : "???"
"နင့်ရဲ့ အတွေးအခေါ်က ဘယ်လိုမျိုးလဲဟ။ ငါက မမကျိုးဆီကနေ ခဏ ငှားလာတာပါ။ သူမက မစီးဖြစ်ဘူးဆိုတာနဲ့ ငါ့ကို ယာယီ ထုတ်ပေးလိုက်တာ"
စောစောက ဆိုင်ကယ် သွားယူတဲ့အချိန်တုန်းက လင်းဖုန်းအနေဖြင့် အာဂျောင်းကို နည်းမျိုးစုံဖြင့် ဆုလာဘ်တွေ အများကြီး ပေးအပ်ခဲ့ပြီး ဖြစ်သည်။
"ဒါဆို သွားကြစို့။ လျှပ်စစ်ဆိုင်ကယ်နဲ့ဆိုရင် မိနစ်နှစ်ဆယ်လောက်ပဲ မောင်းရမှာ"
စုယွီရှုသည် လျှပ်စစ်ဆိုင်ကယ်၏ နောက်ခုံတွင် ဝင်ထိုင်ဖို့ ပြင်လိုက်စဉ်မှာပဲ လင်းဖုန်းက သူမကို လှမ်းတားလိုက်သည်။
"နေဦး... နောက်ခုံမှာ မထိုင်နဲ့။ နောက်ခုံက ငါထိုင်ဖို့ နေရာပဲ။ နင်က အရှေ့ခုံမှာ ထိုင်ရမှာ"
ပြောပြောဆိုဆိုဖြင့် လင်းဖုန်းသည် လျူစစ်ဆိုင်ကယ်၏ အရှေ့ခုံနေရာကနေ နောက်ခုံနေရာသို့ ချက်ချင်း ပြောင်းရွှေ့ထိုင်လိုက်တော့သည်