အခန်း ၃၇။ သူတို့အားလုံးက ခိုးနားတဲ့နေရာမှာ ဆရာကြီးတွေပဲ
နှစ်မိနစ်လောက်ကြာအောင် ပွေ့ဖက်ထားပြီးတဲ့နောက်မှာတော့ လင်းဖုန်းသည် နှမြောတသစွာဖြင့် စုယွီရှုကို လွှတ်ပေးလိုက်ရတော့သည်။
သူတို့နှစ်ဦးက အောင်ပွဲခံရင်း ဟိုဟိုဒီဒီ ခုန်ပေါက်နေခဲ့ကြတာမို့ အခြားလူတွေနဲ့ တော်တော်လေး လှမ်းတဲ့နေရာကို ရောက်နေခဲ့ကြခြင်း ဖြစ်သည်။ ဒါကြောင့် စောစောက သူတို့ပြောခဲ့တဲ့ စကားတွေကို ဘယ်သူမှ မကြားလိုက်ရပေ။
လင်းဖုန်းက စုယွီရှုကို လွှတ်ပေးလိုက်ပြီးတဲ့နောက်မှာတော့ ကျန်တဲ့လူတွေအားလုံးက သူတို့နှစ်ဦးရဲ့ ပွေ့ဖက်မှုကို ကြည့်ပြီး အချင်းချင်း ဘယ်လိုပတ်သက်နေလဲဆိုတာကို ရိပ်မိသွားကြတော့သည်။
"ဂုဏ်ယူပါတယ် ယွီရှုရေ။ ဒီနေ့ ဆင်းရင် အလောတကြီး ပြန်မသွားနဲ့ဦးနော်။ အမ နင့်ကို တိုက်ခန်းသော့ ပေးမလို့" အာဂျောင်းက တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်သည်။
စုယွီရှု မဲပေါက်သွားမှန်း သိလိုက်ရတော့ ကျန်တဲ့လူတွေအားလုံးကလည်း ဝိုင်းဝန်းပြီး ဂုဏ်ပြုစကား ဆိုကြသည်။
အနည်းငယ်တော့ အားကျမိကြသော်လည်း မနာလိုဝန်တိုစိတ်တော့ လုံးဝမရှိကြပေ။ ဘာပဲဖြစ်ဖြစ် အာဂျောင်း စောစောက ကြေညာသွားတဲ့ ခံစားခွင့်တွေတင်ပဲ တော်တော်လေးကို ကောင်းမွန်နေပြီ ဖြစ်တာမို့ လူဆိုတာ အတိုင်းအထက်အလွန် ရေလိုချင်လို့ လောဘတက်မနေသင့်ပေ။
ထို့နောက် အာဂျောင်းသည် မဲသေတ္တာကို သယ်ဆောင်ပြီး ထွက်ခွာသွားခဲ့ကာ ရုံးခန်းဧရိယာလေးသည်လည်း ပြန်လည်ဆိတ်ငြိမ်သွားတော့သည်။
သူ့ရဲ့ ရုံးထိုင်ခုံဆီ ပြန်ရောက်တော့ လင်းဖုန်းက စုယွီရှုဘက်ကို ကိုယ်လေးစောင်းလိုက်ပြီး သူ့တံတောင်ဆစ်နဲ့ သူမကို မသိမသာ တွတ်လိုက်သည်။
"နင် မဲပေါက်သွားပြီဆိုတော့ ငါ့ကို ညစာကျွေးဖို့ မမေ့နဲ့ဦးနော်"
စုယွီရှုက ပြုံးလိုက်ရင်း "ရတာပေါ့၊ အလုပ်ဆင်းရင် သွားကြမလား။ ငါ ခဏခဏ သွားလေ့ရှိတဲ့ နေရာတစ်ခုကို ခေါ်သွားပေးမယ်။ ဈေးတော့ သိပ်မကြီးဘူး၊ ဒါပေမဲ့ ဟင်းချက်တာ တကယ်ကောင်းတယ်"
"ကောင်းသားပဲ၊ ငါက အစားအသောက် ဂျေးများတဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ နင်က အရသာကောင်းတယ်လို့ ပြောမှတော့ စံနှုန်းတစ်ခုတော့ ရှိသင့်တာပေါ့။ ဥပမာ- နင့်ရဲ့ နှုတ်ခမ်းလေးက ပိုပြီး အရသာရှိမလား၊ ဒါမှမဟုတ် အဲ့ဒီဆိုင်က ဟင်းတွေက ပိုပြီး အရသာရှိမလား ဆိုတာမျိုးလေ"
လင်းဖုန်းက လက်တစ်ဖက်နဲ့ မေးထောက်ထားရင်း စုယွီရှုကို စိုက်ကြည့်ကာ စနောက်လိုက်သည်။
စုယွီရှုက နှုတ်ခမ်းလေးစူလိုက်ပြီး ဟွန့်ခနဲ နှာမှုတ်လိုက်ရင်း "နင်က နှစ်ခုစလုံးကိုမှ မမြည်းစမ်းဖူးသေးတာ။ မြည်းစမ်းပြီးမှ ဘယ်ဟာက ပိုအရသာရှိလဲဆိုတာ ငါ့ကို ပြန်ပြောပြပေါ့"
လင်းဖုန်း မျက်ခုံးတစ်ဖက် ပင့်လိုက်ရင်း "နင် ဘာပြောလိုက်တာလဲ။ ဒါဆို ငါ အခုပဲ မြည်းစမ်းကြည့်ရမလား"
စုယွီရှု လန့်သွားရသည်။ လင်းဖုန်းက လူအများကြီး ရှေ့မှောက်မှာတင် သူမကို မိနစ်အတော်ကြာအောင် ပြန်မလွှတ်ဘဲ ဝံ့ဝံ့စားစား ဖက်ရဲခဲ့တဲ့သူမို့ အခုလည်း ဒီရုံးခန်းထဲမှာတင် သူမကို တကယ်ကြီး လှမ်းနမ်းရဲလိမ့်မယ်လို့ ရာနှုန်းပြည့် ယုံကြည်နေတာ ဖြစ်သည်။
"နင်... လျှောက်မလုပ်နဲ့ဦးနော်၊ ဒါ ကုမ္ပဏီထဲမှာလေ!"
လင်းဖုန်းက တဟားဟား ရယ်မောလိုက်ရင်း "ဒီလိုနေရာမျိုးမှာ လုပ်ရတာကမှ ပိုပြီး ရင်ခုန်ဖို့ကောင်းတာ မဟုတ်ဘူးလား"
စုယွီရှုရဲ့ မျက်နှာလေးကတော့ မီဒီယာပေါ်က 'အနားမကပ်နဲ့ဦး!' ဆိုတဲ့ အီမိုဂျီပုံစံလေးအတိုင်း ထိတ်လန့်တကြား ဖြစ်နေရှာသည်။
ကံကောင်းစွာနဲ့ပဲ လင်းဖုန်းက သူမကို စနောက်ပြီး ခြောက်လှန့်လိုက်ရုံသာ ဖြစ်သည်။ နမ်းဖို့အတွက်ကတော့ အချိန်မကျသေးပေ။
ခဏလောက် စနောက်ပြီးတဲ့နောက် စုယွီရှုက ခေါင်းခါလိုက်ရင်း "ငါတို့ အခု အလုပ်လုပ်နေတာလေ၊ စကားတွေ အများကြီး ပြောမနေတော့ဘူး။ ငါ အလုပ်အာရုံစိုက်ရတော့မယ်"
စုယွီရှုဆီကနေ "အလုပ်" ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတော့ လင်းဖုန်း အနည်းငယ် ကြောင်အမ်းသွားပြီး "အလုပ် ဟုတ်လား။ ငါတို့မှာ လုပ်စရာ အလုပ် ရှိလို့လား။... မမကျိုးက အလုပ်တွေ ဘာတွေ ပေးခဲ့လို့လား"
စုယွီရှု မျက်တောင်ခတ်လိုက်ရင်း "နင်ပြောတာလည်း ဟုတ်သားပဲ၊ ဘာအလုပ်မှ တာဝန်မပေးသွားသေးပါဘူး"
လင်းဖုန်းသည် သိချင်စိတ်ဖြင့် အခြားသော ဝန်ထမ်းတွေကို လှမ်းကြည့်လိုက်သည်။ လူတိုင်းက ကွန်ပျူတာစခရင်ကို စိုက်ကြည့်နေကြပြီး ရံဖန်ရံခါ မျက်မှောင်ကြုတ်လိုက်၊ စိုးရိမ်ပူပန်နေတဲ့ ပုံစံမျိုးတွေ ဖမ်းလိုက်ဖြင့် တော်တော်လေးကို အလုပ်ရှုပ်နေကြပုံရသည်။
လင်းဖုန်းက အခြားဝန်ထမ်းတွေကို လက်ညှိုးထိုးပြရင်း "ဒါဆို သူတို့တွေ ဘာလုပ်နေကြတာလဲ။ ငါတို့မသိဘဲ အလုပ်တွေ ကြိုပေးထားတာမျိုးများ ရှိနေလို့လား"
"ဖြစ်နိုင်တယ်၊ ငါ သွားမေးကြည့်လိုက်ဦးမယ်"
"ငါလည်း လိုက်မေးမယ်"
လင်းဖုန်းသည် မူလက အခြားဌာနကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဝန်ထမ်းဟောင်း အမကြီးတစ်ယောက်ရဲ့ ဘေးနားကို ခပ်ဖွဖွလေး လှမ်းသွားလိုက်သည်။
"အမ... ကျွန်တော် ခဏလောက် အနှောင့်အယှက်ပေးလို့ ရမလားခင်ဗျာ။ တစ်ခုလောက် မေးချင်လို့ပါ"
"မောင်လေးလင်း... ဘာမေးချင်လို့လဲကွ။ နားမလည်တာရှိရင် အမအန်နီကို စိတ်ကြိုက်မေးနော်" အန်နီက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"ကျွန်တော် မေးချင်တာက... အခု ကျွန်တော်တို့ဌာနရဲ့ လက်ရှိ အလုပ်က ဘာလဲဟင်။ အားလုံးပဲ တကယ့်ကို အတည်ပေါက်နဲ့ ကြိုးကြိုးစားစား လုပ်နေကြတာ တွေ့ရလို့၊ ကျွန်တော်ကတော့ ဘာလုပ်ရမှန်း မသိသေးလို့ပါ"
အန်နီက ပြုံးလိုက်ရင်း "ဘာလို့လဲဆိုတော့ အခုအချိန်အထိ ဘာအလုပ်မှ ချမပေးသေးလို့ပေါ့ကွ"
လင်းဖုန်း အံ့အားသင့်သွားပြီး "ဒါဆို အားလုံးက အဲ့လောက်တောင် အတည်ပေါက် ဖြစ်နေကြတာ... ဘာလုပ်နေကြတာလဲဟင်"
အန်နီက တဟီးဟီး ရယ်မောလိုက်ရင်း "နင်ကတော့ အလုပ်အတွေ့အကြုံ မရှိသေးမှန်း သိသာတာပဲ။ တကယ်လို့ ငါ့လိုမျိုး လုပ်ငန်းခွင်ထဲမှာ နှစ်အကြာကြီး ကျင်လည်ဖူးရင် နားလည်သွားလိမ့်မယ်။ နင်က ဒီနေ့မှ ပထမဆုံးနေ့ဆိုတော့ အမကပဲ ပညာပေးရမှာပေါ့"
အန်နီက လင်းဖုန်းကို အနားလာဖို့ လက်ဟန်ပြလိုက်ပြီး ရုံးခန်းဧရိယာထဲက လူတစ်ယောက်ချင်းစီကို လက်ညှိုးထိုးပြတော့သည်။
"ဟောဟိုက မိန်းကလေးကို ကြည့်လိုက်။ အပေါ်ယံကြည့်ရင်တော့ ကွန်ပျူတာကိုပဲ စိုက်ကြည့်နေပြီး ရံဖန်ရံခါ အချိန်ကို စစ်ဆေးတယ်၊ ပြီးရင် မျက်မှောင်ကြုတ်ပြီး ခေါင်းကို ကုတ်နေတတ်တယ်မလား။ တကယ်တော့ သူမက 'Plants vs. Zombies' ဂိမ်းဆော့နေတာလေ။ မျက်မှောင်ကြုတ်တာ၊ ခေါင်းကုတ်တာ၊ အချိန်ကြည့်တာ— ဒါတွေက လုပ်ငန်းခွင်ရဲ့ မရှိမဖြစ် အခြေခံအချက် သုံးချက်ပဲ!"
"ဒါကို တစ်နည်းအားဖြင့် 'အလုပ်ခိုးနားခြင်းရဲ့ အခြေခံအချက် သုံးချက်' လို့လည်း ခေါ်တယ်! နင် ဘာပဲလုပ်နေလုပ်နေ၊ ဒီအမူအရာတွေကို ကြားညှပ်ပြီး လုပ်ပေးနေသရွေ့ အထက်လူကြီးက မြင်ရင် နင့်ကို အလုပ်အသေအလဲ ကြိုးစားနေတယ်လို့ ထင်သွားလိမ့်မယ်! သဘောပေါက်ပြီလား"
လင်းဖုန်းတစ်ယောက် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလို ခေါင်းတညိတ်ညိတ် ဖြစ်သွားရသည်။
ဘုရားရေ... ဒါမျိုးတွေကို ကျောင်းမှာ ဘယ်တုန်းကမှ မသင်ခဲ့ရဘူးပဲ။
တကယ်ကို 'ပညာရှာ မမှားပါဘူး' ဆိုသလိုပါပဲလား။
ဒါပေမဲ့ အန်နီသာ သူမ အခု အလုပ်ခိုးနားနည်း သင်ပေးနေတဲ့သူက ကုမ္ပဏီရဲ့ ဥက္ကဋ္ဌအစစ်ကြီး ဖြစ်မှန်း သိသွားရင်တော့ သူမရဲ့ မျက်နှာအမူအရာက ဘယ်လောက်တောင် ကြည့်ကောင်းလိုက်မလဲ မသိပေ။
အန်နီက လင်းဖုန်းကို အလုပ်ခိုးနားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ဆက်လက် ဖြန့်ဝေပေးနေပြန်သည်။ "ဟိုး ဘယ်ဘက်အစွန်ဆုံးက လူကို ကြည့်လိုက်ဦး။ သူမရဲ့ ကီးဘုတ်ရိုက်သံက အခြားလူတွေထက် ပိုကျယ်နေတယ်မလား။ နင်က သူမ အလုပ်လုပ်နေတယ် ထင်လို့လား။ မဟုတ်ပါဘူးနော်... သူမက ဘေးပန်းအလုပ်အနေနဲ့ ဝဘ်နော်ဗယ် (Web Novel) ရေးနေတာလေ။"
"ပြီးတော့ သူမရဲ့ ဘေးနားက လူကော... ဘာလို့ ဆံပင်ကို ချထားရတာလဲ။ ဘာလို့လဲဆိုတော့ နားကြပ်ကို ဖုံးကွယ်ထားချင်လို့လေ။ ဟိုဘက်က ဝတ္ထုဖတ်နေတဲ့သူ၊ ဒီဘက်က တုပေါင် မှာ ဈေးဝယ်နေတဲ့သူ— တစ်ယောက်ချင်းစီတိုင်းက အလုပ်ခိုးနားတဲ့နေရာမှာ ဆရာကြီးတွေချည်းပဲ!"
"ဒါပေမဲ့ အလုပ်ခိုးနားတဲ့နေရာမှာ အရေးအကြီးဆုံး အချက်ကို နင် သိလား"
"အထက်လူကြီး အမိမခံရဖို့လားခင်ဗျာ" လင်းဖုန်းက စမ်းသပ်ပြီး ဖြေလိုက်သည်။
အန်နီက ခေါင်းညိတ်လိုက်ရင်း "ဟုတ်လည်းဟုတ်တယ်၊ မဟုတ်ရင်လည်း မဟုတ်ဘူး"
"ဘာလို့ အဲ့လို ပြောရတာလဲဟင်"
"ဘာလို့လဲဆိုတော့ အထက်လူကြီး အမိမခံရဖို့က အရေးအကြီးဆုံး အချက်ဆိုတာ သေချာပေမဲ့ အဲ့လို အမိမခံရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ နည်းလမ်းက ပိုအရေးကြီးလို့ပဲ။ အဲ့ဒီအတွက် ငါတို့ရဲ့ ဘိုးဘွားစဉ်ဆက် သုံးလာခဲ့တဲ့ အဖိုးတန် ရတနာကြီးကို မိတ်ဆက်ပေးရမယ်— အဲ့ဒါကတော့ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ စခရင်စာမျက်နှာ ပြောင်းလဲပစ်တဲ့ နည်းလမ်းပဲ!"
အန်နီက လင်းဖုန်းကို ကိုယ်တိုင် လက်တွေ့ သရုပ်ပြလိုက်သည်။ "ကြည့်လိုက်... ဥပမာ- အခု ငါ ဖွင့်ထားတဲ့ စာမျက်နှာက ရုံးလုပ်ငန်းသုံး ဖိုင်စာရွက်စာတမ်း ဖြစ်နေပေမဲ့ တကယ်တော့ နင် အနားမလာခင်တုန်းက ငါ ဝတ္ထုဖတ်နေတာလေ။ မကြာသေးခင်ကမှ ငါ တော်တော်လေး ဖတ်လို့ကောင်းတဲ့ ဝတ္ထုတစ်ပုဒ် ရှာတွေ့ထားတာ၊ ဝတ္ထုနာမည်က 'နတ်ဘုရားအဆင့် သူဌေးကြီးစနစ်' တဲ့။ နင် ဖတ်ဖူးလားဟင်။ အထဲက ဇာတ်လိုက်ရဲ့ နာမည်ကလည်း နင်နဲ့ တူတူပဲ၊ လင်းဖုန်း တဲ့"
လင်းဖုန်း စိတ်ထဲကနေပဲ ရေရွတ်လိုက်မိသည်။ ငါ မဖတ်ဖူးသေးပေမဲ့ ဝတ္ထုနာမည်ကို ကြည့်ရုံနဲ့တင် ဒီစာအရေးအသားကို ရေးတဲ့ စာရေးဆရာက သေချာပေါက် တော်တော်လေး ချောမောခန့်ညားမယ့်သူ ဖြစ်လိမ့်မယ်ဆိုတာ သိသာလှပါတယ်။ ပြီးတော့ ဒါကို ဖတ်တဲ့ စာဖတ်ပရိသတ်တွေကလည်း ပိုပြီးတော့တောင် ချောကြဦးမှာ သေချာတယ်!
(ဘာသာပြန်သူလဲပါတယ်🤭)
အန်နီက လင်းဖုန်းရဲ့စကားကို နားထောင်ပြီး ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
..........
"စောစောက နင် မလာခင်တုန်းက ငါ တကယ်ပဲ ဝတ္ထုဖတ်နေတာ၊ ဒါပေမဲ့ တစ်ယောက်ယောက် ငါ့အနား လာနေပြီလို့ သတိထားမိတာနဲ့ ချက်ချင်းပဲ အမြန်ခလုတ် ကို နှိပ်လိုက်တာ၊ အဲ့ဒါနဲ့ ဒီအလုပ်ဖိုင် စာမျက်နှာကို ချက်ချင်း ပြောင်းသွားတာပေါ့"
လင်းဖုန်းတစ်ယောက် အန်နီ့ကြောင့် ကမ္ဘာသစ်တစ်ခုကို မြင်လိုက်ရသလို ခံစားလိုက်ရသော်လည်း ဒီကမ္ဘာသစ်က သူ့အတွက်တော့ ဘာမှ အသုံးမဝင်ပေ။
လင်းဖုန်းသည် တစ်နေ့ကျလို့ အန်နီတစ်ယောက် သူက ကုမ္ပဏီရဲ့ ဥက္ကဋ္ဌအစစ်ကြီး ဖြစ်မှန်း သိသွားမယ့်အချိန်က မျက်နှာအမူအရာကို တကယ်ပဲ ကြိုတင်မျှော်လင့်မိနေပြီ ဖြစ်သည်။
အန်နီ့ဆီကနေ ပြန်လာပြီးနောက် လင်းဖုန်းသည် အန်နီပြောပြခဲ့သမျှ အကြောင်းအရာအားလုံးကို စုယွီရှုကို ပြန်လည် ဖောက်သည်ချလိုက်သည်။
စုယွီရှုလည်း အံ့အားသင့်သွားရသည်။ ဒါက သူမ သိထားခဲ့တဲ့ လုပ်ငန်းခွင် အသိပညာတွေနဲ့ လုံးဝ ကွဲလွဲနေတာကိုး။
"ဒီလိုမျိုး လုပ်တာ... သိပ်မကောင်းဘူး ထင်တယ်နော်။ ကုမ္ပဏီက ငါတို့ကို ခံစားခွင့်တွေ အများကြီး ပေးထားတာကို ငါတို့က အလုပ်ခိုးနားနေကြတာဆိုတော့ နည်းနည်းတော့ အားနာစရာကြီး"
"ဘယ်လိုလုပ် အားနာစရာ ဖြစ်ရမှာလဲ။ ငါ ပြောပြမယ်... ငါတို့ အလုပ်လုပ်လို့ ကုမ္ပဏီက လစာပေးတာကို အလုပ်သမားခလို့ ခေါ်တယ်။ ဒါပေမဲ့ ငါတို့ အလုပ်ခိုးနားနေတာတောင် ကုမ္ပဏီက လစာပေးနေတုန်းပဲဆိုရင် အဲ့ဒါကိုမှ 'ပိုက်ဆံ အစစ်အမှန် ရှာဖွေခြင်း' လို့ ခေါ်တာကွ!"
"ပြီးတော့ ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်"
လင်းဖုန်းက အသံကို တိုးလိုက်ရင်း "ငါ ကြားမိတာတော့... ဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌကြီးက တော်တော်လေး နှာဘူးကြီးတဲ့။ ဒါကြောင့် သူ့ဆီကနေ ပိုက်ဆံတွေကို နည်းမျိုးစုံနဲ့ ညှစ်ယူတာက အမှန်ကန်ဆုံးပဲ!”