အခန်း ၃၅။ ကုမ္ပဏီရဲ့ ခံစားခွင့်တွေက အရမ်းကောင်းလွန်းနေတာလား
လင်းဖုန်းသည် အစည်းအဝေးခန်းထဲတွင် သာမန်အထက်လူကြီးတစ်ယောက်အနေဖြင့် မည်သို့ပြုမူနေထိုင်ရမည်ကို အာဂျောင်းအား အသေအချာ သင်ကြားပြသပေးခဲ့သည်။
တစ်နာရီနီးပါး ကြာပြီးနောက် လင်းဖုန်းက အာဂျောင်းကို ကြည့်ကာ "နားလည်ပြီလား။ သာမန်အထက်လူကြီးတစ်ယောက်က ဘယ်လို ပြုမူရမလဲဆိုတာ"
အာဂျောင်းက ခေါင်းညိတ်ရင်း "နားလည်သွားပြီ ထင်တာပဲ"
"'ထင်တာပဲ' ဟုတ်လား။ ကြည့်ရတာ နင် လုံးဝ သဘောမပေါက်သေးဘူးပဲ။ ငါ နောက်ထပ်တစ်ကြိမ် ထပ်ပြီး ရှင်းပြမယ်။ အစည်းအဝေးခန်းတံခါးကို သေသေချာချာ သွားပိတ်လိုက်ဦး"
...
...
တစ်နာရီကျော်ကြာအောင် ထပ်မံပညာပေးလိုက်ပြီးတဲ့နောက်မှာတော့ အာဂျောင်းတစ်ယောက် သာမန်အထက်လူကြီးတစ်ယောက်ရဲ့ ပုံစံကို တကယ့်ကို သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်သည်။
(ဘယ်လိုသင်လိုက်တာလဲဝေ🤌🏻)
"လင်းဒါရိုက်တာကြီး... ကုမ္ပဏီနဲ့ပတ်သက်ပြီး ကျွန်မ နားမလည်သေးတာတွေ အများကြီး ရှိသေးတယ်ရှင့်။ နောက်လည်း ဆက်ပြီး သင်ကြားပြသပေးပါဦးနော်"
အာဂျောင်းသည် လင်းဖုန်းကို မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်လာသည်။
လင်းဖုန်းက သူမကို မျက်စောင်းခဲကြည့်လိုက်ပြီး "အိမ်မက်တွေ အရမ်းမက်မနေနဲ့ဦး။ နောက်မှ အချိန်ရရင်ပေါ့။ အခုတော့ တရားဝင် အလုပ်ကိစ္စတွေကို လုပ်ရမယ့်အချိန်ပဲ"
"စိတ်ချပါ လင်းဒါရိုက်တာကြီး၊ အလုပ်ကိစ္စတွေ လုပ်တဲ့အခါကျရင် ကျွန်မ အကောင်းဆုံး စွမ်းဆောင်ပြပါ့မယ်! ရှင့်ရဲ့ အဆင့်အတန်း အမှန်ကို ဘယ်သူမှ မသိစေရဘူး" အာဂျောင်းတစ်ယောက် တစ်ခါမှ အခုလိုမျိုး တည်ကြည်လေးနက်မနေခဲ့ဖူးပေ။
"ကဲ... အမြန်သွားရအောင်။ ငါ့ကို အတွင်းရေးမှူးဌာနဆီ ခေါ်သွားပေး။ ဝန်ထမ်းသစ်တစ်ယောက်အနေနဲ့ မိတ်ဆက်ပေးပြီး ငါခိုင်းထားတဲ့ ကိစ္စရပ်တိုင်းကို အမှားအယွင်းမရှိအောင် သေသေချာချာ စီစဉ်ပေးပါ၊ ငါ့အစီအစဉ်ကို လာပြီး မဖျက်စီးနဲ့ဦး" လင်းဖုန်းက အာဂျောင်းရဲ့ ခေါင်းလေးကို အသာအယာ တောက်လိုက်သည်။
အာဂျောင်းက တဟီးဟီး ရယ်မောလိုက်ရင်း "စိတ်ချပါ လင်းဒါရိုက်တာကြီးရဲ့၊ ကျွန်မ အခုဆို အထက်လူကြီးပုံစံ ဖမ်းရတာကို တော်တော်လေး ကျွမ်းကျင်နေပါပြီ၊ အထူးသဖြင့် သာမန်အထက်လူကြီး ပုံစံမျိုးပေါ့"
လင်းဖုန်းသည် စောစောက သူ သင်ကြားပေးခဲ့သည်များကို ပြန်တွေးပြီး ခေါင်းညိတ်လိုက်သည်။ ပြဿနာရှိနိုင်မည် မဟုတ်ပေ။
"ကဲပါ... အဲ့ဒီအကြောင်းအရာတွေကို တွေးမနေနဲ့တော့။ အလုပ်လုပ်ရမယ့်အချိန် ရောက်ပြီ။ အမြန်သွားကြစို့!"
ထို့နောက် လင်းဖုန်းနဲ့ အာဂျောင်းတို့သည် အတွင်းရေးမှူးဌာနအဖြစ် အသစ်ပြင်ဆင်မွမ်းမံထားသည့် ၂၃ ထပ်မြောက်သို့ ရောက်ရှိလာခဲ့ကြသည်။
အခန်းထဲသို့ မဝင်ခင်လေးမှာတင် အာဂျောင်းသည် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ခြေလှမ်းတွေကို အမြန်ရပ်တန့်လိုက်သည်။
"ဘာဖြစ်လို့လဲ။ ဘာလို့ အထဲမဝင်တာလဲ" လင်းဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"လင်းဒါရိုက်တာကြီး... အာ၊ မဟုတ်ဘူး၊ ရှောင်လင်း။ ကျွန်မ အရေးကြီးတာတစ်ခု သတိရသွားလို့။ မမရှင်းက ကျွန်မကို ပြောပြဖူးတယ်၊ လင်းဒါရိုက်တာကြီးက အတွင်းရေးမှူးဌာနကို ပေးထားတဲ့ ခံစားခွင့်တွေက အရမ်းများလွန်းလို့ ကုမ္ပဏီက အခြားဌာနက ဝန်ထမ်းတွေနဲ့ ကွာဟချက် အများကြီး ဖြစ်နေတယ်တဲ့။ မမရှင်းက ဒီအတွင်းရေးမှူးဌာနရဲ့ ခံစားခွင့် သတင်းတွေ ပေါက်ကြားသွားရင် ကုမ္ပဏီရဲ့ အခြားဌာနတွေက ဝန်ထမ်းတွေ မကျေမနပ် ဖြစ်ကုန်မှာကို စိုးရိမ်နေတာ"
"အဲ့ဒါကြောင့် ကျွန်တော် စဉ်းစားမိတာက ဒါက ဘာဆန်းလို့လဲ။ ကုမ္ပဏီရဲ့ အခြားဌာနတွေက ဝန်ထမ်းတွေရဲ့ ခံစားခွင့်တွေကိုပါ အတွင်းရေးမှူးဌာနလိုမျိုး အဆင့်မြှင့်တင်ပေးလိုက်ရင် ပြီးတာပဲဥစ္စာ။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီက အများကြီး မြတ်နေတာပဲ၊ ဝန်ထမ်းတွေအတွက် ပိုပြီး သုံးစွဲပေးတာက အမှန်ကန်ဆုံးပဲ မဟုတ်ဘူးလား"
"လင်းဒါရိုက်တာကြီးက တကယ်ကို သဘောထားကြီးတာပဲနော်" အာဂျောင်းက သူ့ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။
လင်းဖုန်းက လက်ဝှေ့ယမ်းလိုက်ရင်း "ပိုက်ဆံဆိုတာ သုံးဖို့ လုံလောက်ရင် ပြီးတာပါပဲ၊ ပြီးတော့ အခုအချိန်မှာ ငါ့မှာ ပိုက်ဆံတွေက သုံးလို့မကုန်နိုင်အောင် အများကြီး ရှိနေတာ။ ကဲပါ... စကားတွေ အရှည်ကြီး ပြောမနေနဲ့တော့၊ အမြန်ဝင်ရအောင်။ နင် အရင်ဝင်"
အာဂျောင်းသည် ချက်ချင်းပင် အထက်လူကြီးဟန်ပန် ချက်ချင်းသွင်းလိုက်ပြီး အရှေ့ကနေ ဦးဆောင်လမ်းလျှောက်ကာ လင်းဖုန်းကတော့ လက်အောက်ငယ်သား ဝန်ထမ်းလေးတစ်ယောက်လိုမျိုး သူမရဲ့ နောက်ကနေ လိုက်ပါလာခဲ့သည်။
မကြာခင်မှာပဲ သူတို့နှစ်ဦး ရုံးခန်းဧရိယာဆီသို့ ရောက်ရှိလာခဲ့ကြသည်။
အတွင်းရေးမှူးဌာနက အခုမှ အသစ်စတင် ဖွဲ့စည်းထားခြင်းဖြစ်တာမို့ ဝန်ထမ်းအင်အား သိပ်မများလှပေ။ လျူရှင်းက အခြားဌာနတွေကနေ ဝန်ထမ်းဟောင်းအချို့ကို ရွှေ့ပြောင်းပေးထားပြီး စုယွီရှုတို့အသုတ်က အလုပ်သင်ဝန်ထမ်း နှစ်ယောက်နဲ့ လင်းဖုန်း အပါအဝင်ဆိုလျှင် လူ ဆယ်ယောက်ပင် မပြည့်ပေ။
အာဂျောင်းသည် လက်ရှိ အတွင်းရေးမှူးဌာန၏ ဝန်ထမ်းအားလုံး၏ ရှေ့သို့ လင်းဖုန်းကို ခေါ်ဆောင်လာခဲ့ပြီး လက်ခုပ်တီးကာ လူစုလိုက်သည်။
"အားလုံးပဲ... ခဏလောက် အလုပ်တွေကို ရပ်နားပေးကြပါဦးရှင်။ ကျွန်မ ဝန်ထမ်းသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့ပါ။ မကြာသေးခင်က ကျွန်မတို့ အတွင်းရေးမှူးဌာနမှာ ဝန်ထမ်းအင်အား မလုံလောက်တာကြောင့် ကုမ္ပဏီရဲ့ နောက်ဆုံးအသုတ် အလုပ်သင်ဝန်ထမ်းတွေထဲကနေ တစ်ယောက်ကို ရွေးချယ်ပြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ နောက်ဆိုရင် အားလုံးက လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားကြပြီမို့ ရင်းရင်းနှီးနှီး ရှိကြပါနော်။ ရှောင်လင်း... မိတ်ဆက်လိုက်ပါဦး"
လင်းဖုန်းသည် မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းထားရင်း လူတိုင်းကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူ စုယွီရှုကို မြင်လိုက်ရသည့်အခါ သူမကို မသိမသာ မျက်ခုံးတစ်ဖက် ပင့်ပြလိုက်မိသည်။
"အားလုံးပဲ မင်္ဂလာပါဗျာ၊ ကျွန်တော့်နာမည်ကတော့ လင်းဖုန်း ဖြစ်ပါတယ်။ 'မေပယ်တောအုပ်' ထဲက 'လင်း' ပါ။ နောက်နောင်လည်း အားလုံးက ကူညီစောင့်ရှောက်ပေးကြပါဦးခင်ဗျာ"
"အမလေး... ချောလိုက်တဲ့ ကိုကိုလေး။ မောင်လေးမှာ ရည်းစားရှိပြီလားဟင်၊ မရှိသေးရင် အမ့ကို စဉ်းစားပေးလို့ရတယ်နော်!"
"နောက်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားပြီဆိုတော့ နားမလည်တာရှိရင် တန်းမေးလို့ရတယ်နော်၊ အထူးသဖြင့် ဒီလို မောင်ချောလေးဆိုရင် အမတို့က အမြဲတမ်း ကြိုဆိုနေမှာပါ!"
"နေပါဦး... ငါ အခုမှ သတိထားမိတယ်၊ လင်းဖုန်းက ငါတို့ဌာနရဲ့ တစ်ဦးတည်းသော ယောက်ျားလေးပဲ။ လင်းဖုန်းရေ... နင်ကတော့ မိန်းကလေးတွေကြားထဲမှာ ကံထူးပြီဟေ့!"
...
လင်းဖုန်းလည်း ထိုစကားကို ကြားမှ သတိထားမိတော့သည်။ တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ ယောက်ျားလေး ဖြစ်နေသည်။ အတွင်းရေးမှူး အလုပ်ဆိုသည်မှာ သဘာဝအရ မိန်းကလေးများကိုသာ ဦးစားပေး ခေါ်ယူလေ့ရှိပြီး လျူရှင်းကိုယ်တိုင်လည်း ဒါကို သီးသန့် ပြောပြဖူးသည်။
လင်းဖုန်းသာ ခြွင်းချက်အနေဖြင့် ဝင်လာခြင်းဖြစ်ပြီး မဟုတ်ပါက ဤဌာနတစ်ခုလုံး မိန်းကလေးချည်းပဲ ဖြစ်နေလိမ့်မည်။
"လင်းဖုန်း... နင်နဲ့ စုယွီရှုက ချီကျိုးတက္ကသိုလ်ကနေ တူတူဘွဲ့ရခဲ့ကြတာဆိုတော့ အချင်းချင်းလည်း သိကြတယ်မလား။ ဒါကြောင့် နင့်ရဲ့ ရုံးထိုင်ခုံကို သူမရဲ့ ဘေးနားမှာပဲ စီစဉ်ပေးလိုက်မယ်။ နောက်ဆိုရင် အလုပ်ကို ကြိုးစားပြီး လုပ်ကြပါ"
အာဂျောင်းက တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ပြောလိုက်သည်။ တကယ်လို့ လင်းဖုန်းသာ သူမ သရုပ်ဆောင်နေမှန်း ကြိုမသိခဲ့ပါက သူမရဲ့ သဘာဝကျလှတဲ့ ဟန်ပန်မှာ မည်သည့်အမှားအယွင်းကိုမှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
“အပြန်ကျရင်တော့ ဒီကောင်မလေးကို ဆု ကောင်းကောင်း ချရဦးမယ်!”
အာဂျောင်း စကားပြောပြီးနောက် ထွက်ခွာသွားခဲ့ပြီး လင်းဖုန်းလည်း စုယွီရှုရဲ့ ဘေးနားက ခုံတွင် သွားရောက် ထိုင်လိုက်သည်။
လင်းဖုန်း ရောက်လာသည်နှင့် စုယွီရှုသည် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်း နှုတ်ဆက်လာသည်။ "နင် တကယ်ပဲ အတွင်းရေးမှူးဌာနကို ရောက်လာတာလား။ ပြီးတော့ အင်တာဗျူးပြီးတာနဲ့ တန်းရောက်လာတာပဲ။ နင် ဘယ်လိုလုပ်လိုက်တာလဲ"
လင်းဖုန်း လက်ဝါးနှစ်ဖက်ကို ဖြန့်ပြလိုက်ရင်း "ငါ အင်တာဗျူးဖြေပြီးတော့ လူ့စွမ်းအားအရင်းအမြစ်ဌာန က အတွင်းရေးမှူးဌာနက အခုမှ အသစ်ဖွဲ့စည်းထားတာမို့ ဝန်ထမ်း အရမ်းလိုနေတယ်လို့ ပြောတယ်။ အဲ့ဒါနဲ့ ငါ့ကို ဒီမှာ လုပ်ချင်လားလို့ မေးတာနဲ့ လစာနဲ့ ခံစားခွင့်တွေက ပိုကောင်းတာမို့ ငါလည်း ချက်ချင်း သဘောတူလိုက်ပြီး ဒီနေ့ကစပြီး အလုပ်ဆင်းဖို့ လျှောက်ထားလိုက်တာ"
စုယွီရှုက ပြုံးလိုက်ရင်း "တကယ်ကို ကောင်းတာပဲ။ ဒါဆိုရင် နောက်ဆိုရင် ငါတို့ နေ့တိုင်း တူတူ ဆုံတွေ့ရတော့မှာပေါ့!"
နှစ်ဦးသား ခဏလောက် စကားစမြည် ပြောဆိုပြီးနောက် အာဂျောင်းသည် လက်ထဲတွင် သေတ္တာတစ်လုံးကို ကိုင်ဆောင်ကာ ရုတ်တရက် ပြန်လည် ရောက်ရှိလာခဲ့သည်။
"အားလုံးပဲ... ကျွန်မကို တစ်ချက်လောက် ကြည့်ပေးကြပါဦးရှင်! အတွင်းရေးမှူးဌာနက အခုမှ အသစ်စတင် ဖွဲ့စည်းထားတာ ဖြစ်တာမို့ မမရှင်းက ဟွာရုန်ဂရုဆီကနေ ဝန်ထမ်းတွေအတွက် ခံစားခွင့်တွေ အများကြီး တောင်းဆိုပေးထားပါတယ်။ အခုကစပြီး ဝန်ထမ်းတိုင်းဟာ တစ်နေ့ သုံးနပ်စာအတွက် စားစရိတ် ထောက်ပံ့ကြေး ရရှိမှာဖြစ်ပြီး တစ်နပ်စာကို ယွမ် ၅၀ နှုန်း သတ်မှတ်ပေးထားပါတယ်။ ဒါ့အပြင် တက္ကစီ စီးနင်းခ ထောက်ပံ့ကြေးအနေနဲ့ တစ်နေ့ကို ယွမ် ၁၀၀ သတ်မှတ်ပေးထားပြီး အားလပ်ရက်တွေနဲ့ ပိတ်ရက်တွေမှာလည်း ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ အိမ်လခ ထောက်ပံ့ကြေးကတော့ တစ်လကို ယွမ် ၄,၀၀၀ ဖြစ်ပြီး အချိန်ပို ဆင်းရမယ့် အချိန်ပိုကြေး (OT) ကိုတော့ မူလနာရီအလိုက် လုပ်ခလစာရဲ့ သုံးဆနှုန်းနဲ့ တွက်ချက်ပေးသွားမှာ ဖြစ်ပါတယ်!"
အာဂျောင်းရဲ့ စကားလုံးများ ဆုံးသွားသည်နှင့် ရုံးခန်းအတွင်းရှိ ဝန်ထမ်းများအားလုံးဆီမှ နားကွဲလုမတတ် ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့တော့သည်!
ဒီလို ခံစားခွင့်မျိုးတွေကို သူတို့ နားကြားမလွဲပါဘူးနော်။
တစ်နပ်ကို ယွမ် ၅၀၊ တစ်နေ့ သုံးနပ်ဆိုတော့ တစ်လ ရက် ၃၀ အတွက်တင် ယွမ် ၄,၅၀၀ ရှိသည်။
တက္ကစီခက တစ်နေ့ ယွမ် ၁၀၀၊ တစ်လ ရက် ၃၀ ဆိုလျှင် ယွမ် ၃,၀၀၀ ရှိသည်။
အိမ်လခ ထောက်ပံ့ကြေးက ယွမ် ၄,၀၀၀။
ဒါတွေအားလုံး ပေါင်းလိုက်ရင်တင် လစာမပါဘဲ ခံစားခွင့်တင် ယွမ် တစ်သောင်းကျော် နေပြီဖြစ်သည်။
ပြင်ပလူတွေက ဟွာရုန်ဂရုရဲ့ ဝန်ထမ်းခံစားခွင့်တွေ ကောင်းမွန်တယ်လို့ ပြောကြပေမဲ့ အခုလိုမျိုး အဆင့်အထိ ကောင်းမွန်လွန်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
သူတို့ထဲက အချို့ဆိုလျှင် အလုပ်သင် ဝန်ထမ်းအဆင့်ပဲ ရှိနေသေးတာ ဖြစ်သည်။
အာဂျောင်း စကားပြောပြီးနောက် ဝန်ထမ်းတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့်ထပ်မံ မေးမြန်းလိုက်သည်။ "မမကျိုး... ဒီခံစားခွင့်တွေက အမြဲတမ်းဝန်ထမ်းတွေအတွက်ပဲလားဟင်"
"သေချာတာပေါ့... မဟုတ်ပါဘူး! အလုပ်သင် ဝန်ထမ်းတွေကော အမြဲတမ်း ဝန်ထမ်းတွေပါ တန်းတူ ခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။ ပြီးတော့ အလုပ်သင် ဝန်ထမ်းအားလုံးဟာ ထူးခြားတဲ့ အခြေအနေမျိုး မရှိရင် လာမယ့်လမှာတင် တရားဝင် အမြဲတမ်း ဝန်ထမ်းအဖြစ် တန်းပြီး အတည်ပြုခန့်အပ်ခြင်း ခံရမှာဖြစ်လို့ သုံးလအထိ စောင့်ဆိုင်းနေစရာ မလိုပါဘူး!"
"အားးး... အမလေး ပျော်လိုက်တာ!!!"
"ဝိုး... ဒါ ဘယ်လိုမျိုး နတ်သက်ကြွေတဲ့ ကုမ္ပဏီကြီးလဲ။ ငါ ဒီကုမ္ပဏီကို ရွေးချယ်ပြီး လာခဲ့တာ တကယ်ကို မှန်သွားပြီ!"
"မမကျိုး... ကျွန်မကို တစ်ချက်လောက် ဆိတ်ဆွဲပေးပါဦး၊ ကျွန်မ အိမ်မက်မက်နေတာ မဟုတ်ပါဘူးနော်။ ဒီလို ခံစားခွင့်မျိုးတွေကို ကျွန်မတို့ တကယ် ရနိုင်တာလား။ မမကျိုးရယ်... ကျွန်မကို ကုမ္ပဏီရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖိနှိပ်ချုပ်ချယ်ပြီး စည်းကမ်းတွေ အတင်းထုတ်ပြန်ရင်တောင် ကျွန်မ လုံးဝ လက်ခံပါတယ်ရှင့်! ကျွန်မကို ကြိုက်သလိုသာ အမိန့်ပေးစေခိုင်းပါတော့!"
...
ဝန်ထမ်းအားလုံး အပျော်လွန်ပြီး ရူးသွပ်မတတ် ဖြစ်ကုန်ကြသည်။ သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကတော့ ဟွာရုန်ဂရုကို လာရောက် အလုပ်လျှောက်ခဲ့ခြင်း ဖြစ်သည်ဟု ခံစားလိုက်ရတော့သည်။
"ကဲ... အားလုံးပဲ ငြိမ်ငြိမ်လေး နေပေးကြပါဦး၊ ခဏလောက် တိတ်ပေးကြပါဦး။ ကျွန်မ စကားပြောလို့ မပြီးသေးပါဘူး!"
ရုံးခန်းတစ်ခုလုံး ချက်ချင်း ဆိတ်ငြိမ်သွားပြီး လူတိုင်းက အာဂျောင်းကို မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ နောက်ထပ် ထွက်ပေါ်လာမည့် ခံစားခွင့် သတင်းကောင်းကို စောင့်ဆိုင်းနေကြသည်။
အာဂျောင်းက လည်ချောင်းတစ်ချက် ဟန့်လိုက်ရင်း "မမရှင်းက သူမရဲ့ ကိုယ်ပိုင် တိုက်ခန်းတစ်ခန်းကိုလည်း ကံစမ်းမဲအဖြစ် ဖောက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဝန်ထမ်းတွေထဲက ကံအကောင်းဆုံး တစ်ယောက်က ကုမ္ပဏီအနီးနားမှာရှိတဲ့ 'အန်းချောင် တိုက်ခန်းဝန်း' ထဲက စတုရန်းမီတာ ၉၅ ကျယ်ဝန်းတဲ့ တိုက်ခန်းကို ငါးနှစ်တိုင်တိုင် အခမဲ့ နေထိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်!"
"ဒီတိုက်ခန်းရဲ့ ကာလပေါက်ဈေးက ယွမ် နှစ်သန်းနီးပါး တန်ကြေးရှိပါတယ်!"
"ငါးနှစ်အတွင်းမှာ ကိုယ်တိုင်ပဲ နေမလား၊ ဒါမှမဟုတ် အပြင်ကို ပြန်ငှားစားမလားဆိုတာက ကံထူးသူရဲ့ သဘောအတိုင်း စီမံခန့်ခွဲနိုင်ပါတယ်။ ရေခ၊ မီးခ၊ အိမ်ရာစီမံခန့်ခွဲမှုစရိတ် စတဲ့ ဘယ်လိုကုန်ကျစရိတ်မျိုးကိုမှ ကိုယ်တိုင် ပေးဆောင်စရာမလိုဘဲ မမရှင်းက ဒီကုန်ကျစရိတ်အားလုံးကို ငါးနှစ်စာအတွက် ကြိုတင်ပေးချေထားပြီး ဖြစ်ပါတယ်!”