အခန်း ၃၃။ နောက်ဆုံးတော့ လျှိုရှုအကြောင်း သတိရသွားပြီ
စုယွီရှုရဲ့ လေသံက အလျင်စလို ဖြစ်နေသော်လည်း ဒေါသထွက်နေတာမျိုး မဟုတ်ဘဲ စိုးရိမ်ပူပန်ပေးနေမှန်း သိသာလှသည်။
လင်းဖုန်းက လေသံကို အတတ်နိုင်ဆုံး လျှော့ပြီး ညင်သာစွာ ရှင်းပြလိုက်သည်။ "ဒီမနက် အင်တာဗျူးအတွက် ပြင်ဆင်နေလို့ ဖုန်းပိတ်ထားမိတာပါ၊ အခုမှပဲ ပြန်ဖွင့်ရသေးတယ်။ စိတ်ပူသွားအောင် လုပ်မိလို့ တောင်းပန်ပါတယ်နော်"
စုယွီရှုတစ်ယောက် သက်ပြင်းချနိုင်တော့မှပဲ "တော်သေးတာပေါ့။ နင် အင်တာဗျူးအချိန် နောက်ကျကျန်ခဲ့မှာကို ငါ တကယ်စိုးရိမ်နေတာ။ နင့်အင်တာဗျူးက ဘယ်နှစ်နာရီလဲ"
လင်းဖုန်းရဲ့ မျက်လုံးတွေက ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီး "သုံးနာရီလေ။ အခုပဲ ကုမ္ပဏီကို သွားဖို့ ပြင်နေပြီ။ နင်လည်း ဒီနေ့ အလုပ်စဆင်းနေပြီ မလား"
"အင်း၊ ဒီနေ့က ငါ့ရဲ့ တရားဝင် ပထမဆုံး အလုပ်ဆင်းတဲ့နေ့ပဲ။ မူလကတော့ ဘဏ္ဍာရေးဌာနအတွက် အင်တာဗျူးအောင်ထားတာ၊ ဒါပေမဲ့ ဒီနေ့ အလုပ်လာဆင်းတော့မှ ရာထူးတာဝန်ကို ယာယီအပြောင်းအလဲလုပ်လိုက်တယ်လို့ ပြောတယ်။ ကုမ္ပဏီက မကြာသေးခင်ကမှ အတွင်းရေးမှူးဌာနကို အသစ်ဖွဲ့စည်းလိုက်တာမို့ ငါ့ကို အဲ့ဒီဌာနဆီ ပြောင်းရွှေ့တာဝန်ပေးလိုက်တာ"
လင်းဖုန်း အံ့အားသင့်သွားရသည်။ အတွင်းရေးမှူးဌာန ဟုတ်လား။
ကြည့်ရတာ လျူရှင်းတစ်ယောက် တော်တော်လေး အားစိုက်ထုတ်ပေးလိုက်ပုံရသည်။ မနေ့ညက တစ်ညလုံး သူမကို အလိုလိုက် အကြိုက်ဆောင်ပေးခဲ့ရတာ တကယ်ကို အလဟဿမဖြစ်ခဲ့ပေ။
"ငါလည်း ဘဏ္ဍာရေးဌာနမှာပဲ အင်တာဗျူးဖို့ လျှောက်ထားတာ။ နင်ပြောပုံအရဆိုရင် ငါတို့တွေ ဌာနတစ်ခုတည်းမှာ တူတူဆုံဖို့ ရာခိုင်နှုန်း တော်တော်များနေပြီပဲ"
"ဝေးသေးတယ်... နင်နဲ့ ဌာနတစ်ခုတည်း တူတူမနေချင်ပါဘူးနော်။ ပြီးခဲ့တဲ့တစ်ခေါက် ကော်ဖီသောက်တုန်းက နင် ငါ့လက်ကို တမင်သက်သက် ဆုပ်ကိုင်ထားသေးတယ်၊ ဟွန့်"
လင်းဖုန်း ဆွံ့အသွားရသည်။
စုယွီရှုက အခုပဲ... သူ့ကို မူနွဲ့ပြီး စကားနာထိုးလိုက်တာလား။
ဒါဟာ စုယွီရှုတစ်ယောက် လင်းဖုန်းကို သူစိမ်းတစ်ယောက်လို သဘောမထားတော့ဘူးဆိုတဲ့ သက်သေပဲ။
သူတို့ရဲ့ ဆက်ဆံရေးက နောက်ထပ် ခြေတစ်လှမ်း ထပ်မံတိုးတက်သွားခဲ့ပြီ။
"စိတ်မပူပါနဲ့၊ ဌာနတစ်ခုတည်း တူတူမကျရင်တောင်မှ ငါ နေ့တိုင်း နင့်ဌာနဆီ အရောက်လာခဲ့မှာပါ။ နင် ဘယ်လိုမှ ငါ့လက်ခုပ်ထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး"
"ဟွန်း... မနေ့ကတော့ ငါက အတွေ့အကြုံမရှိလို့ပါ။ မနေ့က အိမ်ပြန်ရောက်တော့ အင်တာနက်မှာ သေသေချာချာ ရှာကြည့်ပြီးပြီ။ နောက်တစ်ခါ နင် ငါ့လက်ကို ထပ်ကိုင်ရဲကိုင်ကြည့်၊ ကိုက်ပစ်မှာ"
လင်းဖုန်းရဲ့ နှလုံးသားလေး လှုပ်ခတ်သွားရပြီး "ကိုက်မလို့လား။ အဲ့ဒါက နည်းနည်း အရမ်းမစောလွန်းဘူးလား။ ငါတို့က ချစ်သူတွေအဖြစ် တရားဝင်တောင် မတွဲရသေးဘူးလေ"
စုယွီရှု : "???"
"နင် ဘာတွေ လျှောက်ပြောနေတာလဲ။ ငါတို့ ပြောနေတဲ့အကြောင်းအရာက လွဲချော်နေသလိုပဲ"
လင်းဖုန်း ချောင်းဟန့်လိုက်ရင်း "အဟွတ်... အဟွတ်၊ ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး"
စုယွီရှုလည်း ထပ်ပြီး အကျယ်အကျယ် မမေးတော့ဘဲ "ဒါဆိုလည်း ကုမ္ပဏီကို အမြန်လာခဲ့တော့။ ပထမဆုံး အင်တာဗျူးကို နောက်ကျမခံနဲ့ဦး။ အင်တာဗျူး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်"
"နင့်ရဲ့ ဆုတောင်းစကား ကြားရမှတော့ ငါ့ရဲ့အင်တာဗျူးက သေချာပေါက် ချောချောမွေ့မွေ့ ဖြစ်သွားမှာပါ"
လင်းဖုန်းသည် အပြုံးလေးဖြင့် ဖုန်းချလိုက်ပြီးနောက် ကျန်းလေ့ရဲ့ ရုံးခန်းဆီသို့ လှမ်းလာခဲ့သည်။
ကျန်းလေ့နဲ့ ကျန်းယွဲ့တို့က တစ်ညလုံး မအိပ်ရသေးသော်လည်း ကျန်းလေ့ကတော့ အလုပ်အပေါ် ရူးသွပ်သူပီပီ လုံးဝအရေးမကြီးရင် သူ့ရဲ့ တာဝန်ကျနေရာကနေ အလွယ်တကူ ထွက်ခွာမယ့်သူ မဟုတ်ပေ။
လင်းဖုန်း ဝင်လာတာနဲ့ ကျန်းလေ့က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး "လင်းဒါရိုက်တာကြီး၊ ရောက်လာပြီလား"
"ကိစ္စတွေ အားလုံး အဆင်ပြေပြေ ရှင်းလင်းပြီးပြီလား"
"အားလုံး ရှင်းပြီးပါပြီ။ ခိုးယူခံလိုက်ရတဲ့ ငွေတွေကို ပြန်ရဖို့ကတော့ ရာခိုင်နှုန်း တော်တော်နည်းတာမို့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ငွေနဲ့ပဲ အဲ့ဒီလိုဟာတွေကို ဖြည့်ဆည်းပေးလိုက်ပါတယ်။ အဲ့ဒီလူတွေလည်း ပိုက်ဆံရသွားတော့ ထွက်သွားကြပါပြီ"
လင်းဖုန်း ခေါင်းညိတ်လိုက်ရင်း "ငွေကြေးကိစ္စက ပြီးသွားပြီဆိုတော့ မင်းရဲ့ ကိစ္စကကော။ မင်းနဲ့ သူမကြားထဲမှာ ဘယ်လိုအခြေအနေ ရှိလဲ"
ကျန်းလေ့က ပြုံးလိုက်ပြီး "ကျွန်တော်တို့... ကျွန်တော်တို့ ပြန်တွဲဖြစ်သွားပါပြီ"
လင်းဖုန်းက သူ့ပုခုံးကို ပုတ်ပေးလိုက်ရင်း "မဆိုးဘူးပဲ။ ဒါနဲ့ စကားမစပ်... အခု မင်းရဲ့ တစ်နှစ်စာ လစာက ဘယ်လောက်လဲ"
"တစ်နှစ်ကို လစာ ယွမ်သန်း ၂၀ ပါ။ ဒါပေမဲ့ ကျွန်တော့်မှာ ကုမ္ပဏီရဲ့ ရှယ်ယာ ၀.၄၅ ရာခိုင်နှုန်းလည်း ရှိနေတော့ နှစ်စဉ် အမြတ်ဝေစု ခွဲတမ်းလည်း ရပါတယ်။ တကယ်လို့ တစ်နှစ်စာလစာ၊ နှစ်ချုပ်ဘောနပ်စ်၊ ဆုကြေးငွေနဲ့ အမြတ်ဝေစု အားလုံးကို နှစ်ကုန်မှာ ပေါင်းလိုက်ရင်တော့ ယွမ် သန်း ၁၀၀ နီးပါးလောက် ရှိပါတယ်။ လင်းဒါရိုက်တာကြီးက ဘာလို့ ဒါကို ရုတ်တရက် မေးရတာလဲဟင်" ကျန်းလေ့က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
လင်းဖုန်းက အသာအယာ ခေါင်းညိတ်လိုက်ရင်း "ငါ မင်းကို လစာတိုးပေးမလို့ပဲ၊ ဒါပေမဲ့ မင်းက အဲ့လောက်တောင် အများကြီး ရနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒါဆိုလည်း ထားလိုက်တော့။ မင်းကို နှုတ်ကနေပဲ အားပေးစကား ပြောလိုက်တော့မယ်"
"ကျွန်တော်က ငွေကြေးအပေါ် သိပ်ပြီး အလေးမထားပါဘူး။ ငွေကြေးနဲ့ပတ်သက်ရင် ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရင်ပဲ လုံလောက်ပါပြီ၊ ပိုလျှံနေတဲ့အရာတွေက ရှိလည်းရ၊ မရှိလည်းရပါပဲ"
ကျန်းလေ့ ပြောတာက အမှန်ပင်။ သူ့ရဲ့ ပုံမှန် ဝတ်စားဆင်ယင်မှုကို ကြည့်ရင် သိနိုင်သည်။ သူ့မှာ လက်ပတ်နာရီ၊ ခါးပတ် ဒါမှမဟုတ် တန်ဖိုးကြီးဇိမ်ခံကား စတာတွေ လုံးဝမရှိပေ။ မဝယ်နိုင်လို့ မဟုတ်ဘဲ သူကိုယ်တိုင်က စိတ်မဝင်စားလို့ ဖြစ်သည်။
"မင်း အရင်ကတော့ အဲ့လို နေချင်နေလို့ ရနိုင်ပေမဲ့ အခုကစပြီး မင်းရဲ့ဘဝထဲမှာ နောက်ထပ် လူတစ်ယောက် တိုးလာပြီလေ။ ငွေက အရာအားလုံး မဟုတ်ဘူးဆိုပေမဲ့ လုံလောက်တဲ့ ငွေကြေးက ဘဝရဲ့ ပြဿနာ ၉၉.၉၉၉ ရာခိုင်နှုန်းကို ဖြေရှင်းပေးနိုင်ပါတယ်။ နောက်ကျရင် မင်း သူမကို လက်ထပ်တဲ့အခါ မင်္ဂလာဆောင်ပြီး နေဖို့ အိမ်မရှိသေးဘူး မဟုတ်လား။"
"လက်ထပ်ပြီးရင် အိမ်ဟောင်းကြီးမှာ သေချာပေါက် သွားနေလို့ မဖြစ်ဘူးလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ မကြာသေးခင်ကမှ အိမ်အချို့ ဝယ်ထားတာ ရှိတယ်၊ အဲ့ဒါကြောင့် မင်းကို တစ်လုံး လက်ဆောင်ပေးမယ်။ မေပယ်တောအုပ် မြစ်ကမ်းပါးက ဗီလာဇုန်ထဲမှာ ရှိတာ၊ မင်း ကြိုက်တဲ့တစ်လုံးကို စိတ်ကြိုက်ရွေးလိုက်"
"လင်းဒါရိုက်တာကြီးက အဲ့လောက်တောင် ပြောမှတော့ ကျွန်တော်လည်း အားမနာတော့ပါဘူး။ အော်... ဒါနဲ့ စကားမစပ် လင်းဒါရိုက်တာကြီး၊ ဒါကို မကြည့်ရသေးဘူး ထင်တယ်နော်။ ဒါက လင်းဒါရိုက်တာကြီး စုံစမ်းခိုင်းထားတဲ့ လျှိုရှုရဲ့ အချက်အလက်တွေပါ"
လင်းဖုန်း သူ့ခေါင်းသူ ပုတ်လိုက်မိသည်။
ဘုရားရေ။
သူ လုံးဝကို မေ့သွားခဲ့တာပဲ။
စနစ်ကို စတင်ရရှိခဲ့တဲ့ အစောပိုင်းကတည်းက လျှိုရှုရဲ့ အချက်အလက်တွေကို စုံစမ်းစစ်ဆေးချင်ခဲ့တာ ဖြစ်သော်လည်း အမျိုးမျိုးသော အနှောင့်အယှက်တွေကြောင့် အခုအချိန်အထိ လျှိုရှုရဲ့ လက်ရှိအခြေအနေကို မကြည့်ရသေးပေ။
တကယ်တော့ လင်းဖုန်းရဲ့ စိတ်နေစိတ်ထားက လွန်ခဲ့တဲ့ ရက်ပိုင်းကနဲ့ ယှဉ်ရင် တော်တော်လေး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ စနစ်ကို စတင်ရရှိခါစတုန်းကတော့ လျှိုရှုကို သေချာပေါက် အငြိုးတကြီး ကလဲ့စားချေပစ်မယ်လို့ တွေးခဲ့မိသော်လည်း အခုပြန်စဉ်းစားကြည့်တော့ အဲ့လောက်အထိ မလိုအပ်တော့သလို ခံစားရသည်။
ဒါပေမဲ့ စုံစမ်းထားပြီးပြီဆိုမှတော့ ကြည့်လိုက်တာပေါ့။ ကလဲ့စားချေမလား၊ မချေဘူးလားဆိုတာကတော့ လင်းဖုန်းရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်လိမ့်မည်။
"သူ့ရဲ့ အချက်အလက်တွေ ဘယ်မှာလဲ၊ ငါ့ကို ပေးကြည့်ဦး"
ကျန်းလေ့သည် ချက်ချင်းပဲ ကွန်ပျူတာရှေ့ ပြန်သွားပြီး ဖိုင်တစ်ခုကို ဖွင့်လိုက်ရင်း "လင်းဒါရိုက်တာကြီး၊ ဒီမှာ ကြည့်ရှုနိုင်ပါတယ်"
လင်းဖုန်းသည် ကွန်ပျူတာစခရင်ပေါ်က ဖိုင်ကို ကြည့်လိုက်သည်။
လျှိုရှုက အခုအချိန်မှာ ဘဝကို လမ်းပျောက်ပြီး ဖြစ်သလို ဖြတ်သန်းနေရတာ ဖြစ်သည်။ ထိုစဉ်က လျှိုရှုရဲ့ စာမေးပွဲအမှတ်တွေအရဆိုရင် သက်မွေးဝမ်းကျောင်းကောလိပ်တစ်ခုကိုပဲ ကပ်သီးကပ်သတ် တက်ရောက်နိုင်မှာဖြစ်သော်လည်း သူ့အဖေ လျူပင်က လုပ်ပိုင်ခွင့်အာဏာနဲ့ အဆက်အသွယ်တွေကို သုံးပြီး ဒုတိယအဆင့် တက္ကသိုလ်တစ်ခုဆီ ပို့ပေးခဲ့ကာ မဟာဘွဲ့အထိတောင် တန်းတက်နိုင်အောင် စီစဉ်ပေးခဲ့သည်။
ဒါပေမဲ့ သူက သူ့အဖေ စီစဉ်ပေးထားတဲ့ လမ်းကြောင်းအတိုင်း မလျှောက်လှမ်းချင်ဘဲ ပျင်းစရာကောင်းသည်ဟု ခံစားရတာကြောင့် ကျောင်းမတက်ခဲ့ပေ။ ထို့အပြင် သူ ကျောင်းမတက်ရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းတစ်ခုကတော့ လျှိုရှုရဲ့ တက္ကသိုလ်တက်စဉ်က နာမည်ပျက် သတင်းဆိုးတွေကြောင့်လည်း ပါဝင်သည်။
လျှိုရှုသည် မိန်းကလေးတွေကို ကိုယ်ဝန်ရစေပြီး တာဝန်မယူခဲ့မှု ငါးကြိမ်တိုင်တိုင် ဖော်ထုတ်ခံခဲ့ရဖူးပြီး ရန်ပွဲပေါင်းများစွာကိုလည်း ဖန်တီးခဲ့ဖူးသည်။ လျှိုရှုသည် လူတိုင်းက ရွံရှာမုန်းတီးရတဲ့အဆင့်အထိ ရောက်ရှိသွားခဲ့တာ ဖြစ်သည်။
ကျောင်းကနေ ထွက်လာပြီးနောက် လျှိုရှုသည် အစပိုင်းမှာ ကိုယ်ပိုင်ကုမ္ပဏီတစ်ခု ထောင်ခဲ့သေးသော်လည်း အရင်းအနှီးအားလုံး ဆုံးရှုံးခဲ့ပြီး လုပ်သမျှအရာရာ တိုင်းမှာ ကျရှုံးခဲ့ရသည်။ အခုအချိန်မှာတော့ သူ့အဖေရဲ့ ကုမ္ပဏီမှာပဲ ဘဝကို ဖြစ်သလို ပစ်စလတ်ခတ် ဖြတ်သန်းနေရသည်။
လင်းဖုန်း အကြမ်းဖျင်း ဖတ်ရှုပြီးတဲ့နောက်မှာတော့ စောစောက သူ တွေးထားခဲ့တဲ့ သဘောထားကြီးမှုတွေက ချက်ချင်း ယူပစ်သလို ပျောက်ကွယ်သွားတော့သည်။ ဒီလို အမှိုက်ကောင်မျိုးကို ကလဲ့စားမချေဘဲ လွှတ်ထားပေးလိုက်ရင် သူ့ကို အလကားသက်သက် အလိုလိုက်ရာ ကျလိမ့်မည်။
လင်းဖုန်းအနေနဲ့ လျှိုရှုကြောင့် ကိုယ်ဝန်ရခဲ့တဲ့ မိန်းကလေးတွေကို သနားမနေပေ။ ထိုမိန်းကလေးတွေက ခံထိုက်လို့ ခံရတာလို့ လုံးဝကြီး မဆိုလိုသော်လည်း လျှိုရှုက ပထမဆုံးတစ်ယောက်ကို ကိုယ်ဝန်ရစေပြီး တာဝန်မယူဘဲ ပစ်ပယ်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာတောင်မှ နောက်ထပ် မိန်းကလေးတွေက ဘာကြောင့် လျှိုရှုနဲ့ ဝူထောင်းတို့လို လူမျိုးတွေအနားမှာ ကပ်တွယ်နေချင်ကြသေးတာလဲ။
လျှိုရှုရဲ့ ခဏတာ စည်းစိမ်လေးအတွက်တော့ မဟုတ်လောက်ပါဘူးနော်။
လျှိုရှုနဲ့ ထိုမိန်းကလေးတွေက တစ်ယောက်က ကာမဂုဏ်ကို မက်မောပြီး နောက်တစ်ယောက်ကတော့ ငွေကြေးကို မက်မောကြတာ ဖြစ်သည်။ နောက်ဆုံးမှာတော့ ငွေကြေးခွဲတမ်း မတည့်ကြရာကနေ သတင်းတွေ ပေါက်ကြားကုန်ကြတာပဲ ဖြစ်သည်။
လင်းဖုန်း ခံစားရတာကတော့ လျှိုရှုကို အမုန်းဆုံးအချက်က တက္ကသိုလ်တုန်းက ရန်ဖြစ်ပြီး လူတွေကို ဆေးရုံရောက်အောင် လုပ်ခဲ့တဲ့ အချက်ပင် ဖြစ်သည်။
ဒီလို လူယုတ်မာမျိုးကိုတော့ ပြင်းပြင်းထန်ထန် ပညာပေးရမည်။
လင်းဖုန်း ဖတ်လို့ ပြီးခါနီးအချိန်မှာပဲ ကျန်းလေ့ရဲ့ မှတ်ချက်စကားတစ်ခုက သူ့ရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ "လင်းဒါရိုက်တာကြီး... လျှိုရှုရဲ့အဖေ လျူပင် ပိုင်ဆိုင်တဲ့ 'ချန်ဟယ် ကုမ္ပဏီ' က ကျွန်တော်တို့ ဂရုနဲ့ အတူတူ အလွန်နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်ဗျ”