အခန်း ၃၂။ မိုးတွေ အရမ်းရွာနေတယ်
ကျန်းလေ့က ကျန်းယွဲ့အတွက် ပြဿနာအရပ်ရပ်ကို ရှင်းလင်းပေးပြီးနောက် ထိုနေ့ညနေက သူတို့နှစ်ဦး ညစာတူတူစားပြီး ဟိုတယ်ကုတင်ပေါ်တွင် လှဲလျောင်းရင်း အတိတ်ဟောင်းတွေကို ပြန်ပြောင်းသတိရနေခဲ့ကြသည်။
သူတို့နှစ်ဦး ပထမဆုံး စကားစပြောဖြစ်ခဲ့တာက အတန်းထဲမှာ ဖြစ်ပြီး ထိုစဉ်က ကျန်းယွဲ့က ကျန်းလေ့ကို စာမေးခဲ့တာ ဖြစ်သည်။ နောက်ပိုင်းကျမှ ကျန်းယွဲ့က ကျန်းလေ့ကို ပြန်ပြောပြဖူးသည်မှာ— သူမကို ကျန်းလေ့ စာရှင်းပြနေချိန်တုန်းက သူမ စာကို လုံးဝနားမထောင်ဘဲ ကျန်းလေ့ရဲ့ မျက်နှာကိုပဲ တစိုက်မတ်မတ် ကြည့်နေခဲ့မိတာ ဖြစ်ကြောင်းပင်။
သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး ပထမဆုံးအကြိမ် တိုးတက်လာခဲ့တာကတော့ တစ်ခုံတည်း အတူတူ ထိုင်ရတဲ့အချိန်က စတင်ခဲ့သည်။
နောက်ပိုင်းကျတော့မှ ကျန်းလေ့က ကျန်းယွဲ့ကို ဝန်ခံခဲ့သည်မှာ— တကယ်တော့ သူတို့နှစ်ဦး တစ်ခုံတည်း ထိုင်ရအောင် ဆရာမကို သူကိုယ်တိုင် သွားရောက်တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းပင်။
သူတို့နှစ်ဦး ပထမဆုံး လက်ချင်းဆုပ်ကိုင်မိခဲ့တာကတော့ ချစ်သူတွေအဖြစ် တရားဝင်မတွဲဖြစ်ခင်ကတည်းက ဖြစ်သည်။
တစ်ခုံတည်းထိုင်တဲ့ အတန်းဖော်တွေပီပီ ကျန်းလေ့သည် အတန်းတက်နေစဉ်အတွင်း ကျန်းယွဲ့ရဲ့ ပစ္စည်းတွေကို တမင်သက်သက် ယူပြီး စာပွဲအံဆွဲထဲ ထည့်ထားလေ့ရှိသည်။ ကျန်းယွဲ့က အံဆွဲထဲ လက်နှိုက်ပြီး ပစ္စည်းရှာတဲ့အခါ ကျန်းလေ့က သူမရဲ့ လက်ကလေးကို ဖမ်းဆုပ်ထားပြီး လုံးဝပြန်မလွှတ်တော့ပေ။ ထိုအချိန်က အတန်းထဲတွင် စာသင်နေဆဲဖြစ်တာမို့ ကျန်းယွဲ့သည် ကျန်းလေ့ကို မျက်စောင်းခဲကြည့်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ရှာဘဲ ထိုအတန်းချိန်တစ်ခုလုံး လက်ချင်းချိတ်ထားခဲ့ကြသည်။
(သတိပေးချက် - ဤနည်းလမ်းကို လိုက်မလုပ်ရန် အကြံပြုအပ်ပါသည်။ ဤနည်းလမ်းသည် တစ်ဦးအပေါ်တစ်ဦး စိတ်ကစားနေသည့် အခြေအနေရှိသော သူနှစ်ဦးအတွက်သာ သင့်တော်ပါသည်။ တကယ်လို့များ ဇွတ်မှိတ်ပြီး လိုက်လုပ်မိပါက တစ်အတန်းလုံးရဲ့ ရှေ့မှောက်တွင် ကာမေသုမိစ္ဆာစာရင်းဝင် လူနှာဘူးတစ်ယောက်အဖြစ် ဖော်ကောင်လုပ်ခံရနိုင်ပါသည်!)
သူတို့နှစ်ဦး တရားဝင် ချစ်သူတွေဖြစ်သွားခဲ့တာကတော့ အားကစားကွင်းထဲမှာ ပြေးနေကြရင်း ဖြစ်သည်။ ထိုစဉ်က ရုတ်တရက် မိုးတွေ သည်းထန်စွာ ရွာသွန်းလာခဲ့သော်လည်း သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ပြီး မိုးရွာထဲမှာပဲ ဂရုမစိုက်ဘဲ ဆက်ပြေးနေခဲ့ကြသည်။
ဖြည်းဖြည်းချင်း မိုးက ပိုသည်းလာပြီး သူတို့ရဲ့ အဝတ်အစားတွေလည်း ရွှဲရွှဲစိုကုန်တော့သည်။
သူတို့သည် ကျောင်းဝတ်စုံအပေါ်အင်္ကျီကို ခေါင်းပေါ်မှာ မိုးထားရင်း မိုးထဲရေထဲမှာ လူအူကြောင်ကြောင်လေးတွေလို ပြေးလွှားနေခဲ့ကြသည်။
"ကျန်းယွဲ့... ငါ နင့်အနားမှာ အမြဲတမ်း ရှိနေပေးလို့ရမလား"
"နင် ဘာပြောလိုက်တာလဲ"
"ငါပြောတာ မိုးတွေ အရမ်းရွာနေတယ်လို့"
"ငါ လက်ခံပါတယ်"
"နင် ဘာပြောလိုက်တာလဲ"
"ငါပြောတာလည်း မိုးတွေ တကယ် အရမ်းရွာနေတယ်လို့"
ပြီးတော့ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။
ဒါဟာ သူတို့အတွက် အပျော်ဆုံးနဲ့ အကြည်နူးရဆုံး အချိန်တွေ ဖြစ်ခဲ့လိမ့်မည် ထင်ပါရဲ့။
...
ကျန်းလေ့နဲ့ ကျန်းယွဲ့တို့သည် ငိုလိုက်ရယ်လိုက်ဖြင့် အတိတ်က ပုံရိပ်တွေကို မနေ့ကတင် ဖြစ်ပျက်ခဲ့သလိုမျိုး ခံစားနေရပြီး ကျောင်းဆင်းလို့ အိမ်ပြန်သွားကြရင်း ညတစ်ညလောက်ပဲ မတွေ့ရသေးသလို ခံစားချက်မျိုး ဖြစ်နေကြသည်။
...
ကျန်းလေ့နဲ့ ကျန်းယွဲ့အပြင် အခြားသော လူအချို့လည်း တစ်ညလုံး မအိပ်ဘဲ ရှိနေခဲ့ကြသေးသည်။
သူတို့ကတော့ ကျိန်းဟောက်ဝန်၊ ကျိန်းဟောက်ဝန်ရဲ့ အဖေနဲ့ လျူဟယ်တို့ ဖြစ်ကြသည်။
သူတို့ ရဲစခန်းအကျဉ်းခန်းထဲ ရောက်သွားတာနဲ့ အထဲက ထောင်ဝါရင့် လူမိုက်ကြီးတွေက သူတို့ကို ချက်ချင်းပဲ အသေအလဲ ပညာပေးလိုက်ကြသည်။
ဒါဟာ ဥက္ကဋ္ဌ ဝမ်လင်းရဲ့ သီးသန့် အစီအမံလည်း ဖြစ်သည်။
အရိုက်ခံရပြီးနောက် သုံးယောက်သား ခုံတန်းရှည်ပေါ်မှာ လဲနေရင်း သူတို့ရဲ့ တင်ပါးတွေကို ပွတ်သပ်ကာ မျက်နှာကြက်ကိုပဲ စိုက်ကြည့်နေမိကြတော့သည်။
...
နောက်တစ်နေ့။
လင်းဖုန်းတစ်ယောက် နေ့လယ်အထိ အိပ်ပျော်သွားခဲ့သည်။
မနေ့ညက ကုမ္ပဏီကိစ္စတွေကို တော်တော်နဲ့ ညဉ့်နက်တဲ့အထိ ဖြေရှင်းခဲ့ရတာမို့ သူ နောက်ကျမှ နိုးတာကလည်း သဘာဝကျလှသည်။
လျူရှင်းလည်း အလုပ်အစီရင်ခံစာ တင်ပြရင်း တော်တော်လေး ညဉ့်နက်တဲ့အထိ အလုပ်လုပ်ခဲ့ရတာမို့ တကယ်ကို အလုပ်အပေါ် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားတာပဲ ဖြစ်သည်။
လင်းဖုန်း နိုးလာရတဲ့ အကြောင်းရင်းကတော့ ဗိုက်ဆာလာလို့ဖြစ်သည်။ ပြင်းထန်တဲ့ အလုပ်တာဝန်တွေကို လုပ်ဆောင်ပြီးတဲ့နောက် ကယ်လိုရီ ပြန်လည်ဖြည့်တင်းဖို့ တကယ်ကို လိုအပ်လှသည်။
ကိုယ်လက် ဆန့်တန်းလိုက်ပြီးနောက် လင်းဖုန်းက လျူရှင်းကို မေးလိုက်သည်။ "ဗိုက်ဆာပြီလား၊ အာဂျောင်းကို စားစရာအချို့ ဝယ်ပြီး အပေါ်ထပ် ယူလာခိုင်းလိုက်ရမလား"
လျူရှင်းကတော့ အိပ်ချင်မူးတူးဖြင့် မသိစိတ်ကနေပဲ ရေရွတ်ပြန်ဖြေလိုက်သည်။ "အင်း... စားမယ်၊ ဆာတယ်၊ အရမ်းဆာတယ်..."
လင်းဖုန်းသည် ချက်ချင်းပဲ အာဂျောင်းဆီ ဖုန်းဆက်လိုက်ပြီး ကြက်ကြော်အများကြီးနဲ့ စိတ်ကြည်လင်သွားအောင် ကော်ဖီအချို့ပါ ဝယ်ယူပြီး ယူလာပေးဖို့ ပြောလိုက်သည်။
ပြီးခဲ့တဲ့တစ်ခေါက် အတွေ့အကြုံကြောင့် အာဂျောင်းကတော့ ဒီလိုအခြေအနေမျိုးကို တော်တော်လေး ရိုးအီနေပြီဖြစ်တာမို့ သူမရဲ့ ရင်ဘတ်ကို ပုတ်ရင်း အေးဆေးပဲဟု အလွယ်တကူ သဘောတူလိုက်သည်။
မကြာခင်မှာပဲ အာဂျောင်းသည် စားစရာအထုပ်အပိုးအကြီးကြီးကို သယ်ဆောင်လာပြီး တံခါးကို လာခေါက်သည်။
"လင်းဒါရိုက်တာကြီး... အာဂျောင်းက ကြက်ကြော်တွေ ယူလာပေးပြီနော်။ ကျွန်မက တကယ်ကို တော်လွန်းတယ်မလား" အာဂျောင်းက လင်းဖုန်းဆီကနေ ချီးကျူးစကား ကြားချင်ပုံဖြင့် သူမရဲ့ ရင်ဘတ်ကို ကော့လိုက်သည်။
လင်းဖုန်းက သူမကို ကြည့်ပြီး မျက်ခုံးတစ်ဖက် ပင့်လိုက်ရင်း "ဪ... တော်တယ်ပေါ့ ဟုတ်လား"
"ဒါပေါ့၊ တော်တာမှ လွန်ရောပဲ။ ကျွန်မ လမ်းတစ်လျှောက်လုံး အပြေးပြန်လာတာ၊ ကော်ဖီတစ်စက်တောင် မဖိတ်ဘူး သိလား"
"နင်က အဲ့လောက်တောင် တော်နေမှတော့... လာလေ"
အာဂျောင်း : "???"
ငါတို့ ပြောနေတာ တူညီတဲ့အရာ ဟုတ်ရဲ့လား။
"ကဲပါ... နင်နဲ့ တမင်နောက်လိုက်တာ။ ပစ္စည်းတွေ ဒီပေး" လင်းဖုန်းက ကြက်ကြော်အထုပ်အကြီးကြီးကို လှမ်းယူလိုက်သည်။
အာဂျောင်းက နှုတ်ခမ်းလေး စူလိုက်ရင်း "ဟွန့်... လင်းဒါရိုက်တာကြီးကတော့ အလကားနေရင်း လူကို ပျော်အောင်လုပ်ပြီးမှ ဖြုန်းခနဲ ဖြတ်ပစ်လိုက်တာပဲ၊ ပျင်းစရာကြီး။ သွားပြီ"
လင်းဖုန်း : "???"
...
လင်းဖုန်းနဲ့ လျူရှင်းတို့ ကြက်ကြော်စားပြီးတဲ့နောက် လျူရှင်းက မျက်လုံးတွေကို ပွတ်သပ်ရင်း တစ်ကျော့ပြန် သမ်းဝေလိုက်ပြန်သည်။
"လင်းဒါရိုက်တာကြီး... ကျွန်မ ပြန်အိပ်တော့မယ်။ ဒီနေ့ ခွင့်တစ်ရက် ယူတယ်နော်၊ ကုမ္ပဏီကိစ္စတွေကို လုံးဝ စိတ်မဝင်စားနိုင်တော့ဘူး~" လျူရှင်းက ပျင်းရိပျင်းတွဲ ပြောလိုက်သည်။
လင်းဖုန်းက ပြုံးလိုက်ရင်း "ရပါတယ်၊ အလုပ်မလုပ်ချင်ရင်လည်း နားလိုက်ပေါ့။ ကိစ္စမရှိဘူး၊ ခွင့်ပြုတယ်"
...
လျူရှင်း ပြန်အိပ်သွားပြီးနောက် လင်းဖုန်းက အာဂျောင်းကို ခေါ်ပြီး လျူရှင်းကို စောင့်ရှောက်ပေးဖို့ အပ်နှံခဲ့ကာ ရုံးခန်းထဲကနေ လှမ်းထွက်လာခဲ့သည်။
မနေ့ညက အသံပိတ်ထားခဲ့တဲ့ သူ့ရဲ့ဖုန်းကို ထုတ်ကြည့်လိုက်တော့ လင်းဖုန်းတစ်ယောက် စုယွီရှုဆီကနေ ဖုန်းခေါ်ဆိုမှု ရှစ်ကြိမ်နဲ့ မက်ဆေ့ခ်ျ ဆယ်စောင်ကျော် ဝင်နေတာကို မြင်လိုက်ရသည်။
လင်းဖုန်း ကြည့်လိုက်ပြီး သူ့နဖူးသူ ချက်ချင်း ရိုက်လိုက်မိတော့သည်။
မနေ့ကတင် လင်းဖုန်းက စုယွီရှုကို ဒီနေ့ ဟွာရုန်ဂရုမှာ အင်တာဗျူးလာဖြေမယ်လို့ ပြောထားခဲ့တာကိုး။
ဘုရားရေ... သူ လုံးဝကို မေ့သွားခဲ့တာပဲ။
အခုဆိုရင် နေ့လယ် တစ်နာရီတောင် ရှိနေပြီဖြစ်သည်။
လင်းဖုန်းသည် လမ်းလျှောက်ရင်း ဖုန်းကို ကိုင်ကာ စုယွီရှုကို ဘာကြောင့် ဖုန်းမကိုင်ရသလဲဆိုတာကို ကျိုးကြောင်းဆီလျော်တဲ့ ဆင်ခြေတစ်ခု ပေးနိုင်ဖို့ အသည်းအသန် စဉ်းစားနေမိသည်။
ဒါပေမဲ့ တော်တော်နဲ့ စဉ်းစားရခက်နေပြီး ဘယ်လိုမှ ကျိုးကြောင်းဆီလျော်တဲ့ ဆင်ခြေမျိုး မထွက်လာပေ။
"ငါ ဒီနေ့အတွက် Sign-in မလုပ်ရသေးဘူးပဲ။ အရင်ဆုံး လုပ်လိုက်ဦးမယ်။ တကယ်လို့ ကောင်းတဲ့အရာတစ်ခုခု ရလာရင် ဒီပြဿနာကို ဖြေရှင်းဖို့ အထောက်အကူ ဖြစ်ချင်ဖြစ်မှာ"
ဒီလိုပြောပြီးမှ လင်းဖုန်းက တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားသည်။
သူ့မှာ ကံဆိုးစေတဲ့အရာကို ကြိုပြောမိရင် တကယ်ဖြစ်တတ်တဲ့ မကောင်းတဲ့ အဆိပ်နို့ စွမ်းရည်မျိုး ရှိနေသလိုပဲ။
ထွီ... ထွီ... ထွီ...
ပြောင်းပြန် ပြန်ပြောမှ ဖြစ်မယ်။
"ငါ ဆုတောင်းပါတယ်... ဒီတစ်ခေါက် ငါ့ရဲ့ Sign-in ဆုလာဘ်က ဘာမှမဟုတ်တဲ့ အမှိုက်ပဲ ဖြစ်ပါစေ၊ ပြီးတော့ ငါ စုယွီရှုရဲ့ မက်ဆေ့ခ်ျတွေကို ငါးနာရီကြာအောင် ပြန်စာမပို့မိတဲ့ ပြဿနာကိုလည်း ဘယ်လိုမှ မဖြေရှင်းနိုင်ပါစေနဲ့"
ခဏလောက် တိုးတိုးတိတ်တိတ် ရေရွတ်ပြီးနောက် လင်းဖုန်းရဲ့ စိတ်အာရုံက စနစ်ရဲ့ ဟင်းလင်းပြင်ထဲကို ဝင်ရောက်သွားခဲ့သည်။
"Sign-in လုပ်မယ်"
"ဒင်... အိမ်ရှင် ၊ Sign-in အောင်မြင်စွာ ပြုလုပ်ပြီးပါပြီ။ သင်ဟာ ဒူရင်းcoin သန်း ၁၀၀ ကို ရရှိပါတယ်။ ဒူရင်းcoinတွေကို သင့်ရဲ့ ဒူရင်းအကောင့်ထဲ ထည့်သွင်းပေးထားပြီးဖြစ်လို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်"
လင်းဖုန်း : "???"
"စနစ်... ထွက်လာပြီး ရှင်းပြစမ်း။ ငါ ပြောင်းပြန် ပြောလိုက်တာတောင် ဘာလို့ လိုချင်တဲ့ ဆုလာဘ်မျိုး မထွက်လာရတာလဲ"
"ဘာလို့လဲဆိုတော့ စနစ်ရဲ့ ဆုလာဘ်တွေထဲမှာ အဲ့လိုအရာတွေ မပါဝင်လို့ပါ။ လက်တွေ့ဘဝကို ပြောင်းပြန်လှန်ပစ်ဖို့က မဖြစ်နိုင်သလို အိမ်ရှင်ရဲ့ ဘဝကလည်း အရမ်းကို ချောမွေ့လွန်းနေပါပြီ။ အိမ်ရှင်အနေနဲ့ စိတ်ပျက်စရာ အခက်အခဲ ခံစားချက်မျိုးကိုလည်း ကြုံတွေ့ဖူးသင့်ပါတယ်"
လင်းဖုန်း : "..."
"ဒါပေမဲ့ စနစ်အနေနဲ့ အကြံပြုချက်တစ်ခုတော့ ပေးနိုင်ပါတယ်။ အင်တာဗျူးအတွက် ပြင်ဆင်ရင်း ညဉ့်နက်သွားလို့ ဖုန်းပိတ်ထားမိပါတယ်လို့ ရှင်းပြနိုင်ပါတယ်။ သူမက သင့်ကို ဂရုစိုက်တဲ့အတွက်ကြောင့် အရမ်းကြီး စိတ်ဆိုးမှာ မဟုတ်ပါဘူး"
"အိုး... ဟုတ်သားပဲ၊ စနစ်က တော်တော်လေး နားလည်တာပဲ။ အဲ့ဒါဆိုလည်း ရော့... ပါးရိုက်ချက်အကြီးကြီး တစ်ချက်ပဲ"
"စနစ်... ဘာလို့ စကားမပြောတော့တာလဲ။ စနစ်? စနစ်?"
"စနစ်... ဘာလို့ ငါ့ကို လျစ်လျူရှုထားတာလဲ"
တော်တော်ကြာအောင် ခေါ်နေပေမဲ့ စနစ်က လင်းဖုန်းကို ပြန်မဖြေတော့တာမို့ လင်းဖုန်းလည်း အူကြောင်ကြောင် ဖြစ်သွားပြီး စနစ်ထဲကနေ စိတ်အာရုံ ပြန်ရုပ်သိမ်းလိုက်တော့သည်။
"စနစ် ပြောပြတဲ့ နည်းလမ်းကတော့ ဖြစ်နိုင်ခြေ ရှိပါတယ်။ ထပ်ပြီး အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး၊ လုပ်လိုက်တော့မယ်"
လင်းဖုန်းသည် စုယွီရှုရဲ့ ဖုန်းနံပါတ်ကို နှိပ်ပြီး ခေါ်ဆိုလိုက်သည်။
စုယွီရှုက ဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး "နင် ထပ်ပြီး အိပ်ပျော်နေပြန်ပြီမလား။ ဒီနေ့က နင့်ရဲ့ အင်တာဗျူးဖြေရမယ့်နေ့