အခန်း (၂) ခွဲစိတ်ခကို ငါပေးမယ်
မှတ်တမ်းစာအုပ်ထဲက ပထမဆုံးနာမည်ကတော့ လျူရှို့ပဲ ဖြစ်ပါတယ်၊၊
သူကတော့ လင်းဖန်ရဲ့ အလယ်တန်းတုန်းက ထိုင်ဖော်ထိုင်ဖက်ဖြစ်သလို အဆောင်နေဘက် သူငယ်ချင်းလည်း ဖြစ်ပါတယ်၊၊ အစပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆင်ပြေခဲ့တယ်လို့ ပြောလို့ရပါတယ်၊၊ သိပ်ပြီးတော့ ရင်းနှီးတာမျိုးမဟုတ်ပေမဲ့ ကြီးကြီးမားမား ပြဿနာဖြစ်တာမျိုးလည်း မရှိခဲ့ပါဘူး၊၊
ဒါပေမဲ့ လျူရှို့ဆိုတဲ့ကောင်က တကယ့်ကို အပေါစား လူယုတ်မာတစ်ယောက်ပါ၊၊ လင်းဖန်က လျူရှို့ကို သူ့ရဲ့ ကလဲ့စားချေရမယ့် စာရင်းထဲမှာ ထည့်လိုက်ရတဲ့ အကြောင်းရင်းကတော့ လင်းဖန်ရဲ့ အမေ ဝယ်ပေးထားတဲ့ ဖိနပ်တစ်စုံကြောင့်ပဲ ဖြစ်ပါတယ်၊၊ အဲဒီဖိနပ်က အတုဖြစ်တဲ့အပြင် တကယ့်ကို အရည်အသွေးညံ့တဲ့ အတုစားကြီးပါ၊၊
နောက်ပိုင်းမှာတော့ အဲဒီဖိနပ်တွေက အရမ်းခေတ်စားလာပြီး လူတွေက "စတပ်ကေ" လို့တောင် ခေါ်ခဲ့ကြပါတယ်၊၊
အဲဒီအချိန်တုန်းက လင်းဖန်ဟာ ဖိနပ်တံဆိပ်တွေအကြောင်း ဘာမှမသိခဲ့ပါဘူး၊၊ ဒါကြောင့် သူ့အမေက ဖိနပ်အသစ် ဝယ်ပေးလိုက်တဲ့အခါ သူဟာ အရမ်းကို ပျော်ရွှင်ပြီး ကျောင်းကို ဂုဏ်ယူဝင့်ကြွားစွာ စီးသွားခဲ့တာပေါ့၊၊
အဲဒီနေ့မှာ လျူရှို့က လင်းဖန်ရဲ့ ဖိနပ်ကို မြင်သွားတဲ့အခါ သူ့ရဲ့မျက်နှာပေါ်မှာ အရမ်းကို လွန်လွန်ကဲကဲဖြစ်တဲ့ လှောင်ပြုံးကြီးတစ်ခု ပေါ်လာပါတယ်၊၊ အဲဒီနောက် သူက တစ်ခန်းလုံး တိတ်ဆိတ်သွားအောင် လက်ခုပ်တီးလိုက်ပြီး လင်းဖန်ကို စာသင်ခန်းရဲ့ ရှေ့ဆုံးကို ဆွဲခေါ်သွားပါတော့တယ်၊၊
“အားလုံးပဲ တိတ်တိတ်နေကြစမ်း၊၊ အကုန်လုံး လင်းဖန်ကို ကြည့်လိုက်ကြပါဦး၊၊ သူ့ခြေထောက်မှာ စီးထားတဲ့ ဖိနပ်ကို ကြည့်စမ်း၊၊ ဘေးမှာ ချိတ်တံဆိပ်ကြီးတောင် ပါသေးတယ်ဟ၊၊ ဒါက နိုင်ကီလား၊၊ ဒါကို လူသတ်သမားတံဆိပ်လို့ ခေါ်ရမယ်ထင်တယ် ဟားဟားဟားဟားဟား”
ဒီဖြစ်ရပ်က အဲဒီအချိန်တုန်းက လင်းဖန်ရဲ့ စိတ်ကို တော်တော်လေး ထိခိုက်စေခဲ့ပြီး သူ့ကိုယ်သူ ယုံကြည်မှု ပျောက်ဆုံးနေတဲ့ ကာလတစ်ခုအထိတောင် ဖြစ်သွားစေခဲ့ပါတယ်၊၊
လက်ရှိ လင်းဖန်အတွက်တော့ ဒါဟာ အသေးအမွှားကိစ္စလေးသာ ဖြစ်ပေမဲ့ အလယ်တန်းကျောင်းသားဘဝက သူ့အတွက်တော့ သေးငယ်တဲ့ကိစ္စ မဟုတ်ခဲ့ပါဘူး၊၊
ဒါကြောင့် ကလဲ့စားချေဖို့ကတော့ မလွဲမသွေလုပ်ရမဲ့ပဲပေါ့၊၊
လင်းဖန်ရဲ့ နှုတ်ခမ်းတွေက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး မှတ်တမ်းစာအုပ်ကို ဆက်ကြည့်နေလိုက်တယ်၊၊
စာအုပ်ထဲက ဒုတိယမြောက် နာမည်ကတော့၊၊
လင်းဖန် တစ်ယောက် စာအုပ်ကို လှန်လှောကြည့်နေတုန်းမှာပဲ စနစ်ဆီကနေ အသံထွက်ပေါ်လာပြန်ပါတယ်၊၊
“ဒင်၊၊ ပိုင်ရှင်၊၊ ဒီနေ့အတွက် နေ့စဉ်လက်မှတ်ထိုးဖို့ မမေ့ပါနဲ့ဦး၊၊ ပိုင်ရှင်က နေ့တိုင်း တစ်ကြိမ် လက်မှတ်ထိုးခွင့်ရမှာဖြစ်ပြီး လက်မှတ်ထိုးတိုင်းမှာ မတူညီတဲ့ အံ့သြစရာတွေ ရရှိမှာပါနော်”
လင်းဖန် လန့်သွားမိတယ်၊၊ စနစ်စတင်ပွင့်သွားတုန်းက မုန့်ဖိုးအဖြစ် ၁၀ ထရီလီယံ ရခဲ့တာကို သူရုတ်တရက် သတိရသွားတာပါ၊၊ "လက်မှတ်ထိုးဝင်ရင် ပိုကောင်းတဲ့ဆုတေရနိုင်မှာ" ။
လင်းဖန် သူ့ရဲ့ စိတ်အာရုံကို စနစ်ထဲ ထည့်လိုက်ပြီး “လက်မှတ်ထိုးမယ်” လို့ ပြောလိုက်တယ်၊၊
“ဒင်၊၊ ပိုင်ရှင် လက်မှတ်ထိုးတာ အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်၊၊ ပိုင်ရှင်ဟာ ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီ ငါးရာစာရင်းဝင် ဟွာရုံအုပ်စုရဲ့ ရှယ်ယာ ငါးဆယ့်တစ်ရာခိုင်နှုန်းနဲ့ ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝကို ရရှိသွားပါပြီ၊၊ အခုဆိုရင် ပိုင်ရှင်ဟာ ဟွာရုံအုပ်စုကို အပြည့်အဝထိန်းချုပ်နိုင်သူ ဖြစ်သွားပါပြီ”
“ပိုင်ရှင်က ဟွာရုံအုပ်စုကို ပိုပြီး ကောင်းကောင်း စီမံခန့်ခွဲနိုင်ဖို့အတွက် စနစ်ကနေ ကိုယ်ရေးအရာရှိ လျူရှင်းနဲ့ လုပ်ငန်းကျွမ်းကျင် မန်နေဂျာ ကျန်းလေးတို့ကိုပါ အထူးစီစဉ်ပေးထားပါတယ်”
သူ့ရဲ့စိတ်အာရုံက စနစ်ထဲကနေ ပြန်ထွက်လာတဲ့အခါ လင်းဖန်ရဲ့ နှုတ်ခမ်းထက်မှာ အပြုံးတစ်ခု ပေါ်လာပါတော့တယ်၊၊ “ဟွာရုံအုပ်စု ဟုတ်လား၊၊ ဒါကတော့ ရင်းနှီးလွန်းနေတယ်”
ကျီကျိုးမြို့ခံ တစ်ယောက်အနေနဲ့ လင်းဖန်ဟာ ဟွာရုံအုပ်စုအကြောင်းကို မသိဘဲ မနေပါဘူး၊၊
မြို့တော်မှာသာမက တစ်ပြည်နယ်လုံးမှာပါ ထိပ်တန်းလုပ်ငန်းစုကြီး ဖြစ်တဲ့ ဟွာရုံအုပ်စုဟာ လုပ်ငန်းပေါင်းစုံကို ဖြန့်ကြက်ထားပြီးတော့ ကုမ္ပဏီရဲ့ တန်ဖိုးဟာလည်း ဘီလီယံပေါင်း ရာနဲ့ချီ ရှိပါတယ်၊၊
လင်းဖန် တက်ရောက်နေတဲ့ ကျီကျိုးတက္ကသိုလ်က ကျောင်းဆင်းတွေအတွက်တော့ ဟွာရုံအုပ်စုမှာ အလုပ်ရဖို့ဆိုတာ အကြီးမားဆုံး အိပ်မက်တစ်ခုပါပဲ၊၊
လင်းဖန်ဟာ အစတုန်းက အလုပ်သင်ဆင်းဖို့အတွက် ဟွာရုံအုပ်စုကို စဉ်းစားခဲ့ပြီး ကိုယ်ရေးရာဇဝင်ကို ပို့ခဲ့ဖူးပါတယ်၊၊ ဒါပေမဲ့ ပင်လယ်ထဲ ခဲလုံးပစ်ချလိုက်သလိုပဲ ဘာအကြောင်းပြန်ချက်မှ ပြန်မရခဲ့ပါဘူး၊၊
အခုတော့ လင်းဖန်ဟာ တစ်ခဏအတွင်းမှာတင် ဟွာရုံအုပ်စုကို အပြည့်အဝ ထိန်းချုပ်နိုင်သူ ဖြစ်သွားပါပြီ၊၊
ဒီလောကကြီးက တကယ့်ကို အံ့သြဖို့ ကောင်းလွန်းပါတယ်၊၊
။ ။ ။ ။
မကြာခင်မှာပဲ သူစီးလာတဲ့ ဘတ်စ်ကားဟာ နောက်တစ်မှတ်တိုင်ကို ရောက်လာခဲ့ပါတယ်၊၊
“လိုင်းကားအမှတ် ၂၅ ကနေ ကြိုဆိုပါတယ်၊၊ အခု ဂေါ်မောင် အဆောက်အအုံ မှတ်တိုင်ကို ရောက်ရှိပါပြီ၊၊ ရှေ့ပေါက်က တက်ပြီး နောက်ပေါက်က ဆင်းပေးကြပါ၊၊ ကားပေါ်တက်ရင် ကတ်ပြားကို စက်မှာ တို့ပေးကြပါ၊၊ နောက်မှတ်တိုင်ကတော့ ကျီကျိုး ပြည်သူ့ဆေးရုံကြီး ဖြစ်ပါတယ်”
ဘတ်စ်ကားတံခါးတွေ ပွင့်သွားတာနဲ့ လူအုပ်ကြီးက တိုးဝှေ့ပြီး တက်လာကြပါတော့တယ်၊၊
“တီ၊၊ သက်ကြီးရွယ်အိုကတ်၊၊”
“တီ၊၊ သက်ကြီးရွယ်အိုကတ်၊၊”
“တီ၊၊ ကျောင်းသားကတ်၊၊”
“တီ၊၊ ကျေးဇူးပြုပြီး တက်ပါ၊၊”
။ ။ ။ ။
ကားပေါ်ကို လူတွေအများကြီး တက်လာကြပြီး အများစုကတော့ သက်ကြီးရွယ်အိုတွေပါပဲ၊၊ ကားပေါ်မှာ ကျန်နေတဲ့ အားလပ်နေတဲ့ ထိုင်ခုံအနည်းငယ်ဟာလည်း ခဏချင်းမှာပဲ အကုန်ပြည့်သွားပါတော့တယ်၊၊
ဒါပေမဲ့ နောက်ဆုံးမှ တက်လာတဲ့ အဘွားအိုကတော့ ကံမကောင်းစွာနဲ့ပဲ ကျန်နေတဲ့ နောက်ဆုံးထိုင်ခုံလေးနဲ့ တစ်လှမ်းအလိုမှာ လွဲချော်သွားခဲ့ပါတယ်၊၊
မတ်တပ်ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လင်းဖန်က သူ့ထိုင်ခုံကို ဖယ်ပေးဖို့ ပြင်လိုက်ပေမဲ့ သူ မလှုပ်ရှားခင်မှာပဲ အဘွားအိုဘေးနားက လူတစ်ယောက်က ထရပ်လိုက်ပြီး လက်ယပ်ခေါ်လိုက်ပါတယ်၊၊
“အန်တီ၊၊ ဒီမှာ လာထိုင်ပါ၊၊ ကျွန်တော်က နောက်မှတ်တိုင်ကျရင် ဆင်းတော့မှာပါ”
အဘွားအိုက ပြုံးပြီး ထိုင်လိုက်ရင်း သူ့ကို နေရာဖယ်ပေးတဲ့ လူငယ်ကို စကားစမြည် ပြောပါတော့တယ်၊၊ “မောင်ရင်တို့ သားသမီးတွေ ဘယ်နှစ်နှစ်ရှိပြီလဲ”
“နှစ်ဆယ့်ခြောက်နှစ်ပါ”
“အလိုလေး၊၊ အစ်ကိုကြီးက ကြည့်ရတာ တော်တော်နုတာပဲ၊၊ အသက်လေးဆယ်တောင် မပြည့်သေးသလိုပဲ၊၊ သားသမီးက နှစ်ဆယ့်ခြောက်နှစ်တောင် ရှိနေပြီလား”
နေရာဖယ်ပေးတဲ့ လူငယ် “...”
ဘတ်စ်ကားနောက်ခန်းမှာ ထိုင်နေတဲ့ လင်းဖန်ကတော့ အဲဒီလူငယ်ရဲ့ မျက်နှာပေါ်မှာ အထင်အရှား ပေါ်လာတဲ့ နောင်တတွေကို လှမ်းမြင်နေရပါတယ်၊၊
အဲဒီလူငယ်က ပြန်မဖြေတော့တာကို မြင်တဲ့အခါ အဘွားအိုကလည်း ဆက်ပြီး စကားမပြောတော့ပါဘူး၊၊ “ဒါဆိုရင် ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရယ်”
လူငယ်ရဲ့ မျက်နှာက မှောင်ကျသွားပြီး “ရပါတယ်၊၊ အန်တီကလည်း ကျွန်တော့်က ကျေးဇူးတင်ရမှာပါ” လို့ ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ်၊၊
ကားပေါ်က လူတော်တော်များများလည်း မရယ်ဘဲ မနေနိုင်ကြတော့ပါဘူး၊၊
ငါးမိနစ် ခြောက်မိနစ်လောက် ကြာပြီးတဲ့နောက် ကျီကျိုး ပြည်သူ့ဆေးရုံကြီး မှတ်တိုင်ကို ရောက်လာခဲ့ပါတယ်၊၊ လင်းဖန်နဲ့ မျက်နှာပျက်နေတဲ့ လူငယ်တို့ဟာ ကားပေါ်ကနေ အတူတူဆင်းပြီး ဆေးရုံအဝင်ဝထဲကို လျှောက်သွားကြတယ်၊၊
ဆေးရုံထဲ ရောက်တဲ့အခါ လင်းဖန်ဟာ စနစ်ရဲ့ ညွှန်ကြားချက်အတိုင်း တတိယထပ်မှာရှိတဲ့ အထူးကြပ်မတ် ကုသဆောင်ရှေ့ကို ရောက်လာခဲ့ပါတယ်၊၊
အဲဒီကို ရောက်ရောက်ချင်းမှာပဲ လင်းဖန်ဟာ ကျောင်းမှာ ခဏခဏ တွေ့ဖူးနေတဲ့ ရင်းနှီးနေတဲ့ လူတစ်ယောက်ကို မြင်လိုက်ရပါတယ်၊၊ အဲဒီလူကတော့ စုယွိရှူးပဲ ဖြစ်ပါတယ်၊၊
အဲဒီအချိန်မှာ စုယွိရှူးရဲ့ မျက်ဝန်းတွေက နီရဲနေပြီး မျက်ရည်စတွေနဲ့ မျက်ကွင်းညိုတွေဟာ သိသိသာသာကို ထင်ဟပ်နေပါတယ်၊၊ သူ့ရဲ့မျက်နှာကလည်း ဖြူဖျော့နေပြီး အကြိမ်ကြိမ် ငိုကြွေးထားမှန်း အထင်အရှားပါပဲ၊၊
လင်းဖန် အနားမကပ်ခင်မှာတင် သူနာပြုတစ်ယောက်က စုယွိရှူးဆီ လျှောက်လာပါတယ်၊၊
“ရှင်က စုရှင်းကွေ့ရဲ့ မိသားစုဝင်လား၊၊ လူနာ့အခြေအနေက အခု အရမ်းစိုးရိမ်နေရတယ်၊၊ ခွဲစိတ်မှုကလည်း အဆင်မပြေဘူးဖြစ်နေတယ်၊၊ ဒုတိယဆေးရုံကနေ စက်ကိရိယာတွေ လှမ်းယူဖို့ လိုအပ်နေတယ်၊၊ ခွဲစိတ်ခငွေကို အဆင်ပြေအောင် စီစဉ်ပြီးပြီလား”
စုယွိရှူးရဲ့ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်တဲ့ အရိပ်အယောင်တွေ ပေါ်လာပြီး “ကျွန်မ... ကျွန်မ မစီစဉ်ရသေးပါဘူး...”
သူနာပြုကတော့ စိတ်မရှည်တဲ့ပုံစံနဲ့ “ဘာလို့ အခုထိ ကြာနေရတာလဲ၊၊ လူနာ စရောက်တုန်းက အရေးပေါ်မို့လို့ ငွေမသွင်းရသေးဘဲ ခွဲစိတ်ပေးခဲ့တာ၊၊ အခု ရှင်တို့ ငွေမသွင်းဘူးဆိုရင် ဒုတိယဆေးရုံက စက်တွေကို လှမ်းယူလို့မရသလို ခွဲစိတ်မှုကိုလည်း ဆက်လုပ်လို့မရတော့ဘူး၊၊ ရှင့်အဖေက...”
“ကျွန်မ... ကျွန်မ ပိုက်ဆံရအောင် အတတ်နိုင်ဆုံး လိုက်ချေးနေပါတယ်၊၊ ဒါပေမဲ့ အခုထိ ငါးသိန်း မပြည့်သေးလို့ပါ၊၊ နောက်ထပ် ရက်နည်းနည်းလောက် ထပ်ပေးလို့ရမလားဟင်၊၊ ကျွန်မအဖေရဲ့ ခွဲစိတ်မှုကို အရင် ဆက်လုပ်ပေးပါနော်” စုယွိရှူးဟာ ငိုတော့မယ့်အတိုင်းပါပဲ၊၊
သူနာပြုက ခေါင်းခါလိုက်ပြီး “ညီမလေးရယ်၊၊ အစ်မလည်း ဆင်းရဲတဲ့မိသားစုက လာတာမို့လို့ ညီမလေးကို နားလည်ပါတယ်၊၊ ဒါပေမဲ့ ဒါက အစ်မ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမဟုတ်ဘူးလေ၊၊ ပြီးတော့ ငွေမသွင်းရင် စက်တွေကိုလည်း လှမ်းယူလို့မရဘူး၊၊ အလွန်ဆုံး ဒီနေ့ နေ့လယ်အထိပဲ၊၊ အဲဒီအချိန်အထိ ငွေမသွင်းနိုင်သေးရင် ရှင့်အဖေရဲ့ အသက်က... ဟူး”
စုယွိရှူးရဲ့ မျက်နှာမှာတော့ မျှော်လင့်ချက်မဲ့ခြင်းတွေ အပြည့်ဖြစ်နေပါတော့တယ်၊၊ သူဟာ ဆွေမျိုးသားချင်း အားလုံးဆီမှာ လိုက်ချေးခဲ့ပေမဲ့ ငါးသောင်းတောင် မပြည့်ခဲ့ပါဘူး၊၊ ဒါဟာ လိုအပ်နေတဲ့ ခွဲစိတ်ခ ငါးသိန်းရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိပါဘူး၊၊
ခွဲစိတ်မှု ဆက်မလုပ်နိုင်တော့လို့ သူ့အဖေ အသက်ဆုံးရှုံးရတော့မှာကို သူတကယ်ပဲ ထိုင်ကြည့်နေရတော့မှာလား၊၊
စုယွိရှူးတစ်ယောက် မျှော်လင့်ချက်တွေ ပျက်သုဉ်းနေတုန်းမှာပဲ အရပ်ရှည်ရှည်နဲ့ လူတစ်ယောက်ဟာ သူ့ရှေ့မှာ မတ်တပ်ရပ်လိုက်ပါတယ်၊၊
“ခွဲစိတ်ခကို ငါပေးမယ်၊၊ ဆရာမ... ကျွန်တော့်ကို ငွေသွင်းတဲ့နေရာဆီ ခေါ်သွားပေးပါ”