အခန်း (၁) - မုန့်ဖိုးအဖြစ် တစ်ဆယ်ထရီလီယံ
မိုးသည်းထန်စွာ ရွာသွန်းနေသော ညတစ်ည။
အပြင်ဘက်တွင် လျှပ်စီးများ လက်ပြီး မိုးခြိမ်းသံများ တစ်ဝုန်းဝုန်း မြည်ဟည်းနေသည်။
အခန်းထဲတွင်မူ မှောင်အတိ ကျနေ၏။
ခန္ဓာကိုယ် သေးသေးသွယ်သွယ်နှင့် မိန်းကလေးငယ်တစ်ဦးသည် လင်းဖန်၏ လက်မောင်းကို ဖက်ထားပြီး သနားစရာ ကောင်းသော မျက်နှာပေးဖြင့် ကြည့်ကာ ပြောလိုက်သည်။ "အစ်ကိုကြီး၊ ညီမလေး ကြောက်တယ်"
လင်းဖန်သည် စီးကရက်ဘူးကို ထုတ်ကာ တုန်ရင်နေသော လက်များဖြင့် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ပြောလိုက်သည်။ "ကလေးမလေး၊ မင်းထက် ငါက ပိုကြောက်နေတာ။ ဒီအဆောင်မှာ ငါတစ်ယောက်တည်း ရှိရမှာ မဟုတ်လား။ မင်းက ဘယ်သူလဲ"
ထိုမိန်းကလေးငယ်သည် လင်းဖန်၏ လက်ကို လွှတ်လိုက်ပြီး တခိခိ ရယ်မောကာ ပြောသည်။ "ကျွန်မကတော့ ပိုင်ရှင် အမြဲတမ်း တောင့်တနေခဲ့တဲ့ စနစ်ပါပဲ"
သူမ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုမိန်းကလေးငယ်သည် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး လင်းဖန်၏ စိတ်အာရုံထဲသို့ ဝင်ရောက်သွားလေသည်။
ဟူး။
မိုးသောက်ယံ အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ လင်းဖန်သည် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း ရေရွတ်လိုက်သည်။ "စောစောကဟာက အိမ်မက်များလား။ တကယ်ကြီး အစစ်နဲ့ တူလိုက်တာ"
( မဟုတ်ပါဘူး ပိုင်ရှင်။ စောစောကဟာက အိမ်မက် မဟုတ်ပါဘူး။ )
လင်းဖန် "!!!"
( မင်္ဂလာပါ ပိုင်ရှင်။ နတ်ဘုရားအဆင့် သူဌေးကြီး စနစ်ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ ဒီစနစ်က ပိုင်ရှင့်ကို အစွမ်းကုန် အလုပ်အကျွေး ပြုသွားမှာပါ။ )
လင်းဖန်သည် ခေါင်းကို ခါယမ်းလိုက်ပြီး သူ၏ ပေါင်ကို ဆွဲလိမ်ကြည့်လိုက်သည်။
အား။
တကယ် နာသည်။
အိမ်မက် မဟုတ်ဘူးပဲ။
သူ တကယ်ကြီး စနစ်တစ်ခုကို ရရှိခဲ့တာလား။
"မင်းက တကယ်ကြီး စနစ်လား။ ငါလည်း စနစ်တစ်ခုကို ရနိုင်တာပေါ့"
( ဟုတ်ပါတယ် ပိုင်ရှင်။ ပိုင်ရှင်ဟာ ဝတ္ထုတွေကို အချိန်အကြာကြီး ဖတ်ခဲ့တဲ့အတွက် ကောင်းကင်ဘုံက ပိုင်ရှင့်ကို ကြီးမားတဲ့ ကံကြမ္မာတစ်ခု ပေးသနားလိုက်တာပါ။ )
လင်းဖန်၏ စိတ်အာရုံသည် သူ၏ အသိစိတ်ထဲသို့ နစ်မြုပ်သွားပြီး မနေ့ညက အိမ်မက်ထဲမှ မိန်းကလေးငယ်ကို ပြန်လည် မြင်တွေ့လိုက်ရသည်။
"မင်းရဲ့ စနစ်မှာ ဘာလုပ်ဆောင်ချက်တွေ ရှိလဲ။ ငါဖတ်ဖူးတဲ့ ဝတ္ထုတွေထဲကလိုမျိုး အစမှာတင် ငွေသန်းပေါင်း ဆယ်ချီ ဒါမှမဟုတ် ရာချီ ပေးမှာလား"
( သေးငယ်လွန်းပါတယ်။ )
လင်းဖန်သည် စောင်ကို မကြည့်လိုက်ပြီး သေချာ စစ်ဆေးကာ မေးလိုက်သည်။ "ဘာက သေးတာလဲ"
စနစ် "..."
( ပိုင်ရှင့်ရဲ့ အမြင်ကို ပြောတာပါ။ သန်းပေါင်း ဆယ်ချီဆိုတာ ဘာများလဲ။ ဒီစနစ်က ပိုင်ရှင့်ကို ဒီထက် ပိုကြီးမားတဲ့ အံ့အားသင့်စရာတွေ ပေးဦးမှာပါ။ )
( ပိုင်ရှင်ဟာ စနစ်ကို စတင် အသုံးပြုခွင့် ရခဲ့ပြီ ဖြစ်တဲ့အတွက် လက်ဆောင်ထုပ်ကို ပေးအပ်လိုက်ပါတယ်။ )
( အခုပဲ ဖွင့်ကြည့်မလား။ )
လင်းဖန်က ခေါင်းညိတ်ပြီး "ဖွင့်လိုက်" ဟု ပြောလိုက်သည်။
( ဂုဏ်ယူပါတယ် ပိုင်ရှင်။ အသုံးစရိတ် ငွေတစ်ဆယ်ထရီလီယံကို ရရှိသွားပါပြီ။ ဒီငွေတွေကို ပိုင်ရှင့်အတွက် နိုင်ငံတကာ သမဂ္ဂဘဏ်ရဲ့ အဆင့်မြင့် ကတ်ထဲကို ထည့်သွင်းပေးထားပါတယ်။ ကတ်ကို စားပွဲပေါ်မှာ တင်ပေးထားပါတယ်။ )
( ဒီကတ်ပြားဟာ အမြင့်ဆုံး အဆင့် ဖြစ်တဲ့အတွက် ငွေသုံးစွဲမှု အကန့်အသတ် အတွက် စိတ်ပူစရာ မလိုပါဘူး။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် စိတ်ကြိုက် သုံးစွဲနိုင်ပါတယ်။ )
( ဂုဏ်ယူပါတယ် ပိုင်ရှင်။ ရုပ်ရည်နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုလည်း မြှင့်တင်ပေးလိုက်ပါပြီ။ )
( ဂုဏ်ယူပါတယ် ပိုင်ရှင်။ တက္ကသိုလ် အလှပဂေးလေးရဲ့ ကျေးဇူးရှင် ဖြစ်လာမယ့် အခွင့်အရေး တစ်ခုကိုလည်း ရရှိသွားပါပြီ။ )
စနစ်၏ အသိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာရာ လင်းဖန်မှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲ ဖြစ်သည်။
ခဏအကြာတွင်။
လင်းဖန်သည် စားပွဲပေါ်မှ ကတ်ကို ယူလိုက်ပြီး သူ၏ ငွေစာရင်းများနှင့် ချိတ်ဆက်လိုက်သည်။
"ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊ အမယ်လေးဗျာ"
"စနစ်၊ ဒါတွေက တကယ်ပဲ အသုံးစရိတ်တွေလား။ တစ်ဆယ်ထရီလီယံဆိုတာ ဘယ်လောက်များလိုက်လဲ"
( ပိုင်ရှင်၊ သေးငယ်လွန်းပါတယ်။ )
လင်းဖန်သည် အောက်ကို ပြန်ငုံ့ကြည့်ပြီးနောက် ပြန်မေးလိုက်သည်။ "စနစ်၊ မင်း မျက်လုံးတွေ ဘာဖြစ်နေတာလဲ"
စနစ် "..."
( ပိုင်ရှင့်ရဲ့ အမြင်ကို ပြောတာပါ။ နောင်ကျရင် ငွေဆိုတာ ပိုင်ရှင့်အတွက် ဂဏန်းတွေပဲ ဖြစ်လာမှာပါ။ ဒါကြောင့် တစ်ဆယ်ထရီလီယံကို အသုံးစရိတ်လို့ ခေါ်တာဟာ လွန်လွန်းရာ မရောက်ပါဘူး။ )
အချိန်အနည်းငယ် ကြာပြီးနောက် လင်းဖန်သည် တစ်ဆယ်ထရီလီယံ ဆိုသည့် အမှန်တရားကို ဖြည်းဖြည်းချင်း လက်ခံနိုင်ခဲ့သည်။
ထို့နောက် သူသည် အခြား လက်ဆောင်များကို ဆက်လက် ကြည့်ရှုလိုက်သည်။
"ရုပ်ရည်နဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု မြှင့်တင်ပေးတာလား"
လင်းဖန်သည် မှန်ထဲတွင် မိမိကိုယ်ကို ပြန်ကြည့်လိုက်သည်။ လေ့ကျင့်ခန်း မလုပ်သောကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ကြွက်သားများ ပြန်လည် ထွက်ပေါ်လာပြီး အင်္ကျီဝတ်ထားလျှင် သွယ်လျကာ အင်္ကျီချွတ်လိုက်လျှင် ကြွက်သား အဖုအထစ်များဖြင့် ပြည့်စုံသော ခန္ဓာကိုယ်ကို ရရှိသွားသည်။
သူ၏ ရုပ်ရည်မှာလည်း မူလကပင် ချောမောသူ ဖြစ်သော်လည်း ယခုအခါတွင်မူ အနုပညာရှင် တစ်ယောက်ကဲ့သို့ပင် အပြစ်ပြောစရာ မရှိအောင် ချောမောသွားလေပြီ။
နောက်ဆုံးတွင် လင်းဖန်သည် ကျေးဇူးရှင် ဖြစ်လာမည့် အခွင့်အရေးကို ကြည့်လိုက်သည်။
( စုယွီရှူးဆိုတဲ့ ကျီကျိုးတက္ကသိုလ်ရဲ့ နံပါတ်တစ် အလှပဂေးလေးရဲ့ ဖခင်ဟာ မနေ့ညက ချော်လဲပြီး ခေါင်းထိသွားတဲ့အတွက် ဆေးရုံတက်နေရပါတယ်။ အခု ချက်ချင်း ဆေးကုသစရိတ် ငွေငါးသိန်း လိုအပ်နေပါတယ်။ သူမတို့ မိသားစု အခြေအနေက ဆင်းရဲတဲ့အတွက် အဲဒီငွေကို ရှာဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့် ပိုင်ရှင်က သူမကို ကူညီပြီး ကျေးဇူးရှင် ဖြစ်လာနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ )
( လက်ရှိ သူမရှိနေတဲ့ နေရာကတော့ ကျီကျိုး ပြည်သူ့ဆေးရုံရဲ့ တတိယထပ် အထူးကြပ်မတ် ကုသဆောင် အပြင်ဘက်မှာ ဖြစ်ပါတယ်။ )
( အမြန်ဆုံး သွားရောက်ဖို့ အကြံပြုလိုပါတယ်။ )
လင်းဖန်သည် ချက်ချင်းပင် အဝတ်အစားများ လဲလှယ်ကာ ဆေးရုံသို့ သွားရန် ပြင်ဆင်လိုက်သည်။
သူသည် ငွေအများကြီး ရှိသူဖြစ်၍ အငှားယာဉ်ဖြင့် သွားချင်သော်လည်း စောလွန်းနေသဖြင့် မရနိုင်သောကြောင့် ဘတ်စ်ကားဖြင့်သာ သွားလိုက်ရသည်။
ကားပေါ်တွင် လင်းဖန်သည် သူ ဝယ်ချင်သော်လည်း မဝယ်နိုင်ခဲ့သော ပစ္စည်းများကို စိတ်ကြိုက် ဝယ်ယူလေတော့သည်။
ဖုန်းအကောင်းစားများ၊ ကွန်ပျူတာများ၊ နားကြပ်များနှင့် တန်ဖိုးကြီး ဖိနပ်များကို အရောင်စုံ၊ ပုံစံစုံ ဝယ်ယူလိုက်သည်။
လင်းဖန် တစ်ယောက် ပစ္စည်းများ ဝယ်ယူပြီးနောက် စုစုပေါင်း ငွေသုံးသန်းကျော် ကုန်ကျသွားသည်။
သို့သော် ထိုငွေပမာဏသည် သူပိုင်ဆိုင်သော ငွေများနှင့် နှိုင်းယှဉ်လျှင် သမုဒ္ဒရာထဲမှ ရေတစ်ပေါက်စာမျှသာ ရှိလေသည်။
ငွေများ အလွန်အမင်း များပြားလှသဖြင့် သူ တစ်သက်လုံး သုံးစွဲလျှင်ပင် ကုန်နိုင်မည် မဟုတ်ချေ။
လင်းဖန်သည် ကြည်နူးစွာ ပြုံးလိုက်မိသည်။ ဤခံစားချက်မှာ အလွန် ကောင်းမွန်လှသည်။
ပစ္စည်းများ ဝယ်ယူပြီးနောက် လင်းဖန်သည် သူ၏ အိတ်ထဲမှ ဟောင်းနွမ်းနေသော မှတ်စုစာအုပ်လေးကို ထုတ်ယူလိုက်သည်။
ထိုစာအုပ်မှာ သူ ငယ်စဉ်ကတည်းက သူ့အပေါ် မကောင်းခဲ့သူများ၏ အမည်ကို မှတ်သားထားသော စာအုပ်ဖြစ်သည်။
ယခုအခါတွင်မူ သူ ခံစားခဲ့ရသမျှ အရာအားလုံးကို တစ်ခုချင်းစီ ပြန်လည် တုံ့ပြန်ရန် အချိန်တန်ပြီ ဖြစ်သည်။
စာအုပ်၏ ပထမဆုံး စာမျက်နှာကို လှန်လိုက်ရာ သူ ပထမဆုံး ရေးမှတ်ထားသော အမည်ကို မြင်တွေ့လိုက်ရလေသည်။