အခန်း ၉ အဖြူရောင်ဆင်ရိုင်းနိုင်ငံမှ မိစ္ဆာဆိုး နတ်ဘုရား နိဂုံးချုပ်သွားရခြင်းနှင့် တုန်လှုပ်ချောက်ခြားသွားသော ရွှီချန်
"ငါ့ရဲ့အရှင်သခင်" ဆိုသည်မှာ အခြားမဟုတ်။ အဖြူရောင်ဆင်ရိုင်းနိုင်ငံက ကိုးကွယ်ပူဇော်နေကြသည့် မိစ္ဆာဆိုး နတ်ဘုရားကို ဆိုလိုခြင်း ဖြစ်သည်။ ထိုမိစ္ဆာသည် ရှာနိုင်ငံတော်အတွင်း၌မူ လုံးဝခွင့်မလွှတ်နိုင်သော မိစ္ဆာအယူမှားသက်သက်သာ ဖြစ်သည်။
သို့သော်လည်း လက်တွေ့ဘဝတွင်မူ အချို့သော ရူးသွပ်လွန်းသည့် ရှာနိုင်ငံသားအချို့သည် ပိုမိုကြီးမားသော စွမ်းအားများကို ရရှိရန်အတွက် ထိုမိစ္ဆာဆိုးကို လျှို့ဝှက်ကိုးကွယ်ခဲ့ကြသည်။
လူသားများကို သတ်ဖြတ်၍ သွေးပူဇော်သက္ကာဆက်သကာ မိစ္ဆာနတ်ဘုရားကို စိတ်ကျေနပ်အောင် လုပ်ဆောင်နေကြသည့်အထဲတွင် အဆင့်မြင့် စုံစမ်းစစ်ဆေးရေးအရာရှိ မုန့်ဝူသည်လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
"ငါ့ရဲ့ အရှင်သခင်က ငါ့ကို ဒီလောက်ကြီးမားတဲ့ စွမ်းအားတွေ ပေးထားတာ... အခု ရှာနိုင်ငံမှာရှိတဲ့ အဆင့်မြင့်စုံစမ်းစစ်ဆေးရေးအရာရှိတွေက ငါ့လောက် သန်မာနိုင်ပါဦးမလား"
"ငါတို့က ဒီလောက် ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီးပြီပဲ... ဘာဖြစ်လို့ ဒီလို သာမန်လူသားအကောင်ပေါက်တွေကို ဂရုစိုက်နေရဦးမှာလဲ"
မုန့်ဝူ၏ အကြည့်သည် ခြံဝင်းအတွင်း၌ ပွဲကြည့်ပရိသတ်တစ်ဦးအလား ရပ်ကြည့်နေသော အကြီးအကဲကျန်းကုန်းထံသို့ ကျရောက်သွားသည်။ သို့သော် နောက်စက္ကန့်တွင်မူ အကြီးအကဲကျန်းကုန်း၏ မျက်နှာပေးက ပို၍ စိတ်ဝင်တစား ရှိလာတော့သည်။
"ဒီလို အိုမင်းဆွေးမြည့်နေတဲ့ အကောင်အိုကြီးကို နတ်ဘုရားဆီ ယဇ်ပူဇော်ရင်တောင် နတ်ဘုရားကြီးက စိတ်ကျေနပ်မှာ မဟုတ်ဘူး"
မုန့်ဝူသည် အကြီးအကဲကျန်းကုန်းကို သေလူတစ်ဦးအလား လက်ညှိုးငေါက်ငေါက်ထိုးလျက် ပြောဆိုလိုက်သည်။
"ဒါပေမဲ့ မင်းလို တက်ကြွတဲ့ သွေးသားအသက်စွမ်းအားတွေ ပြည့်နှက်နေတဲ့ ထူးခြားသူတစ်ယောက်ကို ပူဇော်ရင်တော့ နတ်ဘုရားကြီး သေချာပေါက် သဘောကျပြီး ငါ့ကို စွမ်းအားတွေ ပိုပေးမှာ သေချာတယ်"
မုန့်ဝူသည် တစ်စုံတခုသော မိစ္ဆာစုန်းကဝေအတတ် သို့မဟုတ် ကျိန်စာတစ်ခုခုကို တတ်မြောက်ထားသည်ကို ရွှီချန် ရိပ်မိလိုက်သည်။
လွန်ခဲ့သော သုံးလခန့်ကစ၍ ထူးဆန်းသော ဖြစ်တည်မှုမျိုးစုံ ပြန်လည်နိုးထလာခဲ့ရာ မိစ္ဆာဆိုးများကို ပင့်ဖိတ်သည့် ဂါထာမန္တန်များလည်း ပါဝင်ခဲ့သည်။ ထိုသူများသည် မိမိတို့ကိုယ်မိမိ သာမန်ထက်ထူးကဲသော စွမ်းအားရှင်များဟု ကြွေးကြော်နေကြသော်လည်း အမှန်တကယ်၌မူ ကွယ်ပျောက်နေသော အမှောင်ထုတစ်ခု၏ ကြိုးဆွဲရာ ကနေကြခြင်းမျှသာ ဖြစ်သည်။
မုန့်ဝူကဲ့သို့သော သူများသည် စွမ်းအားနှင့် မသေနိုင်သော အသက်ကို မက်မောသည့်အတွက် မည်သည့် ယုတ်မာမှုမျိုးကိုမဆို လုပ်ဆောင်ရန် ဝန်မလေးကြပေ။
သို့သော်လည်း မုန့်ဝူနှင့် ရွှီချန်တို့၏ စကားဝိုင်းကို အေးစက်စက် အသံတစ်သံက ဖြတ်တောက်လိုက်သည်။
"မောင်ရင်လေး... ငါ တစ်ခုလောက် သတိပေးပါရစေ... မင်း ပြောနေတဲ့ အဖိုးကြီးကိုတော့ သွားပြီး မပြစ်မှားမိစေနဲ့... နို့မို့ရင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်သွားလိမ့်မယ်"
ဘယ်အချိန်ကတည်းက ရောက်နေသည်မသိ။ အကြီးအကဲကျန်းကုန်းသည် တံခါးဝတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
သူသည် လက်ပိုက်လျက် မုန့်ဝူကို သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေခဲ့သည်။
မုန့်ဝူနှင့် ရွှီချန်တို့နှစ်ဦးစလုံး ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွားရသည်။ အကြီးအကဲကျန်းကုန်း ၎င်းတို့အနားသို့ မည်သည့်အချိန်တွင် ကပ်လာခဲ့သည်ကို ၎င်းတို့ လုံးဝ သတိမထားမိခဲ့ကြချေ။
သို့သော်လည်း အကြီးအကဲကျန်းကုန်းထံမှ မည်သည့် မိစ္ဆာစွမ်းအင်လှိုင်းမျှ ထွက်ပေါ်မလာသည်ကို ခံစားမိသွားသည့်အခါ မုန့်ဝူ ချက်ချင်းပင် နှာခေါင်းရှုံ့လျက် လှောင်ပြောင်လိုက်တော့သည်။
"ပုရွက်ဆိတ်တစ်ကောင်ထက်မပိုတဲ့ အကောင်... မင်းရဲ့ အသားစတွေက မကောင်းပေမဲ့ နောက်မှ ယဇ်ပူဇော်တဲ့အထဲ တစ်ခါတည်း ထည့်သွင်းပေးလိုက်မယ်"
မုန့်ဝူသည် အချိန်ဆွဲမနေတော့ဘဲ သူ၏ လက်ညှိုးကို ကိုက်ဖြတ်လိုက်ပြီး မြေပြင်ပေါ်တွင် ထူးဆန်းသော ယဇ်ပူဇော်ခြင်း အစီအရင်တစ်ခုကို စတင်ရေးဆွဲလိုက်သည်။
အမှန်တကယ်၌မူ သူ၏ လက်ရှိစွမ်းအားဖြင့်ဆိုလျှင် ရှာနိုင်ငံတစ်ခုလုံးရှိ စုံစမ်းစစ်ဆေးရေးအရာရှိများထဲတွင် သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင် ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သော တစ်ရက်က ဒါ့ကျင်းမြို့တွင် ပေါ်ထွန်းခဲ့သည့် နတ်ဘုရားဆယ်ပါး၏ စွမ်းအားက သူ့ကို တကယ်ပဲ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ရှာနိုင်ငံ၏ အဆင့်မြင့်အရာရှိဟောင်းတစ်ဦးဖြစ်သည့်တိုင် ရှာနိုင်ငံတွင် ဤကဲ့သို့သော လျှို့ဝှက်ဖဲချပ်ကြီး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိချေ။
သွေးကဲ့သို့ နီရဲသော ခြောက်ထောင့်ကြယ်ပုံစံ အစီအရင်ကြီး ပေါ်ပေါက်လာပြီး ထူးဆန်းသော အလင်းတန်းတစ်ခု ဖြာထွက်လာကာ လူသားတစ်ဦး၏ ပုံသဏ္ဌာန်အဝန်းအဝိုင်းကို စတင်ဖွဲ့စည်းလာသည်။
ထိုပုံရိပ်သည် အဖြူရောင်ဆင်ရိုင်းနိုင်ငံက ကိုးကွယ်ကြသည့် လူသားခန္ဓာကိုယ်နှင့် ဆင်ဦးခေါင်းရှိသော နတ်ဘုရားနှင့် တစ်ပုံစံတည်း တူညီလှသည်။ ကွာခြားချက်မှာ ထိုအရာ၏ မျက်ဝန်းများသည် သွေးကဲ့သို့ နီမြန်းနေပြီး ရွှီချန်ထံသို့သာ စူးစိုက်ကြည့်နေခြင်းပင်။
"အကောင်းမွန်ဆုံးသော ယဇ်ပူဇော်စာ..."
ထိုအရာသည် စကားပင် ဆုံးအောင်မပြောနိုင်သေးမီမှာပင် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စူးရှသော နာကျင်မှုကို ပြင်းထန်စွာ ခံစားလိုက်ရပြီး ကွဲအက်သံကြီးနှင့်အတူ ၎င်း၏ ပုံသဏ္ဌာန်ကြီးသည် အကောင်အထည်ပင် မပေါ်လာနိုင်သေးဘဲ အစိပ်စိတ်အမွှာမွှာ ကွဲကြေပျက်စီးသွားတော့သည်။
တစ်ချိန်တည်းမှာပင် ဝေးကွာလှသော အဖြူရောင်ဆင်ရိုင်းနိုင်ငံ၏ ကြီးမားကျယ်ပြန့်လှသော ဘုရားကျောင်းကြီးတစ်ခုအတွင်း၌။ ဘုရားကျောင်း၏ အလယ်ဗဟိုတည့်တည့်တွင် ထိုမိစ္ဆာနတ်ဘုရား၏ ရုပ်တုကြီး တစ်ဆူ ရှိနေသည်။
လွန်ခဲ့သော သုံးလခန့်က ဤနေရာတွင် နတ်ဘုရား တန်ခိုးပြပြီး မိစ္ဆာအားလုံးကို မောင်းထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
အတိအကျပင် ထိုအခိုက်အတန့်၌ ဘုရားကျောင်း၏ ကောင်းကင်ယံထက်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါလှသော သက်ကြီးအိုတစ်ဦး၏ ပုံရိပ် ပေါ်လာခဲ့ပြီး လက်ဝါးတစ်ချက် သာမန်ကာလျှံကာ ရိုက်ချလိုက်ရုံဖြင့် ထိုမိစ္ဆာနတ်ဘုရားရုပ်တုကြီးကို အမှုန့်ခြေဖျက်ပစ်လိုက်တော့သည်။
ရုပ်တုကြီး ကွဲအက်သွားသည့် စက္ကန့်ပိုင်းအတွင်းမှာပင် ရုပ်တုထဲမှ နီရဲသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးရန် ပြင်လိုက်သော်လည်း ထိုသက်ကြီးအို၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
"ဟွန့်... ငါ့ရဲ့ နတ်ဘုရားအသိစိတ် တစိသတ်လောက်ကိုတောင် မယှဉ်နိုင်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ ခေါ်ရဲသေးတယ် ဟုတ်လား... ပိုပြီး ခွင့်မလွှတ်နိုင်တာက ငါတို့ အရှင်သခင်ရဲ့ သွေးသားရင်းချာကိုတောင် လက်ရဲဇက်ရဲ ပြုရဲတယ်ပေါ့လေ... တကယ်ပဲ ကိုယ့်သေတွင်းကိုယ်တူးတာပဲ"
"မင်းတင်မကဘူး... မင်းရဲ့ နောက်ကွယ်မှာရှိတဲ့ ကမ္ဘာကြီးတစ်ခုလုံးကိုပါ ငါ အပြစ်ပေးရမယ်"
ရုပ်တုကြီး အပိုင်းပိုင်းပြတ်သွားသည့်အခါ ဘုရားကျောင်းအတွင်းရှိ ကိုးကွယ်သူအားလုံး အကြီးအကျယ် ထိတ်လန့်ကုန်ကြတော့သည်။
"ဘာဖြစ်သွားတာလဲ"
"မကောင်းတော့ဘူး... မိစ္ဆာတွေ ငါတို့နိုင်ငံထဲကို ကျူးကျော်ဝင်ရောက်လာပြီ... နတ်ဘုရားကြီး သေဆုံးသွားပြီ..."
ထိတ်လန့်တုန်လှုပ်မှုများသည် အဖြူရောင်ဆင်ရိုင်းနိုင်ငံတစ်ခုလုံးသို့ တဟုန်ထိုး ပျံ့နှံ့သွားတော့သည်။
တစ်ချိန်တည်းမှာပင် ရွှီမိသားစု၏ အိမ်ဟောင်းလေးအတွင်း၌ မုန့်ဝူသည် ပျောက်ကွယ်သွားသော အစီအရင်ကြီးကို ကြည့်ရင်း ဘာဖြစ်သွားသည်ကို မသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။
သူသည် မိမိ၏ မှတ်ဉာဏ်ထဲရှိ ယဇ်ပူဇော်ခြင်းအတတ်ကို နောက်ထပ်တစ်ကြိမ် ပြန်လည်အသုံးပြုကြည့်သော်လည်း ဤတစ်ကြိမ်တွင်မူ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာတော့ချေ။
နတ်ဘုရားအရှင်က ဤယဇ်ပူဇော်စာကို စိတ်မဝင်စားတာများလား။ မဖြစ်နိုင်တာ... ဒီရွှီချန်က ဘယ်ဘက်ကကြည့်ကြည့် အကောင်းဆုံး ယဇ်ပူဇော်စာပဲဟာကို။
ရုတ်ရုတ်ခြည်းပင် မုန့်ဝူသည် တစ်ကိုယ်လုံး စူးစူးရှရှ နာကျင်လာသည်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအင်များ သောင်းကျန်းလာကာ သူ၏ စိတ်အာရုံကို စတင်ဝါးမြိုလာတော့သည်။
မိစ္ဆာဆိုး၏ စွမ်းအားထိန်းချုပ်မှု မရှိတော့သည့်အခါ မုန့်ဝူသည် မူလမိစ္ဆာပုံစံအတိုင်း ပြန်လည်ပြောင်းလဲသွားရသည်။
သူ၏ နောက်ဆုံးအချိန်တွင် မုန့်ဝူသည် တည်ငြိမ်အေးစက်စွာ စောင့်ကြည့်နေသော အကြီးအကဲကျန်းကုန်းကို လှမ်းကြည့်လိုက်မိသည်။
သူ၏ ကံကြမ္မာသည် ဤသက်ကြီးအို၏ တံဆိတ်ခတ်ခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း မုန့်ဝူ သိရှိသွားခဲ့ရသည်။
ရွှီချန်မှာမူ လုံးဝ ဇဝေဇဝါ ဖြစ်နေဆဲဖြစ်ပြီး အခြေအနေကို သဘောမပေါက်နိုင်သေးချေ။
ကံကောင်းသည်မှာ သူမ ယခုအခါ လှုပ်ရှားနိုင်ပြီ ဖြစ်သည်။ မုန့်ဝူ မိစ္ဆာအသွင်ပြောင်းပြီး သောင်းကျန်းလာသည်ကို မြင်လိုက်ရသည့်အခါ တစ်ခုခု လုံးဝမှားယွင်းနေပြီကို သူမ ရိပ်မိလိုက်သည်။
ဤကဲ့သို့ စိတ်ရူးပေါက်ပြီး သောင်းကျန်းလာသော စုံစမ်းစစ်ဆေးရေးအရာရှိများသည် အန္တရာယ်အရှိဆုံး ဖြစ်သည်။
သို့သော်လည်း တည်ငြိမ်သော အသံတစ်သံက သူမ၏ စိုးရိမ်စိတ်များကို ပြေပျောက်စေခဲ့သည်။
"မစိုးရိမ်ပါနဲ့... ဆက်ပြီး စောင့်ကြည့်လိုက်ဦး"
ရွှီချန်သည် အေးချမ်းသော မျက်နှာပေးရှိသည့် အကြီးအကဲကျန်းကုန်းကို မော့ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်အတိုင်း မုန့်ဝူထံသို့ လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင် သူမ၏ မျက်ဝန်းအစုံသည် ထိတ်လန့်မှုကြောင့် အတိုင်းအဆမရှိ ပြူးကျယ်သွားရတော့သည်။
ဤအခိုက်အတန့်တွင် မုန့်ဝူသည် မိစ္ဆာအသွင်ပြောင်းလဲခြင်း၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူသာ အသွင်ပြောင်းလဲမှု အောင်မြင်သွားပါက အနည်းဆုံး အဆင့်မြင့် (S-rank) မိစ္ဆာကြီးတစ်ကောင် ဖြစ်လာမည် ဖြစ်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ကြီး မိစ္ဆာအသွင် ပြောင်းလဲပြီးသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ဆွေးမြည့်လာပြီး စိမ်းပြာရောင် အခိုးအငွေ့တစ်ခုအဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်စင်ကွယ်ပျောက်သွားတော့သည်။
အဆင့်မြင့်မိစ္ဆာအဖြစ် အသွင်ပြောင်းကာမှ လုံးဝ ချက်ချင်း ကွယ်ပျောက်သွားရသည်ဆိုပါလား။
ရွှီချန် တံတွေးတစ်ချက် ခက်ခက်ခဲခဲ မျိုချလိုက်မိပြီး ရင်ထဲတွင် လှိုင်းဂယက်များ ထန်သွားရသည်။
အချိန်အတော်ကြာမှ ရွှီချန် သတိပြန်ဝင်လာခဲ့သည်။
ထို့နောက် သူမသည် အကြီးအကဲကျန်းကုန်းရှိရာ အရပ်ဆီသို့ ဦးညွှတ်လျက် "ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အဖိုးကြီး... ရှင်ပေးတဲ့ အသက်ဘေးက ကျေးဇူးကို ရွှီချန် တသက်လုံး မေ့မှာ မဟုတ်ပါဘူး" ဟု ကျေးဇူးတင်စကား ဆိုလိုက်သည်။
သူမ မအပါပေ။ အကြီးအကဲကျန်းကုန်းထံမှ မည်သည့် မိစ္ဆာစွမ်းအင်မျှ ထွက်ပေါ်မလာသော်လည်း မုန့်ဝူ သေဆုံးသွားရခြင်းသည် အကြီးအကဲကျန်းကုန်းနှင့် သေချာပေါက် သက်ဆိုင်နေသည်ကို သူမ သိသည်။
အကြီးအကဲကျန်းကုန်းသည် ရွှီချန်ကို ချက်ချင်းပင် လှမ်းတွဲလိုက်ပြီး "ငါ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ မြေးမလေး... ဒီလောက်အထိ အားနာမနေပါနဲ့" ဟု ကပျာကယာ ပြောလိုက်သည်။
ဤမိန်းကလေးသည် ရွှီမိသားစု၏ သွေးသားရင်းချာ ဖြစ်သည်။ အကယ်၍ ၎င်းတို့ ကမ္ဘာဦးလောကကြီးသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ရွှီမိသားစုတစ်ခုလုံးသည် ကမ္ဘာဦးလောကကြီး၏ ထိပ်တန်းမိသားစုကြီး ဖြစ်လာမည် ဖြစ်ပြီး မရေတွက်နိုင်သော မသေမျိုးများ၊ မိစ္ဆာများနှင့် ဂိုဏ်းပေါင်းစုံမှ အရှင်သခင်များသည် ရွှီမိသားစု၏ အစေခံအဖြစ် ခစားရန် တရုန်းရုန်း ရောက်ရှိလာကြလိမ့်မည်။
ဒါတွေအားလုံးသည်ကား ၎င်းတို့၏ ဘိုးဘေးဖြစ်သူ ကမ္ဘာဦးသူတော်စင်မြေ၏ အထွတ်အထိပ်အရှင်သခင်၊ ဧကရာဇ်တစ်ပိုင်းအဆင့် ရွှီချန်ချင်းကြောင့်ပင် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ရွှီချန်သည် အကြီးအကဲကျန်းကုန်း၏ စကားအဓိပ္ပာယ်ကို သဘောမပေါက်သေးသော်လည်း ဤအဖိုးကြီးသည် အစွမ်းထက်သူများထဲမှ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းကိုမူ သူမ နားလည်လိုက်ပြီ ဖြစ်သည်။
ဒီအဖိုးကြီးသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာစွမ်းအင်များကို ငြိမ်သက်သွားအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ၎င်း၏ စွမ်းအားများကို လုံးဝ ထိန်းချုပ်ထားနိုင်သူ ဖြစ်ပေလိမ့်မည်။
ခဏမျှအတွင်း ရွှီချန်သည် အကြီးအကဲကျန်းကုန်းကို လွန်ခဲ့သောအချိန်က ဒါ့ကျင်းမြို့တွင် ပေါ်ထွန်းခဲ့သည့် နတ်ဘုရားများထဲမှ တစ်ပါး ဖြစ်နေမလားဟုပင် ထင်မှတ်မိလိုက်သေးသော်လည်း ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။
နတ်ဘုရားတစ်ပါးက လူသားတွေနဲ့ ဒီလိုမျိုး ဘယ်လိုလုပ် စကားပြောဆိုနိုင်မှာလဲ။ မိစ္ဆာတွေရဲ့ သောင်းကျန်းမှုကို ကြုံတွေ့ဖူးထားသည့်အတွက် ဤကဲ့သို့သော ကံကောင်းခြင်းမျိုး ၎င်းတို့ထံ ရောက်လာလိမ့်မည်ဟု သူမ မယုံကြည်နိုင်ပါ။
ထို့ပြင် ၎င်းတို့နှစ်ဦးစလုံးထံတွင် မည်သည့် နတ်ဘုရားဆန်သော အသွင်သဏ္ဌာန်မျှလည်း မရှိချေ။
အတိအကျပင် ထိုအချိန်၌ ရွှီချန်ချင်းသည် အတွင်းခန်းထဲမှ လမ်းလျှောက်ထွက်လာခဲ့ပြီး သူ၏ လက်ထဲတွင် ပန်းချီကားချပ်ဟောင်းတစ်ခုကို ကိုင်ဆောင်ထားသည်။
ဒါသည်ကား သူ ဆယ်ကျော်သက်အရွယ်က နေထိုင်ခဲ့သော နေရာ ဖြစ်သော်လည်း နှမြောစရာကောင်းသည်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ဤပန်းချီကားချပ်တစ်ခုသာ ကျန်ရှိတော့ခြင်းပင်။
ရွှီချန် တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် ရွှီချန်ချင်း၏ လက်ထဲရှိ ပန်းချီကားချပ်ကို မြင်လိုက်ရသည့်အခါ သူမ၏ မှတ်ဉာဏ်ထဲ၌ အတိတ်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်။
ဤအခိုက်အတန့်တွင် ရွှီချန်ချင်းသည် သူ၏ လက်ထဲရှိ ပန်းချီကားချပ်ကို ဖြန့်လိုက်ပြီး သူ၏ ရုပ်သွင်နှင့် နှိုင်းယှဉ်ကြည့်ရန် ရှေ့တွင် ထားလိုက်သည်။
ရွှီချန်၏ မျက်ဝန်းအစုံ ပြူးကျယ်သွားရတော့သည်။ ရွှီချန်ချင်း၏ လက်ထဲရှိ ပန်းချီကားချပ်သည်ကား သူမ၏ ဘိုးဘွားဘီဘင်၏ ပုံတူပန်းချီကား ဖြစ်နေသောကြောင့်ပင်။
ပို၍ အံ့ဩစရာကောင်းသည်မှာ ထိုဘိုးဘေးကြီး၏ ပုံတူပန်းချီကားသည် သူမ၏ ရှေ့တွင် ရပ်နေသော လူငယ်လေးနှင့် တစ်ပုံစံတည်း တူညီနေခြင်းပင် ဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ဤလူငယ်လေးသည် ပိုမိုရင့်ကျက်ပြီး ထူးခြားဆန်းကြယ်သော ကိုယ်ရောင်ကိုယ်ဝါများ ရှိနေခြင်းပင် ဖြစ်သည်။
ရွှီချန်ချင်းသည် ရွှီချန်ကို ကြည့်ရင်း ခပ်ဖွဖွလေး ပြုံးလိုက်သည်။ "ငါ မင်းကို မလိမ်ပါဘူး... ငါက တကယ်ပဲ မင်းတို့ရဲ့ ဘိုးဘေးကြီးပါ"
"ငါက ရွှီချန်ချင်းပဲ"