အခန်း ၁၄ ဆင်ဖြူတော်နိုင်ငံမှ နတ်ဘုရားဖြစ်ရပ် မှန်ပေါ်လာခြင်းနှင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားရခြင်း
ပေထောင်ပေါင်းများစွာ ရှည်လျားသော ခန္ဓာကိုယ်ကြီးသည် ပင်လယ်ပြင်ထဲတွင် အပိုင်းပိုင်းပြတ်လျက် ကွဲအက်သွားပြီး ရှစ်ခေါင်းပါ နဂါးမိစ္ဆာကြီး၏ ဦးခေါင်းရှစ်လုံးသည်လည်း လေထဲတွင် တဖြည်းဖြည်း ပြာကျပျက်စီးသွားခဲ့သည်။ ကိုးကွယ်ပူဇော်ခံ နတ်ဘုရားဟု ဆိုကြသော ထိုအကောင်ကြီးသည် ရှာနိုင်ငံတော်၏ နယ်စပ်တွင်ပင် အစအနမကျန် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ကြီးမားလှသော မိစ္ဆာနတ်ဘုရားကြီးကို ရှာနိုင်ငံတော်မှ သာမန်လူသားတစ်ယောက်က သတ်ဖြတ်လိုက်နိုင်ခြင်းပင် ဖြစ်သည်။
၎င်းသေဆုံးသွားသည့်တိုင်အောင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ကမ္ဘာသူကမ္ဘာသားများမှာ ဘာဖြစ်သွားသည်ကို ချက်ချင်း သဘောမပေါက်နိုင်ဘဲ မှင်တက်နေကြရသည်။
ထိုဓားက ဘာလဲ။
ရွှီလီကော်၏ ပြောပြချက်အရ ဤနတ်ဘုရားသတ်ဓားသည် ရှာနိုင်ငံတော်၏ နတ်ဘုရားကြီးများထံမှ ရရှိခဲ့သော ဆုလာဘ် ဖြစ်သည်။
ဓားတစ်လက်တည်းဖြင့်ပင် မိစ္ဆာနတ်ဘုရားကို သတ်နိုင်သည်ဆိုလျှင် ထိုနတ်ဘုရားစစ်စစ်ကြီးများ၏ အစွမ်းက ဘယ်လောက်တောင် ကြောက်စရာကောင်းနေလိမ့်မည်နည်း။
ရှာနိုင်ငံတော်တစ်ခုလုံးတွင်မူ စိတ်လှုပ်ရှားတက်ကြွလွန်းသဖြင့် ရင်ဘတ်ထဲမှ ကဟုန်ထွက်လာသော အောင်ပွဲခံ ကြွေးကြော်သံများ ဆူညံသွားခဲ့သည်။
"ဘုရားရေ... ငါတို့က မိစ္ဆာနတ်ဘုရားကိုတောင် သတ်ပစ်လိုက်နိုင်ပြီပဲ။ ငါတို့ ရှာနိုင်ငံတော် ပျက်စီးမှာကို စိုးရိမ်စရာမလိုတော့ဘူး"
"ညွှန်ကြားရေးမှူးရွှီကို ကျေးဇူးတင်ရမယ်။ မိစ္ဆာတွေ နိုးထလာခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ငါတို့တွေ နောက်ဆုံးတော့ ပြန်လည်ခုခံနိုင်တဲ့ အင်အားကို ရရှိခဲ့ပြီ!"
"ငါ အဲဒီနတ်ဘုရားဆယ်ပါးရဲ့ အမည်နာမတွေကို တကယ်သိချင်မိတယ်။ ငါ့အိမ်မှာ နေ့တိုင်း ပူဇော်ထားချင်လို့ပါ"
ရှာနိုင်ငံတော်သားအားလုံးသည် အတိုင်းထက်အလွန် ဝမ်းမြောက်နေကြပြီး တစ်ချိန်တည်းမှာပင် ရွှီချန်ချင်းနှင့် အခြားသူများအပေါ်တွင် ကျေးဇူးတင်ခြင်း၊ ကြည်ညိုခြင်းနှင့် ရိုသေခန့်ညားခြင်းများ အပြည့် ရှိနေကြသည်။
ပေါ်ပေါက်လာသော နတ်ဘုရားများနှင့် ရွှီလီကော်ကို စိတ်ကြိုက် ပုံသွင်းပေးခဲ့သော စွမ်းပကားများသည် အဆိုပါ မိစ္ဆာနတ်ဘုရားများကိုပင် အလွယ်တကူ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။ ထို့ပြင် အဏုမြူဗုံးဖြင့်ပင် မဖျက်ဆီးနိုင်သော မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ၎င်းတို့ ပေးသနားခဲ့သော ရှေးဟောင်းဓားတစ်လက်က အလွယ်တကူပင် ဖြတ်တောက်ခြေမှုန်းပစ်နိုင်ခဲ့သည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ရှာနိုင်ငံတော်တွင် ပေါ်ထွန်းလာသော နတ်ဘုရားများ၏ အစွမ်းထက်ပုံမှာ မှန်းဆရန်ပင် ခက်ခဲလှသည်။
ဤသည်နှင့် ဆန့်ကျင်ဘက်အဖြစ် နိုင်ငံရပ်ခြားမှ လူအချို့မှာမူ မျက်နှာများ ဖြူလျော်နေကြပြီး မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်နေကြသည်။
ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ ရှာနိုင်ငံတော်မှာကျမှ ဒီလောက်အစွမ်းထက်တဲ့ နတ်ဘုရားတွေ ရှိနေရတာလဲ။ ပြီးတော့ သူတို့က အသက်သွေးတွေနဲ့ ယဇ်ပူဇော်စရာလည်း မလိုခဲ့ဘူး မဟုတ်လား။
ပို၍ ကြောက်စရာကောင်းသည်မှာ နတ်ဘုရားများက စိတ်ကြိုက် ဖန်တီးပေးလိုက်သော လူသားတစ်ယောက်ကပင် သူတို့ အသက်သွေးများဖြင့် ပူဇော်ခဲ့ရသော မိစ္ဆာနတ်ဘုရားများကို သတ်ဖြတ်နိုင်နေခြင်း ဖြစ်သည်။ ရှာနိုင်ငံတော်သည် ဤကဲ့သို့ ကပ်ဘေးကြားမှ ဘယ်လိုလုပ်ပြီး ပြန်လည်ခေါင်းမော့လာနိုင်ရတာလဲ။
ထိုစဉ် ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ တစ်စုံတစ်ယောက်က ဗီဒီယိုဖိုင်တစ်ခုကို ရုတ်တရက် တင်လိုက်သည်။ ထိုသူ၏ အကောင့်လိပ်စာအရဆိုလျှင် မိစ္ဆာများ ကျူးကျော်ခြင်းခံထားရသော ဆင်ဖြူတော်နိုင်ငံမှ ဖြစ်ပုံရသည်။
"အစ်ကိုတို့... ဆင်ဖြူတော်နိုင်ငံ အခြေအနေ အခု ဘယ်လိုရှိလဲ"
"ဆင်ဖြူတော်နိုင်ငံက နတ်ဘုရားတွေ ဘာဖြစ်သွားတာလဲ"
မည်သူမျှ စာဖြင့် ပြန်မဖြေကြသော်လည်း တင်ထားသော ဗီဒီယိုဖိုင်ကို အလုအယက် နှိပ်ကြည့်လိုက်ကြသည်။ ဤမြင်ကွင်းသည် စိတ်ဝင်စားသူအားလုံး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။
ကြီးမားလှသော ဘုရားကျောင်းကြီးတစ်ခု၏ အလယ်ဗဟိုတွင် လူသားခန္ဓာကိုယ်နှင့် ဆင်ဦးခေါင်းရှိသော နတ်ဘုရားရုပ်ထုကြီးတစ်ခု ရှိနေပြီး ထိုရုပ်ထု၏အောက်တွင် သက်ဝင်ယုံကြည်သူ ပြည်သူများက ဒူးထောက်ဆုတောင်းနေကြသည်။
"ဒါက... ဒီရုပ်ထုက ဆင်ဖြူတော်နိုင်ငံရဲ့ နတ်ဘုရားပဲ။ လွန်ခဲ့တဲ့ သုံးလက ဒီရုပ်ထုထဲကနေ နတ်ဘုရား ပေါ်လာတာလို့ ပြောကြတယ်"
"ဆင်ဖြူတော်နိုင်ငံကို မိစ္ဆာတွေ ကျူးကျော်ရတာက နတ်ဘုရား သေဆုံးသွားလို့ပဲ။ ဒီဗီဒီယိုက နတ်ဘုရား သေဆုံးရတဲ့ နောက်ကွယ်က အမှန်တရားလား"
လူတိုင်း မျက်လုံးအပြူးသားဖြင့် ဆင်ဖြူတော်နိုင်ငံ၏ တကယ့်အကြောင်းအရင်းကို သိရှိရန် စောင့်ကြည့်နေကြသည်။
ရုတ်တရက် ထိုရုပ်ထုကြီးသည် တစ်စစီ ကွဲအက်သွားပြီး ဝိညာဉ်ရိပ်တစ်ခုက ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ကြီးမားသော လက်ဝါးကြီးတစ်ခုက ၎င်းကို အမိအရ ဖမ်းဆုပ်လိုက်သည်။ ထိုဗီဒီယိုဖိုင်မှတစ်ဆင့် လူတိုင်းသည် ထိုလက်ဝါးကြီး၏ ပိုင်ရှင်ကို မြင်တွေ့လိုက်ရသည်။
သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါပြီး ကောင်းကင်ဟင်းလင်းပြင်တွင် တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် မတ်တပ်ရပ်နေသည့် အဖိုးအိုတစ်ဦးပင် ဖြစ်သည်။
သူ၏ လက်ထဲတွင် အဖမ်းခံထားရသော ထိုဝိညာဉ်ရိပ်ကို အဖိုးအိုက အသာအယာ ညှစ်လိုက်ရုံမျှဖြင့် ထိုဝိညာဉ်သည် လောကကြီးထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့ရသည်။
ထို့နောက် အဖိုးအို၏ ပုံရိပ်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီး ယင်းနှင့်အတူ အချုပ်အနှောင်မဲ့သွားသော မရေမတွက်နိုင်သည့် မိစ္ဆာဆိုးကြီးများသည် ဆင်ဖြူတော်နိုင်ငံ၏ အရပ်ရပ်မှ တိုးဝင်လာကြကာ တစ်နိုင်ငံလုံးကို ငရဲအိုးကဲ့သို့ ပြောင်းလဲပစ်လိုက်ကြတော့သည်။
လူတိုင်း ထိတ်လန့်တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်သွားကြရသည်။
"အဲဒီအဖိုးအိုက ရှာနိုင်ငံတော်ရဲ့ နတ်ဘုရားပဲ"
"ဟုတ်တယ်... အဲဒီအဖိုးအိုက နတ်ဘုရားတွေရဲ့ အကြီးအကဲဘေးမှာ ရပ်နေတာကို ငါ မြင်လိုက်တယ်။ ဘုရားရေ... သူကပဲ ဆင်ဖြူတော်နိုင်ငံရဲ့ နတ်ဘုရားကို သတ်ပစ်ခဲ့တာလား"
"ပုရွက်ဆိတ်တစ်ကောင်ကို ဖိသတ်လိုက်သလိုပဲ လွယ်ကူလွန်းလှတယ်။ နတ်ဘုရားအချင်းချင်း ကြားမှာတောင် ဒီလောက်အထိ အဆင့်အတန်း ကွာခြားချက် ရှိနေတာလား"
"ဒီအဖိုးအိုတောင် ဒီလောက်အစွမ်းထက်နေရင် အဲဒီနုပျိုတဲ့ နတ်ဘုရားအုပ်စုခေါင်းဆောင်က ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ တည်ရှိမှုမျိုး ဖြစ်နေမလဲ"
ရှာနိုင်ငံတော်၏ နတ်ဘုရားများသည် မယုံနိုင်လောက်အောင်ကို အစွမ်းထက်လွန်းလှသည်။
ဤအချိန်တွင် ပင်လယ်မြို့တော်၌ ရှိနေသော ရွှီချန်သည် မြင်ကွင်းများကို ကြည့်ရင်း ရွှီမိသားစုဝင်များ၏ စိတ်ထဲရှိ အတွေးအားလုံးကို ချိတ်ဆက်မိသွားသည်။
ဆင်ဖြူတော်နိုင်ငံမှ ထိုနတ်ဘုရားသည် မုန်းဝူ ဆင့်ခေါ်ခဲ့သော အကောင်နှင့် အတူတူပင် ဖြစ်ရပေမည်။ မုန်းဝူ၏ ဆင့်ခေါ်မှု အဆင်မပြေဖြစ်သွားစဉ်က သူမသည် မတော်တဆဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယခုကြည့်ရလျှင် ထိုစဉ်က အကြီးအကဲကျန်းကုန်း ကိုယ်တိုင် လက်လှမ်း၍ ဆင့်ခေါ်ခံရသော မိစ္ဆာနတ်ဘုရားကို သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
ရွှီချန် အသက်ကို ပြင်းပြင်းရှူလိုက်မိပြီး "တကယ့်ကို ထိတ်လန့်စရာပဲ" ဟု ရေရွတ်လိုက်သည်။ ထိုအချိန်က အကြီးအကဲကျန်းကုန်းသည် ရွှီမိသားစုအိမ်တော်တွင် ရှိနေခဲ့ခြင်း ဖြစ်ရာ မိုင်ပေါင်းထောင်ချီ ဝေးကွာသော နေရာမှ မိစ္ဆာနတ်ဘုရားကို ဘယ်လိုလုပ်ပြီး လှမ်းသတ်နိုင်ခဲ့ရသနည်း။
ဤစွမ်းအားသည် သူတို့၏ အသိဉာဏ်ဖြင့် မှန်းဆ၍ မရနိုင်တော့ပေ။
ဒါဆိုလျှင် သူတို့၏ ဘိုးဘေးကြီးကော ဘယ်လိုအဆင့်မျိုး ဖြစ်နေမလဲ။
အခြားသော ရွှီမိသားစုဝင်များသည်လည်း ဗီဒီယိုထဲတွင် ထိုအဖိုးအိုကို မြင်လိုက်ရသည့် ခဏ၌ သူတို့၏ အကြည့်များကို အကြီးအကဲကျန်းကုန်းထံသို့ ချက်ချင်း ပို့လိုက်ကြသည်။
ဆင်ဖြူတော်နိုင်ငံမှ နတ်ဘုရားကို သတ်ခဲ့သူမှာ သူပင် ဖြစ်နေသည်။
သို့သော်လည်း ဤမျှ ကြောက်စရာကောင်းသော အကြီးအကဲကျန်းကုန်းသည်ပင် သူတို့၏ ဘိုးဘေးကြီး ရွှီချန်ချင်း၏ ရှေ့တွင်မူ လက်အောက်ခံတစ်ဦးကဲ့သို့ ရိုသေစွာ နေထိုင်နေခြင်း ဖြစ်သည်။
ဒါဆိုလျှင် သူတို့ ဘိုးဘေးကြီး၏ တကယ့် မြင့်မြတ်လှသော အဆင့်အတန်းက ဘာဖြစ်မလဲ။
ရွှီမိသားစုသည် တကယ့်ကို အထွတ်အထိပ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
ရုတ်တရက် ကမ္ဘာမြေကြီး၏ အရပ်ရပ်မှ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများနှင့်အတူ စွမ်းအင်ကြီးမားသော အရှိန်အဝါအချို့ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ပိရမစ်ကြီးများ၏ အတွင်းပိုင်းမှ ထူးဆန်းသော ကြောင်အော်သံတစ်ခု ပဲ့တင်ထပ်လာခဲ့ပြီး ၎င်းသည် နတ်ဘုရားများထဲမှ ကြောင်နတ်ဘုရားမပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အိုလံပတ်စ်တောင်ထိပ်မှလည်း ဇုစ်နတ်မင်းကြီးသည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။
အနောက်ဘက်ကမ္ဘာတွင် ဘုရားကျောင်းခေါင်းလောင်းသံများ ဆူညံစွာ မြည်ဟည်းသွားခဲ့ပြီး ယေဟောဝါနတ်ဘုရားသည်လည်း သူ၏ အိပ်စက်ခြင်းမှ နိုးထလာခဲ့သည်။
ဤအခိုက်အတန့်တွင် နိုင်ငံအသီးသီးမှ ကိုးကွယ်ခံ နတ်ဘုရားအားလုံး တစ်ပြိုင်နက်တည်း နိုးထလာကြခြင်း ဖြစ်သည်။
ပင်လယ်မြို့တော်တွင် ရှိနေသော ရွှီချန်ချင်းသည် ထိုနတ်ဘုရားဟု ဆိုကြသူများကို စိတ်ဝင်တစားဖြင့် လှမ်းမျှော်ကြည့်လိုက်သည်။
သူတို့အားလုံးသည် တစ်ပါးသော တိုင်းပြည်များ၏ ရှေးဟောင်းပုံပြင်များထဲမှ နတ်ဘုရားများ ဖြစ်ကြသည်။
သို့သော် ရွှီချန်ချင်း၏ မျက်လုံးထဲတွင်မူ ဤနတ်ဘုရားဆိုသည်များမှာ ခန္ဓာကိုယ်အလွတ်များသာ ဖြစ်ပြီး ၎င်းတို့ထဲတွင် အခြားကမ္ဘာတစ်ခုမှ ဝိညာဉ်များ ဝင်ရောက်ပူးကပ်နေကြခြင်း ဖြစ်သည်။
"ဒါက ငါးပွင့်အဆင့်ရှိတဲ့ မဟာလောကကြီးဆီက ကိုးကွယ်ခံ နတ်ဘုရားတွေလား"
"ကြည့်ရတာ တော်တော်လေး အားနည်းတာပဲ"
ထိုစဉ် အကြီးအကဲကျန်းကုန်းက ခေါင်းကို ခါယမ်းလိုက်ပြီး တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသည်။
"အရှင်မြတ်... ဒီစုဝေးနေတဲ့ နတ်ဘုရားခန္ဓာကိုယ်တွေက ကြည့်ရတာ သာမန်တော့ မဟုတ်ဘူး။ သူတို့က တစ်ချိန်က တကယ်ပဲ တည်ရှိခဲ့တာလား"
အကြီးအကဲကျန်းကုန်းသည် သူတော်စင်အဆင့် ကျင့်ကြံသူဖြစ်သဖြင့် ဤနတ်ဘုရားခန္ဓာကိုယ်များ၏ အောက်ခြေသဘာဝမှာ မရိုးရှင်းကြောင်း အာရုံခံမိခြင်း ဖြစ်သည်။
ရွှီချန်ချင်းက ပြန်မပြောဘဲ ထိုအကြောင်းကိုသာ စဉ်းစားနေမိသည်။
လက်ရှိ ကမ္ဘာမြေသည် သုံးပွင့်အဆင့်ရှိသော လောကငယ်လေးသာ ဖြစ်သော်လည်း စနစ်၏ အရိပ်အမြွက်ပြချက်အရမူ ဤကမ္ဘာမြေသည် တစ်ချိန်က ကိုးပွင့်အဆင့်ရှိသော မဟာလောကကြီး ဖြစ်ခဲ့ဖူးသည်။
ထိုဒဏ္ဍာရီလာ နတ်ဘုရားများ တကယ်ပဲ ရှိခဲ့ဖူးသလား။
အကယ်၍ ရှိခဲ့ဖူးသည်ဆိုလျှင် အရှေ့ဘက်ကမ္ဘာမှ ဒဏ္ဍာရီလာ နတ်ဘုရားများကော ဘယ်ရောက်ကုန်သနည်း။
ထိုအချိန်တွင် နိုင်ငံရပ်ခြား၌မူ အခြေအနေများမှာ လုံးဝ ပရမ်းပတာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
"နတ်ဘုရားတွေ နိုးထလာပြီ ဒါက ရှာနိုင်ငံတော်ရဲ့ နတ်ဘုရားတွေကို စစ်ကြေညာတော့မှာလား"
သို့သော်လည်း သူတို့သည် ထိုနတ်ဘုရားများ၏ မျက်လုံးထဲတွင် ထူးဆန်းပြီး သွေးဆာနေသော အရိပ်အယောင်များကို ချက်ချင်း မြင်တွေ့လိုက်ရသည်။
နိုင်ငံရပ်ခြားမှ မရေမတွက်နိုင်သော လူသားများသည် နာကျင်စွာ အော်ဟစ်ရင်း သူတို့၏ ခန္ဓာကိုယ်များမှာ သွေးသားအသားစများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ကြရသည်။
"မကောင်းတော့ဘူး နတ်ဘုရားတွေက ယဇ်ပူဇော်မှုကို ပြန်စနေပြီ"
"ဘာဖြစ်တာလဲ။ အချိန်မကျသေးဘူးလေ နတ်ဘုရားကြီး... သနားတော်မူပါ"
"အား... ငါမသေချင်ဘူး ငါ ရှာနိုင်ငံတော်ကို သွားချင်တယ်၊ အဲဒီနေရာက နိဗ္ဗာန်ဘုံပဲ"
မရေမတွက်နိုင်သော သွေးသားအသားစများသည် ထိုနတ်ဘုရားခန္ဓာကိုယ်များထဲသို့ စီးဝင်သွားခဲ့ကြသည်။ ထိုအခိုက်အတန့်တွင် နိုင်ငံရပ်ခြားရှိ လူသားများ၏ သုံးပုံနှစ်ပုံခန့်မှာ ချက်ချင်းပင် သေဆုံးသွားခဲ့ကြရသည်။
ပို၍ ထူးဆန်းသည်မှာ ထိုနတ်ဘုရားများသည် သူတို့၏ ရုပ်ခန္ဓာများကို ချက်ချင်း စွန့်ပယ်လိုက်ကြပြီး ၎င်းတို့၏ ထူးဆန်းသော ဝိညာဉ်ရိပ်များသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ အတောင်ပံများစွာပါသော အတောင်ပံလူသားကြီးတစ်ဦးအသွင် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
"သူတို့... သူတို့က ငါတို့ ကိုးကွယ်တဲ့ အရှင်သခင် မဟုတ်ကြဘူး"
သူတို့က တကယ်ပဲ ဘယ်သူတွေလဲ။
ကမ္ဘာလုံးဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
ထိုအတောင်ပံလူသားကြီးသည် ချက်ချင်း ပေါင်းစပ်ပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် ရှာနိုင်ငံတော်၏ နယ်စပ်ကောင်းကင်ထက်သို့ ရောက်ရှိလာခဲ့သည်။
"ဘယ်သူကများ ငါတို့ ကိုးကွယ်မှုလောကကြီးရဲ့ အရှင်သခင် ယုယို့ထျန်းရဲ့ ယဇ်ပူဇော်မှုတွေကို လုယူရဲတာလဲ"
"မင်းတို့တွေ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"