အခန်း (၄၇) - အာရန်ကို သတ်ပါ
"ကဲ... အဲဒါတွေထားလိုက်ရင်၊ ဒါက သင်တို့စမ်းသပ်မှုရဲ့ နောက်တစ်ဆင့်ပါပဲ" လို့ အယ်လ်တန် ပြောလိုက်တယ်။
သူမရဲ့ အသံက တည်ငြိမ်ပြီး အတိအကျရှိပေမယ့်၊ ထီးနန်းခန်းမတစ်ခုလုံးကို ရှင်းလင်းပြတ်သားစွာ ပျံ့လွင့်သွားတယ်။ သူမနှုတ်ခမ်းကနေ စကားလုံးတွေ ထွက်ကျလာတာနဲ့ လူတိုင်းရဲ့ အာရုံက သူမဆီကို ချက်ချင်း ရောက်သွားကြတယ်။ စကားပြောသံတွေ ချက်ချင်း တိတ်ဆိတ်သွားတယ်။ လှုပ်ရှားမှုတွေ ငြိမ်ကျသွားတယ်။ အသက်ရှူသံတွေတောင် ပိုတိုးသွားသလိုပဲ။
ဘယ်သူကမှ စကားတစ်လုံးတောင် မလွတ်ချင်ကြဘူး။
ဒီအဆင့်မရောက်ခင် ဖြတ်သန်းခဲ့ရတာတွေက စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ခံစားချက်ပိုင်းအရ ပင်ပန်းဆင်းရဲခဲ့ရပြီးပြီ။ စမ်းသပ်မှုထဲ စဝင်လာတဲ့ အချိန်ကစလို့ သူတို့တွေ တွန်းအားပေးခံရတယ်၊ ချိုးနှိမ်ခံရတယ်၊ ထပ်ခါတလဲလဲ အလိုက်သင့် ပြောင်းလဲနေထိုင်ဖို့ ဖိအားပေးခံခဲ့ရတယ်။ အဆင့်တိုင်းက သူတို့ဆီကနေ တစ်ခုခုကို ယူဆောင်သွားခဲ့တယ်၊ အဲဒါက ခွန်အားဖြစ်စေ၊ ယုံကြည်မှုဖြစ်စေ၊ ဖြူစင်ရိုးသားမှုဖြစ်စေပေါ့။ အခုတော့ မမြင်ရတဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီမွန်းကြပ်စရာ ရဲတိုက်ကြီးထဲမှာ ရပ်နေရင်း၊ သူတို့တစ်ယောက်ချင်းစီတိုင်း တူညီတဲ့ အမှန်တရားတစ်ခုကို သိနေကြတယ်။
ဒီအဆင့်က အခက်ခဲဆုံး ဖြစ်လာတော့မယ် ဆိုတာကိုပေါ့။
အယ်လ်တန်ရဲ့ အကြည့်တွေက ခန်းမထဲ ဝေ့ဝဲသွားပြီး သူတို့မျက်နှာပေါ်က မျှော်လင့်ချက်၊ ကြောက်ရွံ့မှု၊ တင်းမာမှု၊ မောပန်းနွမ်းနယ်မှု စတဲ့ ရောထွေးနေတဲ့ ခံစားချက်တွေကို ကြည့်လိုက်တယ်။ တချို့က ဖုံးကွယ်ဖို့ ကြိုးစားကြတယ်။ တချို့ကျတော့လည်း မထူးဇာတ်ခင်းထားကြတယ်။ သူမ ကျေနပ်အားရစွာနဲ့ ဖျော့တော့တော့ ပြုံးလိုက်တယ်။
"သင်တို့စမ်းသပ်မှုရဲ့ နောက်တစ်ဆင့်က ရိုးရှင်းပါတယ်" လို့ သူမ ပြောလိုက်တယ်။
'ရိုးရှင်းပါတယ်' ဆိုတဲ့ စကားလုံးတစ်လုံးတည်းက လူအတော်များများကို ပိုပြီး တင်းမာသွားစေတယ်။ ဒီနေရာနဲ့ ပတ်သက်သမျှ ဘာတစ်ခုမှ ရိုးရှင်းမနေခဲ့ဘူးလေ။
"ရဲတိုက်ကနေ လွတ်မြောက်အောင် လုပ်ကြ။"
အဲဒီစကားလုံးတွေ ပဲ့တင်ထပ်သွားတယ်။
ထီးနန်းခန်းမထဲမှာတင် မဟုတ်ဘဲ သူတို့ရဲ့ စိတ်ထဲမှာပါ ပဲ့တင်ထပ်သွားတာ။
နှလုံးခုန်သံ တစ်ချက်၊ နှစ်ချက် စာလောက်အထိ ခန်းမကြီးတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားတယ်။ အံ့သြတကြီး ရှူရှိုက်သံတွေ မရှိ၊ ငိုသံတွေ မရှိ၊ တီးတိုးပြောသံတွေ မရှိဘူး။ အသံဆိုတာ လုံးဝ ကွယ်ပျောက်သွားသလိုပဲ။
သူတို့တွေ အံ့အားသင့်ပြီး အေးခဲနေကြတယ်။
အဲဒီမှာရှိတဲ့ လူတိုင်း အဲဒီစကားလုံးတွေရဲ့ အဓိပ္ပာယ်ကို အတိအကျ နားလည်ကြတယ်။
သူတို့ ရဲတိုက်ကို မြင်ခဲ့ပြီးပြီ။
သူတို့ ခံစားခဲ့ပြီးပြီ။
ရဲတိုက်ရဲ့ အန္တရာယ် အပိုင်းအစတွေကို သူတို့ ကြုံတွေ့ခဲ့ရပြီးပြီ... ဘီလူးတွေကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တဲ့ အိမ်ဖော်တွေ၊ ဘယ်သူမှ မကြည့်တဲ့အချိန်မှာ နေရာရွေ့နေတတ်တဲ့ စင်္ကြံလမ်းတွေ၊ ရှိနေတာနဲ့တင် အသက်ရှူကျပ်စေတဲ့ သက်ရှိတွေအကြောင်းပေါ့။ အခုတော့ သူတို့ကို ဒီနေရာကနေ လွတ်မြောက်အောင် လုပ်ရမယ်လို့ ပြောလာတယ်။
အတွင်းထဲမှာ အသက်ရှင်အောင် နေရမှာ မဟုတ်ဘူး။
သည်းခံနေရမှာ မဟုတ်ဘူး။
လွတ်မြောက်အောင် လုပ်ရမှာ။
အဲဒီအမှန်တရားက သူတို့စိတ်ထဲမှာ အပြည့်အဝ နေရာမယူနိုင်သေးခင်မှာပဲ အယ်လ်တန်က ထပ်ပြောလိုက်တယ်။
"ဒီရဲတိုက်ထဲမှာ ရှိနေတဲ့ ခြိမ်းခြောက်မှုတွေကို သင်တို့ထဲက တချို့ မြင်ဖူးကြမယ်လို့ ငါ ယုံကြည်တယ်" လို့ သူမက တည်ငြိမ်စွာ ပြောတယ်။ "ဒါပေမဲ့ ငါ သတိပေးလိုက်မယ်၊ သင်တို့ အခုထိ မြင်ခဲ့ရတာတွေက အစစ်အမှန် အန္တရာယ်နဲ့ ယှဉ်ရင် ဘာမှမဟုတ်သေးဘူး။"
သူမရဲ့ အပြုံးက အနည်းငယ် ပိုကျယ်လာတယ်။
ပြီးတော့ သူတို့ခေါင်းပေါ်ကို ကပ်ဘေးတစ်ခု ကျရောက်စေခဲ့တယ် ဆိုတာကို ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ သူမ နောက်လှည့်ပြီး ပလ္လင်ပေါ်ကို ပြန်သွားကာ ပြီးပြည့်စုံတဲ့ တည်ငြိမ်မှုနဲ့ ထိုင်လိုက်တယ်။
ဖရိုဖရဲ အခြေအနေတွေ နောက်က လိုက်လာတော့တာပဲ။
ရှုပ်ထွေးမှုတွေ ခန်းမထဲမှာ လှိုင်းထသလို ဖြစ်လာတယ်။ လူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီး မျက်နှာတွေပေါ်မှာ ထိတ်လန့်မှုတွေ စတင် နေရာယူလာတယ်။ တချို့က အလိုအလျောက် နောက်ဆုတ်သွားကြတယ်။ တချို့က ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြတယ်။ လူနည်းစုကတော့ ထွက်ပေါက်ကို စတင် ရှာဖွေနေကြပြီ။
အဲဒီအချိန်မှာပဲ—
ကျွီ..........။
နှေးကွေး၊ လေးလံပြီး သဘာဝမကျတဲ့ အသံကြီး ထွက်ပေါ်လာတယ်။
လူတိုင်း လှည့်ကြည့်လိုက်ကြတယ်။
ရုပ်တုကြီးတွေ။
သူတို့ရောက်ကတည်းက ထီးနန်းခန်းမကို စောင့်ကြပ်နေသလို တိုင်လုံးတိုင်းရဲ့ ဘေးမှာ တိတ်ဆိတ် ငြိမ်သက်စွာ ရပ်နေခဲ့တဲ့ ကြီးမားတဲ့ စစ်သည်တော် ကျောက်ရုပ်တုကြီးတွေ လှုပ်ရှားလာတာ။
ကျောက်သားချင်း ပွတ်တိုက်သံတွေ ထွက်လာတယ်။
သူတို့မျက်လုံးတွေထဲမှာ အနီရောင်အလင်းတွေ တောက်လောင်လာတယ်။
ပြီးတော့ သူတို့ လှုပ်ရှားလိုက်ကြတယ်။
တွေဝေမနေဘဲ။ ထိန်းချုပ်ထားခြင်း မရှိဘဲနဲ့ပေါ့။
လက်နက်တွေကို ဝှေ့ယမ်း၊ လှံတွေကို ထိုးစိုက်၊ သတ်ဖြတ်လိုစိတ် အပြည့်နဲ့ ဓားတွေကို လေထဲမှာ ဝှေ့ယမ်းလိုက်ကြတယ်။ ရုပ်တုကြီးတွေက လူအုပ်ကြီးထဲကို တိုးဝင်လာပြီး တိုက်ခိုက်မှုတိုင်းက အသေအပျောက် ရှိစေဖို့ ရည်ရွယ်ထားတယ်။
ထိတ်လန့်မှုတွေ ပေါက်ကွဲထွက်လာတယ်။
လူတွေ အော်ဟစ်ကြတယ်။ တချို့က ပြေးကြတယ်။ တချို့ကျတော့ စက္ကန့်ဝက်လောက် ပိုပြီး ကြောင်နေမိလို့ ချက်ချင်းပဲ အသက်ပေးလိုက်ရတယ်။ ကျောက်သားလက်နက်တွေက အသားတွေကို ထိုးဖောက်သွားပြီး၊ တချိန်က ပြောင်လက်နေခဲ့တဲ့ စကျင်ကျောက် ကြမ်းခင်းတွေပေါ်မှာ သွေးတွေ ပန်းထွက်ကုန်တယ်။ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်တွေ လဲကျကုန်ပြီး ထီးနန်းခန်းမကြီးကို ကြောက်ရွံ့ခြင်းတွေနဲ့ ဆေးခြယ်လိုက်သလို ဖြစ်သွားတယ်။
အာရန် ချက်ချင်း တုံ့ပြန်လိုက်တယ်။
ရုပ်တုတစ်ခုက သူ့ဆီကို ခုန်ဝင်လာပြီး ကြီးမားတဲ့ အားနဲ့ လှံကို ထိုးစိုက်လိုက်တယ်။ အာရန် ဘေးကို လှည့်ပြီး သီသီလေး ရှောင်လိုက်တယ်။ သူ့လက်က ဆန့်ထွက်သွားပြီး လှံရိုးကို ဖမ်းဆုပ်လိုက်ကာ အားကုန်သုံးပြီး ဆွဲယူလိုက်တယ်။
သူ မတွေဝေဘူး။
ရှိသမျှ အားကုန်သုံးပြီး အဲဒီလှံကို လွှင့်ပစ်လိုက်တယ်။
လှံက လေထုကို ခွင်းပြီး နီးစပ်ရာ တိုင်လုံးတစ်ခုကို ဝင်ဆောင့်သွားတယ်။ ကျောက်တိုင်က ပြင်းပြင်းထန်ထန် အက်ကွဲသွားပြီး ပင့်ကူအိမ်လို အက်ရာတွေ ဖြာထွက်သွားကာ၊ လက်နက် အလုခံလိုက်ရတဲ့ ရုပ်တုကြီးကလည်း ခဏအကြာမှာပဲ ကျိုးပဲ့ပျက်စီးပြီး အပိုင်းအစတွေအဖြစ် ပြိုကျသွားတယ်။
အာရန် ဘာဆက်ဖြစ်မလဲ စောင့်မကြည့်နေတော့ဘူး။
သူ ပြေးတော့တယ်။
တံခါးပေါက်တွေဆီကို တန်းတန်းမတ်မတ်ပဲ။
တကယ်လို့ အသက်ရှင်ချင်တယ်ဆိုရင် အယ်လ်တန်နဲ့ နီးတဲ့နေရာမှာ နေတာက သူတို့လုပ်နိုင်သမျှထဲမှာ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ပဲ ဖြစ်လိမ့်မယ်။
"ငါ ထင်သားပဲ" အာရန် ပြေးနေရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။ "ဒီရဲတိုက်က စမ်းသပ်မှုရဲ့ အစိတ်အပိုင်းဆိုတာ ငါ သိနေခဲ့တာ။"
ပထမဆုံးရက် ကတည်းက သူ ခံစားခဲ့ရတာ... အဲဒီ ဖိစီးနှိပ်စက်တဲ့ အရှိန်အဝါတွေ၊ ထိန်းချုပ်ထားတဲ့ လမ်းကြောင်းတွေ၊ အရာအားလုံးရဲ့ အောက်မှာ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေလေ။ ဒီနေရာက ဘယ်တုန်းကမှ အနားယူစရာ စခန်းတစ်ခု မဖြစ်ခဲ့ဘူး။ စကတည်းက စစ်မြေပြင် ဖြစ်နေခဲ့တာ။
အေဒင်က အာရန် ထွက်ပေါက်ဆီ ပြေးသွားတာကို မြင်တော့ ချက်ချင်း လိုက်ပြေးတယ်။ လီယွန်ကတော့ သူ့ခေါင်းကို သီသီလေးလွဲသွားတဲ့ ဓားတစ်ချက်ကို ရှောင်ရင်း တိုးတိုးလေး ဆဲရေးပြီး သူတို့နောက်ကနေ ကပ်လိုက်လာတယ်။
ကြီးမားတဲ့ ဓားကြီးကို ကိုင်ထားတဲ့ ရုပ်တုတစ်ခုရဲ့ ဖိအားပေးတာကို ခံနေရတဲ့ ကီရာက အာရန် ရှိတဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။ ဘာမှ မတွေဝေဘဲ သူမ ရှိသမျှ အားအကုန်သုံးပြီး မန္တန်တစ်ခုတည်းကို ပစ်လွှတ်လိုက်တယ်။ ကြီးမားတဲ့ ရေခဲလှံတစ်ချောင်း ဖြစ်ပေါ်လာပြီး ရုပ်တုရဲ့ ရင်ဘတ်တည့်တည့်ကို ဝင်ဆောင့်ကာ အပိုင်းပိုင်း အစစ ကွဲကြေသွားစေတယ်။
သူမ ရပ်မနေဘူး။
သူမ ပြေးတယ်။
အခုအချိန်မှာ သူတို့ ယုံကြည်ရတာဆိုလို့ တစ်ယောက်နဲ့တစ်ယောက်ပဲ ရှိတယ်။
တံခါးတွေ ပွင့်သွားပြီး လူတွေ အရပ်မျက်နှာအနှံ့ ထွက်ပြေးကြတာမို့ ထီးနန်းခန်းမကြီးက ဖရိုဖရဲ ဖြစ်သွားတယ်။ မြန်တဲ့သူတွေ လွတ်သွားကြတယ်။ မမြန်တဲ့သူတွေကတော့ အခုတ်ခံရပြီး အော်ဟစ်ကျန်ရစ်ခဲ့ကြကာ သူတို့ရဲ့သွေးတွေက နံရံတွေနဲ့ ကြမ်းပြင်တွေကို သုတ်လိမ်းထားသလို ဖြစ်ကျန်ခဲ့တယ်။
အယ်လ်တန်က အဲဒါတွေ အကုန်လုံးကို ထိုင်ကြည့်နေတယ်။
သူမရဲ့ မျက်နှာထားကတော့ လုံးဝ မပြောင်းလဲဘူး။
နောက်ဆုံးလူ ခန်းမထဲကနေ ထွက်ပြေးသွားပြီးတဲ့နောက်မှာတော့ နောက်ထပ် ရှိရင်းစွဲ တစ်ခု ပေါ်လာတယ်။
အိမ်တော်ထိန်း။
အာရန်ကို ရဲတိုက်အနှံ့ လိုက်ပြခဲ့တဲ့၊ စကားဝှက်တွေ သတိပေးစကားတွေ ပြောခဲ့တဲ့ အဲဒီလူပဲ အခု ပျက်စီးနေတဲ့ ထီးနန်းခန်းမထဲမှာ ရပ်နေတယ်။ သူ အယ်လ်တန်ကို ရင်ဆိုင်နေရချိန်မှာ တကယ်ကို ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေတယ်။
"အဆင့် စတင်ပါပြီ" သူမ တည်ငြိမ်စွာ ပြောလိုက်တယ်။ "ဘာလုပ်ရမလဲဆိုတာ ရှင် သိပါတယ်။ ရှင်တို့အားလုံး သိပါတယ်"
"ဟုတ်ကဲ့ပါ၊ သခင်မလေး အယ်လ်တန်" အိမ်တော်ထိန်းက ခါးကို ကိုင်းညွှတ်ပြီး ပြန်ဖြေတယ်။
ဒါပေမဲ့ သူ မလှည့်ထွက်ခင်မှာပဲ သူမ ထပ်ပြောလိုက်တယ်။
"အဲဒီ နိုးထသူ (Awakened) လေ" သူမ ပြောလိုက်တယ်။ "အာရန်... အရိပ်တွေ သုံးတဲ့ ကောင်လေ။ အရိပ်ဆင့်ခေါ်ကောင်တွေ သုံးတဲ့သူ။"
အိမ်တော်ထိန်း အေးခဲသွားတယ်။
"သူက ရှင့်ရဲ့ အထူးတာဝန်ပဲ" အယ်လ်တန် ဆက်ပြောတယ်။ "သူ့ကို သေချာပေါက် သတ်ပစ်ပါ။"
ခဏလောက်တော့ အိမ်တော်ထိန်း မလှုပ်မယှက် ဖြစ်နေတယ်။
ပြီးတော့မှ ဖြည်းဖြည်းချင်း ခေါင်းမော့လာတယ်။
"သခင်မလေး..." သူ ဂရုတစိုက်နဲ့ စကားစလိုက်တယ်။ "ဘာလို့ သူ့ကိုမှ ဒီလောက် အာရုံစိုက်နေရတာပါလဲ။"
အယ်လ်တန်ရဲ့ အကြည့်တွေ စူးရှသွားတယ်။
"ရှင် ငါ့ကို မေးခွန်းထုတ်နေတာလား။"
အိမ်တော်ထိန်းက ချက်ချင်းပဲ ထပ်ပြီး ဦးညွှတ်လိုက်တယ်။ "မလုပ်ရဲပါဘူး၊ သခင်မလေး။ သူ့ဆီမှာများ... ကွဲပြားခြားနားတဲ့ အရာတစ်ခုခု ရှိနေသလားလို့ သိချင်ရုံ သက်သက်ပါ။"
"ရှင် အဲဒါကို သိစရာ မလိုဘူး" သူမ အေးစက်စွာ ပြန်ပြောတယ်။ "သူ ရဲတိုက်ထဲကနေ အသက်ရှင်လျက် မထွက်နိုင်ပါစေနဲ့။ အဲဒါ ရှင့်တာဝန်ပဲ။ ပြီးတော့ သူ့မှာ 'ပြန်လည်ရှင်သန်ခြင်း တိုတမ်' (revive totem) ရှိနေတဲ့အတွက် ရှင့်အနေနဲ့ သူ့ကို နှစ်ခါ သတ်ရလိမ့်မယ်။"
အိမ်တော်ထိန်းက လိုအပ်တာထက် တစ်စက္ကန့်လောက် ပိုပြီး ဦးညွှတ်လျက်သား နေလိုက်တယ်။ သူ ပြန်မတ်လိုက်တဲ့အချိန်မှာ မလိုလားတဲ့ ပုံစံမျိုး သူ့မျက်နှာပေါ်မှာ ဖြတ်ခနဲ ပေါ်သွားပေမယ့် ချက်ချင်း ပျောက်သွားတယ်။
ပြီးတော့ သူ ပျောက်ကွယ်သွားတယ်။
ရဲတိုက်ကြီးရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာတော့ ကစားပွဲရဲ့ ပုံစံ ပြောင်းလဲသွားပြီ ဆိုတာကို မသိဘဲ အာရန် ပြေးလွှားနေလေရဲ့။