အခန်း (၄၆) - စွမ်းအားရှင် တိုတမ်များ
နောက်ရက်အနည်းငယ်အတွင်း အာရန်သည် အိမ်တော်ထိန်းနှင့် အတူ အချိန်ကုန်ဆုံးခဲ့သော်လည်း သူ့နာမည်ကိုပင် မသိခဲ့ရပေ။ သူ စားသောက်သည်၊ ရဲတိုက်ကို လှည့်လည်ကြည့်ရှုသည်၊ မေးခွန်းများ မေးသည်နှင့် အခြားအရာများကို လုပ်ဆောင်ခဲ့သည်။
စမ်းသပ်မှုနှင့် ပတ်သက်၍ သူ ဘာမှ မသိခဲ့ရဟု ထင်ခဲ့သော်လည်း အရေးကြီးသော ကောက်ချက်အချို့ကိုတော့ သူ ချနိုင်ခဲ့သည်။
တစ်ခုမှာ - ဒီရဲတိုက်ထဲတွင် လမ်းလျှောက်သွားလာနေသော သက်ရှိတိုင်း၊ အိမ်ဖော်၊ စားဖိုမှူး၊ သန့်ရှင်းရေးသမားနှင့် အခြားသူ အားလုံးနီးပါးသည် အလွန်အမင်း သန်မာကြသည်၊ အနည်းဆုံးပြောရလျှင် ကြောက်စရာကောင်းလောက်အောင်ပင်။
အိမ်တော်ထိန်းနှင့် လှည့်လည်ကြည့်ရှုတိုင်း ရဲတိုက်မှ ထွက်ခွာနိုင်မည့် နည်းလမ်းအကြောင်း တခါမှ မပြောခဲ့သလို၊ အပြင်ဘက်ကို မြင်နိုင်မည့် ပြတင်းပေါက်နားသို့လည်း ခေါ်မသွားခဲ့သည်ကို သူ သတိပြုမိလိုက်သည်။ အာရန် သွားနိုင်မည့်နေရာများကို အိမ်တော်ထိန်းက ထိန်းချုပ်ထားသကဲ့သို့ပင်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် အဖွဲ့အားလုံး ရောက်ရှိလာကြသည်။ နောက်ကျမှ ရောက်လာသူများမှာမူ အခြားသူများကဲ့သို့ စူးစမ်းလေ့လာချိန် မရလိုက်သဖြင့် အကြီးအကျယ် အားနည်းချက် ဖြစ်သွားစေသည်။
[...]
အာရန်နှင့် အိမ်တော်ထိန်းတို့သည် နောက်ထပ် စင်္ကြံလမ်းတစ်ခုကို ဖြတ်လျှောက်ရင်း နံရံပေါ်မှ ပန်းချီကားများကို ကြည့်ရှုနေကြသည်။
[ စမ်းသပ်မှု ၁၀ မိနစ်အတွင်း စတင်ပါမည် ]
စနစ် (System) မှ အသိပေးချက် ရုတ်တရက် ပေါ်လာသဖြင့် အာရန် ရပ်တန့်လိုက်ပြီး ကြည့်လိုက်သည်။
အိမ်တော်ထိန်းက သိနားလည်စွာ ပြုံးလိုက်သည်။ "အချိန်ကျပြီ ထင်တယ်" သူ ပြောလိုက်သည်။
အာရန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်" သူ ပြောလိုက်ပြီး အရာအားလုံးအတွက် ကျေးဇူးတင်စကား ပြောချင်သဖြင့် အိမ်တော်ထိန်းကို ကြည့်လိုက်သည်။ "ကျေးဇူး..."
သို့သော် သူ စကားမဆုံးခင် အိမ်တော်ထိန်းက လက်ညှိုးထောင်ပြပြီး တိတ်တိတ်နေရန် ပြောလိုက်သည်။ "ကျွန်ုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး၊ အဲဒါက ကျွန်ုပ်အတွက် အရာရာကို ပိုခက်ခဲစေပါတယ်" အိမ်တော်ထိန်းက ပြောသည်။
"ခင်ဗျားအတွက် ပိုခက်ခဲစေတယ် ဟုတ်လား။ ဘာကို ဆိုလိုတာလဲ" အာရန် မေးလိုက်သည်။
"ဟင်း... နိုးထသူ လူငယ်လေး၊ အဲဒါတွေအတွက် စိတ်မပူပါနဲ့" သူ ပြောလိုက်သည်။ "လူကြီးမင်း သွားသင့်ပါပြီ၊ ဒါပေမဲ့ မသွားခင် ကျွန်ုပ် တစ်ခုခု ပေးချင်ပါတယ်" ပြောရင်း အိမ်တော်ထိန်းက ဒင်္ဂါးပြားတစ်ခု ထုတ်ပြီး သူ့ကို ပေးလိုက်သည်။ ရွှေဒင်္ဂါးပြား တစ်ခုဖြစ်သည်။ တစ်ဖက်တွင် နက်ရှိုင်းသော ဓားခုတ်ရာပါရှိပြီး အခြားတစ်ဖက်တွင် ဘာမှမပါဘဲ ပြောင်ချောနေသည်။
"ဒါကို သေချာ သိမ်းထားပါ၊ လိုအပ်လာပါလိမ့်မယ်။ သံသယဖြစ်တဲ့အခါ ဟာကွက် (Gap) ကို လိုက်သွားပါ" သူ ပြောလိုက်သည်။
အာရန် ဒင်္ဂါးပြားကို ယူလိုက်သည်။ အိမ်တော်ထိန်း ဘာကို ဆိုလိုသလဲဆိုတာ သူ နားမလည်သော်လည်း ယခုအချိန်တွင် သူ နေသားကျနေပြီ ဖြစ်သည်။ အိမ်တော်ထိန်းက တကယ်ကို လျှို့ဝှက်ဆန်းကြယ်သူ တစ်ယောက်ကိုး။
"ကဲ... တည့်တည့်သာ သွားပါ။ တည့်တည့်ဆက်သွားရင် ထီးနန်းခန်းမဆောင်ကို ရောက်ပါလိမ့်မယ်" သူ ပြောလိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်ကာ လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်လိုက်သည်။ "လူကြီးမင်းနဲ့ အချိန်ကုန်ဆုံးခွင့်ရတာ တကယ် ကောင်းမွန်ပါတယ်"
အာရန်လည်း ထိုနည်းတူ လက်ကို ရင်ဘတ်ပေါ်တင်ပြီး ဦးညွှတ်လိုက်သည်။ ထို့နောက် မော့ကြည့်လိုက်သည်။ "ကျွန်တော် ခင်ဗျားကို ပြန်တွေ့ရဦးမလား" သူ မေးလိုက်သည်။
"အင်း... ဖြစ်နိုင်ပါတယ်" အိမ်တော်ထိန်းက ပြောသည်။ အဲဒါကို ကြားတော့ အာရန် ပြုံးလိုက်ပြီး နောက်လှည့် ထွက်ခွာသွားသည်။ အချိန်အကြာကြီးနေမှ ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်နှင့် အတူရှိရတာကို သူ အလွန် သဘောကျမိသည်။ တစ်နေ့နေ့တွင် အိမ်တော်ထိန်းကို ပြန်တွေ့ရပါစေဟု သူ ဆုတောင်းလိုက်သည်။
အာရန် အဝေးသို့ ပျောက်ကွယ်သွားသောအခါ အိမ်တော်ထိန်း၏ နူးညံ့သော အပြုံးသည် ဝမ်းနည်းသော မျက်နှာထားအဖြစ် ပြောင်းလဲသွားသည်။ "ဝမ်းနည်းစရာကတော့၊ ပြန်တွေ့ရင် စကားပြောဖို့ ဖြစ်လာမှာ မဟုတ်ဘူး" သူ ရေရွတ်လိုက်ပြီး နောက်လှည့် ထွက်ခွာသွားရာ လျှောက်လမ်းထဲတွင် ခြေသံများသာ အထီးကျန်၊ ဗလာသက်သက် ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။
[ ..... ]
အာရန် ထီးနန်းခန်းမဆောင်၏ တံခါးဝသို့ ရောက်သောအခါ အခြားသူများလည်း တပြိုင်နက် ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူ ဝင်သွားလိုက်ရာ အံ့သြစရာကောင်းလောက်အောင်ပင် လူအရေအတွက် တစ်ထောင်ကျော် ရှိနေပြီ ဖြစ်သည်။
သူ တိုင်လုံးတစ်တိုင်နားသို့ တိတ်တဆိတ် လျှောက်သွားပြီး ကျောမှီထားလိုက်သည်။
အယ်လ်တန် (Elton) သည် ပလ္လင်ပေါ်တွင် မျက်လုံးမှိတ်လျက် ထိုင်နေသော်လည်း လူတိုင်းကို စောင့်ကြည့်နေသော သူမ၏ အကြည့်ကို ခံစားနေရသည်။ ထိုအချက်က သူတို့ကို တင်းမာနေစေသည်။
"ဟေး... အာရန်"
လီယွန် (Leon) ခေါ်လိုက်သံကို အာရန် ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ လီယွန်နှင့် အေဒင် (Aiden) သူရှိရာသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
"ဟေး" အာရန် ပြန်နှုတ်ဆက်လိုက်သည်။
"သူငယ်ချင်း၊ မင်း ပျောက်သွားတာ ရက်တော်တော်ကြာပြီနော်" လီယွန် ပြောလိုက်သည်။
"အေး... ငါ ရဲတိုက်ကို လှည့်ပတ်ကြည့်ရှုနေတာ" အာရန် ပြန်ဖြေလိုက်သည်။ သူ သူတို့ဘက်သို့ လှည့်ပြီး တိုင်လုံးကို ကျောမှီလိုက်သည်။
"မင်းတို့နှစ်ယောက် ဘာလုပ်နေကြလဲ" သူ မေးလိုက်သည်။
"ငါတို့ကို ရက်ပေါင်းများစွာ လိုက်ဖမ်းနေတဲ့ ဂိုလမ် (Golem) တစ်ကောင်နဲ့ တိုက်နေရတာလေ။ ငါတို့ ပြန်တိုက်ဖို့ ကြိုးစားတိုင်း ပုန်းနေရတယ်။ ဘာကြောင့်မှန်း မသိပေမယ့် ငါတို့ ဘယ်လောက်ပဲ ဖျက်ဆီးပစ်ပစ် သူက ပြန်ပြန်ဖြစ်လာတယ်။"
"ငါတို့ တွေ့ခဲ့တဲ့ အိမ်ဖော်မလေး တစ်ယောက်က တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်ပြီး သူ့ဘာသာ ထွက်သွားတဲ့အထိပေါ့" အေဒင် ပြောလိုက်သည်။
"သောက်ကျိုးနည်း... မင်းတို့ ပျော်စရာအချိန်တွေ ရခဲ့ကြတာပဲ" အာရန် ပြောလိုက်သည်။
"တောက်... ဒီရဲတိုက်က တကယ် ကြောက်စရာကောင်းတဲ့ နေရာပဲ။ ကျေးဇူးတင်ရမှာက ဒီအဆင့်ပြီးရင် ငါတို့ ထွက်ရတော့မယ်" လီယွန် ပြောလိုက်သည်။
အာရန်၏ မျက်နှာထား ပြောင်းလဲသွားသည်။ "ငါ အဲဒါကို သိပ်မသေချာဘူး၊ ဒါပေမဲ့ ဒီရဲတိုက်က နောက်တစ်ဆင့်နဲ့ တစ်ခုခု ပတ်သက်နေလိမ့်မယ်" သူ ပြောလိုက်သော်လည်း လီယွန်နှင့် အေဒင် မတုံ့ပြန်နိုင်သေးခင်မှာပင် အယ်လ်တန် မတ်တပ်ရပ်လိုက်ပြီး ထီးနန်းခန်းမဆောင်၏ တံခါးများ ပိတ်သွားသည်။
လူတိုင်း၏ အာရုံက သူမဆီ ရောက်သွားကြပြီး သူမ ပြောမည့် စကားလုံး တစ်လုံးမှ မလွတ်စေရန် အာရုံစိုက်လိုက်ကြသည်။
"စမ်းသပ်မှုရဲ့ နောက်တစ်ဆင့် စတင်ပါတော့မယ်။ ဘာလဲဆိုတာ မပြောခင် ပြီးခဲ့တဲ့အဆင့်မှာ ခရစ္စတယ်ကို အဆုံးသတ်တိုက်ချက်နဲ့ တိုက်ခိုက်ခဲ့သူ အားလုံး ရှေ့ထွက်ခဲ့ပါ" သူမ ပြောလိုက်သည်။
အာရန် နံရံမှ တွန်းကန်ပြီး သူမရှိရာသို့ လျှောက်သွားသည်။ သူတို့ လေးယောက် လူတိုင်းရှေ့သို့ ထွက်လိုက်ကြသည်။
အသက် ၂၀ ခန့်ရှိမည့် အညိုရောင်ဆံပင်နှင့် လူငယ်တစ်ဦး။ သူက အနက်ရောင် သံချပ်ကာအပြည့် ဝတ်ဆင်ထားပြီး ကျောပေါ်တွင် ဓားတစ်လက် လွယ်ထားသည်။
နက်မှောင်သော ဆံပင်နှင့် မျက်လုံးများ ပိုင်ဆိုင်ထားသည့် အမျိုးသမီးငယ်တစ်ဦး။ သူမသည် ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများကို ဖော်ပြထားသော မှော်ဆရာဝတ်စုံ တစ်မျိုးကို ဝတ်ဆင်ထားပြီး လက်ချောင်းများပေါ်တွင် ကျောက်မျက်များ စီခြယ်ထားသော လက်စွပ်အချို့ ဝတ်ဆင်ထားသည်။
နောက်ဆုံးတစ်ယောက်မှာ အသက် ၁၅ နှစ်ခန့်သာ ရှိမည့် ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူမတွင် အပြစ်ကင်းစင်သော မျက်နှာလေး ရှိပြီး သာမန် အဝတ်အစားများကို ဝတ်ဆင်ထားသည်။ သူမ၏ အညိုရောင် ဆံပင်များကို စုစည်းချည်နှောင်ထားသည်။
သူတို့လေးယောက် မတ်မတ်ရပ်လျက် အယ်လ်တန်ကို ကြည့်နေကြသည်။
"သင်တို့လေးယောက်က ကိုယ့်အသင်းကို အောင်ပွဲရအောင် ဦးဆောင်ခဲ့ကြတယ်။ အဲဒါကြောင့် သင်တို့အားလုံး ဆုလာဘ်နဲ့ ထိုက်တန်ပါတယ်။ စမ်းသပ်မှု ဥပဒေများအရ သင်တို့အားလုံး ပြန်လည်ရှင်သန်ခြင်း တိုတမ် (Revive Totem) တစ်ခုနဲ့ တိုက်ခိုက်ရေး တိုတမ် (Attack Totem) တစ်ခုစီ ရရှိပါမယ်"
သူမ ပြောလိုက်သည်နှင့် သူမလက်ကို ပြသလိုက်ရာ ပစ္စည်းနှစ်ခု ပေါ်လာသည်။ တစ်ခုမှာ ရွှေရောင် လက်ဝါးကပ်တိုင် ပုံသဏ္ဍာန်ဖြစ်ပြီး၊ အခြားတစ်ခုမှာ ရွှေရောင်ဓား ပုံသဏ္ဍာန်ဖြစ်သည်။
"Revive Totem က မဆုံးရှုံးနိုင်တဲ့ ပစ္စည်း (Undroppable item) တစ်ခုပါ။ သင် သေဆုံးတဲ့အခါ အသက်ဝင်လာပြီး ဘုရားသခင်ရဲ့ စမ်းသပ်ကွင်းပြင်ထဲက ဘယ်နေရာမှာမဆို သင့်ကို တစ်ကြိမ် ပြန်လည် အသက်ရှင်စေပါလိမ့်မယ်။"
"ဒါပေမဲ့ Attack Totem ကတော့ ဆုံးရှုံးနိုင်တဲ့ ပစ္စည်း (Droppable item) ပါ။ ဆိုလိုတာက သင် သေဆုံးသွားရင် သေဆုံးတဲ့နေရာမှာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ Attack Totem က ဘုရားသခင်ရဲ့ စွမ်းအင် (Divine energy) ပါဝင်ပြီး ကောင်းကင်တမန် တစ်ပါးရဲ့ အစွမ်းကုန် တိုက်ခိုက်မှုမျိုး ပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်နိုင်တဲ့ တစ်ကြိမ်သုံး ပစ္စည်း ဖြစ်ပါတယ်။"
"ပစ္စည်းနှစ်ခုစလုံးက ဘုရားသခင်ရဲ့ ဆုလာဘ် (Divine rewards) တွေ ဖြစ်ပြီး သင်တို့ ရရှိထားတာပါ" သူမ ပြောလိုက်သည်နှင့် ချက်ချင်းပင် ထိုပစ္စည်းနှစ်ခုသည် သူတို့လေးယောက်စလုံး၏ inventory ထဲတွင် ပေါ်လာသည်။
သူတို့ ဘယ်လိုဆုလာဘ်မျိုး ရရှိလိုက်သည်ကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာများ မည်းမှောင်သွားကြသည်။ သေဆုံးခြင်းမှ ပြန်ရှင်နိုင်သည့်အပြင် ထိုကဲ့သို့ အားပြင်းသော တိုက်ခိုက်မှုမျိုး လုပ်နိုင်ခြင်းက ရူးခါစရာ ကောင်းလွန်းသည်။ သူမက သူတို့ကို အလွန်အမင်း စွမ်းအားကြီးအောင် လုပ်ပေးနေသည်။
အယ်လ်တန် သူတို့မျက်နှာထားများကို မြင်လိုက်ရသည်။ အဲဒါက သူမ လိုချင်နေသော အရာအတိုင်းပင်။