အခန်း (၄၃) - အိမ်တော်ထိန်း
အာရန် လျှောက်လမ်းအတိုင်း လျှောက်လာခဲ့သည်။ နံရံပေါ်မှ မီးရောင်များသည် ကခုန်နေသကဲ့သို့ ဘယ်မှညာသို့ တဖျပ်ဖျပ် လင်းလက်နေသည်။
"ဗိုက်ဆာတယ်... ဗိုက်ဆာတယ်... ဗိုက်ဆာလိုက်တာ..." ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း သူ ရေရွတ်လိုက်သည်။
နံရံတလျှောက်တွင် ပန်းချီကားများကို အကွာအဝေးတစ်ခုစီခြား၍ ချိတ်ဆွဲထားသည်။ တချို့မှာ မျက်နှာကို ဖုံးအုပ်ထားသော ကောင်းကင်တမန်ပုံများ ဖြစ်ပြီး၊ တချို့မှာ အာဏာနှင့် ခွန်အားများ ယိုစီးထွက်ကျနေသယောင် ထင်ရသည့် အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်များ၏ ပုံများဖြစ်သည်။
ဂွီ...
သူ့ဗိုက်ထဲမှ အစာအိမ်က ထပ်မံ မြည်တမ်းလိုက်ပြန်သည်။
"အာ... ငါ တကယ် ဗိုက်ဆာနေပြီ" သူ ညည်းညူလိုက်သည်။
ရုတ်တရက် မီးရောင်များသည် ယခင်ကထက် ပိုမိုကြမ်းတမ်းစွာ လင်းလက်လာသည်။ အေးစက်သော လေညှင်းတစ်ခု သူ့အရေပြားကို ဖြတ်တိုက်သွားပြီး ကျောချမ်းသွားစေသည်။
သူ ချက်ချင်း အာရုံခံမိလိုက်သည်။
တစ်စုံတစ်ယောက် ရှိနေသည်။
အာရန် မော့ကြည့်လိုက်ရာ ရှေ့အမှောင်ထုထဲတွင် ရပ်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ပုံရိပ်က အနားသို့ တိုးကပ်လာသည်နှင့်အမျှ သူ ချက်ချင်းပင် တိုက်ခိုက်ရေး အနေအထား ပြင်လိုက်သည်။
သို့သော် ထိုသူ အလင်းရောင်ထဲသို့ ခြေလှမ်းဝင်ရောက်လာသောအခါ အိမ်တော်ထိန်း ဝတ်စုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည် အဘိုးအိုတစ်ဦး ဖြစ်နေသည်။ ဆံပင်များက မီးခိုးရောင် သန်းနေပြီး သပ်ရပ်စွာ ဖီးသင်ထားကာ၊ သပ်ရပ်စွာ ပုံသွင်းထားသော မုတ်ဆိတ်မွေးများက မျက်နှာကို ဝန်းရံထားသည်။ အသက်အရွယ် ကြီးရင့်သော်လည်း သူသည် ခါးမတ်မတ်ထားပြီး ကျန်းမာပုံရသည်။
စိတ်အနှောင့်အယှက် အဖြစ်ရဆုံး အပိုင်းမှာ သူ၏ ရွှေရောင် မျက်လုံးများပင်။
ထိုအမျိုးသားက လက်အိတ်စွပ်ထားသော လက်ကို ရင်ဘတ်ပေါ်တင်ပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။ "မင်္ဂလာပါ နိုးထသူ..." သူ တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
အာရန်၏ အကြည့်က လက်အိတ်ဆီသို့ ရောက်သွားသည်။
လက်အိတ်၏ ကျောဘက်တွင် ကောင်းကင်တမန် တံဆိပ် ရိုက်နှိပ်ထားသည်။
သူ့ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ဒီလူက အယ်လ်တန်နှင့် ပတ်သက်နေမှန်း သူ ချက်ချင်း နားလည်လိုက်သည်။
အိမ်တော်ထိန်းက ခေါင်းမော့ပြီး အာရန်ကို ကြည့်လိုက်သည်။ "ကျွန်ုပ်က သခင်မလေး အယ်လ်တန်ရဲ့ လက်အောက်၊ ဒီဂုဏ်သရေရှိတဲ့ ရဲတိုက်ကြီးထဲမှာ အမှုထမ်းနေတဲ့ အိမ်တော်ထိန်း အများအပြားထဲက တစ်ယောက်ပါ။ နိုးထသူ ဧည့်သည်တွေ ဒီကို မရောက်လာကြတာ တော်တော်ကြာခဲ့ပါပြီ။"
"အရင်တုန်းက တခြား နိုးထသူတွေ ဒီကို ရောက်ဖူးသလား" အာရန် အလိုအလျောက် မေးလိုက်သည်။
"အော်... ရောက်ဖူးတာပေါ့" အိမ်တော်ထိန်းက ပြန်ဖြေသည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသော အရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ "စမ်းသပ်မှု ခေတ်ကာလတိုင်းမှာ ဧည့်သည်တွေ အများကြီး ရောက်လာတတ်ကြပါတယ်။"
ထိုအကြည့်က အာရန်ကို စိတ်မသက်မသာ ဖြစ်စေပြီး သတိထားမှု ပိုမြင့်တက်သွားစေသည်။
"ကျွန်ုပ်ရဲ့ အမူအရာအတွက် ခွင့်လွှတ်ပါ၊ နိုးထသူ လူငယ်လေး" အိမ်တော်ထိန်းက ဆက်ပြောသည်။ "ကျွန်ုပ် ဒီလောက် ပေါ့ပေါ့ဆဆ စကားတွေ ဖောင်ဖွဲ့မနေသင့်ပါဘူး။ လူကြီးမင်း ဗိုက်ဆာနေတာကို ကျွန်ုပ် အာရုံခံမိပါတယ်။ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ။ ရွေးချယ်စရာ အရသာရှိတဲ့ အစားအစာတွေ ရာနဲ့ချီ ရှိပါတယ်။"
သူ နောက်လှည့်ပြီး စတင် လျှောက်လှမ်းလိုက်သည်။
အာရန် မလှုပ်ပေ။
အိမ်တော်ထိန်းက ရပ်တန့်လိုက်ပြီး နောက်လှည့်ကြည့်သည်။ "တစ်ခုခု မှားနေလို့လား၊ နိုးထသူ လူငယ်လေး။ ဒါမှမဟုတ် ကျွန်ုပ် နားလည်မှု လွဲနေတာလား။"
အာရန် အတင်းအကျပ် ပြုံးလိုက်သည်။ "အဲဒါကြောင့် မဟုတ်ပါဘူး။ ငါ့ကို သတ်ဖို့ ဖန်တီးထားတဲ့ စမ်းသပ်မှုထဲက သက်ရှိတစ်ယောက်ကို ငါ မယုံကြည်နိုင်လို့ပါ။"
"သတ်မယ် ဟုတ်လား" အိမ်တော်ထိန်းက တိုးတိုးလေး ရယ်မောလိုက်သည်။ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ စမ်းသပ်မှုတွေက လူကြီးမင်းတို့ကို သတ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ သေဆုံးသွားတဲ့သူတွေက အရာနှစ်ခုထဲက တစ်ခု လိုအပ်နေလို့ပါပဲ။"
သူ ကိုယ်ကို အပြည့်အဝ လှည့်လိုက်ပြီး လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
"ခွန်အား... ဒါမှမဟုတ် ဦးနှောက်။"
"တကယ်လို့ လူကြီးမင်းမှာ အဲဒီနှစ်ခုထဲက တစ်ခုခု ရှိမယ်ဆိုရင် ဖြတ်ကျော်နိုင်မယ့် နည်းလမ်းကို ရှာတွေ့မှာပါ။ သန်မာသူတွေက အင်အားသုံးပြီး ဖြတ်ကျော်ကြတယ်။ ဉာဏ်ကောင်းသူတွေကတော့ စကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို ဖတ်ရှုကြတယ်။"
သူ ဖျော့တော့စွာ ပြုံးလိုက်သည်။ "လူကြီးမင်းရဲ့ ပထမဆုံး စမ်းသပ်မှုမှာ မြို့ထဲက အသက် ၅ ချောင်းကို သတ်ရမယ်လို့ ကြားမိပါတယ်။ ဒါပေမဲ့ ဘာကို သတ်ရမယ်ဆိုတာ အတိအကျ မသတ်မှတ်ထားခဲ့ဘူး မဟုတ်လား။"
အာရန် မျက်မှောင်ကြုတ်လိုက်သည်။ "မြို့ထဲမှာ လူဦးရေ ဘယ်လောက်ရှိလဲဆိုတာ သူမ ရှင်းရှင်းလင်းလင်း ပေးထားခဲ့တာလေ။"
"မှန်ပါတယ်" အိမ်တော်ထိန်းက ပြောသည်။ "ဒါပေမဲ့ ပြောစမ်းပါဦး၊ လူသားတွေကိုပဲ သီးသန့် သတ်ရမယ်လို့ သူမ ပြောဖူးပါသလား။"
အာရန် အေးခဲသွားသည်။
သူ့စိတ်အာရုံများသည် အယ်လ်တန် ပြောခဲ့သော စကားလုံး အတိအကျဆီသို့ ပြန်ရောက်သွားသည်။
[ ဒီပထမဆုံး စမ်းသပ်မှုအတွက်၊ သင်တို့အားလုံး နောက်တစ်ဆင့်ကို သွားနိုင်ဖို့ သတ်ဖြတ်မှု ၅ ကြိမ် ပြုလုပ်ရပါမယ်။ ဒီမြို့ထဲမှာ ကစားသမားတွေ အပါအဝင် စုစုပေါင်း လူဦးရေ သုံးထောင် ရှိပါတယ် ]
"သူမ... သူမ မပြောခဲ့ဘူးပဲ" အာရန် ရေရွတ်လိုက်သည်။
အာရန် သဘောပေါက်သွားသည်ကို မြင်လိုက်ရသောအခါ အိမ်တော်ထိန်း၏ အပြုံး ပိုကျယ်လာသည်။
"ဒါဆို ခင်ဗျား ဆိုလိုတာက... ပုရွက်ဆိတ်တွေကို သတ်ရင်လည်း အရာဝင်တယ် ပေါ့လေ" အာရန် ဖြည်းညှင်းစွာ မေးလိုက်သည်။
"မှန်ပါတယ်" အိမ်တော်ထိန်းက ပြန်ဖြေသည်။ "အဆင့်တိုင်းမှာ ဖြတ်ကျော်ဖို့ ပိုပြီး ဉာဏ်ရှိတဲ့ နည်းလမ်းတွေ ရှိစမြဲပါ။ တချို့က သတိထားမိဖို့ ခက်ခဲရုံပါပဲ။ စမ်းသပ်မှုတွေက ရှေ့ဆက်ဖို့ လမ်းစကို အမြဲ ပေးထားပါတယ်။ ကျရှုံးသွားသူတွေက အရည်အချင်းမရှိလို့၊ ဒါမှမဟုတ် အားနည်းလို့ ကျရှုံးရတာပါ။"
သူ နောက်လှည့်ပြီး ပြန်လည် လျှောက်လှမ်းလိုက်သည်။ "ဒါပေမဲ့ လူကြီးမင်း ဒီအထိ ရောက်လာခဲ့ပြီ။ အဲဒီအချက် တစ်ခုတည်းနဲ့တင် လူကြီးမင်းမှာ တော်တော်လေး စွမ်းရည်ရှိမှန်း ကျွန်ုပ် သိနိုင်ပါတယ်။ လူကြီးမင်း ဆုလာဘ်နဲ့ ထိုက်တန်ပါတယ်။ ဒါကြောင့် လာပါ၊ အရင်ဆုံး စားလိုက်ပါဦး။ ဗိုက်ဟောင်းလောင်းနဲ့ ရဲတိုက်ကို လိုက်ကြည့်ရတာ အန္တရာယ်များပါတယ်။"
အာရန် တွန့်ဆုတ်နေပြီးမှ သက်ပြင်းတိုးတိုးလေး ချလိုက်ပြီး သူ့နောက်သို့ လိုက်သွားသည်။
အပြစ်မဲ့သူတွေကို သတ်စရာ လုံးဝ မလိုခဲ့ပါလားဆိုတာ သိလိုက်ရသဖြင့် လမ်းလျှောက်ရင်း သူ့စိတ်ထဲတွင် ဗလောင်ဆူနေသည်။
အိမ်တော်ထိန်းက မျက်လုံးထောင့်မှနေ၍ သူ့ကို လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားကာ မဲ့ပြုံး ပြုံးလိုက်ပြီးနောက် ရှေ့ဆက်သွားသည်။
မကြာမီ သူတို့သည် ကြီးမားသော တံခါးနှစ်ချပ်၏ ရှေ့သို့ ရောက်ရှိလာကြသည်။ အိမ်တော်ထိန်းက တံခါးများကို တွန်းဖွင့်လိုက်သည်။
နွေးထွေးသော လေငွေ့များ အပြင်သို့ တိုးထွက်လာသည်။
အစားအသောက်နံ့များ စင်္ကြံလမ်းထဲသို့ ပျံ့လွင့်လာသည်။
ကင်ထားသော၊ ချက်ပြုတ်ထားသော၊ မီးဖုတ်ထားသော အသားမျိုးစုံ။ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ ရေတွက်၍ မကုန်နိုင်သော စားဖွယ်စုံများ။ မီးဖိုချောင်သည် အလွန် ကျယ်ဝန်းပြီး ရှေးခေတ်ပုံစံ တည်ဆောက်ထားသော်လည်း ထူးဆန်းစွာ ခေတ်မီနေကာ အာရန် တခါမှ မမြင်ဖူးသော မှော်ကိရိယာများဖြင့် ပြည့်နှက်နေသည်။
စားဖိုမှူး အများအပြား အလုပ်ရှုပ်နေကြပြီး အားလုံးက ရွှေရောင် အနားကွပ်ထားသော အဖြူရောင် ယူနီဖောင်းများကို ဝတ်ဆင်ထားကြသည်။
သူတို့အားလုံး လူသားများ မဟုတ်ကြ။
တချို့က ရှည်လျားချွန်ထက်သော နားရွက်များ ရှိကြသည်။ တချို့က ခြေထောက်အစား မြွေမြီးကဲ့သို့ အမြီးများ ရှိကြသည်။ အနည်းငယ်မှာ ဦးချိုများနှင့် ခရမ်းရောင် အသားအရေ ရှိကြသည်။ သူတို့ကြားတွင် လူသားများလည်း ရောနှော ပါဝင်နေသည်။
"လိုက်ခဲ့ပါ" အိမ်တော်ထိန်းက ပြောသည်။
အာရန် လိုက်ပါသွားသည်။
သူတို့ ဖြတ်လျှောက်သွားစဉ် စားဖိုမှူးတိုင်းက လုပ်လက်စ အလုပ်များကို ရပ်တန့်ပြီး အိမ်တော်ထိန်းကို ဦးညွှတ်အရိုအသေ ပေးကြရာ အိမ်တော်ထိန်းက ခေါင်းညိတ် အသိအမှတ်ပြုသည်။ အချို့က အာရန်ကို ခဏတာ လှမ်းကြည့်ပြီးနောက် သူတို့အလုပ်များကို အမြန် ပြန်လုပ်ကြသည်။
မီးဖိုချောင်၏ အဆုံးတစ်ဖက်တွင် ရှည်လျားသော စားပွဲတစ်လုံး ရှိသည်။ အိမ်တော်ထိန်းက အာရန်ကို ထိုနေရာသို့ ခေါ်သွားပြီး ထိုင်ရန် ညွှန်ပြလိုက်သည်။
နားရွက်ရှည် စားဖိုမှူးတစ်ဦး အနားသို့ တိုးလာသည်။
"အို..." သူက ပြုံးဖြဲဖြဲဖြင့် ပြောသည်။ "သူက နိုးထသူတွေထဲက တစ်ယောက်လား။"
"မှန်တယ်" အိမ်တော်ထိန်းက ပြန်ဖြေသည်။
စားဖိုမှူး၏ အပြုံးသည် ကြောက်စရာ ကောင်းလာသည်။ "ကြည့်ရတာ ကျွန်တော်တို့ ... အများကြီး ရတော့မယ့်ပုံပဲ"
သူ စကားမဆုံးခင်မှာပင် အိမ်တော်ထိန်းက သူ့ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ မျက်လုံးများ အရောင်လက်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
စားဖိုမှူး တောင့်တင်းသွားပြီး ချက်ချင်း တိတ်ဆိတ်သွားသည်။
"ကျွန်ုပ်တို့အတွက် အမဲသားကင် (Steak) ယူလာခဲ့" အိမ်တော်ထိန်းက အေးစက်စွာ ပြောလိုက်သည်။
စားဖိုမှူးက ခေါင်းကို အဆက်မပြတ် ညိတ်ပြပြီး အလျင်အမြန် ထွက်ခွာသွားသည်။
သို့သော် အာရန် ဒါကို သတိထားမိလိုက်ပြီး ချက်ချင်းပင် သတိပြန်ဝင်လာသည်။ ဒီနေရာမှာ တစ်ခုခုတော့ ဖြစ်ပျက်နေပြီ။ သူ ဆုံးဖြတ်ချက် တစ်ခုခု ချတိုင်း ဂရုစိုက်ဖို့ လိုသည်။ မဟုတ်ရင် သူ အသတ်ခံရလိမ့်မည်။
အိမ်တော်ထိန်းက အာရန်၏ စိုးရိမ်ပူပန်မှုကို သတိထားမိပုံရပြီး စကားပြောလိုက်သည်။ "အဲဒီ စားဖိုမှူးကို ဂရုမစိုက်ပါနဲ့။ ဧည့်သည်တွေ မြင်ရင် သူက စိတ်လှုပ်ရှားလွန်းလို့ပါ။ ဧည့်သည်တွေ အများကြီး ရတော့မယ်လို့ သူ ပြောချင်တာပါ။"
"ဒါပေမဲ့ စားဖိုမှူးက စကားအများကြီး မပြောရဘူးလေ။ ဒါကြောင့် ကျွန်ုပ် သူ့ကို ပါးစပ်ပိတ်ခိုင်းလိုက်တာပါ။"
အာရန် ကြားလိုက်သော်လည်း အကုန်လုံးကို ယုံဖို့ ခက်ခဲနေသည်။