အခန်း (၂၁) - လူတစ်ရာ
အယ်လီနာက ဘယ်လိုလူစားမျိုးလဲ ဆိုတာ သူ သိသည်။ ကမ္ဘာလောကကြီးတစ်ခုလုံး သူတို့ပတ်လည်မှာ လည်ပတ်နေသည်ဟု ယုံကြည်နေသော အရည်အချင်းရှိသည့် လူတစ်ယောက်။ ကမ္ဘာမြေတွင် ကျပန်းအလုပ်များ လုပ်ကိုင်စဉ်က ဒီလိုလူစားမျိုးတွေ အများကြီး သူတွေ့ဖူးသည်။
ပြီးတော့ အရေးကြီးသည့် အချက်တစ်ချက်ကို သူ သင်ယူခဲ့ရသည်၊ အဲဒါကတော့ သူတို့နှင့် ဝေးဝေးနေခြင်းကသာ သူတို့ကို သည်းခံကျော်ဖြတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်။ တကယ်လို့ သူက သူမနှင့် နီးကပ်သွားမည်၊ သို့မဟုတ် သူမကို နည်းလမ်းတစ်ခုခုဖြင့် သူ့နားကပ်ခွင့်ပြုလိုက်မည် ဆိုပါက မလိုလားအပ်သော ပြဿနာများစွာ သူ့ဆီ ရောက်လာပေလိမ့်မည်။
အာရန် အဲဒီလိုပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် အယ်လီနာ မျက်မှောင်ကြုတ်သွားသည်။ သူမ သူ့ကို နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး "ကျွန်မကို သိတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ" ဟု မေးရင်း လက်ပိုက်ကာ နောက်သို့ အနည်းငယ် မှီလိုက်သည်။
အာရန် သူမမျက်လုံးကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးမှ ပြုံးလိုက်သည်။ "ငါ မင်းကို ဖြေမယ်လို့ တကယ်ထင်နေတာလား" သူက မေးလိုက်ပြီး သူ့မျက်လုံးများ အေးစက်သွားသည်။ ခေါင်းကို ဘေးဘက် အနည်းငယ် စောင်းလိုက်ပြီး ပြောလိုက်သည်... "ဝမ်းနည်းစရာပဲ၊ ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး ဟန်ဆောင်ကောင်းတဲ့ လူေတွနဲ့ ငါအလုပ်မလုပ်ဘူး။
ငါ့ဘဝနဲ့ငါတောင် ကိုယ့်ဘာသာကိုင်တွယ်ရတာ များလှပြီ၊ သူတို့ကစားပွဲထဲမှာ ငါ့ကို အသုံးချခံ ရုပ်သေးရုပ်လို သုံးချင်နေတဲ့သူမျိုး ငါ မလိုချင်ဘူး" ဟု သူ ပြောလိုက်သည်။
သူမ ခဏတာ အေးခဲသွားသည်။ သူမ၏ မျက်နှာအမူအရာက သူမကို သစ္စာဖောက်သွားသလိုပင်။ သူပြောလိုက်သည့် စကားကြောင့် သူမ မှင်သက်သွားသည်။ သူမအကြံကို သူ ဒီလောက်လွယ်လွယ် အကဲခတ်နိုင်လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သို့သော် သူမက ပါးနပ်သည့်သူတစ်ယောက် ဖြစ်သည်၊ သူထင်တာမှန်တယ်ဟု ဒီအတိုင်းကြီး လက်ခံပေးလိုက်မည် မဟုတ်။
"တကယ်လို့ စမ်းသပ်မှုမစခင်က ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ဆိုရင်တော့ ကျွန်မ တောင်းပန်ပါတယ်။ အဲဒါကို အတိတ်မှာ ထားခဲ့လိုက်လို့ မရဘူးလား" သူမ မေးလိုက်သည်။ သူမအသံက ရိုးသားဟန်ပေါက်နေပြီး အခြားသူအချို့၏ အာရုံကိုပင် ဖမ်းစားနိုင်ခဲ့သည်။ S အဆင့် ပါရမီရှင်တစ်ယောက်က ခွင့်လွှတ်ဖို့ တောင်းပန်နေခြင်း ဖြစ်သည်ကိုး။
'ဟားဟား... ဒါပဲလေ၊ အခု ရှင် ဘာလုပ်မလဲ ကြည့်ရသေးတာပေါ့။ လူတိုင်း ကြည့်နေကြတယ်၊ ကျွန်မရဲ့ တောင်းပန်မှုကို လက်ခံဖို့ ရှင် ပိုပြီး ဖိအားများနေမှာပဲ။ ငြင်းလိုက်ရင် ရှင့်ပုံရိပ် ဆိုးသွားမယ်လေ၊ လူတိုင်းက ရှင့်ကို ဘဝင်မြင့်ပြီး မာနကြီးတဲ့ကောင်လို့ မြင်သွားကြလိမ့်မယ်၊ အဲဒါက ရှင့်အတွက် အရာအားလုံးကို ပိုခက်ခဲသွားစေမှာ' သူမ စိတ်ထဲ တွေးလိုက်သည်။ သူမ၏ ဉာဏ်ကြီးရှင်ဆန်မှုအပေါ် ကျေနပ်လွန်းအားကြီးသဖြင့် နှုတ်ခမ်းစွန်းက ထွက်ပေါ်လာသည့် အပြုံးကိုပင် မထိန်းနိုင် ဖြစ်သွားသည်။
'သူမက ဘာကို ပြုံးစိစိ ဖြစ်နေတာလဲ။ အဲဒီလောက် အရေးမပါတဲ့ တောင်းပန်စကားလေးနဲ့ ငါက သူမနဲ့ လက်တွဲလုပ်မယ်လို့ တကယ် ထင်နေတာလား။ သူမ ကိုယ့်ကမ္ဘာလေးထဲမှာ ကိုယ် ယောင်မှားနေတာပဲ၊ သနားစရာလေး' အာရန် ပြန်မပြောခင် တွေးလိုက်သည်။
သူ ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီး သူမကို မော့ကြည့်လိုက်သည်။ "အမ်... မရဘူး၊ မင်း ဘာပဲလုပ်ချင်လုပ်ချင် ငါ့မှာ အချိန်မရှိဘူး၊ တခြားတစ်ယောက်ယောက်ကိုပဲ သွားနှောင့်ယှက်ပါ" အာရန် ပြောလိုက်သည်။
"အ" သူမ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အကာအကွယ်မဲ့သည့် တုန်လှုပ်မှုမျိုးဖြင့် သူ့ကို ကြည့်နေမိသည်။ သူ့ကို ကြည့်ရင်း သူမ လက်မောင်းကို ပိုတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်မိသည်။
သို့သော် အနည်းဆုံးတော့ အချက်တစ်ချက်က သူမဘက်ကို ပါသွားခဲ့သည်။ အဲဒါကတော့ ဒီမြင်ကွင်းကို ကြည့်နေသည့် လူတိုင်းက သူမဘက်မှာ ရှိနေကြခြင်းပင်။ နိုးထသူ (Awakened) အများစုက အာရန်အပေါ် မုန်းတီးမှု ရှိနှင့်ပြီးသား ဖြစ်ပြီး၊ ယခု သူ့၏ မာနကြီးသည့် ပုံစံကို မြင်လိုက်ရသည့်အခါ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားကြတော့သည်။
သူတို့၏ အကြည့်များသည် သာမန် မနှစ်မြို့မှုမှ စက်ဆုပ်ရွံရှာမှုအဖြစ် ပြောင်းလဲသွားသည်။ လူအနည်းစု၏ စိတ်ထဲတွင်တော့ အခွင့်အရေးသာ ရလျှင် သူ့ကို သတ်ပစ်ချင်နေကြပြီ။ အဲဒီအတွေးတွေ ဝင်လာသည့် အချိန်မှာပင် အယ်လ်တန် (Elton) ပေါ်လာသည်။ သူမက သေမင်းတမန်တစ်ပါးလို ရောက်လာပြီး အဆိုးရွားဆုံး လေထုကို ယူဆောင်လာခဲ့သော်လည်း၊ ရယ်စရာတစ်ခုခု ကြားထားရသလိုမျိုး မျက်နှာပေါ်တွင် အပြုံးကျယ်ကြီး ရှိနေသည်။
သူမ ရောက်လာသည်နှင့် လူတိုင်း၏ အာရုံက သူမဆီ ရောက်သွားသည်။ သူတို့ ကြက်သီးများထပြီး ဆံပင်များ ထောင်ထသွားကြသည်။ နောက်ဆက်တွဲ ဖြစ်လာမည့်အရာက ဘယ်နည်းနှင့်မှ ကောင်းမွန်မည် မဟုတ်ဟု သူတို့ ခံစားမိလိုက်ကြသည်။
"ကြည့်ရတာ သင်တို့ထဲက တော်တော်များများ သေသွားကြပုံရတယ်၊ ဒါက မျှော်လင့်ထားပြီးသားပါ။ သင်တို့ကို လျှို့ဝှက်ချက်လေးတစ်ခု ပြောပြမယ်၊ ဒီတစ်ခါ စမ်းသပ်မှုက အရင်က ဖြစ်ခဲ့ဖူးတာတွေနဲ့ မတူပါဘူး။ သေဆုံးနှုန်းကို ကြည့်ရင် သိသာပါတယ်။ ဘာလို့ ဒီစမ်းသပ်မှုတွေက ဒီလို ဖြစ်နေရတာလဲ ဆိုရင်တော့..."
"အဲဒါက သင်တို့သိရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ပထမဆုံး စမ်းသပ်မှုမှာ ငါမှတ်တမ်းတင်ခဲ့ဖူးသမျှထဲမှာ ဒါက သေဆုံးမှု အများဆုံးပဲ ဆိုတာကိုတော့ သိထားလိုက်ပါ" သူမ ပြောလိုက်ပြီး ပါးစပ်ကို လက်ချောင်းလေးများဖြင့် အုပ်ကာ တခစ်ခစ် ရယ်မောလိုက်သည်။ သူမ၏ တောက်ပနေသော မျက်လုံးများက မကောင်းဆိုးဝါးဆန်ဆန် အရောင်လက်နေသည်။
"သင်တို့ထဲက တချို့က နိုးထလာတဲ့ စွမ်းအား ပိုကြီးလေလေ၊ ပိုပြီး ရှင်သန်နိုင်လေလေလို့ ယုံကြည်ထားကြမှာပါ။ ဒါပေမဲ့ အဲဒါက နည်းနည်း မှားနေတယ်။ ဇွဲလုံ့လ၊ ခေါင်းမာမှုနဲ့ ဖြတ်ထိုးဉာဏ်ကောင်းမှုတွေက အထောက်အကူ ပြုပါတယ်။ သင်တို့ နှစ်ရာကျော်ထဲမှာ အများစုက C နဲ့ B အဆင့် နိုးထသူတွေ ဖြစ်နေသေးတာကို ကြည့်ရင်၊ ကြိုးစားမယ်ဆိုရင် အားနည်းတဲ့သူတွေလည်း ရပ်တည်ပြီး ကြီးပွားနိုင်တယ်ဆိုတာ ပြသနေပါတယ်"
"ဒါပေမဲ့ အကြံပေးတာ ဒီလောက်ဆို တော်ပါပြီ၊ နောက်တစ်ဆင့် သွားကြစို့။ သင်တို့အားလုံး လှိုင်းဆယ်ခုထဲက ဒုတိယလှိုင်းကို ရင်ဆိုင်ခဲ့ရပြီးပြီ၊ ဒုတိယလှိုင်းက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ ဆိုတာ သင်တို့ မြင်ခဲ့ရပြီးပြီ"
"ကဲ... တတိယလှိုင်းကတော့ သေချာပေါက် နှစ်ဆ ပိုခက်ခဲလာမှာဖြစ်ပြီး၊ ဒသမလှိုင်းအထိ ဆက်တိုက် မြင့်တက်သွားပါလိမ့်မယ်" သူမ ပြောလိုက်သည့် စကားလုံးများက တူဖြင့် ထုလိုက်သလိုမျိုး ထိမှန်သွားသည်။ သူတို့တတွေ ဝံပုလွေများနှင့် တိုက်ပွဲမှာ မနည်း အသက်ရှင်ခဲ့ရတာ၊ အခု သူမက အခက်အခဲအဆင့် ပိုတိုးလာမည်ဟု ပြောနေတာလား။ တတိယလှိုင်းကို ကျော်ဖြတ်နိုင်လျှင်ပင် သူတို့ ကံကောင်းလွန်းရာ ကျနေပြီ။
သူတို့မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်ကို ကြည့်ရင်း အယ်လ်တန်၏ အပြုံးက ပိုကျယ်လာပြီး သူမ ဆက်ပြောသည်။ "နောက်ထပ် ထွက်ပေါက်တစ်ခု ရှိပါသေးတယ်။ တကယ်လို့ သင်တို့အားလုံး လှိုင်းဆယ်ခုလုံးကို တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ရင် အဆုံးသတ်မှာ တစ်ယောက် နှစ်ယောက်လောက်ပဲ ကျန်တော့မှာပါ။ ဒါပေမဲ့ ငါက သင်တို့ထဲက လူတစ်ရာကို အောင်မြင်ခွင့် ပေးချင်ပါတယ်၊ လူတစ်ရာတည်းပါ၊ အဲဒါ သင်တို့ သိထားရမယ့် အချက်ပါပဲ"
"လိုအပ်တာ မှန်သမျှ လုပ်ဆောင်ဖို့ သင်တို့မှာ မိနစ် ၃၀ အချိန်ရပါမယ်။ ငါပြန်လာတဲ့အချိန်မှာ လူတစ်ရာထက် တစ်ယောက်ပိုနေရင်တောင် သင်တို့အားလုံး ဘီလူးလှိုင်းတွေ အကုန်လုံးနဲ့ ရင်ဆိုင်ရပါမယ်။ ဒါပေမဲ့ လူတစ်ရာအောက်ဆိုရင်တော့ သင်တို့အားလုံး ပထမစမ်းသပ်မှုရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပြီး၊ အထူးဆုလာဘ်တွေလည်း ရရှိပါလိမ့်မယ်"
"နောက်ဆုံးအနေနဲ့၊ အဖြူရောင် အကွက်တွေကလည်း တိုးလာနေဦးမှာပါ၊ ဆိုလိုတာက မိနစ် ၃၀ ကုန်ဆုံးလာတာနဲ့အမျှ အနက်ရောင် အကွက်တွေ နည်းပါးသွားမှာမို့လို့ အဖြူရောင်တွေကို မထိမိအောင် သတိထားကြပါ" သူမ ပြောလိုက်ပြီး နောက်ဆုံးအကြိမ် ပြုံးပြကာ ပျောက်ကွယ်တော့မလို ပြုလိုက်သည်။ သို့သော် သူမ မျက်လုံးများက အာရန်နှင့် ထပ်မံ ဆုံစည်းသွားပြန်သည်။ ဒီတစ်ခါတော့ သူ သေချာသွားပြီ။ သူ အယ်လ်တန်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်လိုက်ပြီး သူမကလည်း နှုတ်ခမ်းကို အနည်းငယ် မဲ့လျက် ပြန်လည် စိုက်ကြည့်နေခဲ့သည်။
အဲဒီနောက် သူမ ပျောက်ကွယ်သွားပြီး သူတို့အားလုံးကို ထားရစ်ခဲ့သည်။ လက်ရှိတွင် နိုးထသူ နှစ်ရာကျော် ရှိနေသော်လည်း၊ လူတစ်ရာသာလျှင် ရှေ့ဆက်နိုင်တော့မည် ဖြစ်သည်။