အခန်း ၂ - အတန်းအစားမဲ့သူ နိုးထလာခြင်း
ပထမဆုံးသော S အဆင့် တစ်ယောက်ကို မြင်လိုက်ရသည့်အတွက် မျက်လုံးတိုင်းက သူမထံသို့ အံ့ဩတကြီး ရောက်ရှိနေကြသည်။ ကမ္ဘာတစ်ဝှမ်းတွင် နိုးထခြင်းအခမ်းအနား ပြုလုပ်သည့် နေရာဌာနများစွာ ရှိသည်မှာ မှန်သော်လည်း S အဆင့် တစ်ယောက်ကို မြင်တွေ့ရခြင်းမှာ လူတစ်သန်းတွင် တစ်ယောက်လောက်သာ ရှိတတ်သည့် ရှားပါးမှုမျိုး ဖြစ်သည်။
"အဲ့ဒါ ဒဏ္ဍာရီလာ မှော်ဆရာကြီး ဆေးလ်ဗားရဲ့ သမီး အယ်လီနာ ဆေးလ်ဗား မဟုတ်လား" တစ်ယောက်က မေးလိုက်သည်။
"ဘုရားရေ... ဟုတ်ပါရဲ့ သူပဲဟေ့" နောက်တစ်ယောက်က ပြန်ဖြေသည်။
"မျိုးရိုးဗီဇက ကောင်းလွန်းအားကြီးတာကိုး"
လူတစ်ယောက် ရရှိမည့် စွမ်းရည်အမျိုးအစားအပေါ်တွင် မျိုးရိုးဗီဇက အဓိက အခန်းကဏ္ဍမှ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။
ဗိုလ်မှူးအဲလက်စ်ပင်လျှင် သိသိသာသာ သဘောကျသွားပုံရသည်။ သူက သူမကို ခေါင်းညိတ်ပြလိုက်ရာ သူမကလည်း ဂုဏ်ယူဝင့်ကြွားစွာ ပြုံးပြရင်း စင်မြင့်ပေါ်မှ ဆင်းသွားခဲ့သည်။ သူမနောက်တွင် အခြေအနေမှာ အဆင့်နိမ့် နိုးထခြင်းများဆီသို့ ပြန်လည်ရောက်ရှိသွားသော်လည်း မကြာမီမှာပင် ဆံပင်ရွှေရောင်နှင့် လူငယ်တစ်ဦးသည် ခွန်အားနှင့် အမြန်နှုန်းတွင် A အဆင့်ရှိသော စစ်သည်တော်တစ်ဦးအဖြစ် နိုးထလာခဲ့ပြန်သည်။
ထိုအဖြစ်အပျက်ကလည်း လူအုပ်ကြီးကို ဆူညံသွားစေခဲ့သည်။ အယ်လီနာလောက် မဟုတ်သော်လည်း အတော်လေး ကျယ်လောင်ပေသည်။ ထို့နောက်တွင်တော့ အားလုံး ပြီးသွားပြီဟု ထင်နေကြသော်လည်း နောက်ဆက်တွဲ ဖြစ်လာသည်က အားလုံးကို အပြင်းထန်ဆုံး တုန်လှုပ်စေခဲ့သည်။ ဆံပင်ငွေရောင်နှင့် အသားဖြူဖြူ လူငယ်တစ်ဦးသည် S အဆင့် သတ္တုစွမ်းအားရှင် မှော်ပညာရှင်တစ်ဦးအဖြစ် နိုးထလာခဲ့ခြင်းကြောင့် နောက်ထပ် ဆူညံသံကြီး ပေါ်ထွက်လာခဲ့ပြန်သည်။
ထိတ်လန့်အံ့ဩမှုမှာ ကြီးမားလွန်းလှသည်။ တစ်နေ့တည်းတွင် S အဆင့် နှစ်ယောက်ကို မြင်တွေ့လိုက်ရခြင်းမှာ ရူးခါစရာပင် ဖြစ်သည်။ အာရန် (Aren) သည် ထိုထူးခြားသော သုံးယောက်ကို အာရုံစိုက်မိနေသည်။ ဘာကြောင့်ရယ်လို့ မသိသော်လည်း သူ စိတ်ဝင်စားမိနေခြင်း ဖြစ်သည်။
မကြာမီ အားလုံးပြီးသွားပြီးနောက် နောက်ဆုံးကျန်ရှိသူများထဲမှ တစ်ဦးဖြစ်သော သူ့အလှည့်သို့ ရောက်ရှိလာသည်။ ကြားထဲတွင် စိတ်လှုပ်ရှားစရာ အခိုက်အတန့်အချို့ ရှိခဲ့သော်လည်း ထူးထူးခြားခြား ဘာမှ မရှိခဲ့ပေ။
အာရန် စင်မြင့်ပေါ်သို့ တက်လှမ်းသွားသောအခါ လူတိုင်း၏ မျက်လုံးများက သူ့ကျောပြင်ပေါ်သို့ ရောက်ရှိနေကြပြီး သူ ဘာရမလဲဆိုတာကို စောင့်ကြည့်နေကြသည်ကို ခံစားလိုက်ရသည်။
'ရိုးရိုးသားသား ပြောရရင် ငါဘာရရ အရေးမကြီးပါဘူး။ ငါက အိပ်မက်ဆိုးတွေကနေ လွတ်မြောက်ပြီး ပုံမှန်ဘဝကိုပဲ ပြန်လိုချင်တာ။ စမ်းသပ်ကွင်းထဲမှာ ငါလုပ်စရာ ဘာအလုပ်မှ မရှိဘူး' ဟု အာရန် တွေးလိုက်သည်။
သူ လျှောက်သွားပြီး ပုံဆောင်ခဲတိုင်ပေါ်သို့ လက်တင်လိုက်သည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ကာ စောင့်ကြည့်နေကြသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် အချက်အလက်များ ဖန်သားပြင်ပေါ်တွင် ပေါ်လာသော်လည်း ထိုနေရာတွင် မြင်လိုက်ရသည့် အရာက လူတိုင်းကို ချက်ချင်း လန့်သွားစေခဲ့သည်။
[အတန်းအစား - ?????]
[အမျိုးအစား - အရိပ် (Shadow)]
[အဆင့် - ?????]
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကြည့်ရှုနေကြသူများအကြား ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်သွားသည်။ ကံဆိုးလို့ ညည်းတွားငိုကြွေးနေကြသူများပင် အငိုရပ်ပြီး ဖန်သားပြင်ကို လှမ်းကြည့်မိကြသည်။
'မေးခွန်းထုတ်တွေလား? ဒါ ဘာကြီးလဲ? ဘာလို့ ငါ့မှာ အကုန်လုံး မေးခွန်းထုတ်တွေ ဖြစ်နေရတာလဲ? ပြီးတော့ အရိပ်ဆိုတာက ဘာလဲ? အဲ့လိုမျိုး တစ်ခါမှ မကြားဖူးပါဘူး' အာရန် တွေးလိုက်သည်။
'အရိပ်? ငါ အဲ့လိုမျိုး တစ်ခါမှ မကြားဖူးဘူး' ဗိုလ်မှူးအဲလက်စ်လည်း တွေးနေမိသည်။ 'သူက ထူးခြားတဲ့ စွမ်းရည်တစ်ခုနဲ့ နိုးထလာတဲ့သူများလား? ဒါပေမဲ့ အဲ့ဒီ မေးခွန်းထုတ်တွေက ဘာလဲ? သူ့အဆင့်က သတ်မှတ်ချက်တွေအောက် နိမ့်လွန်းနေလို့ မေးခွန်းထုတ်တွေပဲ ပြနေတာများလား?'
'ကမ္ဘာကြီးက တော်တော် မတရားပါလား။ သူက ထူးခြားတဲ့အရာနဲ့ နိုးထလာပေမယ့် F အဆင့်အောက်တောင် နိမ့်ကျနေပါလား' ဗိုလ်မှူးအဲလက်စ် တွေးလိုက်မိသည်။ သူသည် အာရန်ကို သနားသောအကြည့်ဖြင့် ကြည့်လိုက်သည်။ F အဆင့်အောက် နိမ့်သောသူရှိသည်ဟု သူ တစ်ခါမှ မကြားဖူးသော်လည်း ဤအရာတစ်ခုကသာ ဖြစ်နိုင်ချေရှိသည်ဟု ယူဆလိုက်သည်။
သူသည် ဤဖြစ်ရပ်ကို အထက်လူကြီးများထံ တင်ပြပြီး ဘာလုပ်ရမလဲဆိုတာကို ဆုံးဖြတ်ခိုင်းရပေမည်။
အာရန်သည် ပြဿနာက ဘာလဲဆိုတာ သိရန် ဗိုလ်မှူးအဲလက်စ်ကို လှမ်းကြည့်လိုက်သည်။ ဗိုလ်မှူးအဲလက်စ်က သူ့အကြည့်ကို ပြန်ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ "စိတ်မကောင်းပါဘူးကွာ... မင်းရဲ့ အဆင့်က စက်က ဖတ်လို့မရနိုင်လောက်အောင် နိမ့်လွန်းနေပုံရတယ်" သူ၏ အသံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းထွက်ပေါ်လာပြီးနောက် တစ်နည်းနည်းဖြင့် တိတ်ဆိတ်မှုက ပိုမို ပိုကဲသွားသလို ဖြစ်သွားသည်။
လူတိုင်းက ထိုနေရာတွင် ရပ်နေသော အာရန်ကို ကြည့်ရင်း သူတို့မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများ အတိုင်းသား ပေါ်လွင်နေသည်။
"သူက F အဆင့်ထက်တောင် နိမ့်တယ် ဟုတ်လား? နောက်နေတာ မဟုတ်လား?"
"စက်ကို သေချာ ပြန်စစ်သင့်တယ်၊ F ထက် နိမ့်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"မင်း အလား? အဲ့ဒီစက်တွေကို နိုးထခြင်းပွဲ မတိုင်ခင်ကတည်းက သေချာ ချိန်ညှိထားတာ။ မှားစရာ အကြောင်းမရှိဘူး"
"သောက်ကျိုးနည်း... အသုံးမကျလိုက်တာကွာ။ အညံ့ဆုံးအဆင့်တောင် မရနိုင်ဘူးလား"
"တကယ်ပဲ... ဒါကို မြင်လိုက်ရတော့ ငါ့ရဲ့ E အဆင့်ကိုတောင် သိပ်မဆိုးဘူးလို့ ခံစားရသွားပြီ"
ဆည်ကျိုးသွားသကဲ့သို့ ဆွေးနွေးသံများနှင့် ဝေဖန်စော်ကားသံများ ထွက်ပေါ်လာသည်။ အာရန်သည် ဘာလုပ်ရမှန်းမသိဘဲ ဇဝေဇဝါဖြင့် ရပ်နေမိသည်။
'ဒါက ငါတကယ်ပဲ F အောက် ရောက်သွားတယ်ဆိုတဲ့ သဘောလား? ငါက အဲ့လောက်တောင် အသုံးမကျတာလား? တောက်... ဒါကို မြင်ရတာ နာကျင်ပေမယ့်လည်း ထားလိုက်ပါတော့၊ အရေးမကြီးပါဘူး။ ငါက ဘယ်တုန်းကမှ စွမ်းအားရှင်တစ်ယောက်အနေနဲ့ စမ်းသပ်ကွင်းထဲ ဝင်ဖို့မှ မကြံစည်ခဲ့တာ။ ငါ့ဘဝအတိုင်း ပါဆယ်ပဲ ဆက်ပို့တာပေါ့။'
'ဒီကမ္ဘာက ငါ့မိဘနှစ်ပါးလုံးကလည်း စွမ်းအားမြင့်တဲ့သူတွေမှ မဟုတ်တာ။ သူတို့နှစ်ယောက်လုံးက F အဆင့်တွေဆိုတော့ ဘာမှ မဟုတ်ဘူးဆိုတဲ့ သဘောပဲ။ ငါက ဘာကို မျှော်လင့်နေမိတာလဲ' သူ ကိုယ့်ကိုယ်ကိုယ် တွေးလိုက်မိသည်။ ကမ္ဘာမြေတွင်တုန်းကလည်း သူသည် ဟိုတွန်းဒီထိုး အနိုင်ကျင့်ခံရသော အမှိုက်တစ်စ၊ ဘဝမှာ ရေးပြစရာ ဘာမှမရှိခဲ့သူ ဖြစ်သည်။ ယခု ကမ္ဘာသစ်တွင်လည်း သူသည် အမှိုက်တစ်စ ဖြစ်နေဆဲပင်။ သို့သော် သူ ဂရုမစိုက်တော့ပါ၊ သူသည် အရှက်ကွဲခြင်းနှင့် နာကျင်မှုတို့ကို ထုံယဉ်နေခဲ့ပြီ ဖြစ်သည်။
ကျောက်တိုင်ပေါ်မှ လက်ကို ဖယ်လိုက်ပြီး ဒုတိယအကြိမ် ပြန်စမ်းခွင့်တောင် မတောင်းဘဲ စင်မြင့်အောက်သို့ သူ ဆင်းလာခဲ့ရာ မျက်လုံးတိုင်းက သူ့ကို ကြည့်နေကြသည်။ သူ ပြန်ဆင်းလာပုံကို ဗိုလ်မှူးအဲလက်စ်က မျက်နှာပျက်ပျက်ဖြင့် ကြည့်နေခဲ့သော်လည်း ဒါက ဖြစ်လာမည့် သဘာဝပင်ဖြစ်သည်။ အားနည်းသူနှင့် အားကြီးသူဟူ၍ ရှိစမြဲဖြစ်ပြီး အာရန်၏ ဖြစ်ရပ်တွင်တော့ သူသည် အားအနည်းဆုံး ဖြစ်နေခြင်းပင်။
အာရန်သည် အဆောက်အအုံ၏ နောက်ဘက်သို့ ပြန်သွားခဲ့ပြီး ကျန်ရှိနေသော သူများက စစ်ဆေးမှု ခံယူရန် တက်သွားကြသည်။ မိနစ်အနည်းငယ်ကြာသောအခါ အားလုံး ပြီးဆုံးသွားသဖြင့် အဲလက်စ်က စင်မြင့်အလယ်သို့ နေရာယူလိုက်သည်။ ထိုနေရာတွင် ရှိနေသော မျက်နှာများကို သူ ဝေ့ဝဲကြည့်လိုက်သည်။ နာကျင်မှုကြောင့် ရှုံ့မဲ့နေသော မျက်နှာများ၊ ဒေါသထွက်နေမှုများနှင့် အခြားသော ခံစားချက်များကို သူ မြင်တွေ့လိုက်ရသည်။ သူတို့အားလုံး သန်မာခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်လိုက်ရပြီး တစ်ဘဝလုံး မက်ခဲ့သော အိပ်မက်များ တခဏအတွင်း ပျက်စီးသွားသည်ကို ထည့်တွက်ကြည့်လျှင် ဤသည်မှာ ပုံမှန်ပင်ဖြစ်သည်။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး စကားစပြောလိုက်သည်။ "မင်းတို့ လူတစ်ထောင် နိုးထခြင်း စစ်ဆေးမှုကို ခံယူခဲ့ကြတယ်။ ခြောက်ရာက F အဆင့်၊ နှစ်ရာက E အဆင့်၊ ၁၁၀ က D အဆင့်၊ ၈၃ ယောက်က C အဆင့်၊ ၄ ယောက်က B အဆင့်၊ ၁ ယောက်က A အဆင့်နဲ့ ၂ ယောက်က S အဆင့် ရရှိခဲ့ကြတယ်" သူပြောလိုက်သော စကားလုံးများ၏ အလေးချိန်က လူအများကို ရိုက်ခတ်သွားပြီး သူတို့အများစုမှာ တန်ဖိုးမရှိသူများ ဖြစ်ကာ လူအနည်းစုကသာ ထိပ်ဆုံးတွင် ရပ်တည်နေနိုင်ကြောင်း သဘောပေါက်သွားကြသည်။
"စွမ်းအားရှင်များ အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ ဘယ်သူမဆို စမ်းသပ်ကွင်းထဲကို ဝင်ရောက်ပြီး ကြီးမြတ်မှုကို ရှာဖွေနိုင်တယ်။ ကန့်သတ်ချက် မရှိဘူး။ ဒါပေမဲ့ မဝင်ခင်မှာ မင်းတို့ရဲ့ အသက်ဟာ မင်းတို့လက်ထဲမှာပဲ ရှိတယ်ဆိုတာကို သတိရကြပါ။ အလဲအထပ် လုပ်လို့မရဘူး" အဆင့်နိမ့်သူများကို စမ်းသပ်ကွင်းနှင့် ဝေးဝေးနေရန် သတိပေးသည့်အနေဖြင့် သူ ပြောလိုက်ခြင်း ဖြစ်သော်လည်း ဝမ်းနည်းစရာမှာ လူသားတို့၏ စိတ်နှလုံးက ထိုအရာကို ခွင့်ပြုမည် မဟုတ်ပေ။ အများစုသည် ကြီးမြတ်မှုကို မျှော်ကိုး၍ လာကြဦးမည်သာ။
ထို့နောက် သူသည် ဖန်သားပြင်ကို ညွှန်ပြလိုက်ရာ ၎င်းသည် စနစ် (System) တစ်ခု၏ ပုံစံအဖြစ် ပြောင်းလဲသွားသည်။
[အမည် - ...]
[အတန်းအစား - .....]
[အမျိုးအစား - .....]
[အဆင့် - .....]
[ဝိညာဉ်အပိုင်းအစများ -]
[လီဗယ် (အဆင့်) - .....]
[ဝိညာဉ်စွမ်းအင် - ...]
[ခွန်အား -]
[အမြန်နှုန်း -]
[ကာကွယ်မှု -]
[ကြံ့ခိုင်မှု -]
[ဉာဏ်ရည် -]
[စွမ်းရည်များ -]
"ဖန်သားပြင်ပေါ်မှာ မြင်နေရတာကတော့ မင်းတို့ စမ်းသပ်ကွင်းထဲ ခြေချလိုက်တာနဲ့ ပွင့်လာမယ့် စနစ် (System) ရဲ့ ပုံစံပဲ ဖြစ်တယ်။ မနက်ဖြန် စမ်းသပ်ကွင်းထဲ မဝင်ခင် ဒီညမှာ မင်းတို့ ဘာလုပ်ချင်လဲဆိုတာ သေချာစဉ်းစားကြပါ။ အခုတော့ စနစ်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီက ဘာလုပ်ဆောင်ပေးလဲဆိုတာ ငါ အချိန်နည်းနည်းယူပြီး ရှင်းပြပေးမယ်"