အခန်း (၁၀) - သတ်ဖြတ်မှု လေးကြိမ်
အစောင့်တပ်သားများထဲမှ တစ်ယောက်က အာရန်ကို လှမ်းကြည့်လိုက်သည်။ သူသည် အာရန်ကို ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ပြီးနောက် အရှိန်အကုန်တင်ကာ ဓားဖြင့် ဝင်ရောက် ခုတ်ပိုင်းလိုက်တော့သည်။ အာရန်၌ ဓားသိုင်းလေ့ကျင့်မှု သို့မဟုတ် မည်သည့် လေ့ကျင့်မှုပုံစံမျှ မရှိခဲ့ပေ။ သို့သော် သူ ဗီဒီယိုအချို့ ကြည့်ဖူးထားသဖြင့် ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ဓားချင်း ရိုက်ခတ်မိချိန်တွင် သူ့ဓားက အောက်သို့ ရောက်သွားပြီး တဖက်လူ၏ ဓားက သူ့ပခုံးသားထဲသို့ စိုက်ဝင်သွားသဖြင့် အခြေအနေ ဆိုးရွားသွားခဲ့သည်။ နာကျင်မှုက ရေအဟုန်ပမာ ခန္ဓာကိုယ်အနှံ့ တိုးဝင်လာပြီး မျက်လုံးများ ပြူးကျယ်လာကာ သွေးကြောများ ထောင်တက်လာသည်။ သူ ထိုစစ်သည်၏ မျက်လုံးကို တည့်တည့် စိုက်ကြည့်လိုက်သည်။
စစ်သည်က အလုပ်ပြီးပြတ်သွားအောင် ဓားကို ဖိစိုက်ချရန် လုပ်လိုက်သော်လည်း သူ မလုပ်နိုင်ခင်မှာပင် ဖန် (Fang) က သူ့လည်ပင်းဆီသို့ တန်းတန်းမတ်မတ် ခုန်အုပ်လိုက်သည်။ စစ်သည်က နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ လက်ဖြင့် ကာကွယ်လိုက်နိုင်သော်လည်း ဖန်၏ သွားများသည် သံချပ်ကာကို ငုံခဲလျက် အနည်းငယ် ဖောက်ဝင်သွားခဲ့သည်။ ဖန်က သူ့ကိုယ်လေးချိန်ကို အသုံးပြုပြီး စစ်သည်ကို မြေပြင်ပေါ်သို့ ဆွဲလှဲချလိုက်သည်။
'ဝုန်း' ခနဲ အသံနှင့်အတူ စစ်သည် မြေကြီးပေါ် လဲကျသွားပြီး ခေါင်းမှ သံခမောက် လွင့်ထွက်သွားကာ မျက်နှာ ပေါ်လာသည်။ ထိုမျက်နှာကို မြင်လိုက်ရသည့်အခါ အာရန် အေးခဲသွားပြီး လက်ထဲမှ ဓားပင် တုန်ရီလာသည်။ ထိုစစ်သည်က သူ့ကို ကြည့်နေသည့် မျက်လုံးများတွင် အသနားခံမှုများ၊ အသက်ချမ်းသာပေးရန် တောင်းပန်တိုးလျှိုးမှုများ ပါဝင်နေပြီး ယခုအချိန်တွင် ထိုကရုဏာကို ပေးစွမ်းနိုင်သည့် အာဏာက သူ့လက်ထဲတွင် ရှိနေသည်။
အာရန် ရှေ့သို့ တိုးသွားလိုက်သည်၊ လက်များက တုန်ရီနေဆဲ။ သူ ဓားကို စိုက်ချလိုက်ရာ စစ်သည်၏ လည်ပင်းထဲသို့ တိုးဝင်သွားသည်။ သွေးများက သူ့မျက်နှာပေါ်သို့ ပန်းထွက်လာသည်။ သူ ဓားကို လည်ပင်းမှာပင် တန်းလန်းထားခဲ့ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
[ သတ်ဖြတ်မှု ၁/၅ ]
[ သင့်အနေဖြင့် ဝိညာဉ်အပိုင်းအစ ၅၀ ရရှိပါသည် ]
သူ မျက်နှာပြင်ကို ကြည့်လိုက်သည်။ ဒီလူကို လူတစ်ယောက်အနေဖြင့် မသတ်မှတ်ပေ၊ ထူးခြားသူ တစ်ယောက်အဖြစ်လည်း မရေတွက်ပေ။ မဟုတ်ဘူး... သူက တိုးလာသည့် ကိန်းဂဏန်းတစ်ခု သက်သက်သာ။
"တောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါ အသက်ရှင်မှ ဖြစ်မယ်" အာရန် ပြောလိုက်သည်။ သူ အလောင်းနားသို့ သွားပြီး ဓားကို ပြန်ဆွဲထုတ်လိုက်သည်။ မြေပြင်ပေါ်မှ အလောင်းကို ကြည့်ရင်း သူ့အရိပ်အဖြစ် ပြောင်းလဲလိုက်သင့်သလားဟု စဉ်းစားမိသော်လည်း သူ မလုပ်ခဲ့ပေ။ ဒီကိစ္စတွေ ပြီးဆုံးသွားတဲ့အခါ သူ့ဆီမှာ လူစိတ်လူသွေး အနည်းငယ်လောက်တော့ ကျန်ရှိနေစေချင်သေးသည်။
အခြားစစ်သည်တစ်ယောက်က အာရန် သူ့အဖော်ကို သတ်လိုက်သည်ကို မြင်လိုက်ရပြီး ဒေါသများ ချက်ချင်း ပေါက်ကွဲထွက်လာသည်။
"အာ......." သူ အော်ဟစ်ပြီး အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်လာသည်။ အာရန် လှည့်ကြည့်လိုက်ရာ ထိုသူ သူ့ဆီ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။ ဒီတစ်ခါတော့ သူ ဓားကို သိပ်အာရုံမစိုက်တော့ပေ။ ဓားကို ဘယ်ဘက်လက်သို့ ပစ်ပြောင်းလိုက်ပြီး 'ဝံပုလွေ အစောင့်အရှောက်' (Wolf's Guard) ကို အသက်သွင်းကာ သူ့ညာဘက်လက်မောင်း တစ်ခုလုံးကို ဖုံးအုပ်လိုက်သည်။ ထို့နောက် ၎င်းတွင် ပါဝင်သည့် တိုက်ခိုက်မှု စွမ်းရည်ဖြစ်သော 'လက်သည်းကုတ်ချက်' ကို ထုတ်သုံးလိုက်သည်။
အမှောင်ထုဖြင့် ပြုလုပ်ထားသော လက်သည်းငါးချောင်းသည် ထိုသူ တုံ့ပြန်နိုင်သည်ထက် ပိုမြန်သော အရှိန်ဖြင့် လေထုကို ခွင်းလျက် သံချပ်ကာကို ဖောက်ထွင်းပြီး ရင်ဘတ်ကို ထိမှန်သွားသည်။ လက်သည်းများက နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး စစ်သည် သွေးအန်သွားသော်လည်း သူ မလဲကျသေးပေ။ သွေးစွန်းနေသော သွားများကို တင်းတင်းကြိတ်လျက် သူ ဟိန်းဟောက်လိုက်သည်။
"မင်းကို သတ်မယ်... မင်းတို့ကောင်တွေက ငါတို့ကို ဒီစမ်းသပ်မှုတွေကနေ ကာကွယ်ပေးဖို့ ရောက်လာကြတာ မဟုတ်ဘူးလားကွ" ပြောနေရင်း သူ့အသံများ အက်ကွဲနေသည်။
အာရန် ထိုစကားများကို ကြားလိုက်ရသည့်အခါ သူ့ရင်ထဲ နာကျင်သွားသည်။ စမ်းသပ်မှုက သူတို့ဆီကနေ ဘာလိုချင်နေသလဲ ဆိုတာ သူ မသိပေမယ့်၊ ဒီအရာကတော့... ဘယ်လူသားကိုမှ မကြုံတွေ့စေသင့်တဲ့ ယုတ်မာရက်စက်မှု အဆင့်တစ်ခုပင် ဖြစ်သည်။
သို့တိုင်အောင် သူ မျက်လုံးများကို မှိတ်၊ အသက်တစ်ချက် ရှူသွင်းလိုက်ပြီးနောက် ဤစမ်းသပ်မှု ကာလတစ်လျှောက်လုံးတွင် သူ နောက်ထပ် ပြောတော့မည် မဟုတ်သော နောက်ဆုံး တောင်းပန်စကားကို ရေရွတ်လိုက်သည်။
"အရာအားလုံးအတွက် တောင်းပန်ပါတယ်"
သူ လုပ်နေသည့်အရာများနှင့် ဆက်လုပ်ရမည့် အရာများအတွက် တောင်းပန်စကား ဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော် သူ တကယ်ပဲ သန်မာလာပြီး အသက်ရှင်ချင်တယ် ဆိုရင်တော့ ခံစားချက်တွေကို ဘေးဖယ်ထားရမယ် ဆိုတာကို လက်ခံထားပြီး ဖြစ်သည်။ သူ လုံးဝ အသေခံမည် မဟုတ်။ ဒါက သူ့ရဲ့ ဒုတိယမြောက် ဘဝဖြစ်ပြီး၊ ဒီတစ်ခါမှာတော့ သူ ရှင်သန်ကြီးထွားရမည်။
စစ်သည်က ဓားဖြင့် ပိုင်းချလိုက်သော်လည်း ဖန် (Fang) က ဝင်ရောက်လုံးထွေးပြီး ထိုသူ့လက်ထဲမှ ဓား လွတ်သွားအောင် ကိုက်ချလိုက်သည်။ စစ်သည် မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်း ကျသွားသည်။ အာရန် သူ့ဘေးသို့ လျှောက်သွားပြီး လည်ပင်းကို ဓားဖြင့် ထိုးစိုက်လိုက်သည်။
[ သတ်ဖြတ်မှု ၂/၅ ]
[ သင့်အနေဖြင့် ဝိညာဉ်အပိုင်းအစ ၅၀ ရရှိပါသည် ]
သူ ဗလာဖြစ်နေသော မျက်နှာထား၊ ခံစားချက်မဲ့နေသော မျက်လုံးများဖြင့် မျက်နှာပြင်ကို ကြည့်လိုက်သည်။ ယခုအချိန်တွင် သူ့ခံစားချက်များ ပျောက်ဆုံးသွားခြင်းကြောင့် မဟုတ်ဘဲ၊ အသက်ရှင်ဖို့အတွက် ခံစားချက် ခလုတ်ပိတ်ထားပြီး အေးစက်နေမှ ရမည်ဖြစ်သောကြောင့် ဖြစ်သည်။
သူ မော့ကြည့်လိုက်ရာ မြေပြင်တခွင်တွင် သွေးများဖြင့် သေဆုံးနေသော စစ်သည်အလောင်းများကို တွေ့လိုက်ရသည်။ သို့သော် သူတို့ချည်းပဲ မဟုတ်ဘဲ နိုးထသူများ (Awakened) ဘက်ကလည်း အတော်လေး အထိနာထားကြသည်။
အချို့ဆိုလျှင် စစ်သည်များကို ကျော်ဖြတ်ပြီး အိမ်ထဲရှိ လူများကိုပါ ဝင်ရောက် ရှင်းလင်းနေကြပြီ ဖြစ်သည်။
အာရန် စနစ်မျက်နှာပြင်မှ အချိန်ကို ကြည့်လိုက်ရာ ဘယ်လိုကုန်သွားမှန်း မသိဘဲ နာရီဝက်ပင် ရှိနေပြီ ဖြစ်သည်။ "တောက်" သူ လျှာတစ်ချက် ခေါက်လိုက်ပြီး သူမြင်လိုက်ရသည့် နောက်ထပ် စစ်သည်တစ်ယောက်ဆီသို့ ပြေးဝင်သွားသည်။ အခြား နိုးထသူတစ်ယောက်ကလည်း ထိုစစ်သည်ဆီသို့ ပြေးဝင်လာနေသည်။
စစ်သည်မှာ တိုက်ခိုက်သူ နှစ်ဖက်ကြားတွင် ညပ်နေပြီး ကြောက်ရွံ့မှုများက သူ့ကို လွှမ်းမိုးထားသည်။ အာရန် သူ့ဘက်သို့ ပြေးလာနေသော ကောင်လေးကို ကြည့်လိုက်သည်။ ထိုကောင်လေး သူ့အစာကို လုသွားမှာ သူ မလိုလားသဖြင့် ဖန်ကို ချက်ချင်း အမိန့်ပေးလိုက်သည်။ "သူ့ကို ရှင်းလိုက်" သူ သွေးအေးသော လေသံဖြင့် ပြောလိုက်ရာ ဖန်က ထိုလူနောက်သို့ ချက်ချင်း လိုက်သွားပြီး အရှိန်ကုန် ခုန်အုပ်လိုက်သည်။ ထိုအချိန်တွင် အာရန်က စစ်သည်ဆီသို့ ဝင်ရောက်သွားသည်။
စစ်သည်က အာရန်ကို ဓားဖြင့် ရမ်းခုတ်လိုက်သော်လည်း အာရန် အလွယ်တကူ ရှောင်တိမ်းလိုက်သည်။ စစ်သည်မှာ ကြောက်လန့်တကြား တိုက်ခိုက်နေခြင်း ဖြစ်သဖြင့် ခုတ်ချက်များမှာ အလွန် သိသာနေသည်။ အာရန်က အောက်ဘက်မှနေ၍ လက်သီးဖြင့် ပင့်ထိုးလိုက်ရာ စစ်သည်၏ မေးရိုး ကျိုးကြေသွားပြီး သံခမောက် လွင့်စင်သွားသည်။ ထို့နောက် ချက်ချင်းပင် နှလုံးတည့်တည့်သို့ ဓားဖြင့် ထိုးစိုက်ကာ ပွဲချင်းပြီး သတ်ဖြတ်လိုက်သည်။
[ သတ်ဖြတ်မှု ၃/၅ ]
[ သင့်အနေဖြင့် ဝိညာဉ်အပိုင်းအစ ၅၀ ရရှိပါသည် ]
[ သတ်ဖြတ်မှု ၄/၅ ]
[ သင့်အနေဖြင့် ဝိညာဉ်အပိုင်းအစ ၅၀ ရရှိပါသည် ]
[ အဆင့်တက်သွားပါပြီ၊ +၄ အမှတ်များ (Stat points) ရရှိသည် ]
အသိပေးချက် နှစ်ခု ဝင်ရောက်လာသည်။ ဆိုလိုသည်မှာ ဖန်က ထိုနိုးထသူကို တကယ် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။ အာရန် မြေပြင်ပေါ်မှ အလောင်းကို စက္ကန့်အနည်းငယ် ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်သည်။
သို့သော် အခြားတစ်ယောက်ကလည်း ထိုမြင်ကွင်းကို မြင်သွားခဲ့သည်။ ငွေရောင်ဆံပင်နှင့် S အဆင့် လူပင်ဖြစ်သည်။ သူသည် သတ်ဖြတ်မှု အရေအတွက် ပြည့်ပြီးပြီဖြစ်ကာ အာရန်၏ ဝံပုလွေက နိုးထသူတစ်ယောက်ကို သတ်ဖြတ်လိုက်သည်ကို မြင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်ကြောင့် သူ မျက်မှောင်ကြုတ်သွားခဲ့သည်။