အခန်း (၃၀) - ဒဏ္ဍာရီပုံပြင်များ
အခန်းထဲရှိ လူနှစ်ယောက်ကို ကြည့်ရင်း ဒဲရက်၏ အဖွဲ့ဝင်များသည်လည်း မွန်းနှင့် ဆယ်လင်းတို့ကဲ့သို့ပင် အံ့အားသင့်နေသော အမူအရာများ ဖြစ်ပေါ်နေကြသည်။
"မင်းတို့ အသက်ရှင်သေးတာလား?! ငါတို့ကတော့ မင်းတို့ သေပြီမှတ်နေတာ! ဘယ်တွေ ရောက်နေခဲ့တာလဲ?" ဟု ဂျွန်က သူ၏ အသင်းဖော်ဟောင်း နှစ်ယောက်ကို မျက်လုံးအပြူးသားဖြင့် ကြည့်ကာ မေးလိုက်သည်။
မွန်းက ချက်ချင်းပြန်မဖြေဘဲ စက်ဝိုင်းပုံစံ အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ထိုနေရာတွင် ရှိနေသူအားလုံးကို မှတ်သားထားပြီး တစ်စုံတစ်ဦးကို အထူးတလည် ရှာဖွေနေခြင်းဖြစ်သည်။
မူလအဖွဲ့ဝင် အားလုံး ဤနေရာတွင် ရှိနေကြသည်။
သို့သော် ဂါရက်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။
သူ မရှိခြင်းက မွန်း၏ အလိုလိုသိစိတ်ကို အန္တရာယ်ရှိနေပြီဟု သတိပေးနေသကဲ့သို့ ခံစားလိုက်ရသည်။
ဆယ်လင်းမဖြေနိုင်ခင်မှာပင် မွန်းက အရင်ဦးအောင် ပြောလိုက်သည်။ "ငါတို့ နှင်းမုန်တိုင်းထဲမှာ လမ်းပျောက်သွားလို့ ဆက်သွားနိုင်တဲ့အထိ ခိုနားရာနေရာ ရှာနေခဲ့တာ။ မင်းတို့အားလုံးကရော ဘာလို့ ဒီမှာ ရှိနေတာလဲ? ပြီးတော့ ဂါရက်ကရော ဘယ်မှာလဲ?"
ဒဲရက်က အမြဲတမ်းလိုပင် ဦးဆောင်သူပီပီ ရှေ့သို့ လျှောက်လာသည်။ သူသည် ဆယ်လင်းအနားသို့ တကယ်ပင် စိတ်သက်သာရာရသွားသည့် မျက်နှာပေးဖြင့် ချဉ်းကပ်လာကာ "မင်းတို့ ဘေးကင်းတာ ဝမ်းသာပါတယ်၊ ငါတို့ စိုးရိမ်နေခဲ့တာ" ဟု ပြောသည်။
သူ့မေးခွန်းကို လျစ်လျူရှုလိုက်သည့်အတွက် မွန်း၏ မျက်နှာထားမှာ တင်းမာသွားသည်။ ဆယ်လင်းကလည်း မွန်း၏ တင်းမာမှုကို ရိပ်မိသဖြင့် "မင်းတို့ ဘာလို့ ဒီမှာ ရှိနေတာလဲ?" ဟု ပို၍ ပြတ်ပြတ်သားသား ထပ်မေးလိုက်သည်။
ဒဲရက်က နောက်ဆုံးတွင် ပြန်ဖြေသည်။ သူ၏ လေသံမှာ ပေါ့ပေါ့ပါးပါးပင်။ "ဂါရက်က ဒီနေရာကို မတော်တဆ တွေ့ပြီးတဲ့နောက်မှာ ငါတို့ ဒီကို ရောက်လာတာ။ အဲဒီအချိန်ကစပြီး ဒီဘုရားကျောင်းကိုပဲ ငါတို့ရဲ့ ခိုအောင်းရာနေရာအဖြစ် သုံးနေတာ။ ကျောက်သားတွေနဲ့ လုပ်ထားတာဆိုပေမဲ့ ဂူထဲထက် ပိုလုံခြုံသလို၊ ပိုလည်း နွေးသလိုပဲ။"
မွန်းနှင့် ဆယ်လင်းတို့သည် မသင်္ကာမှုနှင့် မသေချာမှုများ ပြည့်နှက်နေသော အကြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
မေးခွန်းများစွာက သူတို့၏ စိတ်ထဲတွင် ပြည့်နှက်နေသည်။ ဂါရက်နှင့် ပတ်သက်၍ သူတို့၏ ထင်မြင်ချက်များ မှားနေခဲ့ခြင်းလော? အခြေအနေကို အလုံးစုံ မှားယွင်းစွာ တွေးတောမိခဲ့ခြင်းလော? သို့သော် အရိုးစုများကရော? ဂူအပြင်ဘက်က လူသေအရိုးစုတွေကရော ဘာလဲ?
တိတ်ဆိတ်စွာ အကြည့်ချင်း ဖလှယ်ပြီးနောက် ဆယ်လင်းက ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ဂါရက် မရှိခိုက်သည် အခြားသူများကို သတိပေးရန်နှင့် အမှန်တကယ် တစ်ခုခု မှားယွင်းနေခြင်း ရှိ၊ မရှိ သိရှိရန်အတွက် သူတို့၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်ပေသည်။
သူမသည် ဒဲရက်၏ အဖွဲ့ကို လေးနက်သော အမူအရာဖြင့် ကြည့်ကာ အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို ရှင်းပြတော့သည်။ သူတို့ နှင်းမုန်တိုင်းထဲတွင် လမ်းမပျောက်ခဲ့ပုံ၊ လူရိုးစုများကို တွေ့ရှိပြီးနောက် တမင်တကာ ထွက်ပြေးခဲ့ပုံ၊ ဂါရက်အပေါ် သံသယဖြစ်လာပုံနှင့် စွန့်ပစ်ထားသော စခန်းတွင် တွေ့ရှိခဲ့သည့် ဒိုင်ယာရီအကြောင်းတို့ကိုပါ အကုန်ပြောပြလိုက်သည်။
သူမ ပြောပြပြီးသွားသည့်အခါ အခန်းတွင်း၌ တင်းမာသော တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းသွားသည်။
ထို့နောက်တွင် ဒဲရက်က ဟားတိုက်၍ ရယ်မောလိုက်တော့သည်။
ထိုရယ်သံသည် ကျောက်နံရံများကို ရိုက်ခတ်ကာ ပဲ့တင်ထပ်သွားပြီး ကြမ်းတမ်း၍ မယုံကြည်နိုင်စရာ ကောင်းနေသည်။ သူသည် ရယ်ရလွန်းသဖြင့် ဝမ်းဗိုက်ကို နှိပ်ကာ မျက်ရည်များကို သုတ်နေရင်း ရယ်သံမှာ တဖြည်းဖြည်း တိုးဝင်သွားသည်။ စကားပြောနိုင်လောက်အောင် စိတ်ကို ပြန်ထိန်းလိုက်နိုင်သောအခါ သူသည် မျက်မှောင်ကြုတ်နေသော မွန်းကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းတို့ ရူးနေတာလား? တကယ်ကြီးလား? လူသားစားတဲ့လူ ဟုတ်လား?" ဒဲရက်က ခေါင်းခါရင်း ရယ်နေဆဲပင်။ "ဒါ ငါကြားဖူးသမျှထဲမှာ အဓိပ္ပာယ်မရှိဆုံးပဲ။ မင်းက ဆယ်လင်းကိုတောင် ဒီလို ပုံပြင်မျိုး ယုံအောင် လုပ်နိုင်ခဲ့တာလား?"
မားကပ်စ်ကလည်း နှာခေါင်းရှုံ့ကာ ထောက်ခံလိုက်သည်။ "ဂူဘေးက လူရိုးတွေ ဟုတ်လား? အဲဒါတွေက ငါတို့ ဒီကို မရောက်ခင်ကတည်းက သေသွားတဲ့သူတွေရဲ့ အရိုးတွေ ဖြစ်မှာပါ။ ဒီနေရာက လူတွေကို ထောင်ချထားတာ ဘယ်လောက်တောင် ကြာနေပြီလဲ ဘယ်သူသိမှာလဲ။"
"ပြီးတော့ ဂါရက်က ငါတို့ကို ကူညီပေးနေတာတွေက မင်းတို့အတွက် ဘာမှ အဓိပ္ပာယ်မရှိဘူးလား?" ဟု အိုင်းရစ်က လက်ပိုက်ကာ ဝင်ပြောသည်။ "သူ ငါတို့ကို အစားအသောက် ကျွေးတယ်၊ ဒီမှာ ဘယ်လိုရှင်သန်ရမလဲ သင်ပေးတယ်၊ ဒီဘုရားကျောင်းကိုလည်း ပြပေးတယ်။ သူ ငါတို့ကို ဒုက္ခပေးချင်ရင် အကြိမ်ပေါင်းများစွာ အခွင့်အရေး ရခဲ့ပြီးသားပဲ။"
မွန်းက မေးကြောများ တင်းသွားကာ "သူ အခု ဘယ်မှာလဲ? ဘာလို့ မင်းတို့နဲ့ အတူမရှိတာလဲ?" ဟု မေးသည်။
"သူ အခြေအနေ သွားကြည့်တယ်" ဟု ဒဲရက်က ကလေးတစ်ယောက်ကို ရှင်းပြနေသကဲ့သို့ စိတ်ရှည်လက်ရှည် ပြောသည်။ "ပတ်ဝန်းကျင်ကို စစ်ဆေးတာ၊ သားရဲတွေ မရှိအောင်လို့ပေါ့။ သူ နာရီအနည်းငယ်ကြာတိုင်း တစ်ခါ သွားတတ်တယ်။ သူ မကြာခင် ပြန်လာလိမ့်မယ်။"
"မင်းတို့က သူ့ကို အဲဒီအတိုင်းပဲ ယုံနေတာလား?" ဟု ဆယ်လင်းက ဖိအားပေး မေးလိုက်သည်။ "သူ ငါတို့ကို တွေ့တုန်းက ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲဆိုတာကိုရော မင်းတို့ မမေးဖူးဘူးလား? သူကတော့ တခြား အသက်ရှင်ကျန်ရစ်သူတွေ ရှိတယ်လို့ ပြောခဲ့ပေမဲ့—"
"တော်တော့" ဒဲရက်က စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူမစကားကို ဖြတ်ပြောလိုက်သည်။ "ကြည့်စမ်း၊ ငါ နားလည်ပါတယ်။ မင်းတို့နှစ်ယောက် ထွက်ပြေးသွားပြီး တစ်ယောက်တည်း ရှင်သန်ဖို့ ရုန်းကန်နေရလို့ ပင်ပန်းနေမယ်၊ ကြောက်နေမယ်၊ ပြီးတော့ ငတ်နေမှာပဲ။ အဲဒါကြောင့် မင်းတို့ စိတ်တွေက မရှိတာတွေကို ရှိတယ်လို့ ထင်နေတာ။ ဒါပေမဲ့ ဒီကိုလာပြီး ငါတို့ အသက်ရှင်အောင် စောင့်ရှောက်ပေးခဲ့တဲ့ လူအပေါ်မှာတော့ ရန်တိုက်မပေးနဲ့။"
ဂျွန်က ရှေ့သို့ လှမ်းလာသည်။ သူ၏ အမူအရာမှာ တောင်းပန်တိုးလျှိုးသည့် ပုံစံမျိုး ဖြစ်သော်လည်း ခိုင်မာနေသည်။ "ဆယ်လင်း၊ မွန်း... မင်းတို့ အများကြီး ခံစားခဲ့ရမှာကို ငါသိပါတယ်။ ဒါပေမဲ့ ဒဲရက်ပြောတာ မှန်တယ်။ ဂါရက်က ငါတို့အပေါ် ကောင်းခဲ့ပါတယ်။ မင်းတို့ ဘာတွေပဲ တွေ့ခဲ့တွေ့ခဲ့၊ အဲဒါအတွက် တခြား ရှင်းပြချက်တစ်ခုခု ရှိမှာပါ။"
မွန်းက ထပ်မံ ငြင်းဆိုရန် ပါးစပ်ပြင်လိုက်သော်လည်း နောက်ဘက်ရှိ စင်္ကြံလမ်းဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။
အခန်းထဲရှိ လူတိုင်းသည် ဝင်ပေါက်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။
စင်္ကြံ၏ အမှောင်ရိပ်ထဲမှ လူတစ်ယောက် ထွက်လာသည်။ ဝက်ဝံသားရေ ဝတ်စုံဟောင်းကို ဝတ်ဆင်ထားသော သူသည် မြင့်မား၍ ထည်ဝါလှသည်။ သွေးစွန်းနေသော လှံတစ်ချောင်းကို သူ၏ ပခုံးပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားသည်။ သူ၏ ရင့်ကျက်သော မျက်နှာထက်တွင် မွန်းနှင့် ဆယ်လင်းကို တွေ့ရသဖြင့် အံ့သြသည့် အရိပ်အယောင် လုံးဝမရှိပေ။
ဂါရက်သည် အခန်းထဲသို့ လှမ်းဝင်လာကာ သူတို့နှစ်ယောက်ကို ခန့်မှန်းရခက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကဲ... အိမ်ပြန်လမ်းကို နောက်ဆုံးတော့ ရှာတွေ့သွားကြပြီပေါ့။"
ဒဲရက်က ချက်ချင်းပင် ဝင်၍ ရှင်းပြသည်။ "ဂါရက်၊ သူတို့ ခုနက ဘာပြောလဲဆိုတာ မင်း ယုံမှာတောင် မဟုတ်ဘူး။ သူတို့က မင်းကို လူသားစားတဲ့လူလို့ ထင်နေတာတဲ့! ဂူနားမှာ လူရိုးတွေ တွေ့လို့ မင်း ငါတို့ကို စားလိမ့်မယ်ဆိုပြီး ထွက်ပြေးသွားကြတာတဲ့။" သူသည် အဓိပ္ပာယ်မရှိသည့် အကြောင်းအရာကို ပြန်ပြောရင်း ထပ်မံ ရယ်မောလိုက်သည်။
မွန်း၏ ကြွက်သားများမှာ တိုက်ခိုက်ရန် သို့မဟုတ် ထွက်ပြေးရန်အတွက် အသင့်ဖြစ်နေပြီဖြစ်သည်။
သို့သော် ဂါရက်၏ အမူအရာမှာ ပြောင်းလဲမသွားပေ။ သူသည် မွန်းနှင့် ဆယ်လင်းကို သနားသလို သို့မဟုတ် အရေးမစိုက်သလို ပုံစံမျိုးဖြင့်သာ ကြည့်နေပြီး သူ၏ မျက်နှာမှာ ဘာကိုမှ ဖော်ပြခြင်း မရှိပေ။
"ငါ သူတို့ကို အပြစ်မတင်ပါဘူး" ဟု ဂါရက်က နောက်ဆုံးတွင် တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ "ဒီလိုနေရာမျိုးမှာ လူတွေ စိတ်ဖောက်ပြန်တတ်ကြတယ်။ အေးစက်တာ၊ အထီးကျန်တာနဲ့ အမြဲတမ်း ကြောက်လန့်နေရတာတွေကြောင့် မရှိတာတွေကို မြင်လာတတ်သလို၊ အဆက်အစပ်မရှိတာတွေကိုလည်း လျှောက်တွေးတတ်လာကြတယ်။ အရင်ကလည်း ဒီလိုမျိုးတွေ ဖြစ်တာ ငါတွေ့ဖူးပါတယ်။"
သူ၏ တုံ့ပြန်မှုမှာ အလွန်ပင် ကျိုးကြောင်းဆီလျော်ပြီး နားလည်ပေးနိုင်လွန်းသဖြင့် ခေတ္တမျှ မွန်း၏ စိတ်ထဲတွင် သံသယများ ဝေဝါးသွားခဲ့သည်။ သူတို့ မှားနေခဲ့ခြင်းလော? ရှင်သန်ရန် ကြိုးစားရင်း ဖြစ်ပေါ်လာသည့် စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များကြောင့် သူတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း လွဲချော်သွားခဲ့ခြင်းလော?
ဂါရက် စိတ်မဆိုးသည့်အတွက် ဒဲရက်က စိတ်သက်သာရာရစွာဖြင့် ထပ်မံ ရယ်မောလိုက်သည်။ "တွေ့လား? ငါ ပြောသားပဲ၊ မင်းတို့ အစိုးရိမ်လွန်နေတာပါဆို။"
ဂါရက်သည် ပခုံးပေါ်ရှိ လှံကို ပြင်ကိုင်လိုက်ရာ မွန်း၏ လက်မှာလည်း သူ၏ မှော်(mana) စွမ်းအင်များကို ထုတ်ယူရန် အသင့်ဖြစ်သွားသည်။ သို့သော် ထိုသူသည် သူပို၍ သက်သောင့်သက်သာ ဖြစ်စေရန် လှံကို ပြင်ကိုင်လိုက်ခြင်းသာ ဖြစ်ပြီး ဆက်၍ ပြောလိုက်သည်။
"ငါ ပိတ်ထားတဲ့ အခန်းထဲကို ဝင်နိုင်မယ့် နည်းလမ်းကို တွေ့ပြီ။ ဒီည အဲဒါအတွက် ပြင်ဆင်ကြစို့။ စိတ်ပိုင်းဆိုင်ရာအရ အသင့်ပြင်ထားကြ.... ငါတို့ ဒီနေရာကနေ ထွက်သွားတော့မယ်။"
ဒဲရက်၏ အဖွဲ့ဝင်အားလုံး ပျော်ရွှင်သွားကြသည်။ သူတို့၏ မျက်နှာများမှာ ပင်ပန်းနွမ်းနယ်နေသည့် အမူအရာမှ မျှော်လင့်ချက်များ ပြည့်နှက်နေသည့် အမူအရာသို့ ပြောင်းလဲသွားသည်။
"တကယ်လား?" အီလာရာက သူမ၏ လေးကို အောက်သို့ လုံးဝချလိုက်ရင်း မျက်ရည်များ ဝဲကာ မေးလိုက်သည်။ "ငါတို့ တကယ်ကြီး ထွက်သွားလို့ ရတော့မှာလား?"
"ဒီညလား?" မားကပ်စ်ကလည်း မယုံကြည်နိုင်ခြင်းနှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းနေသော လေသံဖြင့် မေးသည်။
ဂါရက်က ခိုင်မာသေချာစွာ ခေါင်းညိတ်ပြလိုက်သည်။ "ဒီညပဲ။"
ဂျွန်က မွန်းနှင့် ဆယ်လင်းဘက်သို့ လှည့်ကာ "ဘုရားကျောင်းရဲ့ အတွင်းပိုင်းမှာ တံခါးတစ်ချပ် ရှိတယ်၊ အဲဒါက ဒီနေရာကနေ ထွက်ဖို့ လမ်းလို့ ငါတို့ ထင်နေတာ။ အဲဒါကို ဖွင့်ဖို့ ငါတို့ ကြိုးစားနေတာ ရက်ပေါင်းများစွာ ကြာပြီ၊ ဒါပေမဲ့ နားမလည်နိုင်တဲ့ ယန္တရားတစ်ခုကြောင့် ဘယ်လိုမှ ဖွင့်လို့မရခဲ့ဘူး" ဟု ရှင်းပြသည်။ သူသည် အမှောင်ထုထဲသို့ ဦးတည်နေသည့် အခြားစင်္ကြံလမ်းတစ်ခုကို ညွှန်ပြလိုက်ပြီး "အခုတော့ ဂါရက်က အဲဒါကို ဖွင့်နိုင်မယ့် နည်းလမ်း ရှာတွေ့သွားပြီ ထင်တယ်" ဟု ပြောသည်။
ဆယ်လင်းက မွန်းကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ ဘာမှမဖော်ပြသော်လည်း သူမ၏ မျက်လုံးများထဲတွင် မေးခွန်းများ ရှိနေသည်ကို မွန်း မြင်နိုင်သည်။
မွန်း၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်နေသည်။ လွတ်မြောက်ရာလမ်း ဖြစ်နိုင်သည့် ပိတ်ထားသော တံခါး၊ သီးခြား အခြေအနေများ ရှိမှသာ ပွင့်နိုင်သည့် ယန္တရား။ ထို့နောက် ဤနေရာတွင် အကြာဆုံး ရှိနေခဲ့သော ဂါရက်က ထိုနည်းလမ်းကို နောက်ဆုံးတွင် ရှာတွေ့သွားခြင်း။
သို့မဟုတ် သူသည် တစ်ခုခုကို စောင့်ဆိုင်းနေခဲ့ခြင်းလော? လူအလုံအလောက် စုမိဖို့ကိုလော? သို့မဟုတ် အသက်ပေါင်းများစွာ စုဆောင်းမိဖို့ကိုလော?
အပြင်ဘက်က ကျောက်ထွင်းလက်ရာများကို မွန်း ပြန်လည် မြင်ယောင်လာသည်။ ပလ္လင်ဆီသို့ အလှူအတန်းများ သယ်ဆောင်လာသည့် လူတန်းကြီးနှင့် ပလ္လင်ပေါ်ရှိ သတ္တဝါအတွက် ပြုလုပ်ခဲ့သည့် ယဇ်ပူဇော်မှုများ။
"အဲဒါက ဘယ်လိုမျိုး ယန္တရားလဲ?" မွန်း၏ အေးစက်သော အသံက အခြားသူများ၏ စိတ်လှုပ်ရှားမှုများကို ဖြတ်တောက်လိုက်သည်။
ဂါရက်က မွန်းကို အာရုံစိုက်လိုက်သည်။ "ရှေးဟောင်းပုံစံပါပဲ၊ လူအများအပြားက တစ်ပြိုင်နက်တည်း လုပ်ဆောင်ဖို့ လိုအပ်တဲ့ အမျိုးအစားမျိုးပေါ့။ ဖိအားပေးစနစ် (Pressure plates) နဲ့တူတယ်။" သူက ဒဲရက်၏ အဖွဲ့ကို ညွှန်ပြကာ "အခု မင်းတို့နှစ်ယောက်နဲ့ဆိုရင် ငါတို့ ၁၀ ယောက် ရှိသွားပြီ။ လုံလောက်တာထက်တောင် ပိုသေးတယ်" ဟု ဆိုသည်။
"လူ ၁၀ ယောက်" ဟု မွန်းက ဖြည်းဖြည်းချင်း ထပ်ပြောလိုက်သည်။
"လူ ၁၀ ယောက်ပေါ့" ဂါရက်က အတည်ပြုသည်။ "ငါတို့ နေဝင်ချိန်မှာ စမ်းကြည့်ကြမယ်။ အချိန်ကိုက်ဖို့က အရေးကြီးတယ် ထင်တယ်။ ဘုရားကျောင်းရဲ့ တည်ဆောက်ပုံနဲ့ နေဝင်ချိန် အပူချိန်ပြောင်းလဲမှုအပေါ် ယန္တရားတွေက တုံ့ပြန်ပုံနဲ့ ဆိုင်မယ်ထင်တယ်။"
ထိုစကားမှာ ကျိုးကြောင်းဆီလျော်ပုံ ရသည်။ သို့သော် မွန်း၏ စိတ်ထဲတွင်မူ အလှူပစ္စည်းများကို ကိုင်မြှောက်ကာ သေမင်းတမန်လမ်းသို့ လျှောက်လှမ်းနေကြသော ထိုကျောက်ထွင်းရုပ်ပုံများကိုသာ မြင်ယောင်နေမိသည်။
"တကယ်လို့ အဲဒါက အလုပ်မလုပ်ရင် ဘာဖြစ်မလဲ?" ဟု ဆယ်လင်းက တိုးတိုးလေး မေးလိုက်သည်။
ဂါရက်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း ထိုအပြုံးမှာ ပါးလွှာလှပြီး သူ၏ မျက်လုံးများအထိ ရောက်ရှိခြင်း မရှိပေ။
"ဒါဆိုရင်တော့ ငါတို့အားလုံး ဒီမှာပဲ ထာဝရ ပိတ်မိနေကြမှာပေါ့။"
ဒဲရက်၏ အဖွဲ့မှာမူ ထိုနိမိတ်မကောင်းသည့် စကားကို ဂရုမစိုက်နိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် ဘာတွေ ပြင်ဆင်ရမည်၊ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမည် ဆိုသည်ကိုသာ ဆွေးနွေးနေကြတော့သည်။
သို့သော် မွန်းသည် ဆယ်လင်းနှင့် အကြည့်ချင်း ဆုံလိုက်သည်။ ထိုအကြည့်တစ်ခုတည်းဖြင့်ပင် စကားလုံးများဖြင့် ဖော်ပြမရနိုင်သည့် အရာအားလုံးကို သူတို့ နားလည်လိုက်ကြသည်။
ဒီည၊ သူတို့ ဂါရက်၏ အမှန်တရားကို သိရလိမ့်မည်။
ဒီည၊ သူတို့သည် ဤအေးခဲနေသော ငရဲခန်းမှ လွတ်မြောက်နိုင်မည် သို့မဟုတ် ဆောင်းရာသီ၏ ဗဟိုချက်မက မည်သို့သော ယဇ်ပူဇော်မှုကို တောင်းဆိုနေသည်ဆိုသည်ကို သိရှိရလိမ့်မည်။
♢♢♢♢
"အသင့်ဖြစ်ပြီလား?" ဂါရက်က ကြီးမားသော တံခါးကြီးရှေ့တွင် ရပ်ကာ မေးလိုက်သည်။
"အသင့်ဖြစ်ပြီ!" လူတိုင်းက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ လူတိုင်းသည် ဂါရက် ညွှန်ကြားထားသည့်အတိုင်း အခန်းနံရံ တစ်လျှောက်တွင် နေရာယူထားကြသည်။
မွန်းနှင့် ဆယ်လင်းတို့သည် နောက်ဘက်တွင် ရပ်နေကြပြီး အခြေအနေကို ပါဝင်ပတ်သက်ခြင်း မရှိပေ။ ထိုသို့ရပ်နေခြင်းက သူတို့ကို အခြားသူများအားလုံးကို မြင်တွေ့နိုင်စေပြီး ချောင်းမြောင်းတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးနိုင်သည်။
"နှိပ်လိုက်တော့" ဂါရက်သယက အမိန့်ပေးသည်။
လက်ရှစ်ခုသည် နံရံများကို တစ်ပြိုင်နက်တည်း ထိတွေ့လိုက်ကြသည်။ ရှေးဟောင်းအခန်းတွင်း၌ ပဲ့တင်ထပ်သွားသော ကျောက်သားပွတ်တိုက်သံနှင့်အတူ နံရံရှိ ကျောက်ပြားများသည် အတွင်းသို့ အနည်းငယ် နစ်ဝင်သွားသည်ကို မွန်း ခံစားလိုက်ရသည်။
ကြီးမားသော တံခါးကြီး စတင် ရွေ့လျားလာသည်။
လေးလံလှသော ကျောက်တံခါးကြီးမှာ တဖြည်းဖြည်းချင်း ပွင့်လာတော့သည်။ ထိုတံခါးနောက်ဘက်တွင် သူတို့ ယခင်က မြင်ဖူးသမျှထက် ပိုမိုနက်မှောင်သော အမှောင်ထုထဲသို့ ဆင်းသွားသည့် လမ်းတစ်ခု ရှိနေသည်။
အဖွဲ့ဝင်များက ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။ ဒဲရက်က အောင်ပွဲခံသည့်အနေဖြင့် လက်သီးကို မြှောက်လိုက်သည်။ မားကပ်စ်က စိတ်သက်သာရာရစွာဖြင့် ရယ်မောသည်။ အိုင်းရစ်နှင့် အီလာရာတို့သည် မျက်ရည်များ ဝဲကာ ဖက်လိုက်ကြသည်။ ဂျွန်ကမူ အရာအားလုံးက တကယ်ကြီး ဖြစ်ပျက်နေသည်ကို မယုံကြည်နိုင်သကဲ့သို့ ပြုံးလျက် ရပ်နေသည်။
လူနှစ်ယောက်သာလျှင် ထိုပျော်ရွှင်မှုတွင် မပါဝင်ခဲ့ပေ။
မွန်းနှင့် ဆယ်လင်းတို့သည် အသင့်အနေအထားဖြင့် နောက်ဆုံးတွင် ရပ်နေကြဆဲပင်။ သူတို့သည် ဂါရက်၏ ကျောပြင်ကို ကြည့်နေကြသည်။ တံခါးပွင့်လာသည်ကို အံ့သြခြင်း သို့မဟုတ် အထူးတလည် ဝမ်းသာခြင်း မရှိဘဲ စောင့်ကြည့်နေသော ဂါရက်၏ အမူအရာကို သူတို့ သတိထားနေမိသည်။
သတိပေးချက်များ၊ အရိုးစုများ၊ ဒိုင်ယာရီများနှင့် သူတို့၏ အလိုလိုသိစိတ်များက တစ်ခုခု မှားနေသည်ဟု အော်ဟစ်နေသော်လည်း သူတို့သည် အခြားသူများကို ဘာမှ သက်သေမပြနိုင်ခဲ့ပေ။ ဒဲရက်၏ အဖွဲ့သည် သူတို့၏ ဆုံးဖြတ်ချက်ကို ချပြီးဖြစ်သည်။ သူတို့သည် တစ်ပတ်ကြာ ပျောက်ကွယ်သွားသော အသင်းဖော်နှစ်ယောက်ထက် ဂါရက်ကို ပို၍ ယုံကြည်ကြသည်။
ထို့ကြောင့် မွန်းနှင့် ဆယ်လင်းတို့လည်း သူတို့ဘာသာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူတို့သည် အဖွဲ့နှင့်အတူ လိုက်သွားမည်ဖြစ်ပြီး၊ တကယ်လို့ ဂါရက်က သူတို့၏ သံသယကို အတည်ပြုပေးမည့် မိုက်မဲသော လုပ်ရပ်တစ်ခုခု လုပ်လာခဲ့လျှင် သူ့ကို သတ်ပစ်ကြမည်ဖြစ်သည်။
အခုဆိုလျှင် သူတို့၌ ထိုသို့လုပ်နိုင်သည့် စွမ်းအား ရှိနေပြီဖြစ်သည်။