အခန်း (၂၆) - ဆောင်းရာသီ၏ နှလုံးသားက စောင့်ကြိုနေသည် [၁]
[ အမည် - မွန်း ]
[ မျိုးနွယ် - လူသား ]
[ အတန်းအစား - မရှိ ]
[ အဆင့် - ၁၀ ][ ၈၉% ]
[ အသက်အရေအတွက် - ၁၄၀ ]
[ ခွန်အား - ၁၉ ] [ သွက်လက်မှု - ၂၁ ] [ ကိုယ်ခံစွမ်းအား - ၂၄ ] [ မှော်စွမ်းအင် - ၂၆ ]
[ အမှတ်များ - ၅ ]
[ စွမ်းရည်များ - ဒြပ်စင်တိုက်ခိုက်မှု (အဆင့်-အမြင့်ဆုံး)၊ဒြပ်စင်လေးခုပေါင်းစပ်မှု (ရှားပါး၊ အဆင့်-၁) ]
[ ပါရမီ - သေမင်း (Grim Reaper) ]
[ အတန်းအစားစွမ်းရည် - လက်ရှိအတန်းအစား {၀/၁} ]
ပျက်စီးနေသည့် စခန်းဟောင်းသို့ သူတို့ပြန်ရောက်ချိန်တွင် လမ်းတစ်လျှောက် သတ်ဖြတ်ခဲ့သော သားရဲများထံမှ ရရှိသည့် အတွေ့အကြုံကြောင့် မွန်း ၏ အဆင့်မှာ ၁၁ သို့ ရောက်ရန် အနည်းငယ်သာ လိုတော့သည်။ တစ်ပတ်ကြာ အဆက်မပြတ် တိုက်ခိုက်ခဲ့ရမှုများက သူတို့နှစ်ဦးလုံးကို အစွန်းကုန် တွန်းပို့ခဲ့ပြီး၊ ဤရေခဲငရဲဘုံသို့ ပထမဆုံး စတင်ခြေချခဲ့စဉ်က ကြောက်လန့်တုန်ရင်နေခဲ့သော နိုးထသူများအဆင့်မှ ကြံ့ခိုင်ကျွမ်းကျင်သော စစ်သည်တော်များအဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။
စခန်းတွင် သူတို့သည် မီးဖိုငယ်လေးဘေး၌ ထိုင်နေကြပြီး တောက်လောင်နေသော မီးလျှံများက ခါးသီးလှသော အအေးဒဏ်ကို အနည်းငယ်မျှသာ ခုခံပေးနိုင်ရှာသည်။ မွန်း သည် သူ၏ အခြေအနေပြကွက် (Status) ကို ကြည့်လိုက်ရာ အသက်အရေအတွက်မှာ တစ်ထောင်ကျော်မှ တစ်ရာ့လေးဆယ်အထိ ကျဆင်းသွားသည်ကို တွေ့ရသည်။ စွမ်းရည်များကို အဆင့်မြှင့်တင်လိုက်ရခြင်းမှာ တန်ဖိုးကြီးလှသော်လည်း ရရှိလာသည့် ရလဒ်က ထိုက်တန်လှပေသည်။
"ငါတို့ တစ်ခုခု ဆုံးဖြတ်ရတော့မယ်" ဟု ဆယ်လင်း က တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ပြောလိုက်သည်။ မီးရောင်အောက်တွင် သူမ၏ မျက်ဝန်းတစ်ဝိုက်၌ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များကို မြင်တွေ့နေရသည်။
"ငါတို့ ဒီအတိုင်း ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေလို့ မဖြစ်ဘူး။ ပန်းတိုင်တစ်ခု ရှိဖို့လိုတယ်"
မွန်း ခေါင်းညိတ်လိုက်သည်။ "နတ်ကျောင်းပဲ။ ငါတို့ အဲ့ဒီကိုသွားပြီး ဘာတွေရှိနေလဲဆိုတာ ကြည့်ရမယ်"
"ငါတို့ အဆင်သင့်ဖြစ်ပြီလို့ ထင်လား"
"အဆင်သင့် ဟုတ်လား" မွန်း က ခပ်ပြတ်ပြတ် ရယ်မောလိုက်သည်။ "မဖြစ်သေးဘူး။ ဒါပေမဲ့ အရင်ကထက်စာရင်တော့ ငါတို့ ပိုသန်မာလာပြီ။ ပြီးတော့ ငါတို့မှာ အချက်အလက်တွေလည်း ရှိနေပြီ။ အဲ့ဒီမှတ်တမ်းစာအုပ်က ငါတို့အတွက် စတင်ဖို့ လမ်းစပဲ"
သူက ဆယ်လင်း ကို ကြည့်ကာ "အထဲမှာရှိတဲ့အရာကို ငါတို့ ချက်ချင်း ရင်ဆိုင်ဖို့ မလိုသေးဘူး။ အခြေအနေသွားကြည့်ရုံပဲ။ ဘာတွေရှိလဲဆိုတာ သိအောင်လုပ်မယ်။ ပြီးမှ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့"
ဆယ်လင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
နောက်ထပ် ဆယ်မိနစ်ခန့်ကို ပြင်ဆင်မှုများ ပြုလုပ်ရင်း ကုန်ဆုံးစေခဲ့သည်။ ရိက္ခာများကို စစ်ဆေးခြင်း၊ ရရှိထားသော သားမွေးများကို သေချာစွာ ထုပ်ပိုးခြင်းနှင့် မှတ်တမ်းစာအုပ်ထဲမှ သူတို့သိထားသော အချက်အလက်အနည်းငယ်ကို ပြန်လည်သုံးသပ်ခြင်းတို့ ပြုလုပ်ကြသည်။ နတ်ကျောင်းမှာ စွန့်ပစ်ထားသော စခန်း၏ အရှေ့မြောက်ဘက်တွင် ရှိပြီး၊ နှင်းပွင့်ပုံစံများ ထွင်းထုထားသည့် ကျောက်တိုင်များရှိရာ တောင်ပေါ်သို့ နာရီဝက်ခန့် တက်ရမည်ဖြစ်သည်။
"မနက်ဖြန် မိုးလင်းတာနဲ့ ငါတို့ ထွက်ကြမယ်" ဟု မွန်း က ဆုံးဖြတ်လိုက်သည်။ "အသွားအပြန် ခရီးအတွက် နေ့အလင်းရောင်ကို အပြည့်အဝ အသုံးချရမယ်"
ဆယ်လင်း က သဘောတူလိုက်ပြီး ညအတွက် အနားယူကြသည်။ လွန်ခဲ့သည့် တစ်ပတ်လုံးကကဲ့သို့ပင် သူတို့နှစ်ဦး တစ်ယောက်တစ်လှည့် ကင်းစောင့်ကြသည်။
အရုဏ်တက်ချိန်တွင် ကောင်းကင်ယံ၌ ပြာလွင်လွင်နှင့် ခရမ်းရောင်အဆင်းများ ယှက်သန်းလာပြီးနောက် မှတ်တမ်းစာအုပ်ထဲတွင် ဖော်ပြထားသည့် တောင်တန်းဆီသို့ သူတို့ ထွက်ခွာလာခဲ့ကြသည်။ လတ်ဆတ်သော နှင်းများပေါ်တွင် သူတို့၏ ခြေသံများ တကျွတ်ကျွတ် မြည်ဟည်းနေပြီး အေးစိမ့်လှသော လေထုထဲတွင် အသက်ရှူလိုက်တိုင်း ငွေ့ရည်များ ထွက်ပေါ်လာသည်။
တောင်တန်းကြီးက အဝေးတွင် ထီးထီးကြီး ရှိနေပြီး ၎င်း၏ တောင်ထိပ်မှာ တိမ်တိုက်များနှင့် ရေခဲများကြားတွင် ပျောက်ကွယ်နေသည်။ ဤအေးခဲနေသော တောကန္တာရထဲရှိ တစ်နေရာရာတွင် သူတို့ လွတ်မြောက်နိုင်မည့် သော့ချက် သို့မဟုတ်... သူတို့၏ သေဆုံးခြင်းလည်း ဖြစ်နိုင်သည့် နတ်ကျောင်းတစ်ကျောင်း ရှိနေသည်။
သို့သော် သူတို့တွင် အခြားရွေးချယ်စရာ မရှိချေ။ ဤနေရာတွင် ရပ်တန့်နေခြင်းမှာ အအေးဒဏ် သို့မဟုတ် ငတ်မွတ်မှုကြောင့် ဖြည်းဖြည်းချင်း သေဆုံးသွားရခြင်းသာ ဖြစ်သည်။ ရှေ့ဆက်တိုးခြင်းကသာ နတ်ကျောင်းထဲတွင် ရှိနေနိုင်သည့် ထိတ်လန့်ဖွယ်ရာများကို ရင်ဆိုင်ရင်း လမ်းစရှာနိုင်မည် ဖြစ်သည်။
မွန်း သည် ပုခုံးပေါ်မှ ဝက်ဝံသားမွေးကို ပြင်ဝတ်လိုက်ပြီး တောင်ပေါ်သို့ ဆက်လက်တက်လှမ်းခဲ့သည်။ ဆယ်လင်း ကလည်း ဘေးမှ လိုက်ပါလာပြီး သူတို့နှစ်ဦးလုံး ခိုင်မာသော စိတ်ဓါတ်ဖြင့် သူတို့၏ ကံကြမ္မာဆီသို့ ဦးတည်သွားကြသည်။
ဆောင်းရာသီ၏ အသည်းနှလုံးက သူတို့ကို စောင့်ကြိုနေလေပြီ။
♢♢♢♢
နေမင်းသည် ကောင်းကင်အလယ်သို့ ရောက်ရှိချိန်တွင် သူတို့သည် တောင်ခြေသို့ ရောက်ရှိလာကြသည်။
မွန်း နှင့် ဆယ်လင်း တို့သည် ဘေးချင်းယှဉ်ရပ်လျက် ခေါင်းကို အစွမ်းကုန် မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံကို ကုတ်ခြစ်နေသည့် အေးခဲနေသော ဘီလူးကြီးတစ်ကောင်ကဲ့သို့ ခန့်ညားထည်ဝါလှသော အဆောက်အအုံကြီးကို မြင်တွေ့လိုက်ရသည်။ တောင်တန်းကြီးမှာ မယုံနိုင်လောက်အောင် မြင့်မားလှပြီး ၎င်း၏ တောင်စောင်းများမှာ မတ်စောက်ကာ အန္တရာယ်များလှသည်။ ဖြူစင်သော နှင်းလွှာများနှင့် ကျိုးပဲ့နေသော ဖန်စများကဲ့သို့ လင်းလက်နေသည့် ရေခဲချွန်များက တောင်တန်းကြီးကို ဖုံးလွှမ်းထားသည်။
ကြားနေရသည့် တစ်ခုတည်းသော အသံမှာ လေတိုးသံပင် ဖြစ်သည်။
လေသည် တောင်စောင်းတစ်လျှောက် အော်ဟစ်မြည်ဟည်းကာ တိုက်ခတ်နေပြီး သေဆုံးခြင်းပေါင်းများစွာ၏ တီးတိုးသံများကို သယ်ဆောင်လာသယောင် ရှိသည်။
နွေးထွေးမှု သို့မဟုတ် သက်ရှိတို့၏ အရိပ်အယောင် ကင်းမဲ့နေသော နှင်းများ၏ ရနံ့ကို သူတို့ ရှူရှိုက်လိုက်ရသည်။ ထိုရနံ့၏ အောက်တွင် လောင်မြိုက်စေတတ်သော အေးစိမ့်သည့် ရေခဲ၏ သတ္တုနံ့သင်းသင်းနှင့် နွေရာသီကို တစ်ခါမျှ မကြုံဖူးသည့် လေထု၏ သန့်စင်သော ဟာလာဟင်းလင်း ဖြစ်မှုတို့ ရောယှက်နေသည်။
မြင်ကွင်းမှာ တစ်ချိန်တည်းမှာပင် လှပလွန်းသလို ကြောက်မက်ဖွယ်လည်း ကောင်းလှသည်။
တောင်၏ မျက်နှာစာမှာ လက်ရာမြောက်လှသော ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ ဧရာမ ရေခဲပြင်ကြီးများသည် မတ်စောက်သော ကျောက်ဆောင်နံရံများတွင် တွယ်ကပ်နေပြီး အရှိန်အဟုန်ဖြင့် စီးဆင်းနေစဉ် ရုတ်တရက် အေးခဲသွားသည့် ရေတံခွန်ကြီးများသဖွယ် ဖြစ်ပေါ်နေသည်။ နှင်းပုံကြီးများသည် လေတိုက်နှုန်းကြောင့် လှပသော အကွေးအဆန့်များအဖြစ် ပုံပေါ်နေပြီး အနုပညာဆန်လှသည်။ ရေခဲပြင်က အလင်းကို ပြန်ကန်စေကာ ဖြူဖွေးသော မြင်ကွင်းပေါ်တွင် သက်တန့်ရောင်စဉ်နုနုများကို ကခုန်စေသည်။
သို့သော် ဤအလှတရား၏ နောက်ကွယ်တွင် အန္တရာယ်များ ပုန်းအောင်းနေသည်ကို မွန်း နှင့် ဆယ်လင်း တို့ ကောင်းကောင်း သိကြသည်။
မွန်း ၏ မျက်လုံးများက တောင်အောက်ပိုင်းကို ဝေ့ဝဲကြည့်လိုက်သည်။
လက်သည်းရာကြီးများသည် ရေခဲဖုံးနေသော ကျောက်ဆောင်များပေါ်တွင် နက်ရှိုင်းစွာ ထွင်းထုထားသကဲ့သို့ ရှိနေပြီး ၎င်းတို့မှာ ယခုအထိ သူတို့ ရင်ဆိုင်ခဲ့ဖူးသမျှ အရာအားလုံးထက် များစွာ ကြီးမားလှသည်။ ထိုအရာကို ပြုလုပ်ခဲ့သည့် သတ္တဝါမှာ မကြာမီကမှ ဤနေရာမှ ဖြတ်သန်းသွားခြင်း ဖြစ်နိုင်ကြောင်း နှင်းများ အပြည့်အဝ ဖုံးလွှမ်းခြင်း မရှိသေးသည့် အရာများက သက်သေပြနေသည်။
ရှေ့နားတွင်မူ နှင်းပုံထဲ၌ တစ်ဝက်တစ်ပျက် နစ်မြုပ်နေသော မွန်း မသိသည့် ဧရာမ သတ္တဝါကြီးတစ်ကောင်၏ အေးခဲနေသော အလောင်းကို တွေ့ရသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းအောင် စုတ်ပြတ်နေပြီး တောင်နံရံနှင့် ပြင်းထန်စွာ ရိုက်မိထားသည့်ပုံ ပေါက်နေသည်။
နံရိုးများမှာ စုတ်ပြဲနေသော အသားများကြားမှ ထိုးထွက်နေပြီး ခြေထောက်တစ်ဖက်မှာလည်း ပျောက်ဆုံးနေသည်။ ဤသတ္တဝါကို သတ်ဖြတ်ခဲ့သည့်အရာမှာ သူတို့ တိုက်ခိုက်ခဲ့သော အာတိတ်ဝက်ဝံကို ကလေးကစားစရာကဲ့သို့ ဖြစ်သွားစေနိုင်လောက်သည့် ခွန်အားမျိုး ရှိရပေမည်။
ဆယ်လင်း က တောင်တက်လမ်း တစ်လျှောက်ရှိ ခြေရာများကို တိတ်ဆိတ်စွာ ညွှန်ပြလိုက်သည်။ ထိုခြေရာများမှာ အလွန်ကြီးမားပြီး စွန့်ပစ်ထားသော စခန်းသို့ သူတို့ လိုက်လာစဉ်က တွေ့ခဲ့သည့် ခြေရာများကဲ့သို့ပင် ခြေချောင်း သုံးချောင်းပါရှိသည်။ ခြေရာတစ်ခုချင်းစီမှာ မွန်း ၏ လက်သီးတစ်ပြင်လုံးကို ထည့်၍ရလောက်အောင် နက်ရှိုင်းလှသည်။
"အပေါ်မှာ တစ်ခုခုတော့ အကြီးကြီး ရှိနေတယ်" ဟု ဆယ်လင်း က တိုးတိုးလေး ပြောလိုက်သော်လည်း သူမ၏ အသံမှာ လေတိုးသံထဲ၌ နစ်မြုပ်လုနီးပါး ဖြစ်နေသည်။
မွန်း က မျက်တောင်မခတ်ဘဲ ဆက်လက်ကြည့်ရှုရင်း ခေါင်းညိတ်လိုက်သည်။ နှင်းဖြူဖြူပေါ်တွင် သွေးကွက်အချို့မှာ နီရဲလျက် ရှိနေပြီး သွေးစွန်းသော လမ်းကြောင်းများမှာ တောင်ပေါ်နှင့် တောင်အောက်သို့ သွယ်တန်းနေသည်။
ဤအချိန်တွင် နိုးထသူ နှစ်ဦးလုံး သိလိုက်ရသည်မှာ ဤနေရာသည် အန္တရာယ်ရှိသော နယ်မြေရုံသာမက စစ်တလင်းတစ်ခု ဖြစ်နေခြင်းပင်။ အဆင့် ၉ သားရဲများကိုပင် သားကောင်အဖြစ် အမဲလိုက်နိုင်သည့် အရာများ ကျက်စားရာ နယ်မြေဖြစ်သည်။
ပြီးတော့ ထိုရေခဲအိပ်မက်ဆိုးထဲတွင် ထွင်းထုထားသည့် နတ်ကျောင်းမှာ သူတို့ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပေလိမ့်မည်။
မွန်း သည် ထူးဆန်းသော ပုံစံများဖြင့် လှည့်ပတ်နေသည့် တိမ်တိုက်များ ဖုံးလွှမ်းနေသော တောင်ထိပ်မှ သူ၏ အကြည့်ကို လွှဲလိုက်ပြီး ဆယ်လင်း ကို ကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း အမူအရာကမူ ခိုင်မာပြတ်သားနေသည်။
"နောက်ကြောင်းပြန်လှည့်ဖို့ နောက်ဆုံးအခွင့်အရေးပဲ" ဟု သူက တိုးတိုးလေး ပြောလိုက်သည်။
ဆယ်လင်း က ခေါင်းခါလိုက်သည်။ "ငါတို့ ဒီအထိ ရောက်လာပြီပဲ။ ပြီးတော့ တခြားသွားစရာ နေရာလည်း မရှိတော့ဘူး"
မွန်း ခေါင်းညိတ်လိုက်သည်။ သူမ၏ အဖြေမှာ သူ၏ စိတ်ကူးနှင့် ထပ်တူကျနေသောကြောင့်ပင် ဖြစ်လေတော့သည်။