အခန်း (၁၄) - ဂါရက်
"ဒါက လူသားတစ်ယောက်လား? ဘယ်လိုဖြစ်ပြီး... သူတို့ပါ ဒီထဲကို အဆွဲသွင်းခံလိုက်ရတာလဲ?" ဂျွန်က သူတို့ဆီ ချဉ်းကပ်လာသည့် ပုံရိပ်ကို မယုံနိုင်သလို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
ထိုသူသည် ဟောင်းနွမ်းစုတ်ပြတ်နေသော ဝက်ဝံသားရေအဝတ်အစားများကို ဖာထေးဝတ်ဆင်ထားသည်။ အ၀တ်အစားနှင့် လက်စွပ်များတွင် ထူထဲသော သားမွှေးများ ပါရှိပြီး မွန်းတို့အဖွဲ့ကို တုန်ရီနေစေသည့် ကြောက်မက်ဖွယ် အအေးဒဏ်မှ အကာအကွယ်ပေးထားသည့်ပုံရသည်။ သူ၏လက်တွင် လှံတစ်စင်းကို ကိုင်ဆောင်ထားပြီး လှံဖျားတွင် သွေးဟု ယူဆရသော အရည်အမည်းများ စွန်းထင်းနေသည်။
သူ့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှရာ လက်ရှိရှိနေသည့် လူတိုင်းထက် ပိုမိုသန်မာသော စွမ်းအားနိုးထသူ (Awakener) တစ်ဦး ဖြစ်ပုံရသည်။
အဖွဲ့ဝင်များက ချက်ချင်းဆိုသလို ခုခံသည့်ပုံစံ ပြင်လိုက်ကြသည်။ ချဉ်းကပ်လာသူ၏ ရည်ရွယ်ချက်ကို သူတို့ မသေချာသလို၊ ယခုကဲ့သို့ နေရာမျိုးတွင် တစ်ဦးကိုတစ်ဦး ယုံကြည်ရန်ဆိုသည်မှာ သူတို့ မတတ်နိုင်သော ဇိမ်ခံမှုတစ်ခုပင် ဖြစ်သည်။
"သတိထားကြ၊ သူက အနည်းဆုံး အဆင့် ၁၀ ရှိတယ်" ဒါရက်က ဓားရိုးကို တင်းတင်းဆုပ်ကိုင်ရင်း တိုးတိုးလေး သတိပေးလိုက်သည်။
ထိုသူသည် ပြင်းထန်သော လေနှင်းမုန်တိုင်းကို ဂရုမစိုက်ဘဲ ဆက်လက်လျှောက်လှမ်းလာသည်။ ကိုက် ၂၀ ခန့် အကွာအဝေး၊ ဆိုလိုသည်မှာ လေတိုက်သံများကြားမှ စကားပြောလျှင် ကြားနိုင်သော်လည်း တိုက်ရိုက်အန္တရာယ် မပြုနိုင်သည့် အကွာအဝေးသို့ ရောက်သောအခါ သူ ရပ်လိုက်သည်။
သူသည် ရာသီဥတုဒဏ်ကြောင့် ကြမ်းတမ်းနေသော မျက်နှာရှိသည့် အမျိုးသားတစ်ဦး ဖြစ်ပြီး မုတ်ဆိတ်မွှေးများတွင် ရေခဲများ ကပ်နေသည်။ သူ၏ မျက်လုံးများမှာ ထက်မြက်လှပြီး သူတို့က သူ့ကို သတိထားသကဲ့သို့ သူကလည်း သူတို့ကို ပြန်လည်အကဲခတ်နေသည်။
"မင်းတို့က အသစ်ရောက်လာတဲ့သူတွေပဲ" ထိုလူက ခပ်အက်အက်အသံဖြင့် ပြောလိုက်သည်။
ဒါရက်က ရှေ့သို့ အနည်းငယ်တိုးကာ ခေါင်းဆောင်သဖွယ် မေးခွန်းထုတ်လိုက်သည်။ "ခင်ဗျားက ဘယ်သူလဲ?"
ထိုလူက မေးခွန်းမေးပုံကို စိတ်ထဲမထားပုံရသည်။ "ငါ့နာမည် ဂါရက်။ ငါလည်း မင်းတို့လိုပဲ စွမ်းအားနိုးထသူတစ်ယောက်ပါ။ လွန်ခဲ့တဲ့ လပေါင်းများစွာက အမဲလိုက်ရင်းနဲ့ ဒီကျိန်စာသင့်တဲ့နေရာထဲကို မတော်တဆ အက်ကြောင်းတစ်ခုကနေ ပါလာတာ။ မမေးခင် ကြိုပြောထားရရင် ဒီမှာ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ တခြားလူတွေလည်း ရှိသေးတယ်။ ငါတို့ ခက်ခက်ခဲခဲနဲ့ အသက်ရှင်နေကြတာပေါ့။"
"လပေါင်းများစွာလား? ခင်ဗျား ဒီမှာ လပေါင်းများစွာ ပိတ်မိနေတာလား?"
ဂါရက်၏ မျက်နှာ အုံ့မှိုင်းသွားသည်။ "ပိတ်မိနေတယ်ဆိုတာ မှန်တယ်။ ဒီလျှို့ဝှက်နယ်မြေကနေ ထွက်သွားဖို့ မလွယ်ဘူး။ ငါတို့အများစုက ဒီကနေထွက်ဖို့ နည်းလမ်းကို ရှာနေတုန်းပဲ။" သူက နောက်ဘက်ကို ဝေဝေဝါးဝါး ညွှန်ပြလိုက်သည်။ "ငါ အသုံးအဆောင်တွေအတွက် အမဲလိုက်ရင်း မင်းတို့ကို တွေ့တာ။ မင်းတို့ ကံကောင်းတယ်လို့ ပြောရမယ်။ ဒီကိုရောက်လာတဲ့သူ အများစုက ခိုလှုံရာမတွေ့ရင် နာရီပိုင်းအတွင်းမှာပဲ အေးခဲသေဆုံးသွားကြတာ။"
"တခြားလူတွေက ဘယ်မှာလဲ?" ဒါရက်က သတိကြီးစွာဖြင့် စိတ်ဝင်တစား မေးလိုက်သည်။
"ငါတို့မှာ စခန်းတစ်ခုရှိတယ်။ အနောက်မြောက်ဘက် ၂ ကီလိုမီတာလောက်မှာ ဂူတွေရှိတယ်၊ မီးဖို၊ ခိုလှုံရာနဲ့ စားနပ်ရိက္ခာ အနည်းငယ်ရှိတယ်။ အများကြီးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အသက်ရှင်ဖို့ လုံလောက်ပါတယ်။ မင်းတို့ လိုက်ချင်ရင် လိုက်ခဲ့လို့ရတယ်။ ဒါမှမဟုတ် ဒီမှာပဲနေပြီး အအေးဒဏ်ကို ရင်ဆိုင်ချင်လည်း ရတာပဲ။"
အီလာရာက ရှေ့သို့တိုးလာကာ လေးကို အသင့်ကိုင်ထားဆဲပင်။ "ဘာလို့ ခင်ဗျားနောက် လိုက်ရမှာလဲ? ဒါ ထောင်ချောက်မဟုတ်ဘူးလို့ ဘယ်လိုသိနိုင်မလဲ?"
ဂါရက်က သူမကို အကြာကြီး စိုက်ကြည့်နေပြီးမှ ခပ်ခြောက်ခြောက် ရယ်မောလိုက်ရာ လေထဲတွင် မြူခိုးများ ထွက်ပေါ်လာသည်။ "ထောင်ချောက်? မိန်းကလေး၊ မင်းပတ်ဝန်းကျင်ကို ကြည့်လိုက်စမ်း။ ဒီတစ်နေရာလုံးက ထောင်ချောက်ပဲ။ မင်းတို့ကို သတ်ဖို့ ငါက ဘယ်နေရာကိုမှ မြှူခေါ်သွားဖို့ မလိုဘူး။ ဒီတောင်ကြီးကပဲ မင်းတို့ကို သတ်သွားလိမ့်မယ်။"
သူသည် လှည့်ထွက်သွားပြီး လမ်းလျှောက်သွားတော့သည်။ "မင်းတို့က သေချင်လို့ ရေခဲရုပ်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီမှာပဲ နေခဲ့လိုက်။ ငါကတော့ ပြန်ပြီ။ လိုက်ချင်တဲ့သူ လိုက်ခဲ့လို့ရတယ်။"
သူက အဖြေကို မစောင့်ဘဲ နှင်းပေါ်တွင် ခြေသံတဖျပ်ဖျပ်ဖြင့် လာခဲ့သည့်လမ်းအတိုင်း ပြန်လျှောက်သွားသည်။ အဖွဲ့ဝင်များ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ လေပြင်းများက သူတို့ပတ်ဝန်းကျင်တွင် တိုက်ခတ်နေပြီး စက္ကန့်နှင့်အမျှ အအေးဒဏ်က အရိုးထဲထိ စိမ့်ဝင်နေသည်။
ဒါရက်က ပထမဆုံး စကားပြောလိုက်သည်။ "သူပြောတာ မှန်တယ်။ အကာအကွယ်မရှိဘဲ ငါတို့ ဒီမှာ အကြာကြီး မခံနိုင်ဘူး။ အသက်ရှင်ကျန်ရစ်သူတွေ တည်ဆောက်ထားတဲ့ ဘေးကင်းရာနေရာရှိတယ်ဆိုရင် အဲဒီကိုသွားပြီး နားခိုတာက ငါတို့အတွက် အကောင်းဆုံးပဲ။ သူနဲ့ စောစောစီးစီး တွေ့လိုက်ရတာ ကံကောင်းတယ်လို့ ပြောရမယ်။"
မားကတ်စ်က တုန်တုန်ယင်ယင်ဖြင့် ခေါင်းညိတ်သည်။ "ဒီမှာ ရပ်နေရင်း အေးခဲသေတာထက်စာရင်တော့ ပိုကောင်းပါတယ်။"
ဆယ်လင်းက မွန်း၊ ဂျွန်နှင့် အီလာရာတို့ကို စကားမပြောဘဲ မျက်လုံးချင်းဖြင့် မေးလိုက်သည်။
မွန်းက ခဏလောက် စဉ်းစားလိုက်သည်။ ဂါရက်က သူတို့ကို အန္တရာယ်ဆီ ခေါ်သွားတာလည်း ဖြစ်နိုင်သော်လည်း ဒီမှာဆက်နေလျှင် သေချာပေါက် သေမည်မှာ အမှန်ပင်။
"ငါတို့ သွားသင့်တယ်။ သတင်းအချက်အလက်တွေရမှ ဒါမှမဟုတ် ငါတို့ ဘယ်ရောက်နေလဲဆိုတာ သေချာသိမှ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့" ဟု မွန်းက ခပ်တိုးတိုး ပြောလိုက်သည်။
ဂျွန်နှင့် အီလာရာတို့ကလည်း သဘောတူကြသည်။
"ကောင်းပြီ" ဆယ်လင်းက အသံကိုမြှင့်ကာ ပြောလိုက်သည်။ "ကျွန်မတို့ လိုက်ခဲ့ပါ့မယ်!"
ဂါရက်က လှည့်မကြည့်သလို တုံ့ပြန်မှုလည်း မပြုဘဲ လမ်းကြောင်းကို ကျွမ်းကျင်သည့်သူပမာ နှင်းတောထဲတွင် ဆက်လျှောက်သွားသည်။ ဒါရက်တို့အဖွဲ့က ချက်ချင်းလိုက်သွားပြီး မွန်းတို့အဖွဲ့ကလည်း နောက်ကနေ လိုက်လာကြသည်။ ယခုအချိန်တွင် အဖွဲ့ခွဲလိုက်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ရှေ့တွင် မည်သည့်အန္တရာယ်ရှိနေပါစေ သူတို့ အတူတကွ ရင်ဆိုင်ကြရမည်။
မွန်းသည် သူ၏ မလုံလောက်သော ဝတ်စုံကို လေဒဏ်မှ ကာကွယ်ရန် တင်းတင်းကြပ်ကြပ် ဆွဲစိလိုက်ပြီး ဂါရက်၏ ခြေရာအတိုင်း လိုက်လာခဲ့သည်။ သူ၏မျက်လုံးများက ပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြည့်နေပြီး ဤလျှို့ဝှက်နယ်မြေတွင် နောက်ထပ် မည်သည့်အရာများ စောင့်ကြိုနေဦးမည်ကို တွေးတောနေမိသည်။
ခြေလှမ်းတိုင်းတွင် အအေးဒဏ်က ပိုမိုပြင်းထန်လာပြီး တောင်တန်းကြီးကမူ မည်သည့်ကရုဏာမျှ မပြပေ။
လမ်းခုလတ်တွင် သူတို့သည် ဦးခေါင်းတွင် ချိုသုံးချောင်းပါသော ကြီးမားသည့် အက်တစ်တောဝက်တစ်ကောင်နှင့် တိုးကြသည်။ ၎င်း၏ မျက်လုံးများတွင် ရက်စက်သည့် အရိပ်အယောင်များ ရှိနေပြီး အဖွဲ့သားများ မတုံ့ပြန်နိုင်ခင်မှာပင် သူတို့ဆီသို့ ဒေါသတကြီး ပြေးဝင်လာသည်။
[အက်တစ်တောဝက် (Arctic Boar)] [အဆင့် - ၁၂] [အသေးစိတ် - ကာကွယ်ရေးအများစုကို ဖောက်ထွက်နိုင်သော အားကောင်းသည့် ချိုသုံးချောင်းရှိပြီး အေးသောရာသီဥတုနှင့် သင့်လျော်သော သဘာဝစွမ်းရည်ရှိသည်။ အက်တစ်တောဝက်သည် ဤဒေသ၏ အသားစားသတ္တဝါတစ်မျိုးဖြစ်ပြီး လူအများ ကြောက်ရွံ့ကြသည်။]
"သတိထား! အဲဒါ တော်တော်သန်မာတယ်" ဒါရက်က တိုက်ခိုက်မည့်ပုံစံပြင်ရင်း အော်ပြောလိုက်သည်။
အဖွဲ့သားများ မလှုပ်ရှားရသေးခင်မှာပင် ဂါရက်က သူ၏လှံဖြင့် ထိုတောဝက်၏ လည်ချောင်းကို လျှပ်တစ်ပြက် ထိုးဖောက်လိုက်သည်။ တောဝက်၏ လည်ချောင်းထဲမှ သွေးသံတဗွက်ဗွက်ထွက်လာသည်ကို လူတိုင်း ထိတ်လန့်တကြား ကြည့်နေကြသည်။
ထိုအချိန်တွင် ဂါရက်သည် သူတို့ထင်ထားသည်ထက် ပို၍ သန်မာကြောင်း အားလုံး သိလိုက်ကြသည်။
နင်းတောထဲတွင် ဂါရက်နောက်သို့ ၁၅ မိနစ်ခန့် လိုက်ပါလာပြီးနောက် ဂူတစ်ခုသို့ ရောက်ရှိလာသည်။ ဂူဝင်ပေါက်မှာ ရေခဲနှင့် ကျောက်ဆောင်များအောက်တွင် တစ်ဝက်ခန့် ဖုံးကွယ်နေပြီး တည်နေရာအတိအကျကို မသိလျှင် ရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင်။
သူတို့ အနားရောက်လာသည်နှင့်အမျှ မွန်း၏စိတ်ထဲတွင် သံသယတစ်ခု ပေါ်လာသည်။ ယခုကဲ့သို့ ပြင်းထန်သော အအေးဒဏ်နှင့် နှင်းမုန်တိုင်းကြားတွင် မြင်ကွင်းမှာ ကိုက် ၂၀ ခန့်သာ ရှိသည်။ ထိုကဲ့သို့ အန္တရာယ်များသည့်နေရာတွင် မည်သူက ခိုလှုံရာနှင့် ဝေးရာသို့ သွားပါမည်နည်း?
"ဒါနဲ့" မွန်းက လေတိုက်သံကြားမှ ကြားနိုင်ရန် အော်မေးလိုက်သည်။ "ဒီပတ်ဝန်းကျင်မှာ ဘယ်လိုသားရဲတွေ ရှိလဲ?"
ဂါရက်က ခဏမျှ လှည့်ကြည့်သည်။ ရေခဲများကပ်နေသော မုတ်ဆိတ်များကြားမှ သူ၏ မျက်နှာအမူအရာကို မမြင်ရပေ။ "ဝက်ဝံဖြူတွေ အများဆုံးရှိတယ်။ သူတို့က နယ်မြေလုတတ်ပေမဲ့ သူတို့အသားက အအေးထဲမှာ အထားခံတယ်။ အစားအသောက်အတွက် အဆင်ပြေတာပေါ့။"
သူက ပတ်ဝန်းကျင်က နှင်းပြင်ကြီးကို လက်ညှိုးညွှန်ပြသည်။ "ပြီးတော့ ရေခဲဝိညာဉ် (Ice Wraiths) တွေရှိတယ်။ သူတို့ကို သတ်ဖို့ ပိုခက်ပြီး စားလို့လည်း မရဘူး။ ဒါပေမဲ့ ဒီကနေ ထွက်သွားလို့ရရင် သူတို့ရဲ့ အမြုတေ (Cores) တွေက ဈေးကောင်းရတယ်။ ပြီးတော့ ပိုနက်တဲ့နေရာတွေမှာ..."
သူ ခေတ္တရပ်လိုက်သည်။ "ပိုနက်တဲ့နေရာမှာ ငါတို့ရှောင်ရတဲ့ အရာတွေရှိတယ်။ ရေခဲဘီလူး (Frost Giants) တွေနဲ့ အဲဒါထက် ပိုဆိုးတဲ့အရာတွေပေါ့။"
"ခင်ဗျားက ဒီအပြင်မှာ တစ်ယောက်တည်း အမဲလိုက်တာလား?" မွန်းက ဆက်မေးသည်။
"တစ်ယောက်ယောက်တော့ လုပ်ရမှာပဲလေ" ဂါရက်က အေးအေးဆေးဆေး ပြန်ဖြေသည်။ "ငါတို့ အလှည့်ကျ သွားကြတာ။ သိုလှောင်ထားတဲ့ ရိက္ခာတွေနဲ့ပဲ အမြဲတမ်း အသက်မရှင်နိုင်ဘူးလေ။" သူက ဂူဝင်ပေါက်တွင် ရပ်လိုက်ပြီး အဖွဲ့သားများဘက်သို့ ပထမဆုံးအကြိမ် လှည့်ကြည့်သည်။ "ဝက်ဝံတွေကတော့ ဂူနဲ့ တစ်ကီလိုမီတာအတွင်းကို လာလေ့မရှိဘူး။ သူတို့က လူတွေအများကြီးရှိတဲ့နေရာကို ရှောင်ရမှန်း သိကြတယ်။ ဒါကြောင့် ငါက အဝေးကြီးအထိ သွားရတာပေါ့။ ငါတို့အားလုံး အဲဒီလိုပဲ သွားကြတယ်။"
သူ၏ လေသံအရ စကားပြောခြင်း ပြီးဆုံးသွားပြီဟု ယူဆရသည်။ သူက ဂူဝင်ပေါက်ထဲသို့ ငုံ့ဝင်သွားပြီး မှောင်မည်းနေသော အတွင်းဘက်သို့ ပျောက်ကွယ်သွားသည်။
မွန်းသည် ထိုအချက်အလက်များကို မှတ်သားထားလိုက်သည်။ ရှင်းပြချက်မှာ ကျိုးကြောင်းဆီလျော်သော်လည်း တစ်ခုခုတော့ မှားနေသလို ခံစားနေရသည်။ ဘာလဲဆိုတာ အတိအကျ မသိသော်လည်း အရာအားလုံးက မရိုးရှင်းကြောင်း သူ၏ ဗီဇက သတိပေးနေသည်။
ဒါရက်က အအေးဒဏ်မှ လွတ်မြောက်ရန် ဂူဝင်ပေါက်ဆီသို့ အလျှင်အမြန် သွားလိုက်သည်။ "လာကြ၊ လက်ချောင်းတွေ အေးခဲမသွားခင် အထဲဝင်ကြရအောင်။"
အဖွဲ့ဝင်များမှာ လေပြင်းနှင့် နှင်းများကြားမှ ဂူအတွင်းရှိ ခိုလှုံရာဆီသို့ တစ်ဦးပြီးတစ်ဦး ဝင်သွားကြတော့သည်။