အခန်း - ၁ သိုင်းဝိညာဉ်ပညာ နိုးထခြင်း၊ ခြောက်တောင်ပံ နတ်သမီးသိုင်းဝိညာဉ်ပညာ
ဝိညာဉ်ခန်းမအတွင်း၌...
ချောမောခန့်ညားတဲ့ လူငယ်တစ်ယောက်က အိပ်ယာရှေ့မှာ ဆောင့်ကြောင့်ထိုင်နေသည်။ သူ့မျက်ဝန်းများထဲတွင်တော့ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့ ရင့်ကျက်မှုတစ်ခုကို မြင်တွေ့နိုင်သည်။
"ငါ ဒီလောကကို ကူးပြောင်းရောက်ရှိလာတာ ခြောက်နှစ်တောင် ရှိပြီ။ ဒါပေမဲ့ စနစ်က အခုထိ ဘာလို့ ပေါ်မလာသေးတာလဲ"
လူငယ်က စိတ်ထဲမှာ မကျေမနပ် ရေရွတ်နေမိသည်။
ဒီအသက်အရွယ်အထိ စနစ်တစ်ခုတောင် မရသေးဘူးဆိုရင် သူဟာ အစကတည်းက သူများနောက်မှာ ကျန်ခဲ့ပြီလို့ ဆိုရမည်။
ဟုတ်တယ်။
သူဟာ တခြားလောကကနေ ဒီလောကကို ကူးပြောင်းလာသူတစ်ယောက် ဖြစ်သည်။
အသားအရိုးနဲ့ ပြည့်စုံတဲ့ မွေးကင်းစကလေးဘဝကတည်းက ပြန်လည်မွေးဖွားလာခဲ့ပြီး အရူးအမူးလှပတဲ့ ဘီဘီတုံရဲ့ သားတစ်ယောက် ဖြစ်လာခဲ့တာပင်။
ပြောရမယ်ဆိုရင် သူ့ရဲ့ ကူးပြောင်းလာပုံကလည်း တော်တော်လေး စိတ်ဝင်စားစရာကောင်းသည်။
အရင်ဘဝတုန်းက သူဟာ Honor of Kings ဂိမ်းထဲမှာ လီရှင်းကို အရမ်းကြိုက်ပြီး အမြဲတမ်း ကစားလေ့ရှိသူ ဖြစ်သည်။
တစ်ပွဲမှာ သူ့ဘက်က အခြေအနေ အတော်လေး ဆိုးရွားနေခဲ့ပေမဲ့ အမှောင်လီရှင်းကို အသုံးပြုပြီး ပြိုင်ဘက်ရဲ့ အဓိကအဆောက်အအုံကို ခိုးဖျက်နိုင်ခဲ့သည်။
အဲဒီအချိန်မှာ အဓိကအဆောက်အအုံကြီး ပေါက်ကွဲသွားခဲ့ပြီး...
သူကိုယ်တိုင်လည်း အတူတူ ပေါက်ကွဲသွားခဲ့ရသည်။
လွန်ခဲ့တဲ့ ခြောက်နှစ်အတွင်းမှာတော့ သူ့ဘဝဟာ အတော်လေး အဆင်ပြေချောမွေ့ခဲ့သည်။
ဂရုစိုက်ပေးတဲ့ အဘိုးနဲ့ အဖေရှိသလို အတူတူ ဆော့ကစားလို့ရတဲ့ ချစ်စရာ ညီမလေးတစ်ယောက်လည်း ရှိနေသည်။
ဘီဘီတုံရဲ့ သူ့အပေါ်ထားတဲ့ အကြည့်တွေက အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်တစ်ကောင်လို အန္တရာယ်များနေပေမဲ့ ချန်တာလျူ ရှိနေတဲ့အတွက် ဘီဘီတုံဟာ ဘာမှ လက်လွတ်စပယ် မလုပ်ရဲခဲ့ပေ။
"ဒေါက် ဒေါက်..."
"အစ်ကို အခန်းထဲမှာ ရှိလား"
တံခါးအပြင်ဘက်ကနေ နူးညံ့တဲ့ မိန်းကလေးအသံလေးတစ်သံ ထွက်ပေါ်လာသည်။
ချန်ရန်ရှင်းက မတ်တတ်ထရပ်ပြီး တံခါးကို ဖွင့်ပေးလိုက်သည်။
မိန်းကလေးရဲ့ ရွှေရောင်ဆံနွယ်ရှည်တွေက ပုခုံးပေါ်မှာ ပိုးဖဲကြိုးလေးတွေလို ဖြာကျနေသည်။ ဝိုင်းစက်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကလည်း အဖိုးတန်ရတနာတစ်ပါးလို လှပနေပြီး ရွှေရောင်အဆင်တန်ဆာလေးတွေ အလှဆင်ထားတဲ့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
"ရွှယ်အာ ဒီလောက်ညနက်နေပြီ ဘာကိစ္စရှိလို့လဲ"
ချန်ရန်ရှင်းက အပြုံးဖျော့ဖျော့လေးနဲ့ မေးလိုက်သည်။
မွေးဖွားချိန်မှာ မိနစ်ဝက်လောက် စောခဲ့တာကြောင့် ချန်ရန်ရှင်းဟာ အစ်ကိုကြီး ဖြစ်နေခဲ့သည်။
"မနက်ဖြန်ဆို သိုင်းဝိညာဉ်ပညာ နိုးထပွဲ ရှိတော့မယ်..."
ချန်ရန်ရွှယ်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ ဆက်ပြောသည်။
"ငါ နည်းနည်းတော့ စိတ်လှုပ်ရှားပြီး ကြောက်နေမိတယ်။ အဘိုးနဲ့ အဖေက ငါတို့နှစ်ယောက်လုံး ခြောက်တောင်ပံ နတ်သမီးသိုင်းဝိညာဉ်ပညာကို ပိုင်ဆိုင်စေချင်နေကြတာ။ ဒါပေမဲ့ တကယ်လို့..."
"တကယ်လို့ဆိုတာ မရှိဘူး ရွှယ်အာက ဒီလောက် ဉာဏ်ကောင်းပြီး လှနေတာပဲ ခြောက်တောင်ပံ နတ်သမီးသိုင်းဝိညာဉ်ပညာကို သေချာပေါက် ပိုင်ဆိုင်ရမှာပါ"
ချန်ရန်ရှင်းက ညီမလေးရဲ့ ခေါင်းလေးကို အသာပုတ်ပေးရင်း နှစ်သိမ့်လိုက်သည်။
သူပြောတာဟာ ညီမလေးကို စိတ်သက်သာရာရစေဖို့ သက်သက် ပြောနေတာ မဟုတ်ပေ။
သူဟာ တခြားလောကကနေ ကူးပြောင်းလာသူတစ်ယောက် ဖြစ်သည်။
ချန်ရန်ရွှယ်ဟာ ခြောက်တောင်ပံ နတ်သမီးသိုင်းဝိညာဉ်ကို ပိုင်ဆိုင်ရုံသာမက ချန်မိသားစုသမိုင်းတစ်လျှောက်မှာ အကောင်းဆုံး ပါရမီရှင်လည်း ဖြစ်လာမည်ကို သူသိထားသည်။
"ကျေးဇူးတင်ပါတယ် အစ်ကို"
အစ်ကိုရဲ့ နှစ်သိမ့်စကားကြောင့် ချန်ရန်ရွှယ်ရဲ့ စိတ်ထဲက စိုးရိမ်မှုတွေ လျော့ပါးသွားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သူမရဲ့ အိပ်ခန်းဆီ ပြန်ပြေးသွားခဲ့သည်။
ဒါပေမဲ့...
ညီမလေးရဲ့ စိုးရိမ်မှုတွေ ပြေပျောက်သွားပေမဲ့ ချန်ရန်ရှင်းရဲ့ စိတ်ထဲမှာတော့ မငြိမ်မသက်မှုတွေ စတင်ဖြစ်ပေါ်လာခဲ့သည်။
ချန်ရန်ရွှယ်ရဲ့ သိုင်းဝိညာဉ်ပညာနဲ့ ကျင့်ကြံရေးပါရမီက သတ်မှတ်ပြီးသား ဖြစ်နေပြီ။
ဒါပေမဲ့ သူ့အတွက်ကတော့ အရာအားလုံးဟာ မသေချာသေးပေ။
ဒိုလော့လောကမှာ ကလေးတစ်ယောက်ရဲ့ သိုင်းဝိညာဉ်ပညာနဲ့ ကျင့်ကြံရေးပါရမီဟာ မိဘတွေဆီကနေ အများအားဖြင့် မျိုးရိုးဆက်ခံရတာ ဖြစ်သည်။
ချန်ရွှင်းကျီနဲ့ ဘီဘီတုံတို့နှစ်ယောက်လုံးဟာ တိုက်ကြီးတစ်ခုလုံးမှာ ထိပ်တန်းပါရမီရှင်တွေ ဖြစ်ကြသည်။
ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုခု မဖြစ်ခဲ့ဘူးဆိုရင် မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်နှစ်ဆယ် အပြည့်အဝ ရရှိဖို့က ပြောနေစရာတောင် မလိုပေ။
ဒါပေမဲ့ သိုင်းဝိညာဉ်ပညာကတော့...
ချန်ရွှင်းကျီရဲ့ သိုင်းဝိညာဉ်ပညာဟာ အလင်းဓာတ်ကို အခြေခံတဲ့ ခြောက်တောင်ပံ နတ်သမီးသိုင်းဝိညာဉ်ပညာ ဖြစ်သည်။
ဘီဘီတုံကတော့ လုံးဝ ဆန့်ကျင်ဘက်ပင်။ သေမင်းပင့်ကူဧကရာဇ်နဲ့ ဝိညာဉ်စားပင့်ကူဧကရာဇ်ဆိုတဲ့ သိုင်းဝိညာဉ်ပညာနှစ်မျိုးကို ပိုင်ဆိုင်ထားသည်။ အမည်တွေကို ကြည့်ရုံနဲ့တင် အမှောင်ဓာတ်နဲ့ မကောင်းဆိုးဝါးဆန်တဲ့ သိုင်းဝိညာဉ်ပညာတွေမှန်း သိသာနေသည်။
"ခြောက်တောင်ပံ နတ်သမီးသိုင်းဝိညာဉ်ပညာပဲ ဖြစ်ရမယ်..."
ချန်ရန်ရှင်းက စိတ်ထဲမှာ တိတ်တဆိတ် ဆုတောင်းနေမိသည်။
သေမင်းပင့်ကူဧကရာဇ်နဲ့ ဝိညာဉ်စားပင့်ကူဧကရာဇ်တို့ဟာ မဆိုးဘူးဆိုပေမဲ့ ခြောက်တောင်ပံ နတ်သမီးသိုင်းဝိညာဉ်ပညာနဲ့တော့ ဘယ်လိုမှ ယှဉ်လို့မရပေ။
အဲဒါဟာ တကယ့် နတ်ဘုရားအဆင့် သိုင်းဝိညာဉ်ပညာတစ်ခု ဖြစ်ပြီး နတ်သမီးနတ်ဘုရားရဲ့ ကောင်းချီးပေးမှုကိုလည်း ရရှိနိုင်သည်။
မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်နှစ်ဆယ်ဆိုတဲ့ အရည်အချင်းမျိုးကို ဘယ်သူကများ မလိုချင်ဘဲ နေနိုင်မှာလဲ။
နောက်တစ်နေ့...
ဝိညာဉ်ခန်းမရဲ့ အကြီးအကဲများဆောင်အတွင်းမှာ ချန်တာလျူနဲ့ အကြီးအကဲအသီးသီး စုဝေးနေကြသည်။ အားလုံးဟာ ရယ်မောရင်း ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည်။
ဒီနေ့ဟာ ဝမ်းမြောက်စရာ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်သည်။
ချန်မိသားစုထဲမှာ နတ်သမီးရဲ့ ကိုးဆင့်စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မယ့် မျိုးဆက်သစ်တစ်ယောက် မပေါ်ထွန်းသေးပေ။
ဒီနေ့မှာတော့ အဲဒီလို ရွေးချယ်ခံရမယ့်သူဟာ ညီအစ်ကိုမောင်နှမနှစ်ယောက်ထဲက တစ်ယောက် ဖြစ်လာနိုင်သည်။
"အဘိုး"
ချန်ရန်ရှင်းနဲ့ ချန်ရန်ရွှယ်တို့က တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြသည်။
"ဒီနေ့က မင်းတို့နှစ်ယောက်ရဲ့ သိုင်းဝိညာဉ်ပညာ နိုးထပွဲပဲ စိတ်လှုပ်ရှားနေစရာ မလိုဘူး အဘိုးပြောတဲ့အတိုင်း လိုက်လုပ်ရုံပဲ"
ချန်တာလျူက မြေးနှစ်ယောက်ရဲ့ ခေါင်းလေးတွေကို အသာပုတ်ပေးရင်း ကြင်နာပျော်ရွှင်တဲ့ အပြုံးနဲ့ ပြောလိုက်သည်။
"မှတ်ထားကြ နောက်ဆုံးမှာ မင်းတို့နှစ်ယောက်ထဲက ဘယ်သူပဲဖြစ်ဖြစ် နတ်သမီးသိုင်းဝိညာဉ်ပညာကို မျိုးရိုးဆက်ခံရ ဆက်ခံရ၊ နှစ်ယောက်လုံးဘဲ ပိုင်ဆိုင်ရ ပိုင်ဆိုင်ရ၊ အစွမ်းကုန် ကြိုးစားကျင့်ကြံပြီး နတ်သမီးရဲ့ ကိုးဆင့်စမ်းသပ်မှုကို အမြန်ဆုံး အောင်မြင်အောင် လုပ်ရမယ်"
"ဒါဟာ ဝိညာဉ်ခန်းမရဲ့ တာဝန်ဖြစ်သလို ငါတို့ချန်မိသားစုရဲ့ တာဝန်လည်း ဖြစ်တယ်"
"ဟုတ်ကဲ့"
ချန်ရန်ရှင်းနဲ့ ချန်ရန်ရွှယ်တို့က ချက်ချင်း ပြန်ဖြေလိုက်ကြသည်။
တစ်ဖက်မှာတော့...
ပန်းရောင်ဆံပင်ရှိတဲ့ အလှပဂေးတစ်ယောက်ဟာ တစ်ယောက်တည်း ထိုင်နေသည်။ လှပသေသပ်တဲ့ မျက်နှာလေးက တင်းမာနေပြီး အေးစက်တဲ့ အမူအရာတွေနဲ့ ပြည့်နှက်နေသည်။
ချန်ရန်ရှင်းနဲ့ ချန်ရန်ရွှယ်တို့ကို ကြည့်နေတဲ့ သူမရဲ့ မျက်ဝန်းတွေဟာ တစ်ခါတစ်ရံ နူးညံ့သလို တစ်ခါတစ်ရံမှာတော့ စူးရှထက်မြက်နေသည်။
မိခင်အရင်းတစ်ယောက်အနေနဲ့ သားသမီးနှစ်ယောက်အပေါ် ခံစားချက် လုံးဝမရှိတာတော့ မဟုတ်ပေ။
ဒါပေမဲ့ ကလေးနှစ်ယောက်ကို မြင်လိုက်တိုင်း အဲဒီသားရဲကောင်ကို မထိန်းနိုင်ဘဲ သတိရမိသွားသည်။ ဒါကြောင့် ဘီဘီတုံရဲ့ စိတ်အခြေအနေဟာ ဘယ်လိုမှ ကောင်းမွန်မနေနိုင်ခဲ့ပေ။
အဲဒီအချိန်မှာပဲ...
ချန်ရွှင်းကျီက ဘီဘီတုံဘေးကနေ ဖြတ်လျှောက်သွားခဲ့ပေမဲ့ တစ်ချက်တောင် လှည့်မကြည့်ခဲ့ပေ။
ချန်ရွှင်းကျီရဲ့ မျက်လုံးထဲမှာတော့ ဘီဘီတုံဟာ ချန်မိသားစုရဲ့ ကျင့်ကြံရေးပါရမီကို မြှင့်တင်ဖို့အတွက် အသုံးပြုထားတဲ့ ကလေးမွေးပေးသည့် ကိရိယာတစ်ခုသာ ဖြစ်သည်။
အခုတော့ သူမဟာ မျှော်မှန်းထားတာထက်တောင် ပိုပြီး တာဝန်ကျေခဲ့ပြီဖြစ်လို့ ချန်ရွှင်းကျီက ဘီဘီတုံကို အရေးတယူလုပ်နေစရာ မလိုတော့ပေ။
ဘီဘီတုံရဲ့ ဖြူဖွေးတဲ့ လက်ချောင်းသွယ်သွယ်တွေက အဝတ်အစားထောင့်စကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ မျက်ဝန်းထဲက အမုန်းတရားတွေကလည်း အပြင်ကို လျှံထွက်လာတော့မတတ် ပြင်းထန်နေသည်။
အခုချက်ချင်းပဲ ရှေ့ပြေးသွားပြီး ချန်ရွှင်းကျီကို သတ်ပစ်ချင်နေမိသည်။
ဒါပေမဲ့ ဘီဘီတုံမှာ အဲဒီလိုလုပ်နိုင်လောက်တဲ့ အင်အား မရှိခဲ့ပေ။
ချန်တာလျူကို မပြောနဲ့ဦး။ ချန်ရွှင်းကျီတစ်ယောက်တည်းကိုတောင် အနိုင်ယူနိုင်စွမ်း မရှိပေ။
ဘီဘီတုံက စိတ်ထဲမှာ တိတ်တဆိတ် ရေရွတ်လိုက်သည်။
‘တစ်နေ့နေ့မှာတော့... မင်းတို့အားလုံးကို ငါ ပြန်ပေးဆပ်ခိုင်းမယ်…’
"ရောက်လာပြီပဲ"
ချန်တာလျူက သားဖြစ်သူကို အပြုံးနဲ့ နှုတ်ဆက်လိုက်သည်။
"ဟုတ်ပါတယ် ဒီနေ့အတွက် လုပ်စရာရှိတာတွေ အားလုံး ပြီးသွားလို့ အချိန်နည်းနည်း ရလာတာပါ"
ချန်ရွှင်းကျီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
အဲဒီအချိန်တုန်းက ချန်ရွှင်းကျီဟာ ဝိညာဉ်ခန်းမရဲ့ ပုပ်ရဟန်းမင်းကြီးအဖြစ် တာဝန်ယူနေဆဲ ဖြစ်သည်။ အကြီးအကဲခန်းမနဲ့ ဝိညာဉ်ခန်းမရဲ့ အရေးကိစ္စအများစုကိုလည်း ကိုင်တွယ်စီမံနေရသူ ဖြစ်သည်။
ချန်တာလျူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ချန်ရန်ရှင်းနဲ့ ချန်ရန်ရွှယ်တို့ကို မှာကြားလိုက်သည်။
"နောက်ပိုင်း ဘာပဲဖြစ်လာဖြစ်လာ မင်းတို့ ကြောက်နေစရာ မလိုဘူး အဘိုး ဒီမှာရှိနေတယ် ဘာမှ စိတ်ပူစရာမလိုဘူး"
သူ့စကားသံထဲမှာ ယုံကြည်မှုအပြည့် ပါဝင်နေသည်။
တိုက်ကြီးတစ်ခုလုံးမှာ သူ့မျက်စိရှေ့ကနေ မိသားစုဝင်တွေကို ထိခိုက်အောင် လုပ်နိုင်တဲ့သူ ရှိမယ်လို့တောင် မထင်ပေ။
ထန်ချန် ရောက်လာခဲ့ရင်တောင် မြေးနှစ်ယောက်ကို လုံခြုံအောင် ကာကွယ်ပေးနိုင်စွမ်း ရှိသည်။
"ကဲ... ဘယ်သူ အရင်လုပ်ချင်လဲ"
"ညီမလေး အရင်လုပ်မယ်"
ချန်ရန်ရွှယ်က စိတ်အားထက်သန်စွာ လက်ဦးမှုယူလိုက်သည်။
မနေ့ညက ချန်ရန်ရှင်းရဲ့ နှစ်သိမ့်စကားတွေကြောင့် သူမရဲ့ ကြောက်စိတ်တွေ အမှန်တကယ် ပျောက်ကွယ်သွားခဲ့ပြီ။ အခုတော့ သိုင်းဝိညာဉ်ပညာကို အမြန်ဆုံး နိုးထချင်တဲ့ စိတ်တစ်ခုပဲ ကျန်တော့သည်။
"ကောင်းပြီ ဒါဆို ရွှယ်အာ အရင်လုပ်"
ချန်တာလျူက ပြုံးလိုက်သည်။
ပြီးနောက် ချန်ရန်ရွှယ်ရဲ့ ပုခုံးပေါ် လက်တင်လိုက်ပြီး ရွှေရောင်သန့်စင်တဲ့ ဝိညာဉ်စွမ်းအားတွေကို သူမရဲ့ ခန္ဓာကိုယ်ထဲ စီးဝင်စေလိုက်သည်။
ချန်ရန်ရွှယ်က မျက်ခုံးလေး အနည်းငယ် တွန့်ချိုးသွားသည်။
သူမရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ထူးခြားတဲ့ စွမ်းအားတစ်ခု နိုးထလာသလို ခံစားလိုက်ရသည်။
ချက်ချင်းဆိုသလို...
မြင့်မြတ်ပြီး ဂုဏ်သိက္ခာကြီးမားတဲ့ ပုံရိပ်ယောင်တစ်ခုဟာ ချန်ရန်ရွှယ်ရဲ့ နောက်ကျောဘက်မှာ ပေါ်ထွက်လာခဲ့သည်။ အဖြူရောင်အတောင်ပံကြီး ခြောက်ဖက်က ဖြန့်ကားလာပြီး တဖျပ်ဖျပ် လှုပ်ခတ်နေကာ ရွှေရောင်အလင်းတန်းတွေ တစ်လိမ့်လိမ့် ဖြာထွက်လာသည်။
တစ်ချိန်တည်းမှာပဲ ချန်ရန်ရွှယ်ရဲ့ တစ်ကိုယ်လုံးက အရှိန်အဝါဟာလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူမရဲ့ မျက်ဝန်းထဲမှာ ရွှေဖြူရောင်အလင်းတွေ ပြည့်နှက်လာပြီး နတ်ဘုရားတစ်ပါးရဲ့ အေးစက်တည်ငြိမ်မှုမျိုး ပေါ်လွင်နေသည်။
အဲဒီအချိန်မှာပဲ...
နတ်သမီးခန်းမအတွင်းက နတ်သမီးရုပ်တုကြီးဆီမှ မြင့်မြတ်တဲ့ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချန်ရန်ရွှယ်ရဲ့ ခန္ဓာကိုယ်ထဲ စီးဝင်ပေါင်းစည်းသွားခဲ့သည်။
ဒါဟာ ခြောက်တောင်ပံ နတ်သမီးသိုင်းဝိညာဉ်ပညာက ရရှိတဲ့ မွေးရာပါ ကောင်းချီးပေးမှု အတိအကျပင် ဖြစ်သည်။
"တကယ်ပဲ ခြောက်တောင်ပံ နတ်သမီးသိုင်းဝိညာဉ်ပညာ ဖြစ်နေတာပဲ"
အနီးဆုံးမှာ ရှိနေတဲ့ ချန်တာလျူက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ရင်ထဲမှာ တထိတ်ထိတ်နဲ့ စိုးရိမ်နေခဲ့ရတဲ့ ခံစားချက်တွေလည်း နောက်ဆုံးတော့ ပြေလျော့သွားခဲ့ပြီ။
ဒါဟာ ခြောက်တောင်ပံ နတ်သမီးသိုင်းဝိညာဉ်ပညာပဲ။
လက်ရှိ ဒိုလော့တိုက်ကြီးမှာ တစ်ခုတည်းသော နတ်ဘုရားအဆင့် သိုင်းဝိညာဉ်ပညာ ဖြစ်သည်။
"တကယ်ပဲ... နောက်ဆုံးတော့ ချန်မိသားစုထဲမှာ နတ်သမီးရဲ့ ကိုးဆင့်စမ်းသပ်မှုကို စတင်နိုင်မယ့်သူတစ်ယောက် ပေါ်လာပြီ..."
ချန်ရွှင်းကျီလည်း အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။
ဝိညာဉ်ခန်းမအတွင်းမှာ ချန်မိသားစုဟာ နတ်သမီးနတ်ဘုရားနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စောင့်ရှောက်လာခဲ့ကြသည်။
နတ်သမီးနတ်ဘုရားက ချန်မိသားစုအပေါ် ကောင်းချီးပေးထားတာကြောင့် နတ်သမီးသိုင်းဝိညာဉ်ပညာကို ပိုင်ဆိုင်သူတွေဟာ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့်နှစ်ဆယ်အထိ ရရှိနိုင်ကြသည်။
ဒါ့အပြင် နတ်ဘုရားရာထူးကို ဆက်ခံနိုင်မယ့်သူတစ်ယောက် အမြန်ဆုံး ပေါ်ထွန်းလာဖို့ကိုလည်း မျှော်လင့်နေခဲ့ကြသည်။
ကံမကောင်းစွာနဲ့ပဲ ပါရမီထူးချွန်လှတဲ့ ချန်တာလျူတောင် နတ်သမီးရဲ့ ကိုးဆင့်စမ်းသပ်မှု အဋ္ဌမအဆင့်မှာပဲ ရပ်တန့်နေခဲ့ရသည်။
ချန်ရွှင်းကျီကိုယ်တိုင်လည်း ပဉ္စမအဆင့်မှာပဲ တစ်ဆို့နေခဲ့သည်။
ဒါပေမဲ့ ဘီဘီတုံရဲ့ အကူအညီကြောင့် မွေးဖွားလာတဲ့ မျိုးဆက်သစ်တွေဟာ သူတို့နှစ်ယောက်ရဲ့ အခြေအနေကို ထပ်ပြီး မကြုံတွေ့ရတော့ဘူးလို့ ချန်ရွှင်းကျီ ယုံကြည်ထားသည်။
"အစ်ကိုကြီး ဂုဏ်ယူပါတယ် အခုတော့ မျိုးဆက်ခံမယ့်သူ ပေါ်လာပြီ"
ရွှေရောင်မိကျောင်း ဒိုလော့က ပထမဆုံး ဒူးထောက်ချလိုက်ပြီး စိတ်ရင်းအမှန်နဲ့ ဂုဏ်ပြုလိုက်သည်။
"အစ်ကိုကြီး ဂုဏ်ယူပါတယ် အခုတော့ မျိုးဆက်ခံမယ့်သူ ပေါ်လာပြီ"
ကျန်တဲ့ အကြီးအကဲတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုစကား ပြောကြားလာကြသည်။
အကြီးအကဲများဆောင်အတွင်းမှာ အားလုံးဟာ ညီအစ်ကိုရင်းချာတွေလို နေထိုင်ခဲ့ကြသူတွေ ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာခဲ့ကြတာကြောင့် မိသားစုဝင်တွေလိုတောင် ရင်းနှီးနေခဲ့ကြသည်။
အခုအချိန်မှာတော့ သူတို့အားလုံးဟာ ချန်တာလျူအတွက်သာမက ဝိညာဉ်ခန်းမတစ်ခုလုံးအတွက်ပါ စိတ်ရင်းအမှန်နဲ့ ဝမ်းမြောက်ပျော်ရွှင်နေကြသည်။