အခန်း (၃)နယ်ပယ်ကိုးခုအဆင့်ရှိတဲ့ဖခင်တစ်ဦး
"သခင်ကြီး... ဘယ်လိုလဲ ဒီနှစ်ကျွန်တော်တို့ရွာမှာ ဝိညာဉ်သခင် ဖြစ်လာနိုင်မယ့်ကလေးများ ပါသလား။" အဖိုးဂျက်က စိုးရိမ်တကြီး မေးလိုက်သည်။
"အင်း... နှစ်ယောက်တောင်ရှိတယ် ပြီးတော့ အဲဒီကလေးနှစ်ယောက်လုံးက မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်တွေချည်းပဲ" လို့ စုယွင်ထောင်က ပြန်ဖြေလိုက်သည်။
"မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့် ဟုတ်လား" အဖိုးဂျက်ရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားသည်။
"တစ်ယောက်က မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၁၀ ရှိပြီး နောက်တစ်ယောက်ကတော့ မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၂၀ တောင် ရှိတယ်" စုယွင်ထောင်က ထပ်ဖြည့်ပြောလိုက်သည်။
"အဆင့် ၂၀ ရှိတဲ့ နောက်ထပ် မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်ရှင်တစ်ယောက်" အဖိုးဂျက် မျက်လုံးအပြူးသားနဲ့ မှင်သက်သွားပြီး စကားတောင် မပြောနိုင်တော့ပါဘူး။
ဒီလိုရွာလေးတစ်ရွာအတွက် ဝိညာဉ်စွမ်းအား အနည်းငယ်ပါလာတဲ့ ကလေးတစ်ယောက် ပေါ်ထွက်လာဖို့ဆိုတာတောင် အတော်လေး ရှားပါးလှတာပါ။ အဆင့် ၂၀ ရှိတဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်ရှင်ဆိုတာမျိုးကတော့ ဝိညာဉ်သန့်စင်ရွာ သမိုင်းတစ်လျှောက် တစ်ခါမှ မရှိခဲ့ဖူးပါဘူး။
"ဒါပေမဲ့ နှမြောဖို့ကောင်းလိုက်တာဗျာ တစ်ယောက်က အပြာရောင်ငွေမြက်ပင် ဖြစ်နေပြီး နောက်တစ်ယောက်ကတော့ ပန်းသီးပန်း ဖြစ်နေတယ် ခင်ဗျား နားလည်လား" စုယွင်ထောင်က နောင်တရသလို ပြောလိုက်သည်။
"အပြာရောင်ငွေမြက်ပင်... ပန်းသီးပန်း... မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်... သခင်ကြီးရယ် အပြာရောင်ငွေမြက်ပင်နဲ့ ပန်းသီးပန်း သိုင်းဝိညာဉ်တွေကို လေ့ကျင့်ပေးလို့ လုံးဝမရနိုင်တော့ဘူးလား" အဖိုးဂျက်က လက်မခံနိုင်သလို မေးလိုက်သည်။
"လေ့ကျင့်လို့ လုံးဝမရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျား စဉ်းစားကြည့်လေ ဝိညာဉ်အဆင့်တွေ တက်လာတာနဲ့အမျှ အပြာရောင်ငွေမြက်ပင်နဲ့ ပန်းသီးပန်းက ဘာဖြစ်လာနိုင်မှာမို့လို့လဲ" စုယွင်ထောင်က ပြတ်ပြတ်သားသား ပြောလိုက်ပြီး ခန်းမထဲက ထွက်လာတဲ့ ယဲ့ဖုန်းနဲ့ ထန်ဆန်းကို လှမ်းကြည့်လိုက်သည်။
သူက နှမြောတသစွာ သက်ပြင်းချရင်း "အသုံးမကျတဲ့ သိုင်းဝိညာဉ်ကတော့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ပါပဲ။ မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့် ပိုင်ဆိုင်ထားတဲ့ ဒီကလေးနှစ်ယောက်အတွက် တကယ့်ကို နှမြောဖို့ကောင်းတယ်... ကဲ ငါလည်း တခြားရွာတွေကို ဝိညာဉ်နိုးထပေးဖို့ သွားရဦးမှာဆိုတော့ သွားလိုက်ဦးမယ်။"
စုယွင်ထောင် ပြောပြီးတာနဲ့ လှည့်ထွက်သွားပါတော့သည်။ အဖိုးဂျက်ကတော့ အတွေးနက်စွာ ကျန်ရစ်ခဲ့သေည်။
"အဖိုးဂျက် ဝိညာဉ်ကွင်းဆိုတာ ဘာလဲဟင် ဝိညာဉ်ကွင်းတစ်ကွင်းကို ဘယ်လိုရနိုင်မလဲ" ထန်ဆန်းက အနားကို လျှောက်လာပြီး မေးလိုက်သည်။
"ဝိညာဉ်ကွင်းဆိုတာ ဘာလဲဆိုတာ ငါလည်း အတိအကျတော့ မသိဘူး။ ဒါပေမဲ့ အဲဒါရဖို့အတွက် ဝိညာဉ်သားရဲတွေကို သွားပြီး အမဲလိုက်ရတယ်လို့ ကြားဖူးတယ်။ အဲဒါက ဝိညာဉ်သခင်တွေပဲ လုပ်နိုင်တဲ့အရာပေါ့။" အဖိုးဂျက်က ဖြေပေးလိုက်ပြီးမှ ထန်ဆန်းကို ကြည့်ကာ မေးလိုက်သည်။
"ရှောင်ဆန်း... သခင်ကြီးပြောတဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားအပြည့်ပါတဲ့ ကလေးက မင်းလား"
"ကျွန်တော့်မှာက မွေးရာပါ ဝိညာဉ်စွမ်းအား အဆင့် ၁၀ ပဲ ရှိတာပါ ဒါပေမဲ့ ယဲ့ဖုန်းက... သူ့ရဲ့အဆင့်က ၂၀ တောင် ရှိတာ။" ထန်ဆန်းက သူ့နောက်ကနေ ဖြည်းဖြည်းချင်း လျှောက်လာတဲ့ ယဲ့ဖုန်းကို လှမ်းကြည့်လိုက်သည်။ သူ့အသံထဲမှာ အားကျစိတ်တွေ စွက်နေသည်။
စဉ်းစားကြည့်လေ ထန်ဆန်းဟာ ရွှမ်းထျန်းကုန်း ကျင့်စဉ်ကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာတောင် သူ့ရဲ့ ဝိညာဉ်စွမ်းအားက ယဲ့ဖုန်းထက် အဆင့် ၁၀ လောက် နိမ့်နေပါသေးတယ်။ လှည့်ကွက်တွေ သုံးထားရင်တောင် ယဲ့ဖုန်းကို မမီနိုင်ပါဘူး။
"ယဲ့ဖုန်း မင်းရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအားက တကယ်ပဲ အဆင့် ၂၀ လား" အဖိုးဂျက်က မေးလိုက်သည်။ ယဲ့ဖုန်းရဲ့ ပါရမီအပေါ် သူ့ရဲ့ တုံ့ပြန်မှုက ထန်ဆန်းအပေါ် ပြခဲ့တဲ့ တုံ့ပြန်မှုလောက် စိတ်အားထက်သန်ခြင်း မရှိပါဘူး။
"ဟုတ်ကဲ့" လို့ ယဲ့ဖုန်းက ပြန်ဖြေလိုက်သည်။
"မင်းရဲ့ ဝိညာဉ်ကို ငါ့ကို ပြစမ်းဦး။" အဖိုးဂျက်က တောင်းဆိုလိုက်သည်။
ယဲ့ဖုန်းက သူ့ရဲ့ ညာဘက်လက်ကို ဆန့်ထုတ်လိုက်တဲ့အခါ ကျောက်စိမ်းလို လှပတဲ့ ပန်းလေးတစ်ပွင့် သူ့လက်ဖဝါးပေါ်မှာ ပေါ်လာသည်။
"တကယ်ပဲ... သူမရဲ့ ဝိညာဉ်နဲ့ အရမ်းတူတာပဲ ဒါပေမဲ့ အရောင်ကတော့ မတူဘူး" အဖိုးဂျက်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘယ်သူနဲ့ တူတာလဲ" ယဲ့ဖုန်းက သိချင်စိတ်ပြင်းပြစွာနဲ့ မျက်ခုံးပင့်ပြီး မေးလိုက်သည်။
ဝိညာဉ်သခင်တစ်ယောက်ရဲ့ ကိုယ်ပွားဝိညာဉ်ဆိုတာ ပုံမှန်အားဖြင့် မိဘတွေဆီကနေ အမွေဆက်ခံတာပါ။ လူအများစုဟာ ဖခင် ဒါမှမဟုတ် မိခင်ဆီက ဝိညာဉ်ကို ရရှိကြသလို တချို့ကတော့ ဘိုးဘွားတွေဆီက ဆင်းသက်လာတဲ့ ဝိညာဉ်တွေကို နိုးထစေတတ်သည်။
ယဲ့ဖုန်းဟာ ငယ်စဉ်ကတည်းက မိဘမဲ့တစ်ယောက်ပါ။ ရွာထဲမှာ အမှတ်အသားမရှိတဲ့ အုတ်ဂူတစ်ခုရှိပြီး အဲဒီထဲမှာ သူ့မိဘတွေ ရှိတယ်လို့ အဖိုးဂျက်က ပြောဖူးသည်။
ယဲ့ဖုန်းက ဘယ်လောက်ပဲ မေးမေး အဖိုးဂျက်ကတော့ သူ့မိဘတွေအကြောင်း ဘာမှမပြောပြပါဘူး။ ရွာသားတွေ သိထားတာကတော့ တစ်နေ့မှာ အဖိုးဂျက်ဟာ ရွာပြင်ကနေ အလောင်းနှစ်လောင်းတင်လာတဲ့ လှည်းတစ်စီးနဲ့ ငိုနေတဲ့ ကလေးလေးတစ်ယောက်ကို ချီပြီး ပြန်ရောက်လာတယ် ဆိုတာပါပဲ။ အဲဒီကလေးလေးကတော့ ယဲ့ဖုန်းပေါ့။
အခုတော့ အဖိုးဂျက်ရဲ့ စကားတွေက ယဲ့ဖုန်းရဲ့ စိတ်ထဲမှာ တစ်ခုခုကို လှုပ်ခပ်သွားစေသည်။
"ယဲ့ဖုန်း မင်း ဝိညာဉ်သခင် ဖြစ်လာဖို့ ငါခွင့်မပြုဘူး။ ကြားလား" အဖိုးဂျက်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
"ဘာဖြစ်လို့လဲ" ယဲ့ဖုန်းက ပြန်မေးလိုက်သည်။
"ငါမရဘူးလို့ ပြောရင် မရဘူးပဲ။" အဖိုးဂျက်ရဲ့ အသံက ခိုင်မာနေသည်။
"မဖြစ်နိုင်တာ ကျွန်တော့်ကံကြမ္မာကို ကျွန်တော်ပဲ ဆုံးဖြတ်မယ်" ယဲ့ဖုန်းက ပြန်ပက်လိုက်သည်။
"မင်း..."
အဖိုးဂျက်က သူ့ကို ဒေါသတကြီး စိုက်ကြည့်နေပြီးမှ ခဏအကြာမှာတော့ တစ်ခုခုကို စဉ်းစားမိသွားပုံရသည်။
သူ့မျက်နှာအမူအရာက ရုတ်တရက် တည်ငြိမ်သွားပြီး "ငါတို့ရွာအတွက် အလုပ်သင်ကျောင်းသား နေရာက တစ်နေရာပဲ ရှိတယ်။ ငါက ရွာလူကြီးပဲ။ ငါကသာ မင်းကို မပေးဘူးဆိုရင် မင်း နော့တင်း အငယ်တန်း ဝိညာဉ်သခင်သင်တန်းကျောင်းကို ဘယ်လိုသွားတက်မလဲဆိုတာ ကြည့်ရသေးတာပေါ့။"
"ကျွန်တော်က အဖိုးရဲ့ မွေးစားသား မဟုတ်ဘူးလား" ယဲ့ဖုန်း ဒေါသတကြီး အော်လိုက်သည်။
"အဲဒါကြောင့်လည်း မင်းသွားရမလား မသွားရဘူးလားဆိုတာကို ငါက ဆုံးဖြတ်နိုင်တာပေါ့။" အဖိုးဂျက်က လှည့်ပတ်ပြီး ပြုံးလိုက်သည် ပြီးမှ ထန်ဆန်းဘက် လှည့်ကာ "ရှောင်ဆန်း အဖိုးကို ပြောပါဦး မင်း ဝိညာဉ်သခင်တွေရဲ့ လေ့ကျင့်နည်းတွေကို သင်ယူဖို့ အထူးကျောင်းကို သွားချင်လား အဲဒီမှာပဲ ဝိညာဉ်တွေအကြောင်း အတိကျဆုံး အသိပညာတွေကို ရနိုင်မှာ။"
"ကျွန်တော့်အဖေကို အရင်မေးရပါဦးမယ်။" ထန်ဆန်းက ပြန်ဖြေသည်။
"လိမ္မာတဲ့ကလေးပဲ အဲဒီလိုပဲ ဖြစ်သင့်တာ ဘာပဲလုပ်လုပ် အဖေကို အရင်မေးရမယ်။ လာ အဖိုး မင်းကို အိမ်လိုက်ပို့ပေးမယ်။" အဖိုးဂျက်က ထန်ဆန်းရဲ့ ခေါင်းကို ပုတ်ပေးလိုက်သည်။
ပါရမီချင်း ယှဉ်ရင် ထန်ဆန်းထက် အများကြီး သာလွန်တဲ့ ယဲ့ဖုန်းကိုတော့ လုံးဝ လျစ်လျူရှုထားလိုက်သည်။
"အဖိုးဂျက် အခုနက အဖိုးပြောတာ ငါတို့ရွာအတွက် အလုပ်သင်ကျောင်းသားနေရာက တစ်နေရာပဲ ရှိတာလား"
"ဟုတ်တယ် အဲဒီနေရာက မင်းအတွက်ပဲ။"
"ဒါပေမဲ့... ယဲ့ဖုန်းရဲ့ ဝိညာဉ်စွမ်းအားက ကျွန်တော့်ထက် ပိုမြင့်တယ်လေ"
"ဘာဖြစ်လဲ သူ့ရဲ့ အသုံးမကျတဲ့ ဝိညာဉ်က ကောင်းမွန်တဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲလာမှာမှ မဟုတ်တာ။"
"ဒါက... သူ့အတွက် မတရားသလို ခံစားရလို့ပါ။"
"ငါက ရွာလူကြီးပဲ ပြီးတော့ သူ့ကို ငါပဲ ကျွေးမွေးစောင့်ရှောက်ခဲ့တာ။ အလုပ်သင်နေရာကို မင်းကို မပေးဘဲ သူ့ကို ပေးလိုက်တာကမှ ပိုပြီး မတရားတာ ဖြစ်မှာပေါ့"
အဖိုးဂျက်နဲ့ ထန်ဆန်းတို့ ထွက်ခွာသွားကြသည်။ သူတို့ရဲ့ စကားသံတွေက တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားပြီး ယဲ့ဖုန်းတစ်ယောက်တည်း ရပ်ကျန်ခဲ့သည်။
ယဲ့ဖုန်းက မြေကြီးပေါ်က ကျောက်ခဲတစ်လုံးကို ကောက်ယူပြီး ဝိညာဉ်သူတော်စင်ရဲ့ လက်ဝါးရာပါတဲ့ ကျောက်တိုင်ကို ပစ်ပေါက်လိုက်သည်။
"တောက်"
သူတို့ ထွက်သွားတဲ့ နောက်ကျောကို ကြည့်ရင်း ယဲ့ဖုန်း မျက်မှောင်ကုတ်လိုက်သည်။
အလုပ်သင်ကျောင်းသားနေရာ မရရင် သူ နော့တင်း အငယ်တန်း ဝိညာဉ်သခင်သင်တန်းကျောင်းကို တက်နိုင်မှာ မဟုတ်ပါဘူး။ ကျောင်းမတက်ရရင် သူ့မှာ ဝိညာဉ်ကွင်းတွေရဖို့ ဝိညာဉ်သားရဲတွေကို အမဲလိုက်ရာမှာ ကူညီပေးမယ့်သူ ရှိမှာမဟုတ်သလို ဝိညာဉ်ကွင်းတွေ မရှိရင် သူ ရှောင်ဝူ နဲ့ တွေ့ဆုံနိုင်မှာ မဟုတ်တော့ပါဘူး။
အဖိုးဂျက်ရဲ့ ဆုံးဖြတ်ချက်က သူ့ရဲ့ အစီအစဉ်တွေကို လုံးဝ ပျက်စီးသွားစေသည်။
"ငါ စုယွင်ထောင်ကို သွားရှာပြီး ဝိညာဉ်ခန်းမရဲ့ သင်တန်းကျောင်းမှာပဲ သွားတက်ရမလား"
ယဲ့ဖုန်းဟာ စုယွင်ထောင်ရဲ့ ကမ်းလှမ်းချက်ကို စဉ်းစားလိုက်သည်။ မထွက်ခွာခင်မှာ စုယွင်ထောင်က စိတ်ပြောင်းသွားရင် နော့တင်းမြို့က ဝိညာဉ်ခန်းမမှာ လာရှာဖို့ ပြောသွားခဲ့တာပါ။
"ရှောင်ဆန်း မင်းက ဒီလောက် ပါရမီရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ဒါပေမဲ့ မင်းမှာ ဒီလိုအဖေမျိုး ရှိနေတာကတော့ စိတ်မကောင်းစရာပဲ။ သူသာ မင်းကို ကောင်းမွန်တဲ့ သိုင်းဝိညာဉ်တစ်ခု အမွေပေးခဲ့ရင် မင်းဟာ ငါတို့ရွာရဲ့ ဒုတိယမြောက် ဝိညာဉ်သူတော်စင် ဖြစ်လာနိုင်မှာ"
အဖိုးဂျက်ရဲ့ အသံက ခပ်လှမ်းလှမ်းကနေ ပဲ့တင်ထပ်လာသည်။
ယဲ့ဖုန်းက နှာခေါင်းရှုံ့လိုက်ပြီး သူ့ဘာသာ တိုးတိုးလေး ပြောလိုက်သည်။ ထန်ဆန်းရဲ့ အဖေက သာမန်လူ မဟုတ်ဘူး။ သူက ဒဏ္ဍာရီလာ နယ်ပယ်ကိုးခုအဆင့်ရှိတဲ့ ဟောက်ထျန်းဒိုလိုပဲ လောကမှာ အသန်မာဆုံး ဝိညာဉ်သခင်တွေထဲက တစ်ယောက်ပေါ့။
ထန်ဆန်းက သူ့အဖေဆီကနေ ဟောက်ထျန်းတူကို အမွေဆက်ခံထားတာ။ သူ အိမ်ပြန်ရောက်တာနဲ့ ထန်ဟောက်က သူ့ကို ဝိညာဉ်သခင်သင်တန်းကျောင်း သွားတက်ဖို့ သေချာပေါက် သဘောတူလိမ့်မယ်။ တောက်... ထန်ဆန်းမှာ နယ်ပယ်ကိုးခုအဆင့်ရှိတဲ့ အဖေတစ်ယောက် ရှိတာကို ငါ တကယ်အားကျမိတယ်။
ငါ့မှာသာ အဲဒီလို အဖေမျိုးရှိရင် ဝိညာဉ်သခင်သင်တန်းကျောင်း တက်ဖို့ ပိုက်ဆံမရှိမှာကို ပူနေစရာ မလိုတော့ဘူး။
[တင်း]
"ပိုင်ရှင်သည် ထန်ဆန်းတွင် နယ်ပယ်ကိုးခုအဆင့်ရှိသော ဖခင်တစ်ဦး ရှိခြင်းအပေါ် အားကျနေကြောင်း စနစ်မှ တွေ့ရှိရပါသည်။ စနစ်မှ မကျေမနပ်ဖြစ်သဖြင့် ပိုင်ရှင်အား နယ်ပယ်ကိုးခုအဆင့်ရှိသော ဆရာတစ်ဦးကို ပေးအပ်လိုက်ပါပြီ"