အပိုင်း (၇) - မသေမျိုးဆေးပင်များ ခွဲဝေပေးခြင်းနှင့် အထက်ဂိုဏ်းသုံးဂိုဏ်းကို ပြန်လည်ရွေးချယ်ခြင်း
နောက်တစ်နေ့မှာတော့ ချန်ရွှင်ဖုန်းဟာ သူ့ရဲ့ ဝိညာဉ်သူတော်စင် စစ်တပ်ကြီးနဲ့အတူ အောင်ပွဲခံကာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ချန်ဒေါင်လျူဟာ သူ့ရဲ့ သားတော်ကောင်းဖြစ်တဲ့ ချန်ရွှင်ဖုန်းက အပြာရောင်လျှပ်စီးနဂါးဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကို ပြောင်သလင်းခါအောင် လုပ်ခဲ့ရုံတင်မကဘဲ သူတို့ရဲ့ ဘိုးဘွားပိုင် ဝိညာဉ်အရိုးတွေကိုပါ ရယူနိုင်ခဲ့တယ်ဆိုတာ သိလိုက်ရတဲ့အခါ အလွန်အမင်း ဝမ်းမြောက်သွားခဲ့ရတယ်။
"တပည့်က ဆရာ့ထက် တော်တယ်ဆိုတာ ဒါမျိုးပဲ! ငါ့သား ရွှင်ဖုန်းက ဝိညာဉ်နန်းတော်ကို သေချာပေါက် အထွတ်အထိပ်ဆီ ဦးဆောင်ခေါ်သွားနိုင်လိမ့်မယ်"
"အစ်ကိုကြီး... အစ်ကိုကြီး နောက်ဆုံးတော့ ရောက်လာပြီပဲ။ မနေ့က တစ်နေကုန် စာရွက်စာတမ်းတွေ ကိုင်တွယ်ရတာ တကယ်ကို မောပန်းလွန်းလို့ သေတော့မယ်"
ချန်ရွှင်ဖုန်း ရောက်ရှိလာတာနဲ့တင် ချန်ရွှင်ကျိက ဆက်ပြီး အလုပ်မလုပ်ချင်တော့ပါဘူး။ သူဟာ မနေ့က ညနက်သန်းခေါင်အထိ အိပ်ရေးပျက်ခံပြီးမှသာ တောင်လိုပုံနေတဲ့ စာရွက်စာတမ်းတွေကို မနည်းရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ နေ့တိုင်း ဒီလိုမျိုး ဆက်ဖြစ်နေရင်တော့ သူ သေချာပေါက် မောပန်းပြီး သေသွားပါလိမ့်မယ်။
"စိတ်မပူပါနဲ့၊ နောက်ကျရင် စာရွက်စာတမ်းတွေ ကူညီကိုင်တွယ်ပေးဖို့ လူအချို့ကို ငါ စီစဉ်ပေးပါ့မယ်။ အခုတော့ ငါနဲ့အတူ ပူဇော်ခံနန်းဆောင်ဆီ လိုက်ခဲ့ဦး။ ဒီတစ်ကြိမ်မှာ မင်းအတွက် ကောင်းတဲ့အရာတစ်ခု ငါ ပြင်ဆင်လာခဲ့တယ်။ ဖြစ်နိုင်ရင် မင်း ဘွဲ့အမည်ရတုန့်လော့ အဆင့်ကို တစ်ချက်တည်းနဲ့ ဖြတ်ကျော်သွားနိုင်လိမ့်မယ်"
စာရွက်စာတမ်းတွေကြောင့် လူရုပ်မပေါက်တော့ဘဲ လဲကျလုနီးပါး ဖြစ်နေတဲ့ ချန်ရွှင်ကျိကို ကြည့်ပြီး ချန်ရွှင်ဖုန်းက နားလည်ပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စရပ်တွေက တကယ်ကို ပျင်းစရာကောင်းလှတာကိုး။
...
ဒီအချိန်မှာတော့ ပူဇော်ခံနန်းဆောင်အတွင်း၌ ဖြစ်ပါတယ်။ လူသူဝေးရာမှာ ပုန်းအောင်းကျင့်ကြံနေကြတဲ့ ဝါရင့်အဘိုးကြီးအုပ်စုဟာ သူတို့ကို ပိုမိုတိုးတက်လာစေမယ့် မသေမျိုးဆေးပင်တွေကို ပြင်ဆင်လာခဲ့တယ်လို့ ပြောထားတဲ့ ချန်ရွှင်ဖုန်းကို မျှော်လင့်တကြီးနဲ့ စောင့်ဆိုင်းနေကြပြီ ဖြစ်ပါတယ်။
"ရွှေကဏန်း... အဲဒီမသေမျိုးဆေးပင်က မင်းပြောသလို တကယ်ပဲ အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းအားထက်မြက်တာ ဟုတ်လို့လား?"
ချန်ဒေါင်လျူက ဘေးနားမှာရှိနေတဲ့ ရွှေကဏန်းကို အနည်းငယ် ဝေခွဲမရတဲ့ လေသံနဲ့ မေးလိုက်တယ်။ သူက သူ့သားကို မယုံကြည်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့လည်း မသေမျိုးဆေးပင်ရဲ့ အစွမ်းက ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် လွန်လွန်းနေလို့ပါပဲ။
သူတို့တွေဟာ မသေမျိုးဆေးပင်တွေကို သုံးစွဲပြီးတဲ့နောက် အဆင့် ၉၉ ရှိတဲ့ အတုမဲ့တုန့်လော့ အဆင့်ဆီကို ဖြတ်ကျော်သွားနိုင်မယ့် အခွင့်အလမ်း ရှိနေတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ မသေမျိုးဆေးပင်တွေကို သုံးစွဲပြီးတဲ့နောက် ဝိညာဉ်နန်းတော်မှာ အနာဂတ်ကျရင် အနည်းဆုံး အတုမဲ့တုန့်လော့ ရှစ်ယောက်အထိ ရှိလာနိုင်ခြေ ရှိနေတာပါပဲ။
"အဲဒီ မျိုးဆက်သစ်လူငယ် ယွဲ့ကွမ်းရဲ့ အဆိုအရတော့... အဲဒီလို အာနိသင်မျိုး သေချာပေါက် ရှိပါတယ်ခင်ဗျာ"
ရွှေကဏန်းက ဘာမှဖုံးကွယ်မထားဘဲ ပြောလိုက်ပါတယ်။ အခြားသော ပူဇော်ခံပညာရှင်ကြီးတွေကလည်း ချန်ရွှင်ဖုန်းကို တည်ငြိမ်စွာ ကြည့်နေကြပေမဲ့လည်း သူတို့ရဲ့ နှလုံးသားထဲမှာတော့ ပြင်းထန်တဲ့ လှိုင်းတံပိုးတွေ ရိုက်ခတ်နေခဲ့ပါပြီ။ သူတို့ကို အတုမဲ့တုန့်လော့ ဖြစ်လာစေနိုင်မယ့် မသေမျိုးဆေးပင်ဆိုတာ... အခွင့်အလမ်းတစ်ခုမျှသာ ရှိရင်တောင်မှ ဘယ်လိုလုပ်ပြီး တည်ငြိမ်နေနိုင်ပါ့မလဲ။
"အဖေ... ဦးလေးတို့"
ချန်ရွှင်ဖုန်းက ချန်ရွှင်ကျိ၊ ယွဲ့ကွမ်းနဲ့ ကွေ့မေတို့ကို ခေါ်ဆောင်ပြီး ပူဇော်ခံနန်းဆောင်ထဲ ဝင်ရောက်လာခဲ့ပါတယ်။ ပူဇော်ခံပညာရှင်ကြီးတွေဟာ ချန်ရွှင်ဖုန်းရဲ့ ဘေးပတ်လည်ဆီ ချက်ချင်း တိုးဝှေ့လာကြပြီး မျှော်လင့်ချက်အပြည့်နဲ့ ကြည့်နေကြပါတော့တယ်။
"စိတ်မလောကြပါနဲ့ဦး ဦးလေးတို့ရာ"
ချန်ရွှင်ဖုန်းက ယွဲ့ကွမ်းကို ရှေ့တိုးခိုင်းလိုက်ပြီး မသေမျိုးဆေးပင်တွေကို တစ်ပင်ချင်းစီ လိုက်လံခွဲဝေပေးစေလိုက်ပါတယ်။
"ဒါကတော့ မြေကမ္ဘာနဂါး ရွှေဘူးသီးဆေးပင် ဖြစ်ပြီး မြေကမ္ဘာဂုဏ်သတ္တိရှိတဲ့ မသေမျိုးဆေးပင် ဖြစ်တာကြောင့် ရွှေကဏန်းအကြီးအကဲ သုံးစွဲဖို့ သင့်တော်ပါတယ်"
"ဒါကတော့ ချီလော့ တျူးလစ်ပန်း ဖြစ်ပြီး ဝိညာဉ်စွမ်းအားရဲ့ ကန့်သတ်ချက်တွေကို ဖြတ်ကျော်စေနိုင်တဲ့အပြင် ခန္ဓာကိုယ်ကိုလည်း ကြံ့ခိုင်စေပါတယ်။ ခြင်္သေ့အကြီးအကဲကို ပေးလိုက်ပါ။ ဖြစ်နိုင်ရင် အဆင့် ၉၇ ရဲ့ ကန့်သတ်ချက်ကို တိုက်ရိုက်ဖြတ်ကျော်ပြီး အဆင့် ၉၈ ကို ရောက်ရှိသွားနိုင်ပါတယ်"
"ဒါကတော့..."
...
မသေမျိုးဆေးပင်တွေကို ခွဲဝေပေးပြီးတဲ့နောက် အကြီးအကဲတွေဟာ ချက်ချင်းပဲ သုံးစွဲပြီး စုပ်ယူကျင့်ကြံကြပါတော့တယ်။ ချန်ရွှင်ဖုန်းကတော့ 'ဆောင်းဦးရေပြင်ကြည် နှင်းစက်ဆေးပင်' ကိုသာ ရယူခဲ့ပါတယ်။
ချန်ဒေါင်လျူကတော့ 'ကြက်မောက်မင်း အာရုဏ်ဦးနေကြာပန်း' ကို သိမ်းဆည်းထားလိုက်တယ်။ သူက အခုဆို အဆင့် ၉၉ ရှိတဲ့ အတုမဲ့တုန့်လော့ ဖြစ်နေပြီဖြစ်လို့ ဒီမသေမျိုးဆေးပင်တွေကို သုံးဖို့ မလိုတော့ပါဘူး။ သူဟာ ဒါကို မမွေးဖွားရသေးတဲ့ မြေးမလေး သို့မဟုတ် မြေးကောင်လေးအတွက် သိမ်းထားဖို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။
ချန်ရွှင်ဖုန်းအတွက်ကတော့ ပိုပြီးတော့တောင် မလိုအပ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူက ကောင်းကင်တမန်ဘုရင် လေးပါးထဲက တစ်ပါးဖြစ်တာကြောင့် မွေးရာပါ မီးနဲ့ရေဒဏ်ကို ခံနိုင်ရည်ရှိသလို၊ အဆိပ်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိပြီးသား ဖြစ်ပါတယ်။ သူဟာ ကောင်းကင်တမန်မျက်လုံးကို ပေါင်းစည်းနိုင်ဖို့အတွက် သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား ပိုမိုတိုးတက်လာဖို့သာ လိုအပ်တာ ဖြစ်ပါတယ်။
မကြာခင်မှာပဲ ပြင်းထန်လှတဲ့ အရှိန်အဝါ လှိုင်းလုံးကြီးအချို့ဟာ ပူဇော်ခံနန်းဆောင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ရတယ်။
ဒီအချိန်မှာတော့ ပူဇော်ခံနန်းဆောင်အတွင်းရှိ ပူဇော်ခံပညာရှင်ကြီး တိုင်းဟာ အဆင့်တစ်ခုစီ ဖြတ်ကျော်နိုင်ခဲ့ကြပါပြီ။
ရွှေကဏန်းတုန့်လော့က အဆင့် ၉၉ ရှိတဲ့ အတုမဲ့တုန့်လော့ ဖြစ်လာခဲ့ပြီး၊ ခြင်္သေ့တုန့်လော့က အဆင့် ၉၈ ရှိတဲ့ စူပါတုန့်လော့၊ အမွေးအတောင်လင်းလက်တုန့်လော့က အဆင့် ၉၇ ရှိတဲ့ စူပါတုန့်လော့၊ ကျောက်စိမ်းငှက်တုန့်လော့က အဆင့် ၉၈ ရှိတဲ့ စူပါတုန့်လော့ ဖြစ်လာခဲ့ကြသလို၊ ချန်ကျွင်းနဲ့ ကျန့်မိုတို့ကလည်း အဆင့် ၉၇ ရှိတဲ့ စူပါတုန့်လော့တွေ ဖြစ်လာခဲ့ကြပါတယ်။
ယွဲ့ကွမ်းနဲ့ ကွေ့မေတို့ နှစ်ယောက်စလုံးဟာ အဆင့် ၉၃ ဆီ ရောက်ရှိသွားခဲ့ကြပြီး၊ ချန်ရွှင်ကျိကတော့ အဆင့် ၉၀ ဆီ အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ။ သူ နောက်ဆုံး ဝိညာဉ်ကွင်းတစ်ခုကို ရရှိတာနဲ့တင် စစ်မှန်တဲ့ ဘွဲ့အမည်ရတုန့်လော့ တစ်ယောက် ဖြစ်လာတော့မှာပါ။
"အကြီးအကဲတို့ အားလုံး ပိုမိုတိုးတက်လာကြတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ"
ချန်ရွှင်ဖုန်းက အလွန်ဝမ်းမြောက်စွာနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ အခုအချိန်မှာတော့ ဝိညာဉ်နန်းတော်ရဲ့ ပူဇော်ခံပညာရှင်ကြီး အားလုံးသာ လှုပ်ရှားလိုက်ရင် အထက်ဂိုဏ်းသုံးဂိုဏ်းနဲ့ အင်ပါယာကြီးနှစ်ခု ပေါင်းရင်တောင်မှ ရထားလုံးကို တားဆီးဖို့ ကြိုးစားတဲ့ ပုရွက်ဆိတ်လေးတွေလိုပဲ ဖြစ်သွားပါလိမ့်မယ်။
"ဒါတွေအကုန်လုံးက ဖုန်းအာရဲ့ ကျေးဇူးကြောင့်ပါပဲ!"
အပျော်ရဆုံးလူကတော့ ရွှေကဏန်းတုန့်လော့ ဖြစ်ပါတယ်။ သူဟာ မူလက အတုမဲ့အဆင့်ဆီ ရောက်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ တွေးထားခဲ့တာ ဖြစ်ပေမဲ့လည်း မထင်မှတ်ဘဲ ဒီအချိန်မှာ ကောင်းကင်ကပေးတဲ့ အခွင့်အရေးကို ရရှိခဲ့ပြီး အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တာ ဖြစ်ပါတယ်။
"ဒါက ကျွန်တော့်ရဲ့ တာဝန်ပါပဲ။ အကြီးအကဲတို့ ပိုပြီး အစွမ်းထက်လေလေ၊ ကျွန်တော်တို့ ဝိညာဉ်နန်းတော်အနေနဲ့ နတ်ဘုရားဘိုးဘွားရဲ့ ဘုန်းအာနုဘော်ကို ပိုပြီး ဖော်ဆောင်နိုင်လေလေ ဖြစ်မှာပါ"
ပြောပြီးတဲ့နောက် ချန်ရွှင်ဖုန်းက အဆင့် ၉၀ ဆီ ဖြတ်ကျော်သွားတဲ့ ချန်ရွှင်ကျိကို ကြည့်ပြီး၊ နောင်ကျရင် အရိုက်ခံရတော့မယ့် ဒီညီလေးအတွက် ဘယ်လိုမျိုး ဝိညာဉ်ကွင်းက သင့်တော်မလဲဆိုတာ တွေးတောလိုက်ပါတယ်။
"ရွှင်ကျိလေး... ဒီရက်ပိုင်းအတွင်း မင်းရဲ့ကျင့်ကြံခြင်းကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ထားလိုက်ဦး။ ငါတို့ အနှစ်တစ်သိန်း ဝိညာဉ်သားရဲရဲ့ သတင်းကို ရတာနဲ့ မင်းကို ဝိညာဉ်ကွင်း သွားရောက်ရယူပေးမယ်"
သူ တစ်စုံတစ်ခုကို သတိရသွားပုံရတာကြောင့် ချန်ရွှင်ဖုန်းက စကားထပ်ပြောလိုက်ပါတယ်။ "ခဏကြာရင် မင်း ငါ့ရဲ့ အနှစ်တစ်သိန်း ဝိညာဉ်အရိုးကိုပါ တစ်ခါတည်း စုပ်ယူလိုက်ဦး!"
ဘာပဲဖြစ်ဖြစ် သူ့မှာ ထားထားလည်း ဘာမှသုံးလို့မရတာကြောင့် ညီဖြစ်သူကို ပေးလိုက်တာက ပိုကောင်းပါတယ်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
ချန်ရွှင်ကျိရဲ့ မျက်နှာပေါ်မှာ အပျော်တွေ ပြည့်နှက်သွားခဲ့ရတယ်။ သူဟာ 'ရွှင်ကျိလေး' ဆိုတဲ့ အခေါ်အဝေါ်ကို အလိုအလျောက် ဥပေက္ခာပြုလိုက်ပြီး နှလုံးသားထဲမှာတော့ ချန်ရွှင်ဖုန်းအပေါ် သစ္စာရှိမှုတွေသာ ခံစားလိုက်ရပါတော့တယ်။
"အင်း... ယွဲ့ကွမ်း၊ ကွေ့မေ၊ နောက်ကျရင် ပုပ်ရဟန်းမင်းကြီးအသစ် ရာထူးတက်တဲ့အကြောင်းကို လောကမှာရှိတဲ့ ဂိုဏ်းအားလုံးဆီ အကြောင်းကြားလိုက်ကြ။ နောက်သုံးလကြာရင် အထက်ဂိုဏ်းသုံးဂိုဏ်းနဲ့ အောက်ဂိုဏ်းလေးဂိုဏ်းကို ပြန်လည်ရွေးချယ်ဖို့ ပြင်ဆင်ကြစို့"
"ဟုတ်ကဲ့ပါ!"
"ဒါနဲ့... ဟုယန်ကျန်းကိုပါ ဒီကို ခေါ်လာခဲ့ကြဦး။ သူ့ကို ဘွဲ့အမည်ရတုန့်လော့အဖြစ် ဖြတ်ကျော်နိုင်မယ့် နည်းလမ်းရှိတယ်လို့ ပြောလိုက်ပါ"
...
နောက်တစ်နေ့မှာတော့ ဂိုဏ်းခုနစ်ဂိုဏ်းကို ပြန်လည်ရွေးချယ်မယ့် အမိန့်တော် ထွက်ပေါ်လာတာနဲ့အတူ ဝိညာဉ်ကုန်းမြေတစ်ခုလုံး ချက်ချင်းပဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရတယ်။ မိမိတို့ရဲ့ စွမ်းအားတွေကို ထိန်းသိမ်းထားကြတဲ့ ဂိုဏ်းအချို့ဟာ လက်ရည်စမ်းကြည့်ဖို့ အားခဲနေကြပါပြီ။ အထက်ဂိုဏ်းသုံးဂိုဏ်းအတွက်တော့ မျှော်လင့်ချက် မရှိပေမဲ့လည်း အောက်ဂိုဏ်းလေးဂိုဏ်းအတွက်တော့ သူတို့တွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြတာကိုး။
ဒီအချိန်မှာတော့ ချန်ရွှင်ဖုန်းရဲ့ ဆင့်ခေါ်မှုကို ရရှိထားတဲ့ ဟုယန်ကျန်းဟာ ပုပ်ရဟန်းမင်းကြီး နန်းဆောင်ဆီကို မနားမနေ အပြေးအလွှား ရောက်ရှိလာခဲ့ပါတယ်။
"ဟုယန်ကျန်းက ပုပ်ရဟန်းမင်းကြီး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ဝိညာဉ်နန်းတော်ရဲ့ အရည်အချင်းပြည့်မီတဲ့ နောက်လိုက်ခွေးတစ်ကောင်အနေနဲ့ ဟုယန်ကျန်းဟာ ရောက်ရောက်ချင်းမှာတင် ချန်ရွှင်ဖုန်းရဲ့ရှေ့မှာ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။
"ဟုယန်ကျန်း... ဒီ အဆင့်ခုနစ်ရှိတဲ့ ခရမ်းရောင်မှိုဆေးပင်ကို စုပ်ယူလိုက်ပါ၊ ဒါဆိုရင် မင်း အဆင့် ၉၀ ဆီ ဖြတ်ကျော်သွားနိုင်လိမ့်မယ်။ အဲဒီနောက်ကျမှ မင်းရဲ့ ကိုးခုမြောက် ဝိညာဉ်ကွင်းကို သွားရောက်ရယူဖို့အတွက် အကြီးအကဲကျူနဲ့ အကြီးအကဲကွေ့တို့ကို ငါ လွှတ်ပေးမယ်"
ချန်ရွှင်ဖုန်းက အပိုစကားတွေ ပြောမနေတော့ဘဲ အဆင့်ခုနစ် ခရမ်းရောင်မှိုဆေးပင် ပါဝင်တဲ့ သေတ္တာကို ဟုယန်ကျန်းဆီ တိုက်ရိုက် လွှဲပေးလိုက်ပါတယ်။
"ဒါ... ဒါက!"
ဟုယန်ကျန်းဟာ အဆင့်ခုနစ် ခရမ်းရောင်မှိုဆေးပင် ပါဝင်တဲ့ သေတ္တာကို တုန်တုန်ရင်ရင်နဲ့ လှမ်းယူလိုက်ပြီး၊ ချက်ချင်း မျိုချပစ်ချင်တဲ့ စိတ်ဆန္ဒကို အတင်းအကျပ် ဖိနှိပ်ထားရင်း ချန်ရွှင်ဖုန်းကို ရိုသေစွာ ပြောလိုက်ပါတယ်။
"ဒီနေ့မှစပြီး ကျွန်တော့်ရဲ့ ဆင်သံမဏိဂိုဏ်းဟာ ဝိညာဉ်နန်းတော်ရဲ့ နောက်ကွယ်ကနေ သေသည်အထိ လိုက်ပါသွားမှာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး အပေါ်မှာသာ သစ္စာရှိပါ့မယ်ခင်ဗျာ"
"အင်း... မင်း အခုပဲ သုံးစွဲနိုင်ပြီ။ ငါ့မှာ တောင်းဆိုချက် တစ်ခုပဲ ရှိတယ်၊ ယွီယွမ်ကျန့်က ငါ့ရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာရထားပြီးပြီ။ နောက်တစ်လကြာရင် အပြာရောင်လျှပ်စီးနဂါးဂိုဏ်းကို အထက်ဂိုဏ်းသုံးဂိုဏ်းထဲကနေ မောင်းထုတ်ပစ်လိုက်ကြ"
သူဟာ အကြောင်းပြချက်မရှိဘဲ ဟိုဟိုဒီဒီ လျှောက်သွားတတ်ပြီး အမြဲတမ်း 'အထက်ဂိုဏ်းသုံးဂိုဏ်းဟာ စိတ်ဓာတ်ချင်း ဆက်နွှယ်နေကြတာ' လို့ ပြောလေ့ရှိတဲ့ နင်ဖုန်းကျန့်ကို သတိရလိုက်မိပါတယ်။
အခု ဆင်သံမဏိဂိုဏ်းက အထက်ဂိုဏ်းသုံးဂိုဏ်းထဲ ဝင်ရောက်သွားတဲ့အခါကျမှ နင်ဖုန်းကျန့်က သူတို့ကို ဘယ်လိုမျိုး စည်းရုံးသိမ်းသွင်းမလဲဆိုတာကို သူ စောင့်ကြည့်ချင်ပါသေးတယ်။
လူတိုင်း သိထားကြတဲ့အတိုင်း ဟုယန်ကျန်းဟာ ပြင်ပလူတွေကို အားကိုးပြီးမှသာ အထက်ဂိုဏ်းသုံးဂိုဏ်းထဲ ဝင်နိုင်ခဲ့တဲ့ အကူအညီပေးရေးဂိုဏ်းသက်သက်ဖြစ်တဲ့ ခုနှစ်ရောင်ခြယ်ဖန်စီဂိုဏ်းကို အမြဲတမ်း အထင်သေးတတ်သူ ဖြစ်တာကြောင့်ပါ။
"ဟုတ်ကဲ့ပါ"
ချန်ရွှင်ဖုန်းက ဘာမှမပြောရင်တောင်မှ သူဟာ အပြာရောင်လျှပ်စီးနဂါးဂိုဏ်းကို သေချာပေါက် တိုက်ခိုက်မှာ ဖြစ်ပါတယ်။ သူက ခုနှစ်ရောင်ခြယ်ဖန်စီဂိုဏ်း ကို အထင်သေးတယ် ဆိုပေမဲ့လည်း အဲဒီမှာရှိနေတဲ့ ဘွဲ့အမည်ရတုန့်လော့ နှစ်ယောက်ဖြစ်တဲ့ ဓားတုန့်လော့နဲ့ အရိုးတုန့်လော့တို့ကိုတော့ သူ မနိုင်ပါဘူး။
"ကဲ... မင်း သွားလို့ရပြီ!"
အချိန်တွေဟာ ကုန်လွန်သွားခဲ့ပြီး ဂိုဏ်းအသီးသီးကို ရွေးချယ်မယ့် မဟာပွဲတော်ကြီးကျင်းပဖို့ ခုနစ်ရက်သာ လိုပါတော့တယ်။
မူလ အထက်ဂိုဏ်းသုံးဂိုဏ်းက လူတွေဟာ အစောကြီး ကတည်းက ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
"ဟွန်း... ဒီဝိညာဉ်နန်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီးက ရာထူးတက်ပြီးတာနဲ့ ဘာဖြစ်လို့ အထက်ဂိုဏ်းသုံးဂိုဏ်းကို ပြန်ရွေးချယ်ချင်နေတာလဲ? ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်း ဒီဂိုဏ်းအနည်းငယ်ပဲ မဟုတ်ဘူးလား? အကယ်၍ ငါ့အဘိုးသာ ပျောက်မနေရင်... ငါ သေချာပေါက် အဲဒီပုပ်ရဟန်းမင်းကြီးရဲ့ ခွေးခေါင်းကို သွားပြီး ရိုက်ခွဲပစ်လိုက်မယ်"
အခုဆို အဆင့် ၇၃ ဆီ ရောက်ရှိနေပြီဖြစ်တဲ့ ထန်ဟောင်က တက်ကြွလှတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။ ထန်ချန်က ချန်ဒေါင်လျူကို ရိုက်နှက်ကတည်းက သူဟာ အမြဲတမ်း မာနတွေ ထောင်လွှားနေခဲ့တာ ထင်ရှားပါတယ်။ ထန်ချန် ပျောက်ဆုံးနေရင်တောင်မှ သူ ဝိညာဉ်နန်းတော်ကို အထင်သေးနေတာကို တားဆီးနိုင်ပုံမရပါဘူး။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ ဟောက်ထျန်းဂိုဏ်းရဲ့ ဘုန်းအာနုဘော်ကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ အဲဒီပုပ်ရဟန်းမင်းကြီးအသစ်က ဘယ်လိုပဲ ဇာတ်ရှုပ်အောင် လုပ်ပါစေ... လောကရဲ့ နံပါတ်တစ်ဂိုဏ်း ဆိုတဲ့ ဘွဲ့အမည်ကတော့ ငါတို့ ဟောက်ထျန်းဂိုဏ်းရဲ့ အပိုင်ပဲ ဖြစ်နေဦးမှာပါ"
ထန်ရှောင်ကလည်း အလွန် မာနကြီးနေခဲ့ပါတယ်။ မတတ်နိုင်ပါဘူး၊ အခုဆို ဟောက်ထျန်းဂိုဏ်းတစ်ခုလုံးက လူတွေဟာ အလွန်အမင်း မာနထောင်လွှားနေကြပြီး အခြားသော ဂိုဏ်းတွေကို သူတို့ရဲ့ မျက်စိထဲပင် ထည့်ထားပုံမရပါဘူး။
"ဟူး... အခု ဂိုဏ်းထဲမှာ ငါ့အဖေ တစ်ယောက်တည်းပဲ ဘွဲ့အမည်ရတုန့်လော့အဖြစ် ရှိနေတာ။ လောကရဲ့ နံပါတ်တစ်ဂိုဏ်း ဘွဲ့အမည်ကို ထိန်းသိမ်းထားဖို့က တကယ်ကို ခက်ခဲလှပါတယ်"
ထန်ကျန့်ရဲ့ မျက်နှာအမူအရာကတော့ အနည်းငယ် ဆိုးရွားနေခဲ့တယ်။ ဂိုဏ်းထဲမှာ အဆင့်အမြင့်ဆုံး အကြီးအကဲကတောင်မှ အဆင့် ၈၉ သာ ရှိသေးတာ ဖြစ်ပါတယ်။ လောကရဲ့ နံပါတ်တစ်ဂိုဏ်း ဖြစ်နေပေမဲ့လည်း ဘွဲ့အမည်ရတုန့်လော့ တစ်ယောက်တည်းသာ ရှိနေတာဟာ ပြင်ပလူတွေကို အားကိုးနေရတဲ့ ခုနှစ်ရောင်ခြယ်ဖန်စီဂိုဏ်း ထက်တောင်မှ ပိုပြီး ဆိုးရွားနေခဲ့တာကိုး။
"တောက်... အသုံးမကျတဲ့ ဝိညာဉ်နန်းတော်! အဖေ ပျောက်ဆုံးသွားတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်၊ သူတို့တွေက ငါတို့ ဟောက်ထျန်းဂိုဏ်းကို ဒီလိုမျိုး ပစ်မှတ်ထားရဲတယ်ပေါ့။ သူတို့တွေ တကယ်ပဲ သေချင်နေကြတာပဲ"