အပိုင်း (၃၀) ဘာလဲ... ငါ့သားက တတိယအကြိမ်မြောက် လူဝင်စား ဖြစ်သွားတာလား
မကြာမီအချိန်အတွင်းမှာပင် ရေခဲနှင့်မီး နဂါးဘုရင်နှစ်ကောင်သည်လည်း ကောင်းကင်ပဋိညာဉ်ထဲမှ ထွက်ပေါ်လာခဲ့ကြသည်။
“မင်းက ငွေနဂါးဘုရင်ကြီးလား။ နဂါးနတ်ဘုရားရဲ့ ခန္ဓာကိုယ်ဟောင်းကနေ ခွဲထွက်လာတဲ့ ကိုယ်ပွားတစ်ခုပေါ့။”
ရေခဲနှင့်မီး နဂါးဘုရင်နှစ်ကောင်သည် မိန်းကလေးငယ်အသွင် ယူထားသော ကုယွဲ့နာကို စူးစမ်းသည့်မျက်ဝန်းများဖြင့် ကြည့်ကာ မေးမြန်းလိုက်ကြသည်။
“မှန်တယ်... ငါက နဂါးနတ်ဘုရားရဲ့ ပညာဉာဏ်ကနေ ပုံသွင်းထားတဲ့ ငွေနဂါးဘုရင်ကြီးပဲ။”
ကုယွဲ့နာသည် ဤကိစ္စနှင့်ပတ်သက်၍ များများစားစား ထပ်မပြောတော့ဘဲ ဂုဏ်ယူဝင့်ကြွားစွာနှင့် ပွင့်လင်းထင်ရှားစွာပင် ဝန်ခံလိုက်သည်။ သို့သော်လည်း နဂါးဘုရင်နှစ်ကောင်က သူမအပေါ် အဘယ်ကြောင့် ရန်လိုသကဲ့သို့ ဖြစ်နေရသနည်းဟူသည်ကို သူမ စူးစမ်းချင်မိသည်။
သူတို့ကသာ မင်းအပေါ် ရိုးရိုးသားသား ဆက်ဆံခဲ့လျှင် ထူးဆန်းနေပေလိမ့်မည်။ နဂါးနတ်ဘုရားနှင့် အချိန်ကာလ နဂါးဘုရင်နှစ်ကောင်တို့ကြားက ရန်ငြိုးရန်စသည် နဂါးမျိုးနွယ်စုတစ်ခုလုံးကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။ အကယ်၍ မင်းသာ စစ်မှန်သော နဂါးနတ်ဘုရား မဟုတ်ခဲ့လျှင်၊ ရေခဲနှင့်မီး နဂါးဘုရင်နှစ်ကောင်သည် မင်းကို တူနှင့် ထုရိုက်ပစ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
မင်းက တော်တော်လေး ဂုဏ်ယူဝင့်ကြွားနေတာပဲ။ နဂါးနတ်ဘုရား လုပ်ခဲ့တဲ့ မိုက်မဲတဲ့ကိစ္စတွေကို သိသွားတဲ့အထိ စောင့်ဆိုင်းလိုက်ဦး၊ အဲ့ဒီအခါကျရင် မင်း ဆက်ပြီး ဂုဏ်ယူနိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့။
“ဟဲဟဲ... အဲ့ဒီနဂါးနတ်ဘုရား အဖိုးကြီးရဲ့ ဦးနှောက်က ဘယ်တုန်းကမှ သိပ်မကောင်းခဲ့တာ၊ သူ့မှာ ဘာပညာဉာဏ်မျိုး ရှိနေမှာလဲ။”
နဂါးနတ်ဘုရား လုပ်ခဲ့ဖူးသော မိုက်မဲသည့်ကိစ္စရပ်များကို ပြန်လည်သတိရမိသွားပုံရပြီး၊ ရေခဲနှင့်မီး နဂါးဘုရင်နှစ်ကောင်သည် နဂါးနတ်ဘုရား၏ ပညာဉာဏ်အပေါ် ပြင်းထန်လှသော သံသယများ ဖြစ်ပေါ်လာခဲ့ကြသည်။ သေချာတာပေါ့... ဤသံသယမှာ မှန်ကန်ပေသည်။ သူ့မှာ တကယ်ပဲ ပညာဉာဏ် သိပ်မရှိခဲ့ချေ။
“နဂါးဘုရင်နှစ်ကောင်က နဂါးနတ်ဘုရားအပေါ် ဘာလို့ ဒီလောက်အထိ ရန်ငြိုးကြီးနေရတာလဲ။”
ကုယွဲ့နာသည်လည်း ဤနဂါးဘုရင်နှစ်ကောင်က နဂါးနတ်ဘုရားအပေါ် အာဃာတရှိပုံရသည်ကို ကြားသိထားသဖြင့် သူမ၏ မျက်မှောင်ကို တင်းကြပ်စွာ ကျုတ်လိုက်မိသည်။
“ဟွန်း... မင်း မသိသေးဘူးမလား၊ အဲ့ဒီနဂါးနတ်ဘုရားအဖိုးကြီးက အခုထိ အသက်ရှင်နေသေးတယ်ဆိုတာကို။”
ရေခဲနဂါးဘုရင်သည် ဘာမှမသိဘဲ အမှောင်ချခံထားရသော ကုယွဲ့နာကို သနားစဖွယ် ကြည့်လိုက်ပြီး၊ ချန်ရွှင်ဖုန်းက ရေကန်အောက်ခြေတွင် ဖွင့်ဟပြောကြားခဲ့သမျှ အရာအားလုံးကို သူမအား ပြောပြလိုက်တော့သည်။
“ဘာလဲ။ နဂါးနတ်ဘုရားက မသေသေးဘူးဟုတ်လား! ပြီးတော့ ဝိညာဉ်သားရဲတွေ နတ်ဘုရား မဖြစ်နိုင်ရတဲ့ ကန့်သတ်ချက်ကိုလည်း နဂါးနတ်ဘုရား ကိုယ်တိုင် သတ်မှတ်ခဲ့တာပေါ့၊ နတ်ဘုရား မဖြစ်လာမှသာ နတ်ဘုရားလောကရဲ့ နှိပ်စက်မှုကို မခံရမှာမို့လို့ ဆိုပြီးတော့လား!”
ကုယွဲ့နာသည် နားထောင်ရင်းနှင့် သူမ၏ မျက်နှာအမူအရာမှာ ပိုမို၍ ဆိုးရွားလာခဲ့ရသည်။ တကယ်တော့ ဝိညာဉ်သားရဲများ အထက်သို့ မတက်လှမ်းနိုင်ရခြင်း၏ အဓိကတရားခံမှာ နဂါးနတ်ဘုရား ဖြစ်နေခဲ့ပြီး၊ အခြားသော နတ်ဘုရားများကတော့ လျှပ်စီးမုန်တိုင်းကပ်ဘေးကိုသာ ဝိုင်းဝန်းသတ်မှတ်ပေးခဲ့ကြခြင်း ဖြစ်သည်။
ကုယွဲ့နာ လုံးဝဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ သူမသည် မိမိကိုယ်ကိုယ် ပြင်းထန်စွာ သံသယဝင်မိသွားခဲ့သည် - သူမက တကယ်ပဲ နဂါးနတ်ဘုရား၏ ပညာဉာဏ်ကိုယ်ပွား ဟုတ်ရဲ့လား။ ဒါ လုံးဝမှားနေတာ နေမှာပါ! သူမက ဒီလောက်အထိ ထက်မြက်တာ၊ နဂါးနတ်ဘုရားက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဦးနှောက်မရှိ ဖြစ်နေရတာလဲ။
သူမ စဉ်းစားနေရင်းနှင့် ကုယွဲ့နာ၏ မျက်ဝန်းထဲတွင် ဉာဏ်ပညာအလင်းတန်းတစ်ခု တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း သူမ ဘယ်လိုမှ စဉ်းစား၍မရနိုင်ဘဲ ဦးနှောက်တစ်ခုလုံး အေးခဲသွားခဲ့ရတော့သည်။
“ကဲပါ... အတိတ်ကြောင်း ပြန်ပြောင်းပြောနေတာတွေ တော်လောက်ပါပြီ။ ကျန်တဲ့အကြောင်းအရာတွေကိုတော့ လမ်းမှာပဲ အေးအေးဆေးဆေး ပြောကြတာပေါ့။”
ချန်ရွှင်ဖုန်းသည် ပျင်းရိစွာ သမ်းဝေလိုက်ရင်း ကုယွဲ့နာတစ်ယောက် အချိန်အတော်ကြာအောင် စဉ်းစားနေသော်လည်း နားမလည်နိုင်ဖြစ်နေသည်ကို ကြည့်ကာ၊ နဂါးနတ်ဘုရား၏ ပညာဉာဏ်အဆင့်အတန်းကို စိတ်ထဲမှ အတည်ပြုလိုက်မိသည်။
...
ဝိညာဉ်နန်းတော်တွင်မူ ချန်သောက်လျူ သည် ဒေါသတကြီး မျက်နှာအမူအရာဖြင့် ပုပ်ရဟန်းမင်း နန်းတော်၏ အဝင်ဝတွင် မတ်တတ်ရပ်နေခဲ့သည်။
(ပြင်ဆင်ချက်-ချန်ဒေါင်လျူကို ချန်သောက်လျူ ဟုပြန်ပြင်ရေးသားပါတယ်)
“မင်းတို့ အဲ့ဒီအမွေပြတ်သားကို အခုထိ ရှာမတွေ့သေးဘူးလား။”
ချန်သောက်လျူသည် ကာဒီနယ်၏ အစီရင်ခံစာကို နားထောင်ရင်း စိတ်ထဲတွင် ဒေါသများ တရိပ်ရိပ် တက်လာခဲ့ရသည်။ သူ၏ချွေးမဖြစ်သူမှာ မီးဖွားတော့မည်ဖြစ်သော်လည်း၊ ဖခင်တစ်ယောက် ဖြစ်တော့မည့် ချန်ရွှင်ဖုန်းကတော့ မည်သည့်နေရာသို့ ထွက်ပြေးပုန်းအောင်းနေမှန်း လုံးဝမသိရချေ။
သူက တကယ့်ကို အမွေပြတ်သား သက်သက်ပဲ! မိမိတစ်သက်လုံးတွင် နာမည်ကျော်ကြားခဲ့ပြီး ကောင်မလေး ရှီးရှီး အပေါ်ထားရှိသော မေတ္တာမှာလည်း မပြောင်းလဲခဲ့ပါလျက်နှင့်၊ ဘာလို့ ဤကဲ့သို့သော သားမျိုး ထွက်လာရတာလဲ။
“ဖေဖေ... ကျွန်တော့်ကို ရှာနေတာလား။”
ချန်ရွှင်ဖုန်းသည် ချန်သောက်လျူ၏ မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ ဤတစ်ကြိမ်တွင်တော့ လူအိုကြီး တကယ်ဒေါသထွက်နေပြီဖြစ်ကြောင်း သိရှိလိုက်သဖြင့်၊ သူသည် နတ်ဘုရားလက်နက်ကို သွန်းလုပ်နေခဲ့ရခြင်းဖြစ်ကြောင်း ချက်ချင်းပင် အပြေးအလွှား ရှင်းလင်းပြောကြားလိုက်သည်။
“အာ... ဒါဆိုရင်လည်း အားရင်ဆီကို မြန်မြန် သွားကြည့်လိုက်ဦး။”
ချန်သောက်လျူသည် ဘာတတ်နိုင်ရော့သလဲဟူသော သက်ပြင်းချရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ သူသည် နတ်ဘုရားစမ်းသပ်ချက်၏ အရေးကြီးပုံကို သဘာဝကျစွာ သိရှိထားသဖြင့်၊ သားဖြစ်သူ၏အနောက်တွင် ရှိနေသော ငွေရောင်ဆံပင်နှင့် အမျိုးသမီး၏ အထောက်အထားကို မေးမြန်းရန် အချိန်မရတော့ချေ။
သူသည် ချန်ရွှင်ဖုန်းအနေနှင့် အာရင်အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရန်သာ မျှော်လင့်မိပါသည်; ဘာပဲဖြစ်ဖြစ် သူမသည် ချန်ရွှင်ဖုန်းအတွက် ရင်သွေးလေးတစ်ဦးကို မွေးဖွားပေးခဲ့ပြီ မဟုတ်ပါလား။ မိမိ၏သားကို မိမိကဲ့သို့ မဖြစ်စေချင်ချေ။
မိမိ၏ အဖော်ဖြစ်သူသည် ချန်ရွှင်ဖုန်းနှင့် သူ၏အစ်ကိုတို့ကို မွေးဖွားပေးပြီးနောက် သက်စောင့်စွမ်းအား မလုံလောက်မှုကြောင့် တစ်နှစ်ပင်မပြည့်မီမှာတင် ကွယ်လွန်သွားခဲ့ရသည်။
သူနှင့် ထိုအမျိုးသမီးတို့သည် မိသားစုအကျိုးစီးပွားအတွက်သာ အတူတူရှိခဲ့ကြခြင်း ဖြစ်သော်လည်း၊ လင်မယားတစ်ရက်ဆိုသည်မှာ ရက်ပေါင်းရာချီသော သံယောဇဉ်ရှိပေရာ နောက်ဆုံးတွင်တော့ အကြင်နာတရားများ ရှိခဲ့ကြပေသည်။
ထို့ကြောင့် သူသည် မိမိ၏ နောင်တတရားအားလုံးကို ချန်ရွှင်ဖုန်းနှင့် သူ၏အစ်ကိုတို့အပေါ် အလိုလိုက်ယုယမှုများအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
မူရင်းဇာတ်လမ်းထဲတွင် ချန်ရွှင်ကျီ ၏စရိုက်လက္ခဏာ ဆိုးရွားခဲ့ရခြင်းမှာလည်း ချန်သောက်လျူက သူ့ကို အလွန်အမင်း အလိုလိုက်ခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။
ဤအချိန်တွင် ချန်ရွှင်ဖုန်း၏ အိပ်ဆောင်အပြင်ဘက်၌ လူအုပ်ကြီးက ဝိုင်းဝန်းစောင့်ဆိုင်းနေခဲ့ကြသည်။ ချန်ရွှင်ဖုန်း ရောက်ရှိလာသည့်အခါတွင်လည်း သူတို့ကို အတွင်းသို့ ပေးမဝင်ခဲ့ကြချေ။
အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် အခန်းထဲမှ ကလေးငိုသံလေးတစ်ချက် ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ဝမ်းဆွဲသည် အပြင်သို့ ထွက်လာခဲ့ပြီး လူတိုင်းကို ပြာပြာသလဲ ဂုဏ်ပြုလိုက်သည် - “ဂုဏ်ယူပါတယ် အရှင်ပုပ်ရဟန်းမင်းကြီးခင်ဗျာ... မြင့်မြတ်လှတဲ့ သားရတနာလေးကို အောင်မြင်စွာ မွေးဖွားသန့်စင်ပြီးပါပြီ။”
“ကောင်းပြီ... မင်း ကာဒီနယ်ဆီ သွားပြီး ဝိညာဉ်ရွှေဒင်္ဂါး တစ်ရာ ဆုလာဘ်သွားတောင်းလိုက်ပါ။”
ချန်ရွှင်ဖုန်းသည် ဖခင်တစ်ယောက်ဖြစ်ရသည့် ခံစားချက်ကို ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသဖြင့် အခန်းထဲသို့ ချက်ချင်းပင် ပြေးဝင်သွားခဲ့ရာ၊ ကလေးငယ်ကို ပွေ့ချီထားသော အာရင်ကို လှမ်းမြင်လိုက်ရသည်။
“ရင်အာ... မင်း တော်တော်လေး ပင်ပန်းသွားပြီ။”
ချန်ရွှင်ဖုန်းသည် အာရင်ကို အကြင်နာမျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင် နောင်တအနည်းငယ် ဖြစ်ပေါ်မိသွားခဲ့သည်။ နတ်ဘုရားစမ်းသပ်ချက်များနှင့် နောင်အနာဂတ်အတွက် စီစဉ်နေခဲ့ရသဖြင့် သူသည် မကြာသေးမီက အာရင်၏ဘေးနားတွင် အချိန်သိပ်မပေးနိုင်ခဲ့ချေ။
သူသည် အခြားအမျိုးသမီးများအပေါ်တွင်မူ ကာမရာဂစိတ် သက်သက်သာ ရှိနိုင်သော်လည်း၊ အာရင်အပေါ်တွင်မူ စစ်မှန်သော မေတ္တာတရား ရှိပေသည်။ သူမသည် ဤလောကတွင် မိမိ၏ ပထမဆုံးသော အမျိုးသမီး မဟုတ်ပါလား။
“ကျွန်မ လုံးဝမပင်ပန်းပါဘူး။ ကျွန်မဘေးမှာ ရွှင်ဖုန်း ရှိနေပေးတာနဲ့တင် ကျွန်မ အရမ်းပျော်ပါတယ်။”
အာရင်သည် ချန်ရွှင်ဖုန်း၏ ရင်ခွင်ထဲသို့ နူးညံ့စွာ မှီတွဲလိုက်ပြီး၊ မိမိရင်ခွင်ထဲရှိ ကလေးငယ်ကို အကြင်နာများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်သည်။ ဒါဟာ သူမနဲ့ ရွှင်ဖုန်းတို့ရဲ့ ရင်သွေးလေးပဲ ဖြစ်သည်။
“အရင်ဆုံး ကလေးကို နာမည်ပေးကြစို့။”
“သူ့ကို ချန်ရန်ချွမ်း လို့ပဲခေါ်ကြစို့။ သူ့ရဲ့ လုပ်ဆောင်ချက်မှန်သမျှဟာ အဆင်ပြေချောမွေ့ပြီး အတားအဆီးမရှိ ကျော်ဖြတ်နိုင်ပါစေ။ နောင်တစ်ချိန်မှာ သူဟာ ဝိညာဉ်နန်းတော်ရဲ့ သန့်ရှင်းသောသားတော် ဖြစ်လာပြီး၊ ဝိညာဉ်နန်းတော်ရဲ့ စဉ်ဆက်မပြတ် ထာဝရအမွေအနှစ်ကို ကိုယ်စားပြုတဲ့သူ ဖြစ်လာလိမ့်မယ်။”
“ကောင်းပါပြီ။”
အာရင်သည် ချန်ရွှင်ဖုန်း၏ ပခုံးထက်သို့ တင်းကြပ်စွာ မှီလိုက်သည်။ ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသော နွေးထွေးမှုကြောင့် ပင်ပန်းနွမ်းနယ်နေသော သူမ၏ခန္ဓာကိုယ်မှာ အနားယူရန် လိုအပ်နေခဲ့သဖြင့် သူမသည် မကြာမီမှာပင် အိပ်ပျော်သွားခဲ့တော့သည်။
ချန်ရွှင်ဖုန်းသည် ချန်ရန်ချွမ်းကို စူးစမ်းကြည့်လိုက်သည့်အခါ သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းချင်း ထူးဆန်းသွားခဲ့ရသည်။ ကလေး၏ ဝိညာဉ်မှာ ပြဿနာမရှိသော်လည်း၊ သူ့တွင် ထန်ဂိုဏ်း၏ တုနှိုင်းမဲ့လျှို့ဝှက်ဆန်းကြယ်အတတ်ပညာများ အပြည့်အစုံ ဘာကြောင့် ရှိနေရတာလဲ။
လောကကမ္ဘာ၏ အသိစိတ်နှင့် ဆက်သွယ်ကြည့်လိုက်ပြီးနောက်တွင်မူ ချန်ရွှင်ဖုန်းသည် မိမိကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။
မိမိ၏ အချိန်နယ်ပယ်ကို ဖြတ်ကျော်လာမှုကြောင့် အချိန်ကာလလှိုင်းဂယက်များ ဖြစ်ပေါ်ခဲ့ရပြီး၊ ၎င်းက နတ်ဘုရားဘုရင် ထန်ဆန်းအား ထန်ဂိုဏ်းမှ ထန်ဆန်း၏နေရာသို့ အစားထိုးဝင်ရောက်သွားစေခဲ့ကာ၊ ထန်ဂိုဏ်းမှ ထန်ဆန်းမှာမူ သံသရာထဲသို့ ဝင်ရောက်ပြီး လူဝင်စားဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း သူ့အပေါ်တွင် နတ်ဘုရားစွမ်းအား အကြွင်းအကျန်အချို့ ရှိနေခဲ့သောကြောင့် သူ၏မှတ်ဉာဏ်များမှာ လုံးဝဥဿုံ ဖျက်ဆီးခြင်း မခံခဲ့ရဘဲ၊ ထန်ဂိုဏ်း၏ တုနှိုင်းမဲ့လျှို့ဝှက်ဆန်းကြယ်အတတ်ပညာများကို အပြည့်အစုံ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
“ရှူး... ဒါဆိုရင်တော့ အဲ့ဒီထန်ဘုရားကြီးတစ်ယောက် လူဝင်စားဖြစ်ပြီးသွားရင်၊ ရှောင်ဝူ ကို သွားရှာဖို့အတွက် နုဒင်းအကယ်ဒမီကို သေချာပေါက် သွားလိမ့်မယ်ပေါ့။”
ချန်ရွှင်ဖုန်းသည် ခဏမျှ စဉ်းစားသုံးသပ်လိုက်ရာ သူ၏စိတ်ထဲတွင် လျှပ်ခနဲ အကြံတစ်ခု ရရှိသွားခဲ့ပြီးနောက် နောက်ထပ် ရယ်စရာကောင်းသော အတွေးတစ်ခု ပေါ်လာခဲ့ပြန်သည်။
အိပ်ပျော်နေသော သူ၏သားကို ကြည့်ရင်း သူသည် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည် -
သားလေး... မင်းရဲ့ ဖေဖေက မင်းရဲ့ အနာဂတ်အတွက် လမ်းခင်းပေးထားပြီးသားပါ။
သူသည် ချန်ရန်ချွမ်းကိုလည်း နုဒင်းအကယ်ဒမီသို့ သွားရောက်ဆော့ကစားခိုင်းရန် စီစဉ်လိုက်ပြီး၊ လှံနှင့် ငါးပူတင်း ဟုခေါ်သော ဘွဲ့အမည်ရတုန့်လော့ နှစ်ယောက်ကို သူ့နောက်သို့ လိုက်ပါစောင့်ရှောက်ခိုင်းမည်ဖြစ်ရာ၊ ထန်ဟောက်လေးကို ကြောက်နေစရာ မလိုချေ။
အာရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်လိုက်ရသဖြင့် ချန်ရွှင်ဖုန်းသည် ထွက်မသွားတော့ချေ။ သူသည် အစေခံမိန်းကလေးအား ချန်ရန်ချွမ်းကို နို့ဘူးတိုက်ခိုင်းလိုက်ပြီး အားရင်၏ ဘေးနားတွင်သာ ဆက်လက်စောင့်ရှောက်နေခဲ့သည်။
ချန်ရန်ချွမ်း ဗိုက်ဆာလာတိုင်း သူသည် နို့ဘူးဖြင့် ပါးစပ်ကို ပိတ်ဆို့ပေးထားခဲ့ပြီး၊ နောက်တစ်နေ့ အာရင် နိုးလာသည့်အချိန်အထိ ဤအတိုင်းပင် ဆက်လက်လုပ်ဆောင်နေခဲ့သည်။
“ရင်အာ... မင်း အရင်ဆုံး ကောင်းကောင်းအနားယူလိုက်ဦး။ ငါ ကိစ္စအချို့ သွားပြင်ဆင်လိုက်ဦးမယ်။”
ချန်ရွှင်ဖုန်းသည် အားရင်၏ လှပသောဆံနွယ်များကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီး သူမ၏မျက်နှာကို နမ်းရှုံ့ကာ အခန်းထဲမှ ထွက်ခွာခဲ့တော့သည်။
“ဦးလေး... သမီး ညီလေးကို လာကြည့်တာ။”
သူ အခန်းပြင်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် ချန်ရန်ရွှဲ သည် ခုန်ပေါက်ရင်း ရောက်ရှိလာခဲ့သည်။ ပြီးခဲ့သည့်တစ်ခေါက်က ထိုယုန်ဖြူကြီးနှင့် တွေ့ဆုံခဲ့ရပြီးကတည်းက၊ သူမသည် အားလပ်သည့်အချိန်တိုင်း ရှောင်ဝူနှင့် ဆော့ကစားရန်အတွက် ကြယ်တာရာတောအုပ်ကြီးသို့ သွားရောက်တတ်သည်။ အဓိကမှာ သူမသည် ရှောင်ဝူကို စီးနင်းရသည်ကို သဘောကျသောကြောင့် ဖြစ်သည်။
သူတို့နှစ်ယောက်၏ စရိုက်လက္ခဏာများမှာ ပေါင်းစည်းသွားခဲ့ကြပုံရသည်။ ရှောင်ဝူသည် တက်ကြွလန်းဆန်းနေဆဲ ဖြစ်သော်လည်း၊ မူရင်းဇာတ်လမ်းထဲကကဲ့သို့ နေရာတိုင်းတွင် ပြဿနာလိုက်ရှာခြင်းမျိုး မပြုလုပ်တော့ဘဲ အသိတရားအချို့ ရှိလာခဲ့သည်။
အမှန်ပင်၊ မွေးဖွားပြီးနောက်ပိုင်း လမ်းညွှန်ပြသပေးမှုမှာ အလွန်ပင် အရေးကြီးလှပေသည်။
“အင်း... ချန်ရန်ချွမ်းလည်း နိုးနေပြီ။”
ချန်ရွှင်ဖုန်းသည် ပုပ်ရဟန်းမင်း နန်းတော်ဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး၊ အကြီးအကဲကျူ နှင့် အကြီးအကဲကွေ့ တို့ကို ပုပ်ရဟန်းမင်း နန်းတော်သို့ ဆင့်ခေါ်လိုက်သည်။
“အကြီးအကဲ ကွေ့... ထန်ဟောက်က တိန့်လန်မြို့ အနီးက ဝိညာဉ်သခင်ကျေးရွာမှာ ပုန်းအောင်းနေတယ်ဆိုတဲ့ သတင်းကို ဟောက်ထျန်းဂိုဏ်းဆီ ဖြန့်ဝေလိုက်ပါ။”
[ စကားချပ် - ဤကျေးရွာသည် မူရင်းဇာတ်လမ်းထဲမှ သန့်ရှင်းသောဝိညာဉ်ကျေးရွာကို ဆိုလိုခြင်း ဖြစ်သည်။ ]
“အကြီးအကဲ ကျူ... ကြယ်တာရာတောအုပ်ကြီးကို သွားပြီး ရှောင်ဝူ့ကို လူသားအသွင်ပြောင်းလဲဖို့ ပြင်ဆင်ထားလို့ရပြီလို့ သွားပြောလိုက်ပါ။ လူသားအသွင်ပြောင်းပြီးရင် သူမကို နုဒင်းအကယ်ဒမီကို သွားခိုင်းလိုက်ပါ။ အဲ့ဒီမှာ သူမကို ကာကွယ်ပေးမယ့်သူ ရှိလိမ့်မယ်။”
အရာအားလုံးကို စနစ်တကျ စီမံပြီးနောက် ချန်ရွှင်ဖုန်းသည် လက်ကို ဝှေ့ယမ်းကာ လျှို့ဝှက်အခန်းဆီသို့ သွားခဲ့တော့သည်။
“ကျန်ရှိနေတဲ့ အာဏာပြင်းသားရဲကြီး နှစ်ကောင်ကတော့ နှင်းဧကရီ နဲ့ ရေခဲဧကရီ တို့ပဲ ဖြစ်လိမ့်မယ်။”
သို့သော်လည်း အလျင်စလိုလုပ်ရန် မလိုချေ။ ချန်ရွှင်ဖုန်း အခုလုပ်ဆောင်ရန် လိုအပ်သည်မှာ ချန်ရန်ချွမ်းအတွက် အံ့ဩစရာကောင်းသော ကလေးဘဝတစ်ခုကို ဖန်တီးပေးရန်ဖြစ်ပြီး၊ တစ်ပြိုင်နက်တည်းမှာပင် စည်းစနစ်အာဏာမှတစ်ဆင့် ထန်ဂိုဏ်း၏ တုနှိုင်းမဲ့လျှို့ဝှက်ဆန်းကြယ်အတတ်ပညာများကို ပြန်လည်ဆန်းစစ်ရန် ဖြစ်သည်။
၎င်းတို့ကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံပြီး ‘ကောင်းကင်တမန် တုနှိုင်းမဲ့လျှို့ဝှက်ဆန်းကြယ်အတတ်ပညာများ’ အဖြစ် ပြောင်းလဲနိုင်ခြင်း ရှိမရှိ သူ မြင်တွေ့ချင်နေခဲ့သည်။
“ချွမ်းလေး သူ့ရဲ့ တိုက်ပွဲဝိညာဉ်ကို နှိုးဆွပြီးတဲ့အထိ စောင့်ဆိုင်းပြီးမှပဲ နောက်ထပ် အစီအစဉ်တွေကို ဆက်လုပ်ကြတာပေါ့။”
မတ်တတ်ရပ်လိုက်သည့်အခါ ချန်ရွှင်ဖုန်းသည် တစ်ခုခုကို မေ့လျော့နေခဲ့ပုံရကြောင်း ရုတ်တရက် သတိရမိသွားသည်။ လျှို့ဝှက်အခန်းထဲမှ ထွက်လာပြီးနောက်တွင်မှ ကုယွဲ့နာတစ်ယောက် ဝိညာဉ်နန်းတော်၏ အဝင်ဝတွင် စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း သူ သတိပြုမိလိုက်တော့သည်။
“ဟာ... အတွေးချော်သွားလို့ပဲ၊ ဒီငွေရောင်နဂါးမလေးအကြောင်းကို ငါ လုံးဝမေ့သွားခဲ့တယ်!”