အပိုင်း (၃) - ဆရာ... ဆရာက ရှောင်ကန်းအကြောင်းကို ဘာမှနားမလည်ဘူး
နောက်တစ်နေ့ မွန်းတည့်ချိန်။ ဝိညာဉ်နန်းတော်ရဲ့ ပတ်ပတ်လည်မှာတော့ ပုပ်ရဟန်းမင်းကြီးအသစ်ရဲ့ ရာထူးတက်လှမ်းခြင်း အခမ်းအနားကို လာရောက်ကြည့်ရှုကြတဲ့ လူအုပ်ကြီးနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ နူးညံ့ပျော့ပျောင်းတဲ့ နေခြည်နုနုဟာ ဝိညာဉ်နန်းတော်တစ်ခုလုံးပေါ်ကို ဖြာကျနေပြီး၊ ချန်ရွှင်ဖုန်းကတော့ နန်းဆောင်ရဲ့ ရှေ့မှောက်မှာ မတ်တတ်ရပ်နေခဲ့တယ်။ သက်ကြီးဝါကြီး အကြီးအကဲတွေနဲ့ ပလက်တီနမ်ဂိုဏ်းအုပ်တွေရဲ့ ရှေ့မှောက်မှာ၊ သူဟာ ပုပ်ရဟန်းမင်းကြီးရဲ့ သင်္ကေတဖြစ်တဲ့ အာဏာပြတံကျင်ကို ချန်သောက်လျူဆီကနေ တည်ငြိမ်လေးနက်စွာ ဆက်ခံယူလိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ အဏာပြတံကျင် ကို ကိုင်ဆောင်ထားတဲ့ ချန်ရွှင်ဖုန်းဟာ လူအုပ်ကြီးရဲ့ရှေ့ကို ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ပြီး၊ သူ့ရဲ့တည်ငြိမ်လွန်းတဲ့ မျက်နှာအမူအရာနဲ့အတူ ဘေးပတ်လည်မှာ ပေါ်ထွက်နေတဲ့ အမည်းရောင် ၆ ကွင်း၊ အနီရောင် ၃ ကွင်း ဆိုတဲ့ ဝိညာဉ်ကွင်းကိုးကွင်းကတော့ ဘေးပတ်ဝန်းကျင်က လူအားလုံးကို ဆွံ့အမှင်တက်သွားစေခဲ့ပါတယ်။
"ပုပ်ရဟန်းမင်းကြီး အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ!"
ပထမဆုံး ကြွေးကြော်သံ ထွက်ပေါ်လာတာနဲ့အတူ ဘေးပတ်လည်က လူတွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဝိညာဉ်ကွင်းဖွဲ့စည်းပုံရဲ့ အရှိန်အဝါအောက်ကနေ ချက်ချင်းသတိပြန်ဝင်လာကြပြီး၊ အထက်မှာရှိနေတဲ့ ချန်ရွှင်ဖုန်းကို ကြည့်ကာ သွေးရူးသွပ်စွာ အော်ဟစ်ကြွေးကြော်ကြပါတော့တယ်။
"ပုပ်ရဟန်းမင်းကြီး အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ! သက်တော်ရာကျော်! သက်တော်ရာကျော် ရှည်ပါစေ!"
သူတို့ရဲ့ နှလုံးသားထဲမှာ ဝိညာဉ်နန်းတော်အပေါ် သစ္စာရှိမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ချန်ရွှင်ဖုန်းက အောက်က ဝိညာဉ်သခင်တွေရဲ့ သောင်းသောင်းဖျဖျ အော်ဟစ်အားပေးသံတွေကို ကြည့်ပြီး သူ့ရဲ့နှလုံးသားထဲမှာ အတိုင်းအဆမဲ့ ဝမ်းမြောက်ကြည်နူးမှုကို ခံစားလိုက်ရတယ်။
သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ သူဟာ ဒီတိုက်ကြီးရဲ့ အာဏာအထွတ်အထိပ် နေရာမှာ မတ်တတ်ရပ်နေခဲ့ပြီ ဖြစ်ပါတယ်။
ညနေခင်းအချိန် ရောက်သော်လည်း ဝိညာဉ်မြို့တော်တစ်ခုလုံးဟာ မီးမောင်းမှုံ့မှုံ့တွေနဲ့ လင်းထိန်နေဆဲဖြစ်ပြီး၊ ပုပ်ရဟန်းမင်းကြီးအသစ်ရဲ့ စွမ်းပကားအောက်မှာ နစ်မြောနေကြဆဲ ဖြစ်တာ ထင်ရှားပါတယ်။ ဒီအချိန်မှာတော့ ဝိညာဉ်နန်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး နန်းဆောင်အတွင်းမှာ၊ ချန်ရွှင်ဖုန်းဟာ သူ့ကို အကျိုးအကြောင်းမဲ့ လာရောက်ငြင်းခုံနေတဲ့ ပီပီတုန်ကို အေးစက်စက် မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့တယ်။
"ဆရာ... ဆရာက ရှောင်ကန်းအကြောင်းကို ဘာမှနားမလည်ဘဲနဲ့! သူ့ရဲ့ ထူးချွန်တဲ့ အရည်အချင်းတွေကို ဆရာ လုံးဝမမြင်နိုင်ဘူး ဖြစ်နေတာ"
ပီပီတုန်ဟာ ဒီအချိန်မှာ အသက်တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးပြီး၊ အရပ်ရှည်ရှည် သွယ်သွယ်လျလျနဲ့ ပန်းရောင်စကတ်တိုလေးကို ဝတ်ဆင်ထားပါတယ်။ သူမရဲ့ နီရဲတဲ့ မျက်ဝန်းအစုံနဲ့ လိမ္မော်နီရောင် ဆံနွယ်တွေ ပေါင်းစပ်လိုက်တဲ့အခါ တက်ကြွလန်းဆန်းတဲ့ ပုံစံမျိုး ပေါက်နေခဲ့တယ်။ သူမအနေနဲ့ ဒီနေ့ သူမဆရာရဲ့ မျက်နှာအမူအရာက ဘာဖြစ်လို့ ဒီလောက်တောင် အေးစက်နေရတာလဲဆိုတာ မသိပေမဲ့လည်း၊ ဒါက ရှောင်ကန်းနဲ့ လက်ထပ်ချင်တဲ့ သူမရဲ့ဆန္ဒကိုတော့ တားဆီးနိုင်ခြင်း မရှိပါဘူး။
"မင်းပြောတဲ့ အရည်အချင်းဆိုတာ... ငါတို့ ဝိညာဉ်နန်းတော်က အသိပညာတွေကို ခိုးယူပြီး သူပြုစုထုတ်ဝေလိုက်တဲ့ 'ဝိညာဉ်ရဲ့ အဓိကစွမ်းရည်ဆယ်ခု' ဆိုတာကို ပြောတာလား?"
သူ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားတယ် ဆိုပေမဲ့လည်း ချန်ရွှင်ဖုန်းဟာ ရယ်ချင်စိတ်ကို အောင့်အီးမထားနိုင်တော့ဘဲ အော်ရယ်မိပါတော့တယ်။
သူ့ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာ ဒီလောက်အထိ ဦးနှောက်မရှိတဲ့လူမျိုးကို ဒါပထမဆုံးအကြိမ် မြင်ဖူးခြင်းပါပဲ။ ဝိညာဉ်ကုန်းမြေရဲ့ အထူးထုတ်ကုန်ဖြစ်တဲ့ 'အချစ်မူးနေတဲ့ ဦးနှောက်' ဆိုတာမျိုးက အချစ်နဲ့တွေ့ရင် ဉာဏ်ရည်က ချက်ချင်း သုညအောက်ကို ထိုးဆင်းသွားတတ်တာမျိုး ဖြစ်ပါတယ်။
"ဆရာ... အဲဒါက ရှောင်ကန်းရဲ့ ပညာဉာဏ်ပါ"
ပီပီတွန့်က အဲဒီလို အသုံးမကျတဲ့သူ ဖြစ်တဲ့ ယွီရှောင်ကန်းဘက်ကနေ ဒေါသတကြီး ကာကွယ်ပြောဆိုလိုက်တဲ့အခါ၊ ချန်ရွှင်ဖုန်းအနေနဲ့ ပီပီတုန်ဟာ တကယ်ကို ခွေးတစ်ကောင်လို မွေးရတာ ရာနှုန်းပြည့် သင့်တော်ပြီး သူ့သခင်အပေါ်မှာ တကယ်ကို သစ္စာရှိလှပါလားဆိုတာ နားလည်သွားခဲ့ရတယ်။
"ဆရာက ရှောင်ကန်းကို ဘယ်လိုပဲ မကောင်းပြောပြော... သမီးကတော့ ရှောင်ကန်းနဲ့ မဖြစ်ဖြစ်အောင် အတူတူရှိနေမှာပဲ"
စိတ်ဝေဒနာ ခံစားနေရတဲ့ ပီပီတွန့်ဟာ ချန်ရွှင်ဖုန်းရဲ့ ပိုမိုဆိုးရွားလာတဲ့ မျက်နှာအမူအရာကို ဂရုမစိုက်ဘဲ ပြတ်သားတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
တောက်!
ပီပီတွန့်ရဲ့ ဒေါသထွက်စရာကောင်းတဲ့ ပုံစံကို ကြည့်ပြီး ချန်ရွှင်ဖုန်းဟာ သူမကို ဦးနှောက်မရှိတဲ့ အရူးမလို့ စိတ်ထဲကနေ တိုက်ရိုက်ဆဲဆိုလိုက်ပြီး ဘာမှထပ်ပြောဖို့ ပျင်းရိသွားခဲ့ရတယ်။ မိမိအနေနဲ့ ပီပီတုန်ကို ဝိညာဉ်နန်းတော်ရဲ့ သန့်စင်သောမိန်းကလေးအဖြစ် သတ်မှတ်ပြီး သူမရဲ့ ဝိညာဉ်ကွင်းအားလုံးကို သေသေချာချာ အပင်ပန်းခံ ရွေးချယ်ပေးခဲ့ရတာကို သိထားဖို့ လိုပါတယ်။
အခုတော့ သူမဟာ ဝိညာဉ်နန်းတော်အတွက် တောက်ပမလာသေးခင်မှာတင် အဲဒီ ယွီရှောင်ကန်းဆိုသူနဲ့ လက်ထပ်ချင်နေပြီ ဖြစ်ပါတယ်။ ချန်ရွှင်ဖုန်းတစ်ယောက် ဒီလောက်အထိ စိတ်ပျက်စရာကောင်းတဲ့လူမျိုးကို တစ်ခါမျှ မမြင်ဖူးပါဘူး။
ဒီလိုလူမျိုးကို ဘယ်သူက နားလည်နိုင်မှာလဲ!
အဆိုးရွားဆုံးကတော့ ဝိညာဉ်နန်းတော်ရဲ့ သက်ကြီးဝါကြီး အကြီးအကဲတွေနဲ့ သူ့ရဲ့အဖေဖြစ်သူကပါ ပီပီတွန့်ကို လိမ္မာရေးခြားရှိပြီး အပြောနားထောင်တဲ့ ကလေးတစ်ယောက်လို့ အရင်က ထင်မှတ်ခဲ့ကြတာပါပဲ။ အခုတော့ ချန်ရွှင်ဖုန်းက 'ငါတော့ အလုပ်စောစောဆင်းရတော့မယ်' လို့ပဲ ပြောချင်ပါတော့တယ်။ သူက သူမကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြုစုပျိုးထောင်ပေးခဲ့တာကို ယွီရှောင်ကန်းက နှစ်နှစ်အတွင်းမှာတင် ဦးနှောက်ဆေးပစ်လိုက်တာ ဖြစ်ပါတယ်။
ဒေါသမထွက်ပါနဲ့... ဘာပဲဖြစ်ဖြစ် ငါကတော့ လုံးဝအရှုံးမခံနိုင်ဘူး။
ဒါကို တွေးမိတဲ့အခါ ချန်ရွှင်ဖုန်းရဲ့ မျက်ဝန်းတွေထဲမှာ အေးစက်တဲ့ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့တယ်။ သူဟာ ပီပီတွန့်ကို ကောင်းကောင်း ဆုံးမဖို့ လိုအပ်ပါသေးတယ်။ အကယ်၍ ဆုံးမလို့မရရင်တော့ သူမကို ဒီနေရာတင် ချက်ချင်း သတ်ပစ်လိုက်ရုံပါပဲ။ သူတို့ရဲ့ ဝိညာဉ်နန်းတော်က ဘယ်တော့မှ အရှုံးပေါ်မယ့် လုပ်ငန်းမျိုးကို မလုပ်ပါဘူး။
"မင်း ဝိညာဉ်နန်းတော်ကို အသက်ခြောက်နှစ်အရွယ်မှာ ရောက်လာခဲ့တာ အခုဆို ဆယ်နှစ်နှစ်ရှိပြီ။ ဒီဆယ်နှစ်နှစ်က အသုံးမကျတဲ့ကောင်နဲ့ နေခဲ့ရတဲ့ နှစ်နှစ်ကိုတောင် မမှီဘူးဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ပီပီတုန်က ချန်ရွှင်ဖုန်းကို ဝေခွဲမရတဲ့ မျက်နှာအမူအရာနဲ့ ကြည့်လိုက်ပြီး၊ သူမရဲ့ဆရာက ဘာဖြစ်လို့ အခုလို စကားမျိုး ပြောနေရတာလဲဆိုတာ နားမလည်နိုင် ဖြစ်နေခဲ့ပါတယ်။ သူမကို ဆွဲဆောင်သိမ်းသွင်းဖို့ ကြိုးစားနေတာလား?
သူမကတော့ ယွီရှောင်ကန်းနဲ့ နေဖို့ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် သူမက ယွီရှောင်ကန်းနဲ့ လက်ထပ်ရုံတင်ဖြစ်ပြီး ဝိညာဉ်နန်းတော်ကို သစ္စာမဖောက်ဘူးလို့ ကတိပေးထားတာပဲ။ ဘာဖြစ်လို့ သူမရဲ့ဆရာက သူမရဲ့အချစ်ကို တားဆီးနေရတာလဲ? သူမရဲ့အထင်အရတော့ သူမရဲ့ဆရာကပင် သူမကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။
"ဆရာ... သမီးကို ဖျောင်းဖျဖို့ မလိုပါဘူး။ သမီးကတော့ ရှောင်ကန်းနဲ့ မဖြစ်ဖြစ်အောင် လက်ထပ်ရမှာပဲ။ ဆရာကိုယ်တိုင် သမီးရဲ့ဆရာဖြစ်နေရင်တောင် သမီးကို တားလို့မရဘူး"
"ဟဲဟဲ"
ချန်ရွှင်ဖုန်းရဲ့ အကြည့်တွေက တဖြည်းဖြည်းနဲ့ ကောက်ကျစ်စဉ်းလဲတဲ့ ပုံစံမျိုး ဖြစ်လာခဲ့ပေမဲ့၊ သူ့ရဲ့စိတ်ထဲမှာတော့ ဝိညာဉ်နန်းတော်အတွက် အကျိုးအမြတ်အများဆုံး ဖြစ်စေမယ့် နည်းလမ်းနဲ့ ပီပီတုန်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တွက်ချက်နေခဲ့ပါတယ်။
"ကောင်းပြီ! ဒါဆိုရင်တော့ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်မယ်!"
ချန်ရွှင်ဖုန်း စကားပြောပြီးတာနဲ့ ရုတ်တရက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ၊ ပီပီတုန့်ဟာ မီတာအတော်ဝေးဝေးကို လွင့်ထွက်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတွေ အန်ထွက်သွားခဲ့ရပါတယ်။
"ဆရာ... သမီးကို ရိုက်တယ်ပေါ့?"
သူမရဲ့မျက်နှာပေါ်က စူးရှတဲ့ နာကျင်မှုကို ခံစားလိုက်ရတဲ့အခါ၊ ပီပီတွန့်ဟာ မတ်မတ်ထိုင်နေတဲ့ ချန်ရွှင်ဖုန်းကို မယုံကြည်နိုင်လောက်အောင် ကြည့်ပြီး ပြန်လည်မေးခွန်းထုတ်လိုက်ပါတယ်။
"ငါ့ကို ဆရာလို့ မခေါ်နဲ့။ ငါ မင်းကို ဆယ်နှစ်နှစ်တိုင်တိုင် ပြုစုပျိုးထောင်ပေးခဲ့တာကို နောက်ဆုံးတော့ မင်းက ကျေးဇူးကန်းတဲ့ လူမိုက်တစ်ယောက်ထက် မပိုပါလား"
ချန်ရွှင်ဖုန်းက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် ဆက်ပြောပါတယ်။ "မင်းရဲ့ ဝိညာဉ်နဲ့ ဝိညာဉ်ကွင်းတွေအားလုံးက ငါတို့ ဝိညာဉ်နန်းတော်ကနေ ရရှိခဲ့တာတွေချည်းပဲ။ မင်း ထွက်သွားချင်တယ်ဆိုတော့လည်း ငါ မတားတော့ပါဘူး။ ငါ အခုတင် မင်းရဲ့ ဝိညာဉ်နဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးပစ်လိုက်ပြီ"
"အခုဆိုရင် မင်းက ဝိညာဉ်နန်းတော်နဲ့ ဘာမှမပတ်သက်တော့ဘူး။ ဒီကနေ အခုချက်ချင်း ထွက်သွားတော့!"
ချန်ရွှင်ဖုန်းရဲ့ အေးစက်စက် စကားလုံးတွေကို ကြားလိုက်ရတဲ့အခါ ပီပီတုန်ဟာ သူမရဲ့ရှေ့မှာရှိနေတဲ့ ဆရာက အလွန် စိမ်းသက်လွန်းနေတယ်လို့သာ ခံစားလိုက်ရပါတယ်။ သူမရဲ့ ဝိညာဉ် ဖျက်ဆီးခြင်းခံလိုက်ရတာကို သိလိုက်ရတဲ့အခါ သူမရဲ့ ရှိသမျှခွန်အားတွေကို သုံးပြီး ချန်ရွှင်ဖုန်းကို ဒေါသတကြီး အော်ဟစ်ဆဲဆိုပါတော့တယ်။
"ဆရာ... ဘာဖြစ်လို့ ဒီလောက်တောင် အတ္တကြီးရတာလဲ! သမီးက ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့ လူတစ်ယောက်ပဲ၊ ဆရာ စိတ်ကြိုက် လှည့်စားခြယ်လှယ်လို့ရတဲ့ လူမဟုတ်ဘူး"
"ဖြန်း!"
ပီပီတွန့် စကားမဆုံးခင်မှာတင် ချန်ရွှင်ဖုန်းက သူမကို ပါးတစ်ချက် ထပ်မံရိုက်လိုက်ရာ၊ ပြင်းထန်တဲ့ လက်ဝါးစွမ်းအားကြောင့် ပီပီတွန့်ဟာ မြေပြင်ပေါ်မှာ အကြိမ်ကြိမ် လိမ့်သွားခဲ့ပြီးမှ မနည်းရပ်တန့်သွားခဲ့ရပါတယ်။ သူမရဲ့ မျက်နှာတစ်ခြမ်းလုံးဟာ ဝက်ခေါင်းလိုမျိုး ဖူးယောင်သွားခဲ့ရတယ်။
ဒါကို မြင်တဲ့အခါ ချန်ရွှင်ဖုန်းက သူ့ရဲ့လက်ကို ပြန်ပွတ်လိုက်ပါတယ်။ ရိုက်လိုက်ရတဲ့ လက်ခံစားချက်က တကယ်ကို ကောင်းမွန်လှပြီး ပါးရိုက်ပြီးနောက်မှာတော့ သူ့ရဲ့စိတ်အခြေအနေက သိသိသာသာ ပိုမိုကောင်းမွန်သွားခဲ့ရတယ်။
အဲဒီနောက် မြေပြင်ပေါ်မှာ ခွေးသေတစ်ကောင်လို လဲလျောင်းနေတဲ့ ပီပီတွန့်ကို အေးစက်စွာ ကြည့်ရင်း သူက ပြောလိုက်ပါတယ်။ "ပုပ်ရဟန်းမင်းကြီးကို ပြန်လည်စိန်ခေါ်တဲ့အတွက်... အစောင့်တွေ! သူမရဲ့ အမှတ်အသားတံဆိပ်ကို ပြန်သိမ်းပြီး နန်းဆောင်အပြင်ဘက်ကို လွှင့်ပစ်လိုက်ကြစမ်း!"
"အော်... ပီးတော့ အဲဒီအသုံးမကျတဲ့ကောင် ယွီရှောင်ကန်းကိုပါ ဝိညာဉ်မြို့တော်အပြင်ဘက်ကို တိုက်ရိုက် လွှင့်ပစ်လိုက်ကြ။ ငါ ပီပီတုန်ရဲ့ သန့်စင်သောမိန်းကလေး ရာထူးကို ပယ်ဖျက်ကြောင်း အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်မယ်"
—
ပီပီတုန်တစ်ယောက် ဝိညာဉ်နန်းတော်အပြင်ဘက်ကို လိမ့်ထွက်သွားတဲ့အခါ၊ ချန်ရွှင်ဖုန်းက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်ပါတယ်။
"ငါပြောသားပဲ... အဘိုးကြီးနဲ့ သက်ကြီးဝါကြီး အကြီးအကဲတို့၊ ကြည့်လို့ဝပြီဆိုရင်လည်း ထွက်လာခဲ့ကြပါဦး"
"ဟူး... ပီပီတုန်က ဒီလောက်အထိ နှလုံးသားကင်းမဲ့လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ချန်သောက်လျူနဲ့ အခြားသူတွေဟာ အခန်းထဲကနေ ထွက်လာခဲ့ကြပြီး စိတ်မသက်မသာ ဖြစ်နေကြတာ ထင်ရှားပါတယ်။ ဒီလောက် လိမ္မာတဲ့ကလေးက ဘာဖြစ်လို့ ကျေးဇူးကန်းတဲ့ လူမိုက်တစ်ယောက် ဖြစ်သွားရတာလဲ?
"ဖုန်းအာ... မင်း..."
"ကျွန်တော် အဆင်ပြေပါတယ် အဖေ"
ပီပီတုန်ကို မနှင်ထုတ်ခင်မှာတင် ချန်ရွှင်ဖုန်းဟာ သူ့ရဲ့ ၅ ရာခိုင်နှုန်းရှိတဲ့ စည်းစနစ်အာဏာစွမ်းရည်ကို သုံးပြီး ပီပီတုန်ကို မြင်ရတဲ့အခါ သူ့ရဲ့ဆန္ဒတွေကို သုညအဖြစ် သတ်မှတ်ထားခဲ့သလို၊ သူ့ရဲ့ တစ်မီတာပတ်လည်အတွင်းမှာရှိတဲ့ လူတွေရဲ့ စွမ်းရည်ပွင့်လန်းမှုကိုလည်း ယာယီပိတ်ပင်ထားခဲ့ပါတယ်။ သူတို့တွေ ဒီနေရာမှာ ကြာကြာနေလေလေ သူတို့ရဲ့ စွမ်းရည်ပွင့်လန်းမှုက ပိုမိုဆိုးရွားလာလေလေ ဖြစ်မှာဖြစ်ပြီး၊ သူ ပီပီတုန်အပေါ်မှာ ခတ်နှိပ်ထားခဲ့တဲ့ တံဆိပ်ခတ်နှိပ်မှုကိုတော့ အဆင့်မြင့်တုန့်လော့ မဟုတ်တဲ့ မည်သူတစ်ဦးတစ်ယောက်မျှ လုံးဝ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။
ယွီရှောင်ကန်းဟာ မူလကတည်းက စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိပြီး မိမိကိုယ်ကိုယ် သက်သေပြဖို့ အသည်းအသန် လိုအပ်နေတဲ့သူ ဖြစ်ပါတယ်။ အကယ်၍ နောက်ပိုင်းမှာ သူကိုယ်တိုင် ဘာမှမလုပ်နိုင်တော့တာကို သိသွားတဲ့အခါ ပီပီတွန့်အပေါ်ကို ဘယ်လိုဆက်ဆံမလဲ? ချန်ရွှင်ဖုန်းအနေနဲ့ ဒီလိုအရာတွေကို ခန့်မှန်းလို့မရပေမဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတော့ သေချာပေါက် ဖြစ်လာမှာ မဟုတ်ပါဘူး။
"အစ်ကိုကြီး... ကျွန်တော်ကပဲ ပီပီတုန်နဲ့ အဲဒီအသုံးမကျတဲ့ကောင်ကို တိုက်ရိုက် ရှင်းပစ်လိုက်ရမလား?"
ဘေးနားမှာရှိနေတဲ့ ချန်ရွှန်ကျိဟာ ချန်ရွှင်ဖုန်းရဲ့ သစ္စာရှိတဲ့ ပရိသတ်တစ်ဦး ဖြစ်ပါတယ်။ သူ အလွန်လေးစားရတဲ့ အစ်ကိုကြီးဟာ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ လျှောက်ပြောနေတဲ့ အသုံးမကျတဲ့ကောင်ထက် နိမ့်ကျနေရတယ်ဆိုတာကို သူ လက်မခံနိုင်ပါဘူး။ သူ့အစ်ကိုက သည်းခံနိုင်ပေမဲ့ သူကတော့ သည်းမခံနိုင်ပါဘူး။
"မလိုပါဘူး"
ချန်ရွှင်ဖုန်းက သူ့ရဲ့ဝမ်းနည်းနေတဲ့ မျက်နှာအမူအရာကို ဖျောက်ဖျက်လိုက်ပြီး ရွှေကဏန်းတုန့်လော့ကို ပြောလိုက်ပါတယ်။ "ဦးလေးကျိန်အာ... အခုပဲ ဝိညာဉ်သူတော်စင်အဖွဲ့ကို ဦးဆောင်ပြီး ကျွန်တော်နဲ့အတူ အပြာရောင်လျှပ်စီးနဂါးဂိုဏ်းဆီ လိုက်ခဲ့ပေးပါဦး"
"ယွီယွမ်ကျန့်ရဲ့သားက ကျွန်တော်တို့ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့တဲ့ သန့်စင်သောမိန်းကလေးကို ပြန်ပေးဆွဲသွားတာပဲ၊ သူမကို ဒီအတိုင်း အလကားတော့ အလွတ်မပေးနိုင်ဘူး"
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က အပြာရောင်လျှပ်စီးနဂါးဂိုဏ်းရဲ့ နဂါးအိုကြီးဟာ ရွှေကဏန်းတုန့်လော့ရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ အကယ်၍ ယွီယွမ်ကျန့်သာ ရာထူးကို ဆက်မခံခဲ့ရင် အောက်ခြေဂိုဏ်းလေးခုက ၎င်းရဲ့နေရာကို အစားထိုးတာ ကြာလှပါပြီ။
"ဒါ အဆင်ပြေတာပဲ။ အဲဒီနဂါးပေါက်စ ယွီယွမ်ကျန့်က သူ့အဖေလိုပဲ အရိုက်ခံနိုင်ရည် ရှိမရှိ စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲ"
ရွှေကဏန်းတုန့်လော့က သူ့ရဲ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စိတ်အခြေအနေ မကောင်းတာ ထင်ရှားပါတယ်။ အဆင့် ၉၈ ရှိတဲ့ အဆင့်မြင့်တုန့်လော့တစ်ယောက်အနေနဲ့ သူ ဒီလောက်အထိ ဒေါသထွက်ခဲ့ရတာ တော်တော်လေး ကြာပါပြီ။
"ကောင်းပြီ"
ချန်ရွှင်ဖုန်းရဲ့ မျက်ဝန်းတွေထဲမှာ ပြုံးယောင်သန်းမှုတစ်ခု ဖြတ်ပြေးသွားခဲ့တယ်။ လောလောဆယ်မှာတော့ အဲဒီအဘိုးကြီး ယွီယွမ်ကျန့်ဟာ အဆင့် ၉၃ သာ ရှိသေးတာကြောင့် သူ့အတွက် လေ့ကျင့်ဖို့ အကွက်ပြားလေးပါပဲ။
"အစ်ကိုကြီး... ကျွန်တော်လည်း လိုက်ချင်တယ်။ ကျွန်တော် အဆင့် ၈၉ ကို ခုလေးတင် ဖြတ်ကျော်ထားတာမို့ နဂါးပြာအင်ပါယာဂိုဏ်းရဲ့ ယွီလူ့မြန်ရဲ့ စွမ်းအားကို စမ်းသပ်ဖို့ အခွင့်အရေးကောင်းပဲ"
"မင်းလား? ငါပြောဦးမယ် ချန်ရွှန်ကျိ... လျှင်ယွမ်မှာ ကိုယ်ဝန်ရှိနေပြီ မဟုတ်လား? ဘာဖြစ်လို့ မင်း ဒီမှာနေပြီး သူမကို သေချာ ဂရုမစိုက်ပေးရတာလဲ?"
ချန်ရွှင်ဖုန်းရဲ့ လွှမ်းမိုးမှုအောက်မှာတော့ ချန်ရွှန်ကျိဟာ မူလဝတ္တုထဲက ချန်ရန်ရွယ် မပေါ်လာခင် တစ်နှစ်အလိုမှာတင် တောက်လောင်သောမီးတောက်ဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ လျှင်ယွမ်နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
"ဒါ... ကောင်းပါပြီ"