အပိုင်း (၁၉) အပြာရောင် လျှပ်စီးနဂါးဂိုဏ်းထံမှ ဆန်းကြယ်လှသော လက်ဆောင်
လွန်ခဲ့ပြီးသော အတိတ်ဖြစ်ရပ်တစ်ခုက သူတို့၏ အတွေးများကို လွင့်မျောသွားစေခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်၌ ရရှိနေသော ပျော်ရွှင်မှုကမူ အတိုင်းအဆမရှိ ကြီးမားလှပေသည်။
...
ဒီအချိန်မှာတော့ အပြာရောင် လျှပ်စီးနဂါးဂိုဏ်းအတွင်း၌ ပါးရိုက်ခံလိုက်ရသော ယွီရှောင်ကန်းသည် သူ၏ ဖူးရောင်နေသော ပါးပြင်ကို အုပ်ကိုင်ထားပြီး နှုတ်ခမ်းထောင့်ကနေ သွေးများ ဖြည်းဖြည်းချင်း စီးကျနေခဲ့သည်။ ပြင်းထန်လှသော နာကျင်မှုက သူ့ကို ချက်ချင်းပင် အသိပြန်ဝင်လာစေခဲ့သည်။
“မင်းတို့အားလုံး...”
ပထမအကြီးအကဲ၏ ရွံရှာစက်ဆုပ်ဖွယ် အကြည့်များနှင့် ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများ၏ အထင်သေးသော အမူအရာများကို ကြည့်ရင်း ယွီရှောင်ကန်းသည် ဝင်းခြံအတွင်း၌ မကြုံစဖူး ကြီးမားလှသော အရှက်တရားကို ခံစားလိုက်ရသည်။ သူသည် သူ့ကို ပါးရိုက်ခဲ့သည့် ပထမအကြီးအကဲကိုသာ အသက်မဲ့ပြီး မှေးမှိန်နေသော မျက်ဝန်းများဖြင့် ဒေါသတကြီး စိုက်ကြည့်နေမိတော့သည်။
“ဘာလဲ... နောက်ထပ်တစ်ချက် ထပ်အရိုက်ခံချင်လို့လား။”
ပထမအကြီးအကဲ၏ စကားကြောင့် ယွီရှောင်ကန်းသည် ချက်ချင်းပင် နောက်ဆုတ်သွားခဲ့သည်။ အခြားလူများ၏ လက်ညှိုးထိုး ဝေဖန်မှုများကို ရင်ဆိုင်လိုက်ရသည့်အခါတွင်မူ သူသည် အထိတ်တလန့်ဖြင့် ထွက်ပြေးသွားခဲ့တော့သည်။
“ဟွန့်... အသုံးမကျတဲ့ကောင်၊ သူက အစကတည်းက ဒီကနေ ထွက်သွားသင့်တာ။”
ပထမအကြီးအကဲက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက်၊ ပန်းသေပန်းညှိုးရောဂါ ခံစားနေရသော လူငယ်များ၏ လမ်းပြမှုဖြင့် မြေအောက်ခန်းသို့ သွားရောက်ကာ ချည်နှောင်ခြင်းခံထားရသည့် ပီပီတုန်ကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ မျက်မှောင်များ ကြုတ်သွားခဲ့တော့သည်။
ဒီအခိုက်အတန့်မှာတော့ ပီပီတုန်၏ ပိန်လှီလှသော ခန္ဓာကိုယ်တစ်ခုလုံးတွင် အမာရွတ်များဖြင့် ပြည့်နှက်နေပြီး ခြေထောက်တစ်ဖက် ကျိုးနေကာ ဆံပင်များ ဖရိုဖရဲဖြစ်နေလျက် မျက်ဝန်းများကလည်း အသက်မဲ့နေခဲ့ရာ တကယ့်ကို အရူးမတစ်ဦးနှင့် တူနေခဲ့သည်။ သူမ ပထမဆုံး စတင်ရောက်ရှိလာစဉ်တုန်းက တက်ကြွရွှင်လန်းလှသော မိန်းကလေးငယ်လေးနှင့် လုံးဝ မသက်ဆိုင်တော့ချေ။
“ကုသရေး ဝိညာဉ်သူတော်စင်တစ်ယောက်ကို ရှာပြီး သူမကို ကုသပေးလိုက်ဦး။ ဒီလို ပုံစံကြီးနဲ့ ဘယ်လိုလုပ် အပြင်ကို ပို့လို့ရမှာလဲ။”
ပီပီတုန်မှာ ယခုအခါတွင် အလွန်အမင်း ဖရိုဖရဲဖြစ်နေသဖြင့် ခွေးတစ်ကောင်ပင်လျှင် ရွံရှာလိမ့်မည် ဖြစ်သည်။ သူမကို ဤကဲ့သို့ ပုံစံဖြင့် ပေးပို့၍မရချေ၊ မဟုတ်ပါက ချန်ရွှင်ဖုန်းက သူတို့ကို သူတောင်းစားတစ်ယောက် ပေးပို့နေသည်ဟု ထင်မှတ်သွားပေလိမ့်မည်။
“ဟုတ်ကဲ့ပါ။”
ဂိုဏ်းအတွင်း၌ ကုသမှုများကို ခံယူပြီး သန့်ရှင်းသော အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးနောက်တွင်မူ ပီပီတုန်သည် နောက်ဆုံး၌ လူရုပ် ပြန်ပေါက်လာခဲ့သည်။ သူမသည် ယခင်ကဲ့သို့ တောက်ပပြီး လှပခြင်းမရှိတော့သော်လည်း ကြည့်ပျော်ရှုပျော် ဖြစ်လာခဲ့သည်၊ သူမ၏ ခြေထောက်က အနည်းငယ် မသန်မစွမ်း ထော့နဲ့ထော့နဲ့ ဖြစ်နေသေးသော်လည်း ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ချေ။
...
အချိန်များ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ချန်ရွှင်ဖုန်း၏ မင်္ဂလာပွဲနေ့က နီးကပ်လာခဲ့သည်။
ဝိညာဉ်နန်းတော် ပုပ်ရဟန်းမင်းကြီးတစ်ဦး မင်္ဂလာဆောင်ခြင်းက ကြီးကျယ်လှသော ကိစ္စတစ်ခု ဖြစ်သည်။ ဒီသတင်းကို ပထမဆုံး စတင်ထုတ်ပြန်လိုက်စဉ်က အင်အားစုအသီးသီးက တိတ်တဆိတ် လှုပ်ခတ်သွားခဲ့ကြပြီး၊ ချန်ရွှင်ဖုန်း မည်သူနှင့် မင်္ဂလာဆောင်မည်ကို လျှို့ဝှက် စုံစမ်းစစ်ဆေးခဲ့ကြသည်။
သူတို့သည် ချန်ရွှင်ဖုန်းအနေနှင့် မည်သည့်အင်အားစုနှင့်မဆို မဟာမိတ်ဖွဲ့နေခြင်းလားဟု တွေးတောမိခဲ့ကြသော်လည်း၊ စုံစမ်းစစ်ဆေးပြီးနောက်တွင်မူ ထူးချွန်လှသော ပါရမီရှိပြီး အသုံးမဝင်လှသည့် ငွေပြာမြက်ပင် ဝိညာဉ်ပိုင်ရှင် အမျိုးသမီးတစ်ဦးသာ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။
အရုဏ်ဦး ကျရောက်လာသည်နှင့်အမျှ ဝိညာဉ်မြို့တော်တစ်ခုလုံး၏ လမ်းမများပေါ်တွင် အနီရောင်မီးအိမ်များကို ချိတ်ဆွဲထားကြပြီး လူများဖြင့် စည်ကားသိုက်မြိုက်နေကာ တကယ့်ကို သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ဝိညာဉ်နန်းတော်၏ ကင်းလှည့်တပ်ဖွဲ့များသည်လည်း ဝိညာဉ်မြို့တော်တစ်ခုလုံး၏ အေးချမ်းသာယာမှုကို ထိန်းသိမ်းရန်အတွက် အဆက်မပြတ် လှည့်လည်သွားလာနေကြသည်။ ဤမျှလောက် အရေးကြီးလှသော နေ့ရက်မျိုးတွင် သူတို့အနေနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြဿနာရှာခွင့် ပြုမည်မဟုတ်ချေ။
ဝိညာဉ်နန်းတော်၏ တံခါးဝတွင် ဝိညာဉ်တုန့်လော့ အဆင့်ရှိသူအချို့က အစောဆုံး ရောက်ရှိလာကြသော ဧည့်သည်တော်များကို ဆီးကြိုနှုတ်ဆက်နေကြသည်။
ကုန်းမြေပေါ်ရှိ ထင်ရှားကျော်ကြားလှသော အင်အားစုအားလုံးနီးပါးသည် ချန်ရွှင်ဖုန်းထံမှ ဖိတ်စာများကို လက်ခံရရှိထားကြသည်။ ဘာပဲဖြစ်ဖြစ် ဒါက ဝိညာဉ်နန်းတော် အဓိပတိ၏ ကြီးကျယ်ခမ်းနားလှသော မင်္ဂလာပွဲ ဖြစ်သဖြင့် အထက်တန်းစား ဂိုဏ်းကြီးသုံးဂိုဏ်းပင်လျှင် ကြီးမားလှသော ရိုသေလေးစားမှုကို ပြသခဲ့ကြသည်။
သို့သော်လည်း ချန်ရွှင်ဖုန်း၏ စိတ်နေသဘောထားအရ မည်မျှပင် သေးငယ်သော အင်အားစုဖြစ်ပါစေ၊ သူတို့ လလာရောက်ပေးသရွေ့နှင့် မည်ကဲ့သို့သော လက်ဆောင်ပစ္စည်းမျိုး ပေးပို့သည်ဖြစ်စေ၊ တန်ဖိုးမည်မျှရှိသည်ဖြစ်စေ ချန်ရွှင်ဖုန်းအနေနှင့် အလွန်အမင်း ပျော်ရွှင်လိမ့်မည် ဖြစ်သည်။
ဒါပေမဲ့ အကယ်၍ မင်းတို့ရဲ့ အမည်ကသာ ဧည့်သည်တော်စာရင်းထဲမှာ ပါမလာခဲ့ဘူးဆိုရင်တော့ ချန်ရွှင်ဖုန်းက အလွန်အမင်း မကျေမနပ် ဖြစ်သွားလိမ့်မည် ဖြစ်သည်၊ ဘာလို့လဲဆိုတော့ ဒါက သူ့ကို ဝိညာဉ်နန်းတော် ပုပ်ရဟန်ူမင်းကြီးတစ်ဦးအဖြစ် မရိုသေမလေးစားရာ ရောက်သည်ဟု သတ်မှတ်သောကြောင့် ဖြစ်သည်။
...
ကြီးကျယ်ခမ်းနားလှသော ပုပါရဟန်းမင်းကြီးခန်းမဆောင်ကြီးအတွင်း၌ မီးအိမ်များနှင့် ဖဲကြိုးရောင်စုံများဖြင့် တန်ဆာဆင်ထားပြီး ဝိညာဉ်နန်းတော်၏ ပင်မတံခါးကြီးအထိ အနီရောင်ကော်ဇောကြီးကို ခင်းကျင်းထားသည်။
ခန်းမဆောင်ကြီးအတွင်းရှိ ပရိဘောဂတိုင်းကိုလည်း အနီရောင်ပိုးထည်များဖြင့် ဖုံးအုပ်ထားခဲ့သည်။
ပန်းထိုးဝတ်စုံရှည်များကို ဝတ်ဆင်ထားကြသော အရပ်ရှည်ပြီး လှပလှသည့် အစေခံမိန်းကလေးများသည်လည်း ပြုံးရွှင်သော မျက်နှာများဖြင့် လူအုပ်ကြီးကြားထဲတွင် အဆက်မပြတ် လှည့်လည်သွားလာရင်း သစ်သီးဝလံများကို တည်ခင်းဧည့်ခံနေကြတော့သည်။
“ကျွန်တော့်ရဲ့ သားဖြစ်သူ ရွှင်ဖုန်းရဲ့ မင်္ဂလာပွဲကို လာရောက်ပေးကြတဲ့ လူတိုင်းကို ကြိုဆိုပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။”
အဆင့် ၉၉ ရှိသော ထိပ်တန်းတုန့်လော့တစ်ဦးအဖြစ် ဤနေရာတွင် ရှိနေကြသော လူများထဲမှ မည်သူက ချန်ဒေါင်လျူ၏ ဂုဏ်သတင်းကို မသိဘဲ နေပါမည်နည်း။
“နှုတ်ခွန်ဆက်သပါတယ် ကောင်းကင်တမန်အရှင် ။”
“အင်း... ဧည့်သည်တော်အားလုံးကို ကြိုဆိုပါတယ်၊ အားမနာတမ်းပဲ စိတ်ကြိုက် သုံးဆောင်ကြပါ။”
ချန်ဒေါင်လျူ စကားပြောပြီးနောက် သူသည် ရှေ့သို့ အမြန်လှမ်းတက်ကာ ဝိညာဉ်နန်းတော်၏ ပင်မနေရာတွင် ထိုင်လိုက်သည်။ ထို့နောက် ရွှေမိကျောင်း၊ ခြင်္သေ့နှင့် သရဲတုန့်လော့နှစ်ဦးတို့သည်လည်း ၎င်းတို့၏ နေရာများတွင် ဖြည်းဖြည်းချင်း ထိုင်လိုက်ကြသည်။
“ဝိညာဉ်နန်းတော် ပုပ်ရဟန်းမင်းကြီးနဲ့ ပုပ်ရဟန်းမင်းကြီးကတော် တို့ကို ကြိုဆိုပေးကြပါ။”
ဂီတသံစဉ်များ စတင်ထွက်ပေါ်လာသည်နှင့်အမျှ ချန်ရွှင်ဖုန်းသည် သူ၏ဘေးတွင် လက်ချင်းချိတ်ထားသော အားရင်နှင့်အတူ ဖြည်းဖြည်းချင်း လှမ်းထွက်လာခဲ့သည်။ သူတို့နှစ်ဦးမှာ အားလုံးက အားကျရလောက်သည့် နတ်သက်ကြွေစုံတွဲတစ်တွဲနှင့် တူလှပေသည်။
မင်္ဂလာပွဲ၏ အဓိကဇာတ်ဆောင်များ နေရာယူပြီးနောက် အခမ်းအနားကို တရားဝင် စတင်လိုက်တော့သည်။
ဂီတသံစဉ်များသည် မိသားစုအသီးသီး၏ ချီးကျူးထောက်ခံစကားများနှင့် ရောနှောနေခဲ့သည်။
ဤလူများအတွက်မူ ဤမင်္ဂလာပွဲသည် ပုပ်ရဟန်းမင်းကြီး၏ မင်္ဂလာပွဲကို လာရောက်ဂုဏ်ပြုရုံသာမကဘဲ ၎င်းတို့မိသားစုများအတွက် ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်မည့် လမ်းစတစ်ခုလည်း ဖြစ်သည်။
ညနေပိုင်းအထိ ခန်းမဆောင်ကြီးအတွင်း၌ လူများဖြင့် စည်ကားနေဆဲ ဖြစ်သည်။
ချန်ရွှင်ဖုန်းသည် ချီးကျူးဂုဏ်ပြုစကားများကို နားထောင်ရသည်မှာ ငြီးငွေ့လာသဖြင့် အားရင်ကို ခေါ်ဆောင်ကာ တိတ်ဆိတ်သော အခန်းတစ်ခုဆီသို့ လာခဲ့တော့သည်။
“ဒီနေ့ပြီးရင် ငါတို့က တရားဝင် လင်မယားတွေ ဖြစ်သွားကြပြီ ရင်အာလေး။”
“ရွှင်ဖုန်း...”
သူတို့နှစ်ဦး သီးသန့်အချိန်လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြစဉ်မှာပဲ အချိန်မတော် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကာဒီနယ် တစ်ဦးက ဂရုတစိုက်ဖြင့် ပြောလိုက်သည် - “ပုပ်ရဟန်းမင်းကြီး... အပြာရောင် လျှပ်စီးနဂါးဂိုဏ်းရဲ့ ပထမအကြီးအကဲက အရှင်မင်းကြီးကို တွေ့ဆုံခွင့်တောင်းနေပါတယ်၊ သူက ဆန်းကြယ်လှတဲ့ လက်ဆောင်ကြီးတစ်ခု ပါလာတယ်လို့ ပြောပါတယ်ဘုရား။”
“အို... ဘာလက်ဆောင်ကြီးလဲ။”
ချန်ရွှင်ဖုန်း အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ သူသည် အပြာရောင် လျှပ်စီးနဂါးဂိုဏ်းကို အစစအရာရာ အကုန်အစင် သန့်စင်အောင် လုပ်ထားခဲ့ပြီး ဖြစ်ရာ၊ သူတို့သည် ယခုနှစ်အတွင်းမှာပဲ ၎င်းတို့၏ အကြွေးများကို အချိန်မတိုင်မီ မနည်းဆပ်ပြီးခါစပဲ ရှိသေးသည်။
“သူ့ကို ဝင်ခွင့်ပြုလိုက်ပါ။”
မကြာမီမှာပဲ အနည်းငယ် စိုးရိမ်ပူပန်နေပုံရသော ပထမအကြီးအကဲသည် ချန်ရွှင်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
“နှုတ်ခွန်ဆက်သပါတယ် ပုပ်ရဟန်းမင်းကြီး။”
“အားနာစရာမလိုပါဘူး။ အပြာရောင် လျှပ်စီးနဂါးဂိုဏ်းဆီက ဘယ်လိုလက်ဆောင်ကြီးမို့လို့ ငါကိုယ်တိုင် စစ်ဆေးဖို့ လိုအပ်နေရတာလဲ။”
သူသည် တစ်နေ့လုံး ချီးကျူးစကားများကို နားထောင်ခဲ့ရသဖြင့် နားထဲတွင် အသားကျနေပြီ ဖြစ်သည်။
“အရှင် ကြည့်ရှုပါဦး။”
ပထမအကြီးအကဲက လူအချို့ကို သေတ္တာတစ်လုံး သယ်ဆောင်လာစေပြီး ချန်ရွှင်ဖုန်း၏ ရှေ့တွင် ချထားလိုက်သည်။
“ပုပ်ရဟန်းမင်းကြီး... မသက်ဆိုင်တဲ့ လူတွေကို ခဏလောက် ဖယ်ပေးဖို့ တောင်းဆိုချင်ပါတယ်ဘုရား။”
ဘာပဲဖြစ်ဖြစ် ဒါက အရှုပ်အရှင်းကိစ္စတစ်ခု ဖြစ်သဖြင့် အပြာရောင် လျှပ်စီးနဂါးဂိုဏ်းအနေနှင့် အပြင်သို့ ပျံ့နှံ့သွားခြင်းကို မလိုလားချေ။
“မင်းတို့အားလုံး ခဏထွက်သွားကြဦး။”
ပတ်ဝန်းကျင်ရှိ ကာဒီနယ်များအားလုံး ထွက်ခွာသွားကြသည်။ ချန်ရွှင်ဖုန်းသည် အားရင်ကို ပွေ့ဖက်ထားရင်း စပ်စုချင်စိတ်ဖြင့် ပြောလိုက်သည် - “ဖွင့်လိုက်စမ်း။”
သေတ္တာပွင့်လာသည်နှင့်အမျှ ချန်ရွှင်ဖုန်းမှာ အံ့အားသင့်သွားခဲ့ရသည်။
သူက စိတ်ထဲတွင် တွေးလိုက်မိသည် - 'ဟင်... ဒါ ပီပီတုန် မဟုတ်လား။ သူမက ဘာလို့ အခုမှ ငါ့ဆီ ရောက်လာရတာလဲ။ သူတို့တွေကော တော်လောက်ပြီလို့ ထင်သွားကြပြီလား။'
လျှပ်စီးနဂါးပြာဂိုဏ်း ပထမအကြီးအကဲ၏ တည်တင်းနေသော မျက်နှာအမူအရာကို ကြည့်ရင်း ချန်ရွှင်ဖုန်းသည် အပြာရောင် လျှပ်စီးနဂါးဂိုဏ်းအနေနှင့် ပီပီတုန်ကြောင့် နောက်ထပ် ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရပြီဖြစ်ကြောင်း သိရှိသွားခဲ့သည်။
“ပထမအကြီးအကဲ... ဒါက ဘာသဘောလဲ။ မင်းတို့က ဒီနန်းတော်ကို တမင်သက်သက် လာပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာလား။”
ရယ်ချင်စိတ်ကို အောင့်အီးထားရင်း ချန်ရွှင်ဖုန်းသည် တတည်တင်းသော မျက်နှာအမူအရာကို လုပ်ဆောင်ကာ ရွံရှာဟန်ဆောင်၍ မေးမြန်းလိုက်သည်။
“မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး။”
ချန်ရွှင်ဖုန်း၏ ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသည့်အခါတွင်မူ ပထမအကြီးအကဲသည် ကြောက်ရွံ့လွန်းသဖြင့် တုန်လှုပ်သွားခဲ့ပြီး အမြန်ပင် ရှင်းပြလိုက်သည် -
“ပီပီတုန်က ဘာပဲဖြစ်ဖြစ် တစ်ချိန်က ဝိညာဉ်နန်းတော်ရဲ့ သန့်စင်သူမိန်းကလေး ဖြစ်ခဲ့တာပါ၊ ကျွန်တော်တို့ဂိုဏ်းရဲ့ အသုံးမကျတဲ့ကောင်က သူမကို ဖျားယောင်းခေါ်ဆောင်လာခဲ့တာပါ။ ယခုအခါမှာတော့ သန့်စင်သူမိန်းကလေးဟောင်းက စိတ်ပြောင်းသွားခဲ့ပါပြီ။ သူမက ဝိညာဉ်နန်းတော်ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်တော့ပေမဲ့လည်း ကျွန်တော်တို့ အပြာရောင် လျှပ်စီးနဂါးဂိုဏ်းအနေနဲ့ ဝိညာဉ်နန်းတော်ရဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့အတွက် ပီပီတုန်ကို ပြန်လည် ပေးပို့ရခြင်း ဖြစ်ပါတယ်ဘုရား။”
“အို... မင်းက ဘာကို ဆိုလိုတာလဲ။ ငါတို့ ဝိညာဉ်နန်းတော်က သစ္စာဖောက် ကျေးဇူးကန်းတဲ့သူတွေကို ပြန်လည်လက်ခံတဲ့ နေရာမျိုးလို့ ထင်နေတာလား။”
သေတ္တာအတွင်း၌ ခြေလက်များကို ချည်နှောင်ခံထားရသော ပီပီတုန်သည် ချန်ရွှင်ဖုန်း၏ စကားများကို ကြားလိုက်ရသည့်အခါတွင်မူ စိတ်ထဲကနေ ပြန်လည်မငြင်းဆန်ဝံ့ချေ။ သူမ၏ ဆရာ ပြောခဲ့သည်က မှန်ပေသည်; သူမသည် ဆရာဖြစ်သူ၏ စေတနာကောင်းများကို သစ္စာဖောက်ခဲ့သည့် ကျေးဇူးကန်းသူတစ်ဦးသာ ဖြစ်သည်။
ဒါပေမဲ့ သူမအနေနှင့် ဆရာဖြစ်သူက သူမကို အောက်ခြေအဆင့် အစေခံတစ်ဦးအဖြစ် ထားရှိလျှင်ပင် အခွင့်အရေးတစ်ခု ပြန်လည်ပေးသနားရန် မျှော်လင့်နေဆဲဖြစ်ပြီး သူမ လုံးဝ လိုလားပါသည်။
ဤသို့တွေးမိရင်း ပီပီတုန်၏ မျက်နှာပြင်ထက်တွင် ပူလောင်လှသော မျက်ရည်များ စီးကျလာခဲ့သည်။ ချန်ရွှင်ဖုန်းကို မြင်လိုက်ရသည့်အခါတွင်မူ သူမ၏ နှလုံးသားထဲက နက်ရှိုင်းလှသော ခါးသီးမှုများကို ထပ်မံ မအောင့်အီးနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။
“ပထမအကြီးအကဲ... မင်း ပြန်လို့ရပြီ။”
ချန်ရွှင်ဖုန်းက လက်ကို ဝှေ့ယမ်းကာ ပထမအကြီးအကဲကို ထွက်ခွာသွားရန် အချက်ပြလိုက်သည်။
ပထမအကြီးအကဲသည် ဤပြဿနာများလှသော နေရာကနေ အမြန်ဆုံး ထွက်ခွာသွားခဲ့ပြီးနောက်၊ ချန်ရွှင်ဖုန်းသည် သေတ္တာထဲတွင် ပါးစပ်ကို ပိတ်ဆို့ထားခြင်းခံရသဖြင့် အသံဗလံအချို့သာ ထွက်ပေါ်နေသော ပီပီတုန်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ယခုအချိန်သည် ပီပီတုန်အနေနှင့် သူမ၏ အမုန်းတရားများကို စွန့်လွှတ်ရမည့် အချိန်မဟုတ်သေးချေ။
မူလက သူ၏ အစီအစဉ်မှာ ယွီရှောင်ကန်း၏ လက်ကို အသုံးပြုပြီး ပီပီတုန်၏ နှလုံးသားထဲက မကောင်းဆိုးဝါးစိတ်များကို အဆက်မပြတ် နှိုးဆွရန်ဖြစ်ပြီး၊ အပြာရောင် လျှပ်စီးနဂါးဂိုဏ်းအပေါ် ထားရှိသည့် သူမ၏ အမုန်းတရားများကို မြှင့်တင်ရန် ဖြစ်သည်။
ဒါက သူမကို ရာကရှာဆာနတ်ဘုရား စမ်းသပ်ချက်ကို ရရှိအောင် ဦးတည်သွားစေမည်ဖြစ်ပြီး၊ ထို့နောက်တွင်မူ သူသည် ပီပီတုန်ကို စိတ်ပိုင်းဆိုင်ရာ စွမ်းအားများဖြင့် အဆက်မပြတ် လွှမ်းမိုးထားနိုင်မည် ဖြစ်သည်။
အဆုံးတွင်မူ သူမ နတ်ဘုရားတစ်ပါး ဖြစ်လာပြီးနောက် ချန်ရွှင်ဖုန်း၏ အမိန့်ကို နာခံလိမ့်မည်ဖြစ်ရာ၊ ထိုအချိန်ကျမှ ဝိညာဉ်နန်းတော်တွင် မိသားစုတစ်ခုတည်း၌ နတ်ဘုရားသုံးပါး ရှိလာပေလိမ့်မည်။
သို့သော်လည်း ယခုအခါတွင်မူ သူကိုယ်တိုင်လည်း နတ်ဘုရားစမ်းသပ်ချက်ကို လက်ခံရရှိထားပြီး ဖြစ်သဖြင့် ရာကရှာဆာနတ်ဘုရား စမ်းသပ်ချက် သက်ဆင်းလာမည့်အချိန်တွင် ယင်းကို ကြားဖြတ်လွှမ်းမိုးနိုင်ရန် သူ ထည့်သွင်းစဉ်းစားနိုင်ပေသည်။