အပိုင်း (၁၅) - ဘဝတစ်ဝက်စာ လေလွင့်ခဲ့ရပြီး ပညာရှိသခင်နှင့် စောစောမဆုံတွေ့ခဲ့ရလေခြင်းကို နောင်တရမိခြင်း
ချန်ရွှင်ဖုန်းတွင် အဆိပ်ဖြေရှင်းနိုင်မည့် နည်းလမ်းရှိကြောင်း ကြားသိရပြီးနောက် တုကုပေါ်သည် သူ့ချွေးမကို ရေခဲနှင့်မီး ယင်ယန်ရေတွင်း ဆီသို့ ဂရုတစိုက် ခေါ်ဆောင်လာနိုင်ရန်အတွက် သားဖြစ်သူ တုကုထျန်းကို ဆက်သွယ်ရန် ထျန်းတောက်မြို့တော်သို့ အပြေးအလွှား ပြန်သွားခဲ့တော့သည်။
ထိုအချိန်တွင် ချန်ရွှင်ဖုန်းက အားရင်၏လက်ကို ဆွဲကာ ရေခဲနှင့်မီး ယင်ယန်ရေတွင်းဆီသို့ ဖြည်းညှင်းစွာ လှမ်းလျှောက်လာခဲ့သည်။
စမ်းရေတွင်းမှ ထွက်ပေါ်နေသော အရှိန်အဝါကို ခံစားမိသည့်အခါ အားရင်သည် သူမ၏ရင်ထဲက ဝမ်းမြောက်မှုကို မထိန်းချုပ်နိုင်တော့ဘဲ ချန်ရွှင်ဖုန်းကို နူးညံ့စွာ ပြောလိုက်သည် - "ရွှင်ဖုန်း... ဒီနေရာရဲ့ ပတ်ဝန်းကျင်က အပင်ဝိညာဉ် တွေ ကျင့်ကြံဖို့အတွက် တကယ့်ကို သင့်တော်လွန်းတယ်နော်။"
"မင်း သဘောကျလို့လား။"
ချန်ရွှင်ဖုန်းက အားရင်ကို ဖက်လိုက်သည်။ ယခုတစ်ခေါက် သူ ဤနေရာသို့ လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အားရင်ကို စစ်မှန်သော လူသားတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်ရန်အတွက် "အချစ်စွဲလမ်း နာကျင်ရသော အနီရောင်ပန်း" ကို ရယူရန် ဖြစ်သည်။
"သဘောကျတာပေါ့။"
အားရင်သည် တစ်ခုခုကို တွေးမိသွားပုံရပြီး အနည်းငယ် မရဲတရဲဖြင့် တောင်းဆိုချက်တစ်ခု ပြုလုပ်လိုက်သည် - "ရွှင်ဖုန်း... ငါ အပြာရောင်ငွေမြက်တောအုပ် ထဲက အပြာရောင်ငွေမြက်တွေကို ဒီကို ရွှေ့လာလို့ရမလား။ ဒီနေရာက သူတို့ကျင့်ကြံဖို့ သိပ်ကောင်းတာ၊ ငါက အပြာရောင်ငွေဧကရာဇ် ဖြစ်နေပြီးတော့ သူတို့အတွက် ဘာမှမလုပ်ပေးရသေးဘူး။"
"အဲဒီကိစ္စလား... နောက်မှ ငါ အဲဒါတွေကို ဒီကို ပြောင်းရွှေ့စိုက်ပျိုးခိုင်းလိုက်မယ်။"
ချန်ရွှင်ဖုန်းက အလွန် သဘောထားကြီးစွာဖြင့်ပင် လုံးဝ ဂရုမစိုက်ဟန် ပြောလိုက်သည်။ သဘာဝအတိုင်းပင် ထိုအပြာရောင်ငွေမြက်များကို ယခုချက်ချင်း ခေါ်လာ၍ မရသေးချေ၊ အနည်းဆုံးတော့ သူ အောင်မြင်သည်အထိ စောင့်ဆိုင်းရမည် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ရွှင်ဖုန်း။"
အားရင်က ချန်ရွှင်ဖုန်း၏ ခန့်ညားလှသော မျက်နှာကို စွဲလမ်းရူးမူးစွာ ကြည့်လိုက်သည်။ သူ၏ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးပျူငှာသော အမူအရာက ချန်ရွှင်ဖုန်းသည် သူမ၏ ထာဝရချစ်သူ ဖြစ်နေသည့်အလား သူမကို ဖမ်းစားထားခဲ့ရပြီ ဖြစ်သည်။
သူတို့ ပထမဆုံး ဆုံတွေ့ခဲ့စဉ်ကတည်းက အားရင်သည် သူမ၏အသက်ကို ကယ်တင်ပေးခဲ့သော ချန်ရွှင်ဖုန်းအပေါ် စပ်စုချင်စိတ် ရှိခဲ့သည်။ အသက် တစ်သိန်းရှိ ဝိညာဉ်သားရဲ တစ်ကောင်အပေါ် စိတ်မဝင်စားသည့် အမျိုးသားတစ်ယောက်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
တစ်နှစ်ခန့် အတူတူ ခရီးသွားလာခဲ့ပြီးနောက် အားရင်သည် မိမိကိုယ်ကိုယ် ချန်ရွှင်ဖုန်းအပေါ် တဖြည်းဖြည်း အချစ်သက်ဝင်လာခဲ့သည်ကို သတိပြုမိခဲ့သည်။ လွန်ခဲ့သည့် ခြောက်လခန့်က သူတို့နှစ်ဦးသည် အပြန်အလှန် ရင်ဖွင့်ခဲ့ကြပြီး တရားဝင် တွဲခဲ့ကြခြင်း ဖြစ်သည်။
"ငါနဲ့အတူ လာခဲ့ပါ အားရင်။"
ချန်ရွှင်ဖုန်းက အားရင်ကို "အချစ်စွဲလမ်း နာကျင်ရသော အနီရောင်ပန်း" ရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။
"ရွှင်ဖုန်း... ဒါက ဘာပန်းမျိုးလဲ၊ တကယ့်ကို လှပလွန်းတာပဲ။"
အပြာရောင်ငွေဧကရီ တစ်ဦးအနေဖြင့် အားရင်သည် ထိုပန်းနှင့် အထူးဆန်းပြားသော ဆက်နွှယ်မှုတစ်ခု ရှိနေပုံရသည်။
"ဒါက 'အချစ်စွဲလမ်း နာကျင်ရသော အနီရောင်ပန်း' လို့ ခေါ်တယ်၊ စစ်မှန်တဲ့ အချစ်စစ်ရဲ့ ဒဏ္ဍာရီလာ ပန်းတစ်ပွင့်ပေါ့။ အချစ်အပေါ် တကယ့်ကို စစ်မှန်ဖြူစင်တဲ့သူတွေပဲ ဒီပန်းကို ခူးဆွတ်နိုင်တာ။"
"အားရင်... မင်း ခူးလို့ရမလားဆိုတာ တစ်ချက် စမ်းကြည့်လိုက်ပါ။ ဒီပန်းကို စားသုံးပြီးရင် မင်းရဲ့ ဝိညာဉ်သားရဲ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်ရုံတင်မကဘဲ စစ်မှန်တဲ့ လူသားတစ်ယောက်လည်း ဖြစ်လာလိမ့်မယ်။"
ချန်ရွှင်ဖုန်း ပြောပြသော ပန်း၏ အံ့ဖွယ်အသုံးဝင်ပုံများကို နားထောင်ရင်း အားရင်သည် ပန်းအနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ သူမသည် သူမ၏ နှလုံးသားသွေး တစ်စက်ကို ပန်းပွင့်ပေါ်သို့ ချပေးလိုက်တော့သည်။
အားရင်၏ နှလုံးသားသွေးနှင့် ထိတွေ့မိသည်နှင့် တပြိုင်နက် ပန်းပွင့်သည် မွှေးရနံ့များနှင့်အတူ အနီရောင်အလင်းတန်းများ ဖြာထွက်လာခဲ့သည်။ အနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက်တွင်မူ ပန်းပွင့်သည် ဖြည်းည်းချင်း လွင့်ပျံလာခဲ့ပြီး အားရင်၏ လက်ထဲသို့ သက်ဆင်းလာခဲ့တော့သည်။
"ရွှင်ဖုန်း... ငါ ခူးလို့ရသွားပြီ။"
အားရင်၏ ပြာလဲ့သော မျက်ဝန်းများက ကလေးမလေးတစ်ယောက်ကဲ့သို့ တက်ကြွရွှင်လန်းစွာဖြင့် ချန်ရွှင်ဖုန်းကို ကြည့်လိုက်ပြီး၊ မိမိလက်ထဲက ပန်းပွင့်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြသလိုက်သည်။
"ဒါကို စားသုံးပြီး ကျင့်ကြံလိုက်ပါ။ နောက်ရက်အနည်းငယ်ကြာရင် မင်းကို ဝိညာဉ်နန်းတော်ဆီ ခေါ်သွားမယ်။"
အားရင်၏ ပါးပြင်လေးကို အသာအယာ ပွတ်သပ်ရင်း ချန်ရွှင်ဖုန်းက အလွန်အမင်း မြတ်နိုးဟန်ဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ... အရင်ဆုံး စုပ်ယူလိုက်ပါဦးမယ်။"
ပန်းပွင့်ကို ခူးဆွတ်နိုင်ခြင်းကပင် အားရင်၏ သူအပေါ်ထားရှိသော သစ္စာတရားကို သက်သေပြနေခဲ့ပြီ ဖြစ်သည်။ သူမက သူ၏ မိန်းကလေး ဖြစ်လာခဲ့ပြီ ဖြစ်ရာ သူကလည်း သဘာဝအတိုင်း သူမကို အလိုလိုက်ရမည် ဖြစ်သည်။
"အင်း။"
အားရင်သည် ရှက်ကိုးရှက်ကန်းဖြင့် ပန်းပွင့်ကို စုပ်ယူလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ အနီရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး ဝိညာဉ်စွမ်းအားများ ဆက်တိုက် တိုးတက်လာခဲ့ကာ အဆုံး၌ အဆင့် ၇၀ ဝိညာဉ်သူတော်စင် အဆင့်သို့ တိုက်ရိုက် ခုန်တက်သွားခဲ့တော့သည်။ ထိုပန်းပွင့်နှင့် နတ်ဘုရားစွမ်းအား တို့၏ အကူအညီဖြင့် သူမသည် အသက်တစ်သိန်းရှိ သတ္တမမြောက် ဝိညာဉ်ကွင်းကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။
"ရွှင်ဖုန်း... ငါ အဆင့် ၇၀ ကို ဖြတ်ကျော်နိုင်ခဲ့ပြီ။"
အားရင်က အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ချန်ရွှင်ဖုန်း၏ ရင်ခွင်ထဲသို့ ချက်ချင်းပင် လှမ်းခုန်ဝင်လိုက်ကာ သူမ၏ ရင်ညွန့်ကို ချန်ရွှင်ဖုန်း၏ ရင်ခွင်နှင့် အထပ်ထပ် ပွတ်သပ်မိနေခဲ့သည်။ သူမ၏ စိတ်ထဲတွင် ရှက်စရာကောင်းသော အတွေးတစ်ခု ဝင်လာခဲ့သည် - လူသား ဖြစ်လာပြီဆိုတော့ ရွှင်ဖုန်းနဲ့ အတူတူ နေလို့ရပြီပေါ့... ဟီးဟီး။
"တုကုပေါ်ရဲ့ ဝိညာဉ်အဆိပ်ကို ကူညီဖြေရှင်းပေးပြီးရင် ငါတို့ ဝိညာဉ်နန်းတော်ကို ပြန်လို့ရပြီ။"
ယခုအခါ အားရင်၏ ခန္ဓာကိုယ်တွင် ပန်းပွင့်၏ အရှိန်အဝါများ ဖုံးကွယ်ထားသည့်အပြင် သူ၏ နတ်ဘုရားစွမ်းအားပါ ရှိနေသဖြင့်၊ အဘိုးကြီးကိုယ်တိုင် အဆင့် ၁၀၀ ရောက်ပြီး နတ်ဘုရား မဖြစ်လာသရွေ့ အားရင်၏ စစ်မှန်သော မူလလက္ခဏာကို ဘယ်လိုမှ ရိပ်မိနိုင်မည် မဟုတ်ချေ။
"ရွှင်ဖုန်း။"
"အားရင်။"
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး နက်ရှိုင်းစွာ စိုက်ကြည့်နေမိကြပြီး နှလုံးသားထဲတွင် ဆန်းပြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ကာ၊ ၎င်းတို့၏ အချစ်က ယခုအခိုက်အတန့်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည့်အလား ခံစားလိုက်ရသည်။
သူတို့၏ ခံစားချက်များက လျင်မြန်စွာ ပြင်းထန်လာပြီး ဆက်ဆံရေးကို ပိုမို ရှေ့ဆက်ရန် ပြင်လိုက်စဉ်မှာပင် အချိန်အခါမဟော်သော အသံတစ်ခုက ရုတ်တရက် တည်ငြိမ်မှုကို ဖြိုခွဲလိုက်တော့သည်။
"ပုပ်ရဟန်းမင်းကြီး... ကျွန်တော့်ချွေးမကို အမြန်ဆုံး ကယ်တင်ပေးတော်မူပါ။"
တုကုပေါ်သည် ချန်ရွှင်ဖုန်း၏ ရှေ့မှောက်သို့ တိုက်ရိုက် ပျံသန်းရောက်ရှိလာခဲ့ပြီး၊ ရုတ်တရက် လူချင်းခွာလိုက်ကြသဖြင့် မျက်နှာများ ရဲတောက်နေသော လူနှစ်ယောက်ကို ကြည့်ကာ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
သွားပြီ... ငါ တစ်ခုခုကို ဖျက်ဆီးမိလိုက်ပြီ ထင်တယ်။
"အဟမ်း... အဟမ်း... လူကို အမြန်ဆုံး ခေါ်လာခဲ့၊ ငါ ကြည့်ပေးမယ်။"
ချန်ရွှင်ဖုန်းကလည်း အနေခက်စွာဖြင့် ချောင်းအနည်းငယ် ဆိုးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်တော့သည်။
"ဪ... ဟုတ်ကဲ့။"
တုကုပေါ်က သူ၏ ဝိညာဉ်အိတ်ကို ထုတ်လိုက်ပြီး၊ ဆံပင်စိမ်းဖျော့ဖျော့နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် သူမကို ပြုစုနေသော ဆံပင်စိမ်းနှင့် အမျိုးသားတစ်ဦးကို မြေပြင်ပေါ်သို့ ညင်သာစွာ ချထားပေးလိုက်သည်။
သိသာထင်ရှားသည်မှာ တုကုထျန်း၏ ကလေးကို ကိုယ်ဝန်ဆောင်ထားရခြင်းကြောင့် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ထဲတွင် အဆိပ်အတောက်များ ထပ်မံ စုပုံလာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဒါက သာမန်အဆိပ်မျှသာ ဖြစ်သည်။ ချန်ရွှင်ဖုန်းက လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် အားနည်းနေသော အမျိုးသမီး၏ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များအားလုံး ချက်ချင်းပင် စင်ကြယ်သွားခဲ့တော့သည်။
"ချိုးယန်... မင်းကို ငါတို့ တုကုမိသားစုအတွက် ကလေးမွေးပေးဖို့ ဇွတ်တောင်းဆိုခဲ့မိတာ ငါ့အမှားတွေပါ။"
တုကုထျန်းသည် ချိုးယန်၏ ခင်ပွန်းပီပီ သူမ၏ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များ လုံးဝ ပျောက်ကွယ်သွားသည်ကို သဘာဝအတိုင်း ခံစားမိလိုက်သည်။ သူ ဝမ်းမြောက်မိသလို တစ်ဖက်ကလည်း ချိုးယန်အပေါ် အပြစ်မကင်းသလို ခံစားလိုက်ရသည်။
"အစ်ကိုထျန်း... ကျွန်မလည်း ကျွန်မတို့မှာ ကလေးတစ်ယောက် ရှိစေချင်တာပါ။"
မိမိကိုယ်ကိုယ် အပြစ်တင်နေသော တုကုထျန်းကို ကြည့်ပြီး ချိုးယန်က အပြစ်မဆိုခဲ့ပေ။ သူမနှင့် တုကုထျန်းတို့သည် ငယ်သူငယ်ချင်းများ ဖြစ်ကြပြီး ဖြုစင်သော အချစ်ရှိခဲ့ကြသည်။
သူ၏ ဝိညာဉ်အားနည်းချက်ကို သိရှိခဲ့ရကတည်းက သူသည် သူမကို နှစ်ပေါင်း သုံးဆယ်ကျော်တိုင်အောင် မထိခိုက်ခဲ့သော်လည်း၊ သူမကိုယ်တိုင်ကလည်း ကလေးတစ်ယောက် လိုချင်သဖြင့် တုကုထျန်းကို စိုးရိမ်ပူပန်မှုမရှိရန် ပြောခဲ့ခြင်း ဖြစ်သည်။ သူမတွင် ဒါနဲ့ပတ်သက်ပြီး နောင်တ လုံးဝမရှိပေ။
"ယန်အာ။"
"အစ်ကိုထျန်း။"
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး နက်ရှိုင်းစွာ စိုက်ကြည့်နေကြပြီး၊ ဒါက ချန်ရွှင်ဖုန်းနှင့် အားရင်တို့ကို ဆန်းပြားသော မြင်ကွင်းတစ်ခုကို ပြန်လည် မြင်ယောင်သွားစေခဲ့သည်။
"အဟမ်း... အဟမ်း... နောက်တစ်ခုကတော့ မင်းတို့ရဲ့ ဝိညာဉ်အားနည်းချက်ကို ကူညီဖြေရှင်းပေးဖို့ အချိန်ရောက်ပြီ။"
သူနှင့် အားရင်တို့၏ ရိုမန်တစ်ဆန်မှုကို ကြားဖြတ်နှောင့်ယှက်ခဲ့သော တုကုပေါ်ကို မကျေနပ်သည့်အလား၊ ချန်ရွှင်ဖုန်းက တုကုထျန်းနှင့် ချိုးယန်တို့၏ အကြည့်ချင်းဆုံမှုကို ကြားဖြတ် ဖြိုခွဲလိုက်တော့သည်။
"ကျွန်တော်မျိုး မေးပါရစေ အရှင်... ကျွန်တော်တို့ရဲ့ ဝိညာဉ်အားနည်းချက်ကို ဘယ်လိုမျိုး ဖယ်ရှားပေးဖို့ စီစဉ်ထားပါသလဲ။"
တုကုပေါ်သည်လည်း မိမိတို့ တုကုမိသားစု နှစ်ပေါင်းရာချီတိုင်အောင် မဖြေရှင်းနိုင်ခဲ့သော ဝိညာဉ်အားနည်းချက်ကို ချန်ရွှင်ဖုန်းက မည်သို့ ဖြေရှင်းပေးမည်နည်း ဆိုသည်ကို အလွန်အမင်း စပ်စုချင်နေခဲ့သည်။
ယင်းနောက် ချန်ရွှင်ဖုန်းသည် သူ၏ နတ်ဘုရားစွမ်းအားကို နှိုးဆွလိုက်ပြီး တုကုပေါ်ရှိရာသို့ လေဟာနယ်ထဲကနေ ညွှန်ပြလိုက်တော့သည်။
ဘာမှန်းမသိဖြစ်နေသော တုကုပေါ်သည် ရုတ်တရက် တစ်ကိုယ်လုံး အရိုးထဲအထိ အေးစက်သွားသလို ခံစားလိုက်ရပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲခံရသကဲ့သို့ ရေခဲတိုက်ထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရသည်။
"အား..."
မိမိ၏ ဖခင် မြေပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်ညည်းတွားနေသည်ကို မြင်လိုက်ရသည့်အခါ တုကုထျန်းသည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့ရပြီး ချန်ရွှင်ဖုန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည် - သူ ဘာမှမဖြစ်လောက်ဘူး မဟုတ်လား။
"စိတ်မပူပါနဲ့၊ တုကုပေါ်က ဘွဲ့အမည်ရတုန့်လော့ တစ်ယောက် ဖြစ်နေတာကြောင့် ဝိညာဉ် အသွင်ပြောင်းလဲခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဝိညာဉ်စွမ်းအားကို ပြောင်းလဲပစ်ဖို့ လိုအပ်တယ်၊ ဒါကြောင့် နာကျင်မှု ရှိနေတာက သဘာဝပဲ။"
ယခုအခါတွင် နတ်ဘုရားစွမ်းအား၏ ၁၀ ရာခိုင်နှုန်းခန့်နှင့် ပေါင်းစပ်ထားပြီး ဖြစ်သဖြင့် သူသည် အဆင့်မြင့် နတ်ဘုရားအရာရှိတစ်ဦးနှင့် ညီမျှနေပြီ ဖြစ်သည်။ လက်ရှိတွင် သူသည် တုကုပေါ်၏ ဝိညာဉ်ကို ပြောင်းလဲပေးနိုင်မလား ဆိုသည်ကို သိရှိနိုင်ရန်အတွက် သူ၏ နတ်ဘုရားစွမ်းအားကို အနည်းငယ်သာ အသုံးပြုနေခြင်း ဖြစ်သည်။
"ရှူး..."
အတော်ကြာပြီးနောက် တုကုပေါ်သည် ရုတ်တရက် အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ မူလက အစိမ်းပုပ်ရောင် ဆံပင်များသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး ခန္ဓာကိုယ်မှ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။
သူ၏ မူလ ဖော့စဖရပ်မြွေသည်လည်း မီးခိုးပြာရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်ထဲတွင် အဆိပ်အတောက်များကို သိုလှောင်ရန်အတွက် အဆိပ်အမြုတေတစ်ခု ထွက်ပေါ်လာခဲ့သည်။ သိသာထင်ရှားသည်မှာ သူ၏ ဝိညာဉ်သည် အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားခဲ့ပြီး၊ မူလ အားနည်းချက်များကိုလည်း အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ကာ အဆိပ်အတောက်များကို အေးစက်သောအဆိပ် အဖြစ်သို့ ပြောင်းလဲပစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
မိမိကိုယ်ကိုယ် ပြောင်းလဲသွားမှုများကို ခံစားမိသည့်အခါ တုကုပေါ်၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။ နှစ်ပေါင်းများစွာ သူ့ကို နှိပ်စက်ခဲ့သော မြွေဆိပ်က ဤမျှလောက် လွယ်ကူစွာ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ရာ၊ သူသည် ကျေးဇူးတင်လွန်းသဖြင့် ချန်ရွှင်ဖုန်း၏ ရှေ့မှောက်တွင် ချက်ချင်း ဒူးထောက်လိုက်တော့သည်။
"ကျွန်တော်မျိုး တုကုပေါ်ဟာ ဘဝတစ်ဝက်စာ လေလွင့်ခဲ့ရပြီး ပညာရှိသခင်နဲ့ စောစောမဆုံတွေ့ခဲ့ရလေခြင်းကိုပဲ နောင်တရမိပါတယ်။ ဒီနေ့ အရှင်ကို တွေ့ခွင့်ရတာဟာ ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးကို ဖူးမြော်ရသလိုပါပဲ၊ ကျွန်တော်တို့ တုကုမိသားစုကို ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးခဲ့တာပါ။ အရှင့် အနေနဲ့ ကျွန်တော်မျိုးကို အနားမှာ ခေါ်ယူထားဖို့ လိုလားမယ်ဆိုရင်၊ ကျွန်တော် တုကုပေါ်ဟာ အရှင့် အတွက် အသက်ကိုပါ ပေးဆပ်ပြီး အမှုထမ်းသွားပါ့မယ်။"