အပိုင်း (၁) - ငါက ချန်ရွှင်ကျိရဲ့ အစ်ကိုကြီး
ခမ်းနားထည်ဝါလှတဲ့ နန်းတော်အဆောက်အအုံတွေနဲ့ ဖွဲ့စည်းထားတဲ့ ဝိညာဉ်နန်းတော်ဟာ နေရောင်အောက်မှာ ရှေးဆန်ပြီး သန့်စင်မွန်မြတ်လှတဲ့အပြင် တလက်လက်တောက်ပလို့ နေပါတယ်။
ဝိညာဉ်နန်းတော်ရဲ့အတွင်း၊ လူကို အလိုလိုနေရင်း ကြောက်ရွံ့ရိုသေစိတ် ဖြစ်ပေါ်စေတဲ့ နန်းဆောင်တစ်ခုထဲမှာတော့ ချန်ရွှင်ဖုန်း ဟာ ကောင်းကင်ယံကို ၄၅ ဒီဂရီစောင်းငဲ့ကြည့်ရင်း အတွေးကမ္ဘာထဲ နစ်မျောနေခဲ့တယ်။
“ဒီနေ့ပဲ အဆင့် (၉၀) ကို အောင်မြင်စွာ ဖြတ်ကျော် နိုင်ခဲ့ပြီဆိုတော့ ခဏနေရင် ခြသေ့်တုန့်လော့ ကို ငါ့ရဲ့ဝိညာဉ်ကွင်း သွားရှာဖို့ အဖော်လုပ်ခိုင်းရမယ်။”
ချန်ရွှင်ဖုန်းဟာ ဆိုဖာပေါ်မှာ လှဲလျောင်းနေရင်း စဉ်းစားနေမိတယ်။ လွန်ခဲ့တဲ့ ၃၈ နှစ်က ကုန်တင်ကားတစ်စီးရဲ့ တိုက်မိမှုကြောင့် မီတာ ၈၀ လောက် လွင့်ထွက်သွားပြီးနောက်မှာ သူဟာ ဝိညာဉ်ကုန်းမြေတိုက်ကြီး ထဲကို ဝိညာဉ်ကူးပြောင်း လာခဲ့မှန်း သိလိုက်ရတာပါ။
သူဟာ မူရင်းဇာတ်လမ်းထဲက ချန်ရွှင်ကျိ နဲ့ အမိဝမ်းတစ်ခုတည်းက မွေးတဲ့ အစ်ကိုကြီး ဖြစ်လာခဲ့ပြီး၊ သူရှိနေတဲ့အတွက်ကြောင့်ပဲ သူနဲ့ချန်ရွှင်ကျိတို့ဟာ မူရင်းဇာတ်လမ်းထက် ၁၀ နှစ်လောက် နောက်ကျပြီးမှ လူလားမြောက်လာခဲ့ကြတာပါ။ ဒါပေမဲ့ ဒါက ဇာတ်လမ်းအပေါ် သိပ်တော့ သက်ရောက်မှုမရှိပါဘူး။
ဒါပေမဲ့ ဒီဝိညာဉ်နန်းတော်နဲ့ ပတ်သက်လို့ သူသိထားသလောက်ကတော့၊ ဒီထဲမှာ ပါးနပ်လှချည်ရဲ့ ဆိုတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ တော်တော်များများ ရှိနေပြီး တစ်ယောက်ချင်းစီကလည်း အံ့သြစရာကောင်းလောက်အောင် ဉာဏ်ပညာ ကြီးမား ကြတာပါ။
ဇာတ်လမ်းနှောင်းပိုင်း ရောက်ရင်တော့ ဝိညာဉ်အင်ပါယာရဲ့ စစ်သည်တော်တွေက ရှေ့တန်းမှာ အသက်နဲ့သွေး ချွေးပေးပြီး တိုက်ပွဲဝင်နေချိန်၊ နောက်တန်းက ဝိညာဉ်နန်းတော်ရဲ့ လူအသုံးမကျတဲ့ အထက်လူကြီးသုံးယောက် ကတော့ ရန်သူကို သနားညှာတာပြပြီး ပွဲဖျက်ဖို့ပဲ ကြံစည်နေကြတာ ဖြစ်ပါတယ်။
ဒါက “ငါတို့က သွေးနဲ့ချွေးရင်းပြီး တိုက်နေတာကို၊ အရှင်မင်းကြီးက ဘာလို့ ရန်သူနဲ့ ပူးပေါင်းနေရတာလဲ” ဆိုတဲ့ အကွက်မျိုး မဟုတ်ပါလား။
ကံကောင်းတာက သူဟာ ဝိညာဉ်နိုးထခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ သူ့ရဲ့ဝိညာဉ်ကလည်း အလွန်ထူးခြားတဲ့ အသွင်ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့တာပါ။
ချန်ရွှင်ဖုန်းကို အကျေနပ်ဆုံးဖြစ်စေတာကတော့ သူ့ရဲ့ အိန်ဂျယ်ဝိညာဉ် ရဲ့ ကျောကုန်းမှာရှိတဲ့ အတောင်ပံ လေးစုံဟာ—ဆီရပ်ဖင် ရဲ့ နီရဲတဲ့ရွှေရောင်၊ သရုန်းစ် ရဲ့ ဖြူဝင်းတဲ့ရွှေရောင်၊ ခေရုဗင် ရဲ့ အပြာနုရောင်နဲ့ ဗာချူးစ် ရဲ့ ရွှေစင်ရောင်တို့ကို ကိုယ်စားပြုနေတာပဲ ဖြစ်ပါတယ်။
သူဟာ ဒီအသွင်သဏ္ဌာန် လေးမျိုးစလုံးကို စိတ်ကြိုက် လဲလှယ်အသုံးပြုနိုင်ပြီး၊ အသွင်တစ်ခုချင်းစီရဲ့ ဝိညာဉ်စွမ်းရည်တွေကလည်း တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ ဒါဟာ သူ့မှာ စိတ်ကြိုက်လဲလို့ရတဲ့ လေးထပ်ဝိညာဉ် ရှိနေပြီး ဝိညာဉ်စွမ်းရည် (၃၆) မျိုးအထိ ပိုင်ဆိုင်ထားတာနဲ့ အတူတူပါပဲ။
တစ်ခုတည်းသော အားနည်းချက်ကတော့ သူ့ရဲ့ဝိညာဉ်ဟာ အလင်း၊ မီး၊ အချိန်နဲ့ အာကာသ ဆိုတဲ့ အစွန်းထွက် ဂုဏ်သတ္တိ (၄) မျိုးစလုံးကို ဆောင်ထားတာကြောင့် ကျင့်ကြံခြင်းမြန်နှုန်း က အလွန်အမင်း နှေးကွေးလွန်းတာပါပဲ။ အသက် ၃၈ နှစ် ရောက်မှပဲ အဆင့် (၉၀) ကို ကပ်သီးကပ်သတ် ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
ကျင့်ကြံတာ အများကြီးနှေးတယ်ဆိုပေမဲ့လည်း သူဟာ ဝိညာဉ်ကုန်းမြေတိုက်ကြီးရဲ့ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဘွဲ့အမည်ရတုန်လော့ ဖြစ်နေတုန်းပါပဲ။
“ငါ့ရဲ့ နဝမမြောက် ဝိညာဉ်ကွင်းကို ရပြီးတာနဲ့ ဝိညာဉ်နန်းတော်ရဲ့ အနာဂတ်ဖွံ့ဖြိုးရေးအတွက် စီမံကိန်းတွေ စတင်တော့မယ်။”
ချန်ရွှင်ဖုန်းရဲ့ မျက်ဝန်းထဲမှာ ရည်မှန်းချက်ကြီးမားတဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။ သူသာ ပုပ်ရဟန်းမင်းကြီး ရာထူးကို ဆက်ခံခွင့်ရရင် ဝိညာဉ်နန်းတော်ကို အစွမ်းကုန် တိုးချဲ့ပြီး တစ်ကိုယ်လုံးရှိတဲ့ ဒိုလူအိုတိုက်ကြီးတစ်ခုလုံးကို ချန်မိသားစုရဲ့ အပိုင်နယ်မြေဖြစ်အောင် လုပ်ပစ်ပါလိမ့်မယ်။
သူ့ရဲ့အရင်ဘဝတုန်းက ထန်ဆန်း ရဲ့ လုပ်ရပ်တွေကို အထင်သေးခဲ့ပေမဲ့၊ အခု ဒီကမ္ဘာထဲ တကယ်ရောက်လာတဲ့အခါမှာတော့ နည်းလမ်းအချို့ကို မသုံးဘဲနဲ့ အသက်ရှင်သန်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သူနားလည်သွားခဲ့ပါပြီ။ အရေးကြုံလာရင်တော့ သူ့ရဲ့နည်းလမ်းတွေက ထန်ဆန်းထက် အဆပေါင်းထောင်ချီပြီး ပိုရက်စက်ပါလိမ့်မယ်။
“ဒါနဲ့... ရေခဲနှင့်မီး ယင်ယန်ရေတွင်း ကို ၁၀ နှစ်လုံးလုံး ရှာနေတာတောင် ဘာလို့ အခုထိ ရှာမတွေ့သေးတာလဲ မသိဘူး။”
ချန်ရွှင်ဖုန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိတယ်။ နေဝင်ချိန်သစ်တောမှာ သူ့ရဲ့ သတ္တမမြောက် ဝိညာဉ်ကွင်းကို ရကတည်းက၊ သူဟာ သရဲတုန့်လော့ နဲ့ ဂန္ဓမာတုန့်လော့ တို့ကို အားရင် အားသလို အဲဒီသစ်တောထဲမှာ လှည့်လည်ရှာဖွေခိုင်းထားခဲ့တာပါ။
“ထပ်ပြီး စောင့်ကြည့်ရဦးမှာပဲ။”
ချန်ရွှင်ဖုန်းဟာ မိမိကိုယ်ကိုယ်ရော ဝိညာဉ်နန်းတော်ရဲ့ လက်ရှိအင်အားအပေါ်မှာပါ အကြွင်းမဲ့ ယုံကြည်ချက် ရှိပါတယ်။ အဆိုးဆုံးအခြေအနေ ရောက်ရင်တော့ နောက်ပိုင်းကျမှ အဆိပ်တုန့်လော့ ရဲ့ နောက်ကို တိတ်တဆိတ် လိုက်ချောင်းရုံပါပဲ။ အကယ်၍ အဆိပ်တုန့်လော့ ဝိညာဉ်နန်းတော်ထဲ မဝင်ဘူးဆိုရင်တော့ အသံတိတ် သုတ်သင်ပစ်ရုံပဲ ရှိတာပေါ့။ အဲဒီ မသေဆေးပင် ကတော့ မရရအောင် ယူရမှာပါ။
ဒါ့အပြင် သူသာ အသက်ရှင်နေသရွေ့ ဇာတ်လမ်းနှောင်းပိုင်းမှာ စည်းမျဉ်းအတိုင်း ကစားလို့မရတော့ရင် ကောင်းကင်ကြည်လင်ဂိုဏ်း ကို တိုက်ရိုက် အမြစ်ပြတ် ချေမှုန်းပစ်လိုက်ရုံပါပဲ။
သူက ပုပ်ရဟန်းမင်းကြီး နန်းဆောင်ထဲမှာ နေ့တိုင်းပုန်းပြီး အိမ်တွင်းအောင်း အဘိုးကြီးတွေနဲ့အတူ ပုပ်ရဟန်းမင်းကြီးရာထူးကို သူ့ဆီ အမြန်ဆုံး လွှဲပေးဖို့ပဲ တစ်နေ့လုံး တွေးနေတဲ့ အဲဒီအဘိုးကြီးလို ခေါင်းမာတဲ့သူ မဟုတ်ဘူးလေ။
သူကတော့ ဒိုလူအိုတိုက်ကြီးကို သူ့မိသားစုရဲ့ ခြံနောက်ဖေးအဖြစ် ပြောင်းလဲပစ်ချင်တာပါ။ ဝိညာဉ်ကုန်းမြေတိုက်ကြီးက သာမန်အရပ်သားတွေနဲ့ ပတ်သက်လို့ ပြောရရင်တော့—ဒါက စိတ်ကူးယဉ်သိုင်းကမ္ဘာ ဖြစ်တဲ့အတွက် ထူးခြားတဲ့ သွေးမျိုးဆက် မရှိရင် သာမန်အရပ်သားတစ်ယောက် တက်လှမ်းနိုင်ဖို့ နည်းလမ်းမရှိပါဘူး။
သူ လုပ်ပေးနိုင်တာဆိုလို့ နောင်တစ်ချိန် တိုက်ကြီးတစ်ခုလုံးကို စည်းလုံးပြီးသွားရင် သာမန်လူတွေ လုံးဝနင်းပြားမဖြစ်သွားရအောင် ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးဖို့ပဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ဝိညာဉ်နန်းတော်အတွက် အခြေခံအဆင့် ဝိညာဉ်သခင် တွေ ရရှိရာ အဓိကအရင်းအမြစ် ဖြစ်နေလို့ပါပဲ။
ပိပိတုန်း နဲ့ ပတ်သက်လို့ကတော့၊ သူမဟာ မူရင်းဇာတ်လမ်းထဲကလို ချန်ရွှင်ကျိရဲ့ တပည့်ဖြစ်မလာဘဲ သူ့ရဲ့လက်အောက်ကို ရောက်လာခဲ့ပါတယ်။ မူရင်းဇာတ်လမ်းအရဆိုရင် ပိပိတုန်းဆိုတဲ့ မိန်းမဟာ ကျေးဇူးကိုမသိဘဲ ရန်ငြိုးကိုပဲ မှတ်ထားတတ်တဲ့ လူစားမျိုးဆိုတာ သိသာလွန်းလို့ပါပဲ။
အကယ်၍ ပိပိတုန်းသာ အရင်ဘဝကလိုပဲ ပြုမူနေဦးမယ်ဆိုရင် ချန်ရွှင်ဖုန်းအနေနဲ့ သူမအတွက် ပြီးပြည့်စုံတဲ့ ခွေးလိမ္မာဖြစ်စေမယ့် လေ့ကျင့်ရေးစီမံကိန်း တစ်ခု ပြင်ဆင်ပေးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။
သူမ ယွီရှောင်ကန်း နဲ့ ခိုးရာလိုက်ပြေးမယ့် အချိန်ကိုပဲ စောင့်ပြီး၊ သူဆင်ထားတဲ့ ထောင်ချောက်ထဲကို တဖြည်းဖြည်းချင်း သက်ဆင်းစေကာ နောက်ဆုံးမှာ သူ့အမိန့်ကိုပဲ တသွေမတိမ်း နာခံမယ့် ခွေးတစ်ကောင်လို သစ္စာရှိလာအောင် လုပ်ပစ်မှာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ချန်ရွှင်ဖုန်းအနေနဲ့ အားနာစိတ် လုံးဝမရှိပါဘူး။ ပိပိတုန်းကို အသက်မသေစေတာတင်ပဲ သူ့ဘက်က ပြစရာရှိသမျှ ကရုဏာအကြီးဆုံး ပြထားတာ ဖြစ်ပါတယ်။
“အချိန်တွက်ကြည့်ရသလောက်တော့ ပိပိတုန်းတစ်ယောက် ယွီရှောင်ကန်းနဲ့ ပတ်သက်တဲ့ အရှုပ်ထုပ်တွေကို ငါ့ဆီ လာပြောတော့မယ့် အချိန်ပဲ။”
ဒါကို တွေးမိတော့ ချန်ရွှင်ဖုန်းရဲ့ မျက်ဝန်းတွေထဲ အေးစက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီး ယွီရှောင်ကန်းကို နှိပ်စက်ဖို့အတွက်ပါ ပြီးပြည့်စုံတဲ့ စီမံချက်တစ်ခုကို ဆွဲထားလိုက်ပါတယ်။
“သခင်လေး... ပုပ်ရဟန်းမင်းကြီးက ဆွေးနွေးစရာရှိလို့ အမြန်လာခဲ့ပါဦးတဲ့ ခင်ဗျာ။”
အဲဒီအချိန်မှာပဲ ကာဒီနယ် ဝတ်စုံဝတ် ဝိညာဉ်သခင်တစ်ယောက်က ချန်ရွှင်ဖုန်းရဲ့ အတွေးကို ဖြတ်လိုက်ပါတယ်။
“အင်း... သိပြီ။”
ချန်ရွှင်ဖုန်း ကိုယ်ကို မတ်လိုက်တယ်။
အဘိုးကြီးအချို့ကို အဖော်လုပ်ခိုင်းပြီး အနှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်ကွင်းကို သွားရှာခိုင်းဖို့ အချိန်ကိုက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ပထမဆုံး ဝိညာဉ်ကွင်းနှစ်ခုလုံးကလည်း အနှစ်တစ်သိန်းတည်းက မဟုတ်ပါလား။
ပုပ်ရဟန်းမင်းကြီး နန်းဆောင်
“ရောက်လာပြီပဲ။”
မဟာခန်းမကြီးရဲ့ အတွင်းထဲမှာ ချန်သောက်လျူ ဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ရာဇလှံတံကို ကိုင်ဆောင်ထားပြီး၊ သူ့ရဲ့တောက်ပတဲ့ ရွှေရောင်ဆံပင်တွေဟာ နေရောင်အောက်မှာ အနည်းငယ် ဝင်းပနေပါတယ်။
“အဆင့် (၉၀) ကို ဖြတ်ကျော်နိုင်ခဲ့ပြီပေါ့? မဆိုးဘူး။”
ချန်သောက်လျူဟာ သူ့ရှေ့က ချန်ရွှင်ဖုန်းကို အလွန်ဂုဏ်ယူ အသိအမှတ်ပြုတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ သူဟာ ဒီသားဖြစ်သူအပေါ် အတော်လေး သဘောကျတာပါ။ သူ့ရဲ့ သတ္တမမြောက် ဝိညာဉ်ကွင်းက အနှစ်တစ်သိန်းသက်တမ်း ဖြစ်သလို၊ ဝိညာဉ်သူတော်စင် နယ်ပယ်ကို စပြီးခြေချကတည်းက ဝိညာဉ်စစ်မှန်သောအသွင် ကို ထုတ်သုံးထားတဲ့ မြွေလှံတုန်လော့ ကို တိုက်ခိုက်နိုင်ခဲ့ပြီး အသာစီးတောင် ရခဲ့ပါသေးတယ်။
ဒါ့အပြင် သူဟာ ငယ်စဉ်ကတည်းက ဉာဏ်ပညာ ထက်မြက်ခဲ့သူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ စိတ်ထဲမှာတော့ ချန်ရွှင်ဖုန်းကို နောက်ထပ် ပုပ်ရဟန်းမင်းကြီးနဲ့ နောင်လာမယ့် မဟာပုရောဟိတ် ဖြစ်လာဖို့ အသေအချာ ပြုစုပျိုးထောင်နေတာပါ။
“ဟုတ်ကဲ့ပါ အဖေ။ သား ဒီတစ်ခေါက် လာတာက ဝိညာဉ်ကွင်း သွားရှာဖို့အတွက် ဦးလေးခြင်္သေ့နဲ့ ဦးလေးကွမ်လင်တို့ကို အဖော်လိုက်ပေးဖို့ တောင်းဆိုချင်လို့ပါ။”
“ကောင်းပြီ... မင်းသာ ‘ဘွဲ့အမည်ရတုန့်လော့ အဆင့်ကို ရောက်သွားရင် နတ်ဘုရားဘိုးဘေးရဲ့ စမ်းသပ်မှုတွေကို စတင်လက်ခံလို့ရပြီ။ ဖုန်းအာ... မင်းမှာ ထူးခြားတဲ့ ပါရမီရှိတယ်၊ မင်းရဲ့ အနာဂတ်အောင်မြင်မှုတွေက အဖေ့ထက် သာလွန်မှာ အသေအချာပဲ။ နောင်တစ်ချိန်မှာ မင်းလည်း နတ်ဘုရားဘိုးဘေးလိုပဲ နတ်ဘုရားဘုံ ကို တက်လှမ်းနိုင်လိမ့်မယ်။”
ချန်သောက်လျူဟာ မျှော်လင့်ချက်ကြီးစွာနဲ့ ပြောပြီးနောက် ခြင်္သေ့နဲ့ ကွမ်လင်တို့ကို ဆင့်ခေါ်ဖို့ ဝိညာဉ်အသံလွှင့်လိုက်ပါတယ်။ မကြာခင်မှာပဲ ထွားကျိုင်းလှတဲ့ 'ခြသ်ေ့တုန့်လော့ က အရင်ဆုံး ဝင်လာပြီး၊ သူ့နောက်ကနေ ပိုပြီး သန့်ပြန့်တဲ့ရုပ်ရည်ရှိတဲ့ ကွမ်လင်တုန့်လော့ ဝင်လာခဲ့ပါတယ်။
ဒီအချိန်မှာတော့ သူတို့နှစ်ယောက်စလုံးဟာ အဆင့် (၉၆) ရှိတဲ့ စူပါတုန့်လော့ တွေ ဖြစ်ကြပြီး၊ နောက်ထပ် ဆယ်စုနှစ်တစ်ခုကျော်ကြာမှ အဆင့် (၉၇) ကို ရောက်ကြမှာပါ။
“ခြင်္သေ့၊ ကွမ်လင်... မင်းတို့ လူအချို့ကို ခေါ်ပြီး ဒီမြေပုံထဲက အနှစ်တစ်သိန်းသက်တမ်းရှိ ဝိညာဉ်သားရဲရဲ့ ခြေရာနောက်ကို လိုက်သွားချေ။ ဖုန်းအာအတွက် နဝမမြောက် ဝိညာဉ်ကွင်းကို ရအောင် ယူပေးခဲ့စမ်း။”
“အမိန့်အတိုင်းပါ အရှင် ။”
ချန်ရွှင်ဖုန်းဟာ နန်းဆောင်ဝဆီကို လျှောက်သွားခဲ့တယ်။ သူ့ရဲ့နောက်မှာတော့ ခြင်္သေ့တုန့်လော့ နဲ့ ကွမ်လင်တုန့်လော့တို့ဟာ အဆင့် (၈၀) ကျော် ဝိညာဉ်ဆုန့်လော့ ၅ ယောက်နီးပါးနဲ့ အဆင့် (၇၀) ကျော် ဝိညာဉ်သူတော်စင် ၁၀၀ နီးပါးကို ဦးဆောင်ပြီး ကြယ်တာရာတောအုပ်ကြီး ဆီကို တညီတညွတ်တည်း ဦးတည်ထွက်ခွာခဲ့ကြပါတယ်။
သူတို့အဖွဲ့ဟာ ဂျီသြသြအရှိန်အဝါတွေနဲ့အတူ ကြယ်တာရာတောအုပ်ကြီးရဲ့ အစွန်အဖျားကို ရောက်ရှိလာပြီး၊ လမ်းခရီးမှာ ဘာအတားအဆီးမှမရှိဘဲ ပိတ်ဆို့သမျှအရာအားလုံးကို အမှုန့်ခြေပစ်ခဲ့ကြပါတယ်။
သတင်းအချက်အလက်တွေအရ ဒီတစ်ကြိမ်တွေ့ရှိတဲ့ အနှစ်တစ်သိန်း ဝိညာဉ်သားရဲကတော့ ငရဲဝံပုလွေလျှပ်စီး ဖြစ်ပြီး၊ ပြင်းထန်တဲ့ သတ်ဖြတ်ခြင်းစွမ်းအား ရှိတာကြောင့် ချန်ရွှင်ဖုန်း အလိုချင်ဆုံး ဖြစ်နေတဲ့ ဝိညာဉ်သားရဲပါပဲ။
ဒါ့အပြင် အရင်တုန်းက အနှစ်တစ်သိန်း ဝိညာဉ်သားရဲနှစ်ကောင်ဆီက ရခဲ့တဲ့ ဝိညာဉ်အရိုး တွေကတော့ အနှစ်တစ်သိန်း ဘယ်ဘက်လက်မောင်းရိုး နဲ့ ညာဘက်ခြေထောက်ရိုး တို့ဖြစ်ပြီး၊ အဲဒီ ဘယ်ဘက်လက်မောင်းရိုးကိုတော့ သူ အခုထိ စုပ်ယူခြင်းမရှိသေးပါဘူး။
ဘာလို့လဲဆိုတော့ အဲဒီဝိညာဉ်အရိုးဟာ သတ္တမမြောက် ဝိညာဉ်ကွင်းကို ရတုန်းက ရခဲ့တာဖြစ်ပြီး ကုသခြင်းဆိုင်ရာ အမျိုးအစား ဖြစ်နေလို့ပါပဲ။ ချန်ရွှင်ဖုန်းအနေနဲ့ ဘယ်လိုစွမ်းရည်မျိုး ထွက်လာမလဲဆိုတာကို မလောင်းကြေးထပ်ချင်တာကြောင့် နောက်ပိုင်းကျမှ ပိုကောင်းတာတွေ ရှိမလားဆိုပြီး ခေတ္တသိမ်းဆည်းထားတာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ သရုန်းစ် အသွင်ကနေရတဲ့ ကုသခြင်းနဲ့ စွမ်းအင်မြှင့်တင်ခြင်း စွမ်းရည်တွေကတင် လောလောဆယ် လုံလောက်နေပြီဖြစ်လို့ အဲဒီကုသခြင်းစွမ်းရည် အနည်းငယ်ကို သူ သိပ်မလိုလားပါဘူး။
“ဝူးးးးးးးးးးးးး~”
ချန်ရွှင်ဖုန်းဟာ ဒီတစ်ခေါက်မှာ လူအင်အား တော်တော်များများ ခေါ်လာခဲ့တာပါ။ သူတို့ ငရဲဝံပုလွေနားကို ကပ်သွားတာနဲ့ တပြိုင်နက်၊ ထွက်ပေါ်လာတဲ့ ဆူညံသံကြီးကြောင့် ငရဲဝံပုလွေဧကရာဇ် ဟာ ချက်ချင်းပဲ ရိပ်မိသွားခဲ့ပါတယ်။
အနှစ်တစ်သိန်းသက်တမ်းရှိတဲ့ ဝိညာဉ်သားရဲဟာ လူသားတွေလိုပဲ ဉာဏ်ပညာ ရှိကြပါတယ်။ လာတဲ့သူတွေက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာမှန်းသိပြီး မိမိဘက်က မနိုင်နိုင်မှန်း သိတာနဲ့၊ ငရဲဝံပုလွေဧကရာဇ်ဟာ ဘေးနားက ဝံပုလွေပေါက်စတွေကို ဦးဆောင်ပြီး ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။
“ဒီဝံပုလွေပေါက်စတွေကို ဝိုင်းထားလိုက်ကြ။ ကွမ်လင်... မင်းက အဝေးကနေ ငရဲဝံပုလွေဧကရာဇ်ကို ပစ်ခတ်ချေမှုန်း။”
ခြင်္သေ့တုန့်လော့ဟာ မလှမ်းမကမ်းက ပြေးနေတဲ့ ငရဲဝံပုလွေဧကရာဇ်ကို ကြည့်ရင်း အမိန့်ပေးလိုက်ပါတယ်။
“ဝိညာဉ်စစ်မှန်သောအသွင်!”
ဝံပုလွေဧကရာဇ်ထက် ပိုမိုကြီးမားပြီး တစ်ကိုယ်လုံး မီးတောက်တွေ ဖုံးလွှမ်းနေတဲ့ ခြင်္သေ့ကြီးတစ်ကောင်ဟာ ဝံပုလွေဧကရာဇ်ရဲ့ ရှေ့တည့်တည့်မှာ ပေါ်လာခဲ့ပါတယ်။
“ပဉ္စမမြောက် ဝိညာဉ်စွမ်းရည် - အမျက်ဒေါသ မီးတောက်ခြင်္သေ့လက်သည်း။”
တောက်လောင်နေတဲ့ မီးတောက်တွေဟာ ခြင်္သေ့ရဲ့လက်သည်းတွေပေါ်မှာ လင်းခနဲဖြစ်သွားပြီး ငရဲဝံပုလွေဧကရာဇ်ဆီကို ပြင်းထန်စွာ ကုတ်ဆွဲလိုက်ပါတယ်။
“ရွှတ်!”
အော်ဟစ်သံနဲ့အတူ ဝံပုလွေဧကရာဇ်ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ပေါ်မှာ သွေးချင်းချင်းနီနေတဲ့ အနာရာမကြီး သုံးခု ထင်ကျန်ရစ်ပြီး၊ မီးပွားတွေကလည်း ၎င်းရဲ့အသားတွေကို တဆက်တည်း လောင်ကျွမ်းနေခဲ့ပါတယ်။
“အမင်္ဂလာကောင် လူသားတွေ...”
အနှစ်တစ်သိန်းအထိ ကျင့်ကြံထားတဲ့ ဝိညာဉ်သားရဲဖြစ်တာကြောင့် လူသားစကားကို ပြောနိုင်စွမ်း ရှိပါတယ်။ ဒီအချိန်မှာတော့ ဝံပုလွေဧကရာဇ်ဟာ မိမိကိုယ်ပေါ်က ဒဏ်ရာတွေကို ဂရုမစိုက်နိုင်တော့ဘဲ၊ ခြင်္သေ့တုန့်လော့ ရဲ့ နောက်ထပ်တိုက်ကွက်ကိုပဲ အသည်းအသန် သတိထား စောင့်ကြည့်နေရပါတော့တယ်။
“ရှူးးးး!” ဝိညာဉ်စွမ်းအားတွေနဲ့ ဖွဲ့စည်းထားတဲ့ ရေခဲငှက်မွှေး တစ်ခုဟာ ကောင်းကင်ယံကို ဖြတ်သန်းပြီး ငရဲဝံပုလွေဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ် ချင်းနင်းဖြတ်သန်းသွားခဲ့တာကြောင့်၊ မြေပြင်ပေါ်မှာ သွေးအိုင်ကြီးတစ်ခု ဖြစ်ပေါ်လာတဲ့အထိ သွေးတွေဟာ ထိန်းမနိုင်သိမ်းမရ စီးကျလာပါတော့တယ်။