အခန်း (၇၁) - မီးသိုင်းဝိညာဉ်သည်လည်း မီးတောက်သာဖြစ်ခြင်း
ယောင်လောင်၏ ဆုံးမသွန်သင်မှုများက လင်းရှောင်အတွက် အလွန်အသုံးဝင်လှသည်။ သူသည် သွေးဆာနေသူတစ်ဦး မဟုတ်သဖြင့် သူ၏ ခံယူချက်မှာ ယောင်လောင်နှင့် ထပ်တူကျနေသည်။
ယောင်လောင်မှာ ဒိုအရှင်မြတ် တစ်ပါးဖြစ်ရာ အဘယ်ကြောင့် အလွန်အကျွံ သနားကြင်နာတတ်ပါမည်နည်း။ အကြောင်းမဲ့သက်သက် မသတ်ဖြတ်တတ်ရုံသာရှိပြီး သေသင့်သေထိုက်သူများကိုမူ သတ်ဖြတ်ရမည်သာ ဖြစ်သည်။
ရန်သူများနှင့် ရင်ဆိုင်ရချိန်တွင်မူ သူတို့နှစ်ဦးစလုံး ပို၍ပင် ရက်စက်ပြတ်သားကြမည်မှာ သဘာဝပင်။
လက်ရှိ မာရှောင်ထောင်၏ ကိစ္စတွင်မူ လင်းရှောင် ရူးသွပ်မနေသရွေ့ ယခုလို လူပုံအလယ်ကြီး၌ သူမကို သွားရောက်ထိပါးရန် စိတ်ကူးမည် မဟုတ်ချေ။
"ရှောင်လေး... အဲဒီကောင်မလေးရဲ့ မိစ္ဆာမီးတောက်က သူမရဲ့ သိုင်းဝိညာဉ် နိုးထလာကတည်းက အတူတွဲဖက်ပါလာတာပဲ။"
"ဒါပေမဲ့ တကယ်တမ်း ပြောရရင် မီးသိုင်းဝိညာဉ် ဆိုတာကလည်း မီးတောက်ရဲ့ အသွင်သဏ္ဌာန် တစ်မျိုးပဲလေ။"
"အနှစ်သာရအရတော့ မီးတောက်ပါပဲ။"
ယောင်လောင် ရုတ်တရက် ပြောလိုက်သော စကားကြောင့် လင်းရှောင် အံ့အားသင့်သွားမိသည်။
"ဆရာကြီး ဆိုလိုတာက..."
လင်းရှောင်၏ စိတ်ထဲတွင် ဖြစ်နိုင်ခြေတစ်ခု ပေါ်ပေါက်လာသည်။ မီးသိုင်းဝိညာဉ် ဟူသည်မှာလည်း မီးတောက်သာ ဖြစ်သည်ဆိုပါက သူ စုပ်ယူဝါးမျို၍ ရနိုင်သည်ဟု ဆိုလိုခြင်းလော။
ဒီအချက်ကို သူ ဘယ်လိုလုပ် မေ့နေခဲ့ရတာလဲ... သူ့ရဲ့ ကိုယ်ပိုင်သိုင်းဝိညာဉ် ကရော မီးတောက်ပဲ မဟုတ်ဘူးလား။
ထိုသဘောတရားအတိုင်း ဆိုပါက အခြားသော မီးသိုင်းဝိညာဉ်များသည်လည်း မီးတောက်များသာ ဖြစ်ကြပြီး အဆင့်အတန်း ကွာခြားချက်သာ ရှိပေလိမ့်မည်။
ချက်ချင်းဆိုသလိုပင် ယောင်လောင်၏ အသံက သူ၏ စိတ်ထဲသို့ ထပ်မံဝင်ရောက်လာပြန်သည်။
"မင်း တွေးနေတဲ့အတိုင်း အတိအကျပဲ။"
"ဒါပေမဲ့ သာမန် မီးသိုင်းဝိညာဉ်တွေရဲ့ မီးတောက်အဆင့်အတန်းက အရမ်းနိမ့်ကျလွန်းပြီး မသန့်စင်မှုတွေ အများကြီး ပါဝင်နေတယ်။ အဲဒါတွေကို စုပ်ယူရင် မင်းအတွက် အချိန်ဖြုန်းသလို ဖြစ်နေလိမ့်မယ်။ အဆင့်အတန်း အရမ်းမြင့်မားတဲ့ မီးသိုင်းဝိညာဉ်မျိုး ဆိုရင်တော့ စုပ်ယူရကျိုး နပ်တာပေါ့။"
လင်းရှောင် သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။ ယောင်လောင်၏ ရှင်းပြချက်ကြောင့် နောက်ကွယ်မှ သဘောတရားကို သူ လျင်မြန်စွာ နားလည်သွားခဲ့သည်။
မီးသိုင်းဝိညာဉ်တိုင်း အဆင့်အတန်း အမြင့်ဆုံးသို့ ရောက်ရှိနိုင်သည် မဟုတ်ပေ။ အဆုံးစွန်မီး ဆိုသည်မှာ ပေါများလှပါသလား... သနားစရာ ကောင်းလောက်အောင်ပင် ရှားပါးလွန်းလှသည်။
ဒိုလော်ကုန်းမြေပေါ်တွင် မီးသိုင်းဝိညာဉ် ပိုင်ရှင်များမှာ နွားမွေးအလား ပေါများလှသော်လည်း ဘွဲ့ရဒိုလော် အဆင့်အထိ ကျင့်ကြံနိုင်သူ ဘယ်နှစ်ဦးများ ရှိပါသနည်း။
ဤသည်မှာ ယောင်လောင် ပြောသော မသန့်စင်မှု များပြားသည်ဟူသည့် အချက်ပင် ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မီးတောက်၏ အရည်အသွေး စံချိန်မမီသဖြင့် အဆင့်တက်ရန် ခက်ခဲနေခြင်း ဖြစ်သည်။
လူတိုင်းတွင် မသေမျိုးဆေးပင် ရှိနိုင်သည် မဟုတ်သလို လူတိုင်း ကံကောင်းထောက်မစွာဖြင့် အခွင့်အရေးကောင်းများနှင့် ကြုံတွေ့နိုင်သည်လည်း မဟုတ်ပေ။
အဆုံးစွန်မီး အဆင့် သို့မဟုတ် ဘွဲ့ရဒိုလော် အဆင့်သို့ မရောက်ရှိသေးသရွေ့ ထိုမီးသိုင်းဝိညာဉ်များမှာ အဆင့်နိမ့်ကျနေဦးမည်သာ ဖြစ်ပြီး ချီဝမ်၏ သားရဲမီးတောက်ကိုပင် ယှဉ်နိုင်မည် မဟုတ်ချေ။
ဒိုချီတိုက်ကြီးတွင် မီးတောက်အမျိုးမျိုး ရှိသော်လည်း ရှောင်ယန်က ကောင်းကင်မီးတောက် များကိုသာ အဓိက ပစ်မှတ်ထားခဲ့သကဲ့သို့ပင်... သားရဲမီးတောက် စုပ်ယူလျှင်ပင် အဆင့်မြင့်မားသော မီးတောက်ကိုသာ ရွေးချယ်စုပ်ယူခဲ့သည်။
ချီဝမ်၏ သားရဲမီးတောက်မှာ သူကိုယ်တိုင် နှစ်ပေါင်းများစွာ ကျင့်ကြံမွေးထုတ်ထားသော မီးတောက်ဖြစ်ရာ သာမန် အမှိုက်သာသာ မီးသိုင်းဝိညာဉ်များနှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။
ယောင်လောင် ပြောသည့်အတိုင်း သာမန် မီးသိုင်းဝိညာဉ်များမှာ သိပ်အသုံးမဝင်လှပေ။ လင်းရှောင် စုပ်ယူလိုက်ပါက အထဲမှ အညစ်အကြေးများကို ပြန်လည်သန့်စင်ဖယ်ရှားရန် အချိန်ကုန်ခံရဦးမည် ဖြစ်သဖြင့် လုံးဝ မတန်လှချေ။
အရည်အသွေးနိမ့်သော အရာများကို အများကြီး စုဆောင်းခြင်းထက် အရည်အသွေး အမြင့်ဆုံး တစ်ခုတည်းကို ရယူခြင်းက ပို၍ကောင်းမွန်လှသည်။
သို့သော် မာရှောင်ထောင်၏ မိစ္ဆာမီးတောက်မှာမူ ထူးခြားသော မီးတောက်အမျိုးအစား ဖြစ်သည်။ သူမကို အချိန်တိုင်း ဒုက္ခပေးနေပြီး ဖြေရှင်းရန်အတွက် အထူးနည်းလမ်းများ လိုအပ်နေသည် ဆိုကတည်းက မည်သို့မျှ အဆင့်နိမ့်နိုင်စရာ အကြောင်းမရှိပေ။
အဆင့်အတန်း အမြင့်ဆုံး မဟုတ်သည့်တိုင် လင်းရှောင်သာ ရရှိလိုက်ပါက ကြီးမားသော တိုးတက်မှုတစ်ခု ပေးစွမ်းနိုင်မည် ဖြစ်သည်။
လင်းရှောင်အနေဖြင့် မည်သို့ရွေးချယ်ရမည်ကို ကောင်းစွာ သိထားသည်။
"ဆရာကြီး... မီးသိုင်းဝိညာဉ်တွေကို ကျွန်တော် စုပ်ယူလို့ရမှန်း သိသွားပြီ ဆိုပေမဲ့ ရတနာလိုချင်ဇောနဲ့ အကြောင်းမဲ့ လူလိုက်သတ်လောက်အောင်တော့ မရက်စက်ပါဘူး။"
"ဒါပေမဲ့ ရန်သူဖြစ်နေပြီး သူ့ရဲ့သိုင်းဝိညာဉ်ကလည်း မီးသိုင်းဝိညာဉ် ဖြစ်နေမယ်ဆိုရင်တော့ ကျွန်တော် ရက်စက်တာကို အပြစ်တင်လို့ မရတော့ဘူးပေါ့။"
လင်းရှောင်က ရယ်မောရင်း ပြောလိုက်သည်။ ရန်သူဖြစ်နေမှတော့ သူ လုံးဝ ညှာတာနေမည် မဟုတ်ချေ။ သေရေးရှင်ရေး ရန်ဘက်များကြားတွင် သနားကြင်နာနေပါက ကိုယ့်သေတွင်း ကိုယ်တူးသလိုသာ ဖြစ်သွားပေလိမ့်မည်။
စွန့်ပစ်ပစ္စည်းများကို အကျိုးရှိအောင် မည်သို့ပြန်လည်အသုံးချရမည်ကို လင်းရှောင် ကောင်းစွာ သိထားသည်။
ယောင်လောင်က အပြုံးယောင်ယောင်ဖြင့် ပြောလိုက်သည်။ "မင်းကတော့လေ... ရန်သူဖြစ်နေမှတော့ တစ်ချက်ပဲ မြဲမြဲမှတ်ထားပါ။ မြက်နုတ်ရင် အမြစ်ပါမကျန်အောင် နုတ်ပစ်ရတယ်၊ မဟုတ်ရင် နွေဦးလေပြည် တိုက်ခတ်လာတဲ့အခါ ပြန်ပြီး ရှင်သန်လာလိမ့်မယ်။"
ထိုသို့ပြောပြီးနောက် ယောင်လောင်သည် လက်စွပ်အတွင်း၌ သက်သောင့်သက်သာ ပြန်လည်လှဲလျောင်းနေလိုက်သည်။ ဘေးတွင်မူ ကင်းမြီးကောက်ငယ်လေး အသွင်ပြောင်းထားသော ရေခဲဧကရာဇ်က ရှောင်ဟေး၏ ကိုယ်ပေါ်၌ ဇိမ်ကျကျ အိပ်မောကျနေသည်။
ယီလိုင်ခဲစစ် တစ်ဦးတည်းသာ တစ်စုံတစ်ရာကို နက်ရှိုင်းစွာ စဉ်းစားနေပုံရသည်။ သူ၏ရှေ့တွင် နတ်ဘုရားဘုရင် ထန်ဆန်း၏ နတ်ဘုရားအသိစိတ် ရှိနေပြီး လက်ထဲတွင်မူ အရိုးခေါင်းအချို့နှင့် အရိုးပျော့ယုန် အလောင်းကောင်အချို့ကို ကိုင်ဆောင်ထားသည်။
လင်းရှောင်လည်း ယောင်လောင်နှင့် ဆက်လက်စကားမပြောတော့ပေ။ ဆရာကြီး ဆိုလိုသည့် သဘောတရားကို သူ ကောင်းစွာ နားလည်ထားသည်။ လက်ရှိတွင် သူသည် ပြင်ပကမ္ဘာမှ ရောက်ရှိလာသော မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေရာ ဗီလိန်များမှာ စကားများလွန်းသဖြင့် သေဆုံးရတတ်ကြောင်း ကောင်းစွာ သိထားသည်။
မြက်နုတ်လျှင် အမြစ်ပါမကျန် နုတ်ရမည့် သဘောတရားကိုလည်း သူ နားလည်သည်၊ လင်းရှောင်မှာ အရူးတစ်ယောက် မဟုတ်ချေ။
လင်းရှောင်၏ အကြည့်များက ရှီးလိုင်ခဲနှင့် ရိယွဲ့အင်ပါယာတို့ ထိပ်တိုက်တွေ့နေကြသည့် မြင်ကွင်းဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
ရှောင်လင်အာက စိတ်ဝင်တစား ကြည့်ရှုနေရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ "ချကြစမ်း... ချကြစမ်း။"
လင်းရှောင်က သူမ၏ ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ "အသံတိုးတိုးနေပါ။"
ရှောင်လင်အာက ချက်ချင်း ခေါင်းညိတ်ပြပြီး ဘေးမှနေ၍ တိတ်တဆိတ် ဆက်လက်ပွဲကြည့်နေလိုက်သည်။
မာရှောင်ထောင်မှာ အသိစိတ် လုံးဝ လွတ်သွားပြီဖြစ်ပြီး မိစ္ဆာဝိညာဉ်ဆရာ ဟူသော စွပ်စွဲသံများလည်း ထွက်ပေါ်နေပြီ ဖြစ်သည်။
"ရှောင်ထောင်က မိစ္ဆာဝိညာဉ်ဆရာ မဟုတ်ဘူး။" ဝမ်ယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"အစ်မတော်မာက လူကောင်းတစ်ယောက်ပါ၊ မိစ္ဆာဝိညာဉ်ဆရာ မဟုတ်ပါဘူး... မိစ္ဆာမီးတောက်ရဲ့ လွှမ်းမိုးမှုကို ခဏတာ ခံနေရရုံပါ။" ဝမ်တုံကလည်း ဝင်ရောက်အော်ဟစ် ဖြေရှင်းပေးလိုက်သည်။
ကျန်လူများကလည်း တစ်ယောက်တစ်ပေါက် ဝိုင်းဝန်းပြောဆိုပေးကြသော်လည်း သူတို့၏ ဖြေရှင်းချက်များက ရိယွဲ့အင်ပါယာမှ လူများကို လက်ခံယုံကြည်လာအောင် မစွမ်းဆောင်နိုင်ပေ။
ပါးစပ်ဖြင့် ရှင်းပြနေ၍ အသုံးမဝင်ချေ၊ လူတို့သည် ကိုယ့်မျက်စိဖြင့် တပ်အပ်မြင်တွေ့ရသည့် အရာကိုသာ ယုံကြည်တတ်ကြသည်။
မာရှောင်ထောင်၏ လက်ရှိအသွင်အပြင်က အကောင်းဆုံး သက်သေဖြစ်နေရာ သူတို့၏ ကာကွယ်ပြောဆိုမှုများမှာ အားပျော့လွန်းလှသည်။
အကြီးအကဲမာ၏ မျက်လုံးအကြည့်များ အေးစက်သွားသည်။ မိစ္ဆာဝိညာဉ်ဆရာများကို သုတ်သင်ရှင်းလင်းရမည်မှာ ဒိုလော်ကုန်းမြေပေါ်ရှိ လူတိုင်း သိရှိထားသော တာဝန်တစ်ရပ်ပင် ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် မာရှောင်ထောင်ထံမှ မီးတောက်လှိုင်းလုံးကြီးက သူတို့ထံသို့ ဒလဟော ပစ်ဝင်လာသည်။
အကြီးအကဲမာက သိုင်းဝိညာဉ်ကို ချက်ချင်း ထုတ်ဖော်ကာ မာရှောင်ထောင်ထံသို့ ခုန်ဝင်တိုက်ခိုက်လိုက်သည်။ လက်ရှိတွင် မာရှောင်ထောင်မှာ ဝိညာဉ်ဧကရာဇ် အဆင့်သာ ရှိသေးသော်လည်း သူမ ပေါက်ကွဲထုတ်လွှတ်နေသော စွမ်းအားမှာမူ ဝိညာဉ်သူတော်စင် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သူတို့နှစ်ဦး ထိပ်တိုက်တွေ့ဆုံနေကြစဉ် ရှောင်ဟုန်ချန်က သူ့ဘေးရှိ လူတစ်ယောက်ကို မသိမသာ အချက်ပြလိုက်ရာ ထိုလူမှာ ထိုနေရာမှ တိတ်တဆိတ် အလျင်အမြန် ထွက်ခွာသွားတော့သည်။
အခြားအခန်းတစ်ခု အတွင်း၌မူ လူနှစ်ဦးသည် ထိုမြင်ကွင်းကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
"တာ့မင်... အဲဒီ မိစ္ဆာမီးတောက်ကို မင်း ဖြေရှင်းပေးနိုင်လား။" အာ့မင်က မေးလိုက်သည်။
အပြင်ဘက်မှ လူနှစ်ဦးမှာ အပြင်းအထန် တိုက်ခိုက်နေကြဆဲဖြစ်ပြီး အမှောင်ထဲမှ စောင့်ကြည့်နေကြသူများ ရှိနေသည်ကို လုံးဝ သတိမထားမိကြပေ။
လင်းရှောင်က အပြင်ဘက်တွင် ပေါ်ပေါ်ထင်ထင် ရပ်ကြည့်နေခြင်းဖြစ်ပြီး တာ့မင်နှင့် အာ့မင်တို့မှာမူ ကိုယ်ထင်မပြကြသေးချေ။
"မရဘူး... မူလစွမ်းအားအပြည့် ပြန်မရသရွေ့ ငါတို့ရဲ့ စွမ်းအားတွေက ကန့်သတ်ခံထားရတယ်။"
"ဒါပေမဲ့ ဖိနှိပ်ထိန်းချုပ်ပေးဖို့လောက်ကတော့ မခက်ပါဘူး။"
တာ့မင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်ရင်း ဝမ်တုံ ထိခိုက်ဒဏ်ရာရသွားမည် စိုးသဖြင့် သူ၏ စိတ်စွမ်းအားကိုမူ ဝမ်တုံအပေါ်၌သာ အချိန်ပြည့် အာရုံစိုက်ထားသည်။
အာ့မင်လည်း ထိုနည်းတူပင်၊ တာ့မင်ကို မေးမြန်းနေသော်လည်း သူ၏ အကြည့်များက ဝမ်တုံထံမှ မခွာပေ။
"လှုပ်ရှားကြစို့ အာ့မင်... ဒီအတိုင်း ဆက်တိုက်နေကြရင် ဟိုအဘိုးကြီးက မာရှောင်ထောင်ဆိုတဲ့ ကောင်မလေးကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။"
အရာအားလုံး သူ့လက်ခုပ်ထဲတွင် ရှိနေသည့်အလား တာ့မင်က အေးအေးဆေးဆေး ပြောလိုက်သည်။
အပြင်ဘက်တွင်မူ အကြီးအကဲမာမှာ မာရှောင်ထောင်၏ မိစ္ဆာမီးတောက်အောက်၌ တဖြည်းဖြည်း ဖိနှိပ်ခံနေရပြီ ဖြစ်သည်။ မာရှောင်ထောင်၏ အရှိန်အဝါမှာ ဆက်တိုက် မြင့်တက်လာနေပြီး တိုက်ခိုက်လေလေ ပိုမိုရက်စက်ကြမ်းကြုတ်လာလေ ဖြစ်နေသည်။
မိစ္ဆာမီးတောက်က မာရှောင်ထောင်၏ အသက်ဓာတ်စွမ်းအင်များကို လောင်ကျွမ်းစားသုံးနေသည့်အလား မီးလျှံများ ပိုမိုအားကောင်းလာသည်နှင့်အမျှ သူမ၏ တိုက်စစ်မှာလည်း ပို၍ပို၍ ပြင်းထန်လာတော့သည်။
"ရှောင်ဟုန်ချန်... မင်းတို့အားလုံး ဒီနေရာကနေ မြန်မြန် ထွက်သွားကြတော့။"
"ဒီ မိစ္ဆာဝိညာဉ်ဆရာမကို ငါ ဆက်ပြီး မထိန်းချုပ်နိုင်တော့ဘူး။"
အကြီးအကဲမာက မာရှောင်ထောင်၏ တိုက်ခိုက်မှုကို ခုခံတားဆီးရင်း ရှောင်ဟုန်ချန်နှင့် အခြားသူများကို ထိတ်လန့်တကြား အော်ဟစ်သတိပေးလိုက်သည်။
ရှောင်ဟုန်ချန်တို့သာမက ရှီးလိုင်ခဲ အဖွဲ့သားများပါ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ဝမ်ယန်၏ မျက်နှာအမူအရာ ပျက်ယွင်းသွားပြီး တိုက်ယွဲ့ဟန်ကို စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။ "တိုက်ယွဲ့ဟန်... မြန်မြန်သွားပြီး ဘွဲ့ရဒိုလော် တစ်ယောက်ယောက်ကို သွားပင့်လာခဲ့စမ်း။"
တိုက်ယွဲ့ဟန်လည်း မျက်နှာပျက်သွားပြီး ပြိုင်ပွဲကွင်းကြီး ရှိရာသို့ အပြေးအလွှား ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော် သူ စတင်ပြေးထွက်လိုက်စဉ်မှာပင် အနီးရှိ အခန်းတံခါးတစ်ချပ် ပွင့်ဟလာပြီး တောင့်တင်းသန်မာသော လူလတ်ပိုင်း အမျိုးသားကြီး နှစ်ဦး လျှောက်ထွက်လာကြသည်။
"ကောင်စုတ်လေး... သွားနေစရာ မလိုတော့ဘူး။"
ထိုအသံ ထွက်ပေါ်လာသည်နှင့် ပြေးထွက်သွားသော တိုက်ယွဲ့ဟန်၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားတော့သည်။
ဘေးတွင် ရပ်ကြည့်နေသော လင်းရှောင်မှာ ထိုလူနှစ်ဦးကို မြင်လိုက်သည်နှင့် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
ရှောင်လင်အာထံမှ သတ်ဖြတ်လိုစိတ်များ ဒလဟော ပန်းထွက်လာသော်လည်း လင်းရှောင်က သူမကို အသာအယာ ပုတ်လိုက်သဖြင့် သတ်ဖြတ်လိုစိတ်များ မျက်စိတစ်မှိတ်အတွင်း ပြန်လည်ပျောက်ကွယ်သွားတော့သည်။