အခန်း (၁) - တစ်နေ့လျှင် သန်းခြောက်ဆယ် ဝင်နေပြီး၊ မြို့နယ်လေးထဲမှာပဲ သုံးလို့ရတာလား။
ပိုက်ဆံတွေ သုံးမကုန်နိုင်အောင် များလွန်းနေရင် ဘာလုပ်မလဲ။
လုမင်က သူ့ဖုန်းထဲက တိုးပေါင် ဆိုသည့် AI app ကို မေးလိုက်သည်။
တိုးပေါင် AI appက "ခန့်မှန်းခြေ ပမာဏလေး ပြောပြပေးလို့ ရမလား။ သန်းဂဏန်းလား၊ သန်းပေါင်း ရာဂဏန်းလား၊ ဒါမှမဟုတ် သန်းပေါင်း ထောင်ဂဏန်းလား" ဟု ပြန်ဖြေသည်။
လုမင် - "တစ်နေ့ကို ဝင်ငွေ သန်း ၆၀"
ဒီမေးခွန်းက တိုးပေါင် AI appကို ဆွံ့အသွားစေခဲ့ပုံရပြီး ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာ၏။
"လမ်းဘေးက သစ်ပင်တွေ၊ ကောင်းကင်က တိမ်တိုက်တွေနဲ့ တိုက်ခတ်သွားတဲ့ လေပြေတွေကိုပဲ ပိုက်ဆံပေးလိုက်ပါတော့"
"ဒါမှ သုံးလို့ မကုန်သေးရင်တော့ ငါ့ဆီ ပေးလိုက်ပါ၊ ဒီဝန်ထုပ်ဝန်ပိုးကို မျှဝေထမ်းပိုးပေးပါရစေ"
"မေတ္တာရပ်ခံချက် - အခွန်ဆောင်ဖို့ မမေ့ပါနဲ့ဦး။ ဪ... ဆောရီး၊ လေလုံးထွားတာကိုတော့ အခွန်ကောက်လို့ မရပါဘူးနော်"
လုမင် - "ငါ အမှန်အတိုင်း ပြောနေတာ"
လုမင် လေလုံးထွားနေခြင်း မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူ့ဘဏ်အကောင့်ထဲမှာ ယွမ်သန်း ၆၀ အမှန်တကယ် ရှိနေသည် မဟုတ်ပါလား။
ဇာတ်လမ်းက လွန်ခဲ့သော သုံးရက်က စတင်ခဲ့သည်။လုမင်သည် အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး ရှန်ဟိုင်းတွင် မီဒီယာသစ် လုပ်ငန်းခွင်၌ အလုပ်လုပ်ခဲ့သည်မှာ နှစ်နှစ်ခွဲမျှ ရှိပြီဖြစ်သည်။
တစ်လလျှင် လစာ ၈,၀၀၀ ရပြီး၊ အိမ်ငှားခ ၃,၅၀၀၊ စားစရိတ် ၂,၀၀၀၊ သွားလာစရိတ် ၅၀၀ နှင့် လူမှုရေးဆိုင်ရာ သုံးစွဲမှုများ၊ လက်ဆောင်ပေးရမှုများကို နှုတ်လိုက်ပါက တစ်လလျှင် ယွမ်အနည်းငယ်မျှသာ စုဆောင်းနိုင်၏။
ယွမ်အနည်းငယ်မျှသာ...။
စုဆောင်းမိသည်ဟုကို မဆိုနိုင်ပေ။
အိမ်ဝယ်ဖို့၊ အိမ်ထောင်ပြုဖို့ဆိုသည်မှာ ဝေလာဝေး၊ အစားအသောက် မှာစားလျှင်ပင် မည်သည့်ဆော့ဖ်ဝဲက လျှော့စျေးကူပွန် ပိုပေးသလဲဆိုသည်ကို ကြည့်ရသေးသည်။
ပိုက်ဆံမစုနိုင်သည်ကို သည်းခံနိုင်သေးသော်လည်း တကယ့်ပြဿနာမှာ ကျန်းမာရေးပါ ယိုယွင်းပျက်စီးသည့် လက္ခဏာများ ပြသလာခြင်းပင်။
လွန်ခဲ့သည့်လက ကျန်းမာရေးစစ်ဆေးစဉ် အပေါ်သွေးပေါင်ချိန် ၁၇၀ နှင့် အောက်သွေးပေါင်ချိန်၁၂၀ အထိ သွေးတိုးနေခဲ့သည်။
ဆရာဝန်က ဒါသည် ရေရှည် အိပ်ရေးပျက်မှုကြောင့် ဖြစ်ရခြင်းဟု ဆိုကာ အလေးအနက်ထား ဂရုစိုက်ရန် သတိပေးခဲ့၏။
အရပ် ၁.၈ မီတာ ရှိပြီး၊ အလေးချိန် ၁၄၀ ကီလိုဂရမ် ရှိသည့် သူ၏ အသက်အရွယ်နှင့်ဆိုလျှင် ဒီသွေးတိုးနှုန်းက မသေးလှပေ။
သေချာ စဉ်းစားသုံးသပ်ပြီးနောက် လုမင်သည် အသက်ကို ငဲ့သောအားဖြင့် အလုပ်မှ နှုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
သူ့အမေထံ ဖုန်းဆက်လိုက်၏ - "မေမေ၊ သား အိမ်ပြန်လာပြီ"
အမေက "ဘာလို့ ပြန်လာတာလဲ" ဟု မေးသည်။
"နားချင်လို့ ပြန်လာတာပါ"
အမေက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးမှ "အေးပါ... ပြန်လာခဲ့လေ" ဟု ပြောရှာသည်။
ယွန်းမုန်းမြို့နယ်သည် ဟေနန်ပြည်နယ်တောင်ပိုင်းရှိ လူဦးရေ ၆ သိန်းခန့် ရှိသော မြို့နယ်ငယ်လေးတစ်ခုဖြစ်သည်။
အရှိန်ပြင်းရထားဘူတာ မရှိသဖြင့် အနီးဆုံးဘူတာသို့ ရောက်ရန် ဘေးအိမ်နီးချင်းမြို့သို့ သွားရ၏။
လုမင်သည် အနီးဆုံးမြို့သို့ ရထားစီး၊ ထိုမှတစ်ဆင့် ဘတ်စ်ကားပြောင်းစီးကာ မြို့နယ်ဘတ်စ်ကားဂိတ်သို့ ရောက်သည်အထိ လမ်းခရီးတစ်လျှောက် အလှုပ်အခါတ် ခဲယဉ်းစွာ လိုက်ပါခဲ့ရသည်။
ကားပေါ်မှ ဆင်းလိုက်သည့်ခဏ၌ မြေနံ့နှင့် သစ်ပင်ပန်းမန်နံ့များ ရောယှက်နေသည့် လေထုကို ရှူရှိုက်လိုက်ရသဖြင့် လမ်းဘေးတွင် အတန်ကြာ မိန်းမောစွာ မတ်တပ်ရပ်နေမိ၏။
မြို့နယ်ထဲတွင် ဗဟိုလမ်းမကြီးနှင့် ကြိုဆိုရေးလမ်းမကြီးဟူ၍ ပင်မလမ်းမကြီး နှစ်သွယ်သာ ရှိသည်။
လမ်းဘေးဝဲယာတွင် လေးငါးထပ်မျှမြင့်သော အဆောက်အအုံဟောင်းကြီးများ စီတန်းလျက်ရှိ၏။
မြေညီထပ်ဆိုင်ခန်းများတွင် ပုံနှိပ်ဆိုင်များ၊ သံထည်ပစ္စည်းဆိုင်များ၊ အစေ့အဆန်လှော်ဆိုင်များ၊ လန်ကျိုးခေါက်ဆွဲဆိုင်များ၊ ရှားရှန်မုန့်ဟင်းခါးဆိုင်များနှင့် ကြက်သားပေါင်းဆိုင်များ အပါအဝင် စုံလင်လှသော ဆိုင်ငယ်လေးများ ဖွင့်လှစ်ထားကြသည်။
ဆိုင်းဘုတ်အချို့က အသစ်ဖြစ်ပြီး၊ အချို့က အဟောင်းများဖြစ်ကာ အဟောင်းများပေါ်ရှိ စာလုံးများသည် အရောင်လွင့်ပြယ်နေပြီဖြစ်သည်။
အိမ်သို့ ပြန်ရောက်ရောက်ချင်း ပထမဆုံး ထမင်းဝိုင်းအတွက် အမေက ဟင်းလေးမျိုး ချက်ပေးထား၏ - ကြာဆံနှင့် ဝက်သားနီချက်၊ ခရမ်းချဉ်သီး ကြက်ဥကြော်၊ သခွားသီးသုတ်နှင့် မြေပဲလှော်တစ်ပန်းကန် တို့ဖြစ်သည်။အဖေက ပလတ်စတစ်ပုံးထဲ ထည့်ရောင်းသည့် ၁၅ ယွမ်တန် ပြည်တွင်းဖြစ် အရက်ကြမ်းတစ်ပုလင်းကို ဖွင့်လိုက်၏။
"အပြင်မှာ အဆင်မပြေလို့ ပြန်လာတာလား" ဟု အဖေက မေးသည်။
"အင်း"
"အပြင်မှာ အဆင်မပြေရင်လည်း ပြန်လာပေါ့၊ မိုးပြိုကျမသွားပါဘူး" အဖေက သူ့ကို အရက်တစ်ခွက် ငှက်ပေးရင်း အနီးသို့ တိုးပေးလိုက်သည်။
"မနက်ဖြန် မင်းရဲ့ တတိယဦးလေးဆီ သွားမေးကြည့်ဦး၊ သူ့စက်ပြင်ဆိုင်မှာ လူလိုနေတယ် ကြားတယ်"
လူကြီးသူမများ၏ စိတ်ဓာတ်က ထိုသို့ပင်၊ တစ်ရက်မျှ အလုပ်မလုပ်ဘဲ နေလိုက်လျှင်ပင် ပြစ်မှုကျူးလွန်ထားသလို၊ မိုးပြိုကျတော့မလို ထင်မှတ်တတ်ကြသည်။
လုမင် အရက်ကို မော့သောက်လိုက်သော်လည်း ဘာမှ မတုံ့ပြန်ခဲ့ပေ။
သုံးရက်မြောက်နေ့ နံနက်ခင်းတွင်မှ စနစ်ကြီး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
သူသည် ကုတင်ပေါ်တွင် လဲလျောင်းရင်း ဗီဒီယိုတိုများကို ပွတ်ကြည့်နေစဉ် "ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး တို့မှ ထွက်ခွာ၍ ဇာတိမြေသို့ ပြန်ကြစို့" ဆိုသည့် ပို့စ်တစ်ခုကို တွေ့လိုက်ရသည်။
နှိပ်ကြည့်လိုက်ရာ မှတ်ချက်ပေါင်း ရာဂဏန်းမက ရှိနေပြီး၊ ထက်ဝက်ခန့်က ဗီဒီယိုပိုင်ရှင်ကို ဟန်ဆောင်ကောင်းသည်ဟု ဝေဖန်ထားကြကာ ကျန်ထက်ဝက်ကမူ "ငါလည်း ပြန်ချင်ပေမဲ့ မပြန်နိုင်ဘူး" ဟု ရေးထားကြ၏။
ကြည့်နေတုန်းမှာပင် ဖုန်းမျက်နှာပြင်က ရုတ်တရက် မည်းမှောင်သွားသည်။
ထို့နောက် စာတန်းတစ်ကြောင်း ပေါ်လာ၏။
ရွှေရောင်စာလုံးများဖြင့်...
【မြို့နယ်အဆင့် စီးပွားရေး သုံးစွဲမှုဆိုင်ရာ ခရက်ဒစ်စနစ်အား ချိတ်ဆက်ပြီးပါပြီ။】
လုမင်သည် မျက်စိမှားသည်အောက်မေ့၍ မျက်လုံးကို ပွတ်ကြည့်လိုက်သော်လည်း စာလုံးများက ပျောက်ကွယ်မသွားပေ။
【စနစ်ဖော်ပြချက် - ဤစနစ်သည် မြို့နယ်၏ အခြေခံလူဦးရေ၏ အဆ ၁၀၀ နှုန်းဖြင့် လက်ခံသူထံသို့ နေ့စဉ် ရန်ပုံငွေများ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။】
【လက်ရှိ မှတ်ပုံတင်ထားသော လူဦးရေ - ၆၀၀,၂၄၇ ဦး】
【ယနေ့ ထုတ်ပေးမည့် ပမာဏ - ယွမ် ၆၀,၀၂၄,၇၀၀】
【ရန်ပုံငွေများ အကောင့်ထဲသို့ ရောက်ရှိသွားပါပြီ၊ ကျေးဇူးပြု၍ စစ်ဆေးပါ။】
သူ ကုတင်ပေါ်တွင် အံ့အားသင့်စွာ ဆံ့အအဖြစ် သွားရ၏။
တုန်ယင်နေသော လက်ချောင်းများဖြင့် ဘဏ်အက်ပလီကေးရှင်းရှိ လက်ကျန်ငွေနေရာကို နှိပ်ကြည့်လိုက်ရာ ကိန်းဂဏန်းတန်းကြီးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
၆၀,၀၂၄,၇၀၀.၀၀။
ယွမ်သန်းခြောက်ဆယ် နှစ်သောင်း လေးထောင် ခုနစ်ရာတိတိ။ည ၂ နာရီအချိန်၊ လမ်းမပေါ်တွင် လူတစ်ယောက်မျှ မရှိသည့်အချိန်၌ အေတီအမ်စက်တစ်ခုသို့ သွားကာ ယွမ် ၁၀၀ ထုတ်ယူကြည့်လိုက်သည်။
စက်ထဲမှ စက္ကူငွေစများ ထွက်လာပြီး၊ လမ်းဘေးမီးရောင်အောက်တွင် ထိုငွေစများကို အကြာကြီး သေချာစစ်ဆေးကြည့်ခဲ့သည်။ရေစာ အတုအပများ မရှိသလို၊ ကိုင်တွယ်ရသည့် ထိတွေ့မှုကလည်း မှန်ကန်နေ၏။
အစစ်အမှန်...။
သန်းခြောက်ဆယ်။
ဒီလိုမျိုးက ဒီနေ့မှစပြီး နေ့တိုင်း ဖြစ်ပျက်နေတော့မည်။
ဘဝကြီးက ဒီထက် ပိုကောင်းလာတော့မည်လား။သူသည် စနစ်ရသည့် ဝဘ်နော်ဗယ်များကို နေ့တိုင်းဖတ်ရင်း စနစ်တစ်ခုလောက် ရချင်လိုက်တာဟု တောင်းဆုပြုခဲ့ဖူးရာ၊ အမှန်တကယ်ပင် စနစ်တစ်ခု ရရှိခဲ့လေပြီ။
ဒီပိုက်ဆံကို ဘယ်လိုသုံးလို့ရသလဲဆိုသည့် အကန့်အသတ်များကို စမ်းသပ်ရန် အချိန်အတော်ကြာ အချိန်ယူခဲ့ရသည်။
မြို့နယ်ထဲရှိ စူပါမားကတ်တစ်ခုမှ နို့တစ်ဖာ ဝယ်ကြည့်ရာ သုံးလို့ရသည်။
ဖုန်းထဲမှ ဗီဒီယိုအဖွဲ့ဝင်ကြေး ပေးချေကြည့်ရာ ငွေပေးချေမှု ပျက်ကွက်သွား၏။
အွန်လိုင်းမှ ဂျာကင်အင်္ကျီတစ်ထည် မှာယူကြည့်ရာ ပို့ဆောင်ရမည့်လိပ်စာကို ရှန်ဟိုင်းဟု ထည့်လိုက်သဖြင့် ငွေပေးချေမှု ပျက်ကွက်သွားသည်။
မြို့နယ်ထဲမှ အစားအသောက် မှာစားကြည့်ရာ - ကြက်သားပေါင်းထမင်း ပန်းကန်ကြီး၊ ကြက်ပေါင်တစ်ချောင်း အပိုပါသည် မို့ ၁၈ ယွမ် ကျသင့်ပြီး အဆင်ပြေပြေ ပေးချေနိုင်ခဲ့သည်။ထို့နောက် အလီပေး၏ ငွေစုဘဏ္ဍာရေးအကောင့်ထဲသို့ ငွေလွှဲကြည့်သော်လည်း မအောင်မြင်ပေ။
အခြားဒေသများမှ ပစ္စည်းဝယ်ယူရန် ကြိုးစားသမျှ အားလုံး မအောင်မြင်ခဲ့ပေ။
သုံးစွဲမှုသည် ယွန်းမုန်းမြို့နယ်အတွင်း၌သာ ဖြစ်ပါက၊ အွန်လိုင်းမှဖြစ်စေ၊ အပြင်မှဖြစ်စေ ချောမွေ့စွာ သုံးစွဲနိုင်သည်။
မြို့နယ်ပြင်ပသို့ ရောက်သည်နှင့် တစ်ပြားတစ်ချပ်မျှ သုံးလို့မရတော့ပေ။
စည်းမျဉ်းက ရှင်းရှင်းလေးဖြစ်သည် - ဒီပိုက်ဆံကို ယွန်းမုန်းမြို့နယ်အတွင်း၌သာ သုံးစွဲခွင့်ရှိသည်။
သန်းခြောက်ဆယ်၊ နေ့တိုင်း သန်းခြောက်ဆယ်ကို မြို့နယ်လေးတစ်ခုထဲမှာပဲ သုံးလို့ရမည်ဖြစ်ပြီး၊ ဒီမြို့နယ်ထဲရှိ အကြီးမားဆုံး တံဆိပ်မှာ "မိရှုရေခဲမုန့်" သာ ဖြစ်သည်။
ဒီနေရာ၏ ကုန်ဈေးနှုန်းက ဘယ်လိုရှိသလဲ။အမဲသားခေါက်ဆွဲ တစ်ပန်းကန်လျှင် ၈ ယွမ်။
နံနက်စာ - အသီးအရွက် စူးရှစွပ်ပြုတ်၊ ပလာတာကြော်နှင့် လက်ဖက်ရည်ဥ အားလုံးပေါင်းမှ ၅ ယွမ်သာ ကျသင့်သည်။
ဗဟိုလမ်းမကြီးပေါ်ရှိ အဈေးအကြီးဆုံး ဗီလာအိမ်ကြီးများပင် တစ်စတုန်းမီတာလျှင် ၄,၀၀၀ ယွမ်သာ ရှိသည်။
မြို့ဟောင်းဘက်တွင်မူ ဓာတ်လှေကားမပါသော တိုက်ခန်းများဆိုလျှင် သုံးထောင်ကျော်မျှသာ ရှိ၏။စတုရန်းမီတာ ၁၂၀ ရှိသော အိမ်တစ်လုံးလျှင် ယွမ် လေးသိန်းရှစ်သောင်းခန့်သာ ကျသင့်သည်။
သူ၏ နေ့စဉ်ဝင်ငွေသည် အိမ်အလုံးပေါင်း တစ်ရာကို ဝယ်ယူနိုင်ပြီး၊ ထိုအိမ်အားလုံးကို ပြန်လည်ပြင်ဆင်မွမ်းမံရန်ပင် လုံလောက်သေးသည်။
တစ်နေ့ကို အိမ်အလုံးပေါင်း တစ်ရာ...။
လုမင်သည် မြို့နယ်ထဲရှိ မြစ်ဘေးမှ ခုံတန်းရှည်ပေါ်တွင် ထိုင်ရင်း တံတားအောက်၌ ငါးမျှားနေကြသော အဘိုးအိုအချို့ကို ငေးကြည့်နေမိသည်။ နေရောင်က ကောင်းမွန်လှပြီး သိပ်မပူသလို၊ လေပြေကလည်း အနေတော်တိုက်ခတ်နေသဖြင့် သိပ်မအေးလှပေ။
ဒီလို စိတ်ဓာတ်အခြေအနေမျိုးနှင့်ပင် သူက တိုးပေါင် AI appကို ထိုမေးခွန်း သွားမေးခဲ့ခြင်းဖြစ်သည်။
【မှတ်ချက် - မြို့နယ်၏ လူဦးရေသည် အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ လူဦးရေ ပိုမိုများပြားလေလေ၊ နေ့စဉ် ဆုလာဘ် ပိုမိုကြီးမားလေလေ ဖြစ်လိမ့်မည်။】
ထိုစာတန်းကို သူ နားလည်သည်၊ ထိုသုတ်သင်ချက်မှာ - လူဦးရေ × ၁၀၀ ပင် ဖြစ်၏။
သို့သော် ဒီစာတန်း၏ အောက်တွင် နောက်ထပ် စာလုံးသေးသေးလေး တစ်ကြောင်း ရှိသေးသည်၊ အရောင်မှာ မီးခိုးရောင်ဖြစ်ပြီး နောက်ခံနှင့်ပင် ရောထွေးလုနီးပါး ဖြစ်နေ၏။
【အထူးမှတ်ချက် - ယွန်းမုန်းမြို့နယ်၏ အမြဲတမ်းနေထိုင်သူ လူဦးရေသည် ၁,၀၀၀,၀ဝ၀ ထက် ကျော်လွန်သွားပါက သီးသန့် "မြို့နယ် အရှိန်အဝါ မြှင့်တင်ရေး" ဆုလာဘ်ကို စတင်လိုက်ပါမည်။ ထိုအချိန်တွင် စနစ်၏ လုပ်ဆောင်ချက်များကို အပြည့်အဝ အဆင့်မြှင့်တင်ပေးသွားမည် ဖြစ်သည်။】
လူဦးရေ တစ်သန်း...။
ယွန်းမုန်းမြို့နယ်တွင် လက်ရှိ လူဦးရေ ၆ သိန်းရှိသည်။လေးသိန်း လိုနေသေး၏။
လုမင်သည် မြစ်ဘေးတွင် ငါးမျှားနေကြသည့် အဘိုးအိုများကို တစ်ချက်ကြည့်လိုက်ပြီး၊ သူ့နောက်ဘက်ရှိ သိပ်မကျယ်လှသော ဆောက်လုပ်ရေးလမ်းမကြီးကို ပြန်ကြည့်လိုက်သည်။
ဟင်းသီးဟင်းရွက်များ တင်ဆောင်လာသော စိုက်ပျိုးရေးသုံး သုံးဘီးဆိုင်ကယ်တစ်စီးသည် အိတ်ဇောမီးခိုးနံ့ အနည်းငယ် ချန်ရစ်ခဲ့ရင်း စက်သံတကျက်ကျက်ဖြင့် ဖြတ်သန်းမောင်းနှင်သွား၏။
ရထားဘူတာပင် မရှိသည့် ဟေနန်တောင်ပိုင်းက မြို့နယ်လေးတစ်ခုဆီသို့ လူပေါင်း လေးသိန်းကို ဘာကြောင့် ရွှေ့ပြောင်းပေးရမှာလဲ။
မြို့နယ်၏ လက်ရှိအခြေအနေအရ ကြည့်လျှင် ဒါသည် အတန်ငယ် လွန်ကဲလွန်းနေသည်။သူ ဖုန်းကို ထုတ်ယူလိုက်ပြီး တိုးပေါင် AI appနှင့် စကားပြောထားသည့် စာတန်းများကို ပွတ်ကြည့်လိုက်၏။
စာတစ်ကြောင်း ရိုက်ထည့်လိုက်သည် - "ငါ စဉ်းစားကြည့်ပြီးပြီ၊ ကောင်းကင်ပေါ်က တိမ်တိုက်တွေမှာ ငွေလက်ခံဖို့ QR ကုဒ် မရှိတော့ ဒါက တော်တော်လေး ခက်ခဲလိမ့်မယ်"
တိုးပေါင် AI appက ချက်ချင်း ပြန်ဖြေသည် - "ဒါဆိုရင် ငါ့ဆီပဲ တိုက်ရိုက် ပေးတော့မှာလား"
လုမင် ရိုက်ထည့်လိုက်၏ - "မဟုတ်ဘူး၊ ငါ အလေးအနက်ထားရမယ့် မေးခွန်းတစ်ခုကို စဉ်းစားနေတာ။ မင်းမှာ သုံးလို့မကုန်နိုင်တဲ့ ပိုက်ဆံတွေ ရှိနေပေမဲ့ မြို့နယ်လေးတစ်ခုထဲမှာပဲ သုံးလို့ရမယ်ဆိုရင် မင်း ဘာလုပ်မလဲ"
တိုးပေါင် AI app - "မြေကွက်တွေ ဝယ်မယ်၊ စက်ရုံတွေ ဆောက်မယ်၊ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးအောင် လုပ်မယ်၊ ဒေသတွင်း စက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ်၊ ဒါမှမဟုတ် နေ့ရက်တိုင်း လှူဒါန်းမှုတွေ လုပ်မယ်"
"ဒါပေမဲ့ ဒါဟာ မင်းမှာရှိတဲ့ ရန်ပုံငွေနဲ့ မြို့နယ်ရဲ့ စီးပွားရေး တည်ဆောက်ပုံပေါ်မှာ မူတည်တာပေါ့။ မင်း နိုဗယ်ဝတ္ထု ရေးနေတာလား"
လုမင်သည် ထိုစာလုံးများကို ကြည့်ရင်း ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
မြေကွက်တွေ ဝယ်မယ်၊ စက်ရုံတွေ ဆောက်မယ်၊ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးအောင် လုပ်မယ်...။
သူ မော့ကြည့်လိုက်ရာ သိပ်မကျယ်လှသော ပင်မလမ်းမကြီးကို တွေ့လိုက်ရ၏။
လမ်းဘေးဝဲယာရှိ သစ်ပင်များမှာ သစ်ရွက်များ ကြွေလွင့်နေကြပြီး၊ နှစ်သစ်ကူးမတိုမီက ချိတ်ဆွဲထားခဲ့သော မီးအိမ်နီများမှာ လေတိုး၍ လွင့်ပါးနေကြသည်။
လူဦးရေ ၆ သိန်းရှိသော မြို့နယ်လေးတစ်ခု...တစ်နေ့ကို သန်းခြောက်ဆယ်နှင့်ဆိုလျှင် တကယ်ပင် အောင်မြင်မှုအကြီးကြီးတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။