ပူလှချည်လား…
ပူပြင်းလိုက်သည့် ဖြစ်ခြင်း…
စူးရှလွန်းသည့် နေဒဏ်ကြောင့် လင်းယီ၏ နဖူးပေါ်မှ ချွေးပေါက်များမှတစ်ဆင့် ချွေးစက်တို့သည် တဆက်ဆက် စီးကျနေလေသည်။
သူသည် စွမ်းအားကြီးမားလှသော ရွှမ်လင်းဂိုဏ်း၏ အပြင်စည်းမှ၊ နံပါတ် (၁၁) ဆေးဝါးတောင်ကြားမှ ဓာတ်ကြီးငါးပါးဝိညာဉ်အမြစ် ရောနှောနေသည့် အနိမ့်စား ဝိညာဉ်ပါရမီရှင် အလုပ်ကြမ်းလုပ်ရသည့် တပည့်ငယ်မျှသာ ဖြစ်လေသည်။
သူသည် စိုက်ခင်းဘောင်ပေါ်၌ ရပ်ကာ လက်ချောင်းတို့ဖြင့် မန္တန်သင်္ကေတများ အလျင်အမြန် ဖော်ထုတ်လျက် ‘ဝိညာဉ်မိုးမန္တန်’ ကို ရွတ်ဖတ်လိုက်သည်။
မန္တန်အရှိန်ကြောင့် စိုက်ခင်းအထက်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝိညာဉ်တိမ်တိုက်တို့ ခိုတွဲလာပြီး အောက်ဘက်ရှိ ဝိညာဉ်စပါးပင်များ ဖွံ့ဖြိုးစိုပြည်စေရန် ဝိညာဉ်မိုးရေစက်များကို ရွာသွန်းဖြန်းပက်ပေးလေသည်။
လင်းယီသည် ထိုမန္တန်ကို သုံးကြိမ်ဆက်တိုက် ထုတ်သုံးအပြီးတွင်မူ မိစ္ဆာစုန်းမ၏ စုပ်ယူခြင်းကို ခံလိုက်ရသကဲ့သို့ မျက်နှာက ဖြူလျော့သွားကာ.. သူ၏ ခြေထောက်တို့မှာ တုန်ယင်လာပြီး ခါးမှလည်း နာကျင်ကိုက်ခဲလာတော့သည်။
"စွမ်းအား သုံးတာလွန်သွားပြီ"
လင်းယီ ရင်ထဲ၌ သက်ပြင်းချလိုက်မိ၏။
ထို့နောက် ရှေ့မှ ဝိညာဉ်စပါးခင်းကို ကြည့်လိုက်ရာ ဝိညာဉ်မိုးရေ၏ ထောက်ပံ့မှုကြောင့် စပါးပင်များမှာ လှိုင်လှိုင် မှည့်ဝင်းစပြုနေပြီ ဖြစ်သည်။
နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း လင်းယီ၏ မျက်ဝန်းထဲတွင် စိတ်သက်သာရာရမှုတို့ ပေါ်လွင်သွားတော့သည်။
ရွှမ်လင်းဂိုဏ်းသို့ ခြေချမိပြီး ပါရမီစစ်ဆေးခံခဲ့ရသည့် အချိန်မှစ၍ သူသည် ‘ကောင်းကင်ကို ဆန့်ကျင်မည်’ ဟူသော ကျင့်ကြံသူတို့၏ ကြီးကျယ်သော ဆောင်ပုဒ်များနှင့် ဝေးကွာသွားခဲ့ရသူပင်။
ဓာတ်ကြီးငါးပါးဝိညာဉ်အမြစ်ဆိုသည်မှာ အဆိုးရွားဆုံး ပါရမီဖြစ်ပြီး၊ အောက်ခြေ ကျင့်ကြံသူတစ်ဦး ဖြစ်လာရန်သာ ကံပါလာခဲ့ပေသည်။
ထို့ကြောင့်ပင် အလုပ်အကျွေးတပည့်အဖြစ် သတ်မှတ်ခံရပြီး၊ ကျင့်ကြံခြင်းတစ်နှစ်အကြာတွင် ‘ချီစုစည်းခြင်းအဆင့် (၁)’ သို့ ရောက်ရှိကာ နံပါတ် (၁၁) ဆေးဝါးတောင်ကြားသခင်၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။
ယခုသူ၏ အဓိကတာဝန်မှာ ရှေ့မှ ဝိညာဉ်စပါးစိုက်ခင်း တစ်ဧကကို စိုက်ပျိုးပြုစုရန်ပင်။
ဝိညာဉ်စပါးသည် ခြောက်လလျှင် တစ်ကြိမ် ရိတ်သိမ်းရသည်။ ယခုဆိုလျှင် နံပါတ် (၁၁) ဆေးဝါးတောင်ကြားသို့ ရောက်ရှိလာခဲ့သည်မှာ ခြောက်လပြည့်မြောက်ခဲ့ပြီဖြစ်ရာ၊ လွန်ခဲ့သော ခြောက်လလုံးလုံး သူ၏ သေချာဂရုစိုက်မှုအောက်တွင် စပါးပင်များမှာ ရိတ်သိမ်းရန် အဆင်သင့် ဖြစ်သွားခဲ့ပြီဖြစ်သည်။
"စီနီယာအစ်ကို လင်းယီ… ညီမရဲ့ ဝိညာဉ်စပါးတွေလည်း မှည့်နေပြီ"
အနီးအပါးရှိ ဝိညာဉ်စိုက်ခင်းဆီမှ ဆံပင်စည်းထားသည့် မိန်းကလေးတစ်ဦး ခေါင်းထောင်လာပြီး ဝိညာဉ်စပါးနှံအချို့ကို ဆုပ်ကိုင်လျက် လင်းယီဆီသို့ လက်ယမ်းပြလိုက်သည်။
သူမမှာ လင်းယီ၏ ဂိုဏ်းတူဂျူနီယာညီမငယ်ဖြစ်သူ ရှောင်ယွင်ရန် ဖြစ်ပြီး ဓာတ်ကြီးလေးပါး ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူမနှင့် လင်းယီသည် တစ်ချိန်တည်းမှာပင် အလုပ်အကျွေးတပည့်များအဖြစ် နံပါတ် (၁၁) ဆေးဝါးတောင်ကြားသို့ ရောက်ရှိလာခဲ့ကြသူများဖြစ်၏။
ရှောင်ယွင်ရန်ကို ကြည့်ကာ လင်းယီက ပြုံးပြလိုက်ရင်း...
"မြန်မြန်ရိတ်သိမ်းလိုက်တော့… ဒီနေ့မွန်းလွဲပိုင်းမှာ တောင်ကြားသခင်က ဝိညာဉ်စပါးပမာဏကို လာသိမ်းယူတော့မှာ"
ရှောင်ယွင်ရန်က လက်မောင်းအင်္ကျီစများကို ပင့်တင်လိုက်ကာ...
"ဟုတ်ပြီ၊ ဘယ်သူက ပိုမြန်မြန် ရိတ်သိမ်းနိုင်မလဲ ကြည့်တာပေါ့"
လင်းယီလည်း ခေါင်းငြိမ့်၍ ရိတ်သိမ်းရန် ပြင်လိုက်စဉ်မှာပင်…
ပိန်ပိန်ပါးပါး လူရိပ်တစ်ရိပ်က စိုက်ခင်းအစပ်သို့ လျှောက်လှမ်းလာခဲ့သည်။
လင်းယီသည် ထိုသူကို မြင်သည်နှင့် တိုတောင်းစွာ နှုတ်ဆက်လိုက်၏။
"စီနီယာအစ်ကို လီ"
ရောက်ရှိလာသူမှာ ‘လီသာ့ယွီ’ ဖြစ်သည်။ သူသည် ဆေးဝါးတောင်ကြားရှိ အလုပ်အကျွေးတပည့် သုံးဦးအနက် သက်တမ်းအတိုင်းတာ အရှည်ဆုံးဖြစ်သလို ကျင့်ကြံခြင်းအဆင့်လည်း အမြင့်ဆုံးသူဖြစ်သည်။
"မင်းရဲ့စိုက်ခင်း ရိတ်သိမ်းလို့ ပြီးရင် ငါ့ရဲ့ ဝိညာဉ်စပါးတွေကိုပါ ကူရိတ်ပေးဦး"
လီသာ့ယွီ သည် စကားအများကြီး မပြောဘဲ ခပ်တိုတောင်းတောင်း မှာကြားပြီးသည်နှင့် လှည့်ထွက်သွားခဲ့၏။
လင်းယီလည်း အထွေအထူး စိတ်မငြိုငြင်ဘဲ ခေါင်းငြိမ့် လက်ခံလိုက်ပြီးနောက် ဝိညာဉ်စပါးများဆီသို့သာ အာရုံစိုက်လိုက်တော့သည်။
ရှေ့မှ ဝိညာဉ်စပါးခင်းကို ကြည့်ရင်း လင်းယီက အသက်ပြင်းပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ လီသာ့ယွီ စိုက်ပျိုးထားသည်မှာ စပါးခင်း ငါးဧကအပြည့် ဖြစ်ရာ၊ သူ၏ တစ်ဧကနှင့်ပါပေါင်းလျှင် ဒီနေ့မနက်တွင် စပါးခင်း ခြောက်ဧကကို ရိတ်သိမ်းရတော့မည်ဖြစ်သည်။ အချိန်က နည်းနည်းနှင့် တာဝန်က ကြီးမားလှသဖြင့် မြန်မြန်လက်စသတ်ရန် လိုပေသည်။
လင်းယီသည် ဝိညာဉ်စပါးတစ်ပင်ကို ဆုပ်ကိုင်ကာ အထူးပြုလုပ်ထားသော တံစဉ်ဖြင့် ပိုင်းဖြတ်လိုက်ပြီး၊ ကျောထက်မှ ဝါးခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် နောက်ထပ် စပါးပင်များကို ဆက်လက်ရိတ်သိမ်းရန် တံစဉ်ကို လွှဲယမ်းလိုက်သည်။
သို့သော်လည်း နောက်ထပ် စပါးတစ်ပင်ကို မရိတ်သိမ်းမီမှာပင် သူ၏ မျက်စိရှေ့၌ အလင်းဖြူတစ်ချက် လက်ခနဲ ဖြစ်သွားခဲ့၏။
ထို့နောက် အလင်းရောင်များကြားမှ ပွင့်ထွက်လာသော ကြည်လင်ပြတ်သားသည့် မျက်နှာပြင်တစ်ခုသည် သူ၏ မြင်ကွင်းရှုထောင့်ထဲသို့ ဘွားခနဲ ပေါ်ထွက်လာလေသည်။
【သင်သည် အဆင့် (၁) အဖြူရောင်ကျောက်စိမ်း ဝိညာဉ်စပါးတစ်ပင်ကို ရိတ်သိမ်းလိုက်သဖြင့် ရိတ်သိမ်းမှတ် ၁ မှတ် ရရှိပါသည်】
‘ရိတ်သိမ်းမှတ်... ဟုတ်လား...’
ခဏမျှ သေချာစိုက်ကြည့်ပြီးနောက် လင်းယီသည် မျက်နှာပြင်၏ ညာဘက်အကွက်ထဲတွင် သူ၏ ပုံရိပ်ကို တွေ့လိုက်ရသည်။
【အမည် ··· လင်းယီ】
【ကျင့်ကြံခြင်းအဆင့် ··· ချီစုစည်းခြင်းအဆင့် ၁ (ကျင့်ကြံခြင်းသရုပ်ဖော်နိုင်သည်)】
【ဝိညာဉ်အမြစ် ··· ဓာတ်ကြီးငါးပါးဝိညာဉ်အမြစ် (အနိမ့်စား) (သော့ဖွင့်ရန်ကျန်)】
【ကျင့်စဉ် ··· အခြေခံချီစုပ်ယူခြင်းကျင့်စဉ် (သော့ဖွင့်ရန်ကျန်)】
【မန္တန် ··· ဝိညာဉ်မိုးမန္တန် (အနည်းငယ်ကျွမ်းကျင်) (ကျင့်ကြံသရုပ်ဖော်နိုင်သည်)】
【ရိတ်သိမ်းမှတ် ··· ၁ မှတ်】
ခဏတာ အံ့အားသင့်သွားပြီးနောက် လင်းယီသည် သတိပြန်ဝင်လာခဲ့၏။
‘ဒါ… ဒါ ဘာကြီးလဲ... (စနစ်) များလား...’
လင်းယီသည် ပတ်ဝန်းကျင်ကို အလျင်အမြန် ဝှေ့ကြည့်လိုက်ရာ ထိုမျက်နှာပြင်ကို သူတစ်ယောက်တည်းသာ မြင်တွေ့နိုင်သည်ကို သိရှိလိုက်ရသဖြင့် သက်ပြင်းချနိုင်သွားခဲ့သည်။
မျက်နှာပြင်ကို အကြမ်းဖျင်း လေ့လာကြည့်ပြီးနောက် သူသည် တွေးတောလိုက်ကာ ထိုအကွက်ကို ပြန်လည်သိမ်းဆည်းလိုက်၏။
လက်ရှိအချိန်၌ သူသည် ဝိညာဉ်စပါး ရိတ်သိမ်းနေရသဖြင့် စနစ်ကို အသေးစိတ် လေ့လာရန် မသင့်တော်သေးပေ။
မှည့်ဝင်းနေသော ဝိညာဉ်စပါးများကို ပြန်လည်ကြည့်ရှုလိုက်သည့်အခါ လင်းယီ၏ မျက်ဝန်းထဲတွင် ယခင်ကနှင့် လုံးဝမတူညီသော အလင်းရောင်များ တောက်ပလာတော့သည်။
ယခင်ကမူ သူသည် အနာဂတ်အတွက် မျှော်လင့်ချက်မဲ့စွာဖြင့် အလုပ်အကျွေးတပည့်အဖြစ် သာမန်အတိုင်းသာ ဖြတ်သန်းရန် တွေးတောခဲ့ဖူး၏။
သို့သော် ယခုမူ အခြေအနေများ ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။
လင်းယီသည် လက်မောင်းအင်္ကျီစများကို တင်းတင်းပင့်တင်လိုက်ကာ ဝိညာဉ်စပါးများကို လျှင်မြန်စွာ စတင်ရိတ်သိမ်းလိုက်တော့၏။
【သင်သည် အဆင့် (၁) အဖြူရောင်ကျောက်စိမ်း ဝိညာဉ်စပါး ၁ ပင်ကို ရိတ်သိမ်းလိုက်သဖြင့် ရိတ်သိမ်းမှတ် ၁ မှတ် ရရှိပါသည်】
【သင်သည် အဆင့် (၁) အဖြူရောင်ကျောက်စိမ်း ဝိညာဉ်စပါးပင် ၁၀၀ ကို ရိတ်သိမ်းလိုက်သဖြင့် ရိတ်သိမ်းမှတ် ၁၀၀ ရရှိပါသည်】
【သင်သည် အဆင့် (၁) အဖြူရောင်ကျောက်စိမ်း ဝိညာဉ်စပါးပင် ၃၀၁၅ ပင်ကို ရိတ်သိမ်းလိုက်သဖြင့် ရိတ်သိမ်းမှတ် ၃၀၁၅ မှတ် ရရှိပါသည်】
နာရီဝက်မျှအကြာတွင် လင်းယီသည် သူ၏ တစ်ဧကစိုက်ခင်းကို ရိတ်သိမ်းပြီးစီးသွားခဲ့ပြီး ရိတ်သိမ်းမှတ် ၃၀၁၅ မှတ် ရရှိခဲ့သည်။
ထိုအချိန်၌ ရှောင်ယွင်ရန်မှာ စိုက်ခင်း၏ တစ်ဝက်မျှကိုသာ ရိတ်သိမ်းနိုင်သေး၏။
လင်းယီသည် လီသာ့ယွီ၏ စိုက်ခင်းဆီသို့ ချက်ချင်းပင် ကူးပြောင်းကာ ဆက်လက်ရိတ်သိမ်းလိုက်သည်။
အခြားတစ်ဖက်တွင်မူ လီသာ့ယွီသည် စိုက်ခင်းကန်သင်းပေါ်တွင် ရပ်ကာ ဓားသိုင်းကျင့်ကြံနေလေသည်။
မကြာမီ လင်းယီသည် အင်တိုက်အားတိုက် ဆက်လက်ရိတ်သိမ်းခဲ့ရာ နာရီဝက်အကြာတွင် နောက်ထပ် တစ်ဧက ပြီးစီးသွားခဲ့ပြီး ရိတ်သိမ်းမှတ် ပမာဏမှာ ခြောက်ထောင်သို့ ရောက်ရှိသွားခဲ့သည်။
ထိုအချိန်တွင် ရှောင်ယွင်ရန်သည်လည်း သူမ၏ စပါးခင်းကို ရိတ်သိမ်းပြီးစီးသွားသဖြင့် ကူညီရန် လျှောက်လာခဲ့၏။
"စီနီယာအစ်ကို လင်းယီ… ညီမပါ ကူရိတ်ပေးမယ်"
ရှောင်ယွင်ရန်၏ မျက်နှာမှာ ရဲတွတ်နေပြီး ဆံပင်မြီးလေး ယိမ်းထွက်နေကာ နဖူးပေါ်မှ ချွေးများကို အင်္ကျီစဖြင့် သုတ်ရင်း လင်းယီကို ပြောလိုက်သည်။
တကယ်လို့ လင်းယီသည် စနစ်မျက်နှာပြင်ကို မတွေ့ရှိခဲ့ပါက ထိုကမ်းလှမ်းမှုကို ဝမ်းသာအားရ လက်ခံမိမည်ဖြစ်သော်လည်း ယခုမူ အခြေအနေက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
လင်းယီက ညင်သာစွာ ငြင်းပယ်လိုက်၏။
"ရပါတယ် ဂျူနီယာညီမ… မင်း သွားနားလိုက်ပါ"
ရှောင်ယွင်ရန်က တစ်စုံတစ်ခု ထပ်မံပြောဆိုရန် ပြင်လိုက်သော်လည်း လင်းယီက ထပ်မံကာပြောလိုက်သည်။
"ဂျူနီယာညီမ… ကြည့်ပါဦး၊ မင်းတော်တော် ပင်ပန်းနေပြီပဲ ဒီလို ပင်ပန်းတဲ့အလုပ်တွေက မင်းနဲ့ မလိုက်ဖက်ပါဘူး..နောက်ဆိုရင် မင်းရဲ့ စပါးခင်းတွေကိုပါ ငါပဲ ရိတ်ပေးမယ်"
လင်းယီ၏ တည်ကြည်သော မျက်လုံးများကို စိုက်ကြည့်ရင်း ရှောင်ယွင်ရန်၏ ပါးပြင်တို့မှာ ပိုမိုနီရဲလာခဲ့၏။
"ကဲ… ဒါဆိုရင်လည်း အစ်ကို့သဘောပါပဲ"
ထိုသို့ပြောပြီးသည်နှင့် လင်းယီသည် စပါးခင်းထဲ၌ ဆက်လက်၍ မနားတမ်း ကြိုးစားရိတ်သိမ်းနေတော့သည်။
ကန်သင်းပေါ်၌ ကျင့်ကြံနေသော လီသာ့ယွီသည်လည်း လင်းယီကို တစ်ချက်လှည့်ကြည့်မိသွားသည်။ သူသည် ကျင့်ကြံနေစဉ် လင်းယီက နံပါတ် (၁၁) ဆေးဝါးတောင်ကြားရှိ ဝိညာဉ်စပါးခင်း အားလုံးကို သူ့ဘာသာ တာဝန်ယူရိတ်သိမ်းမည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့် တော်တော်လေး အံ့အားသင့်သွားရ၏။
လီသာ့ယွီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
‘အော်… ဂျူနီယာလင်းယီက အလုပ်လုပ်ရတာကို တကယ် ဝါသနာပါတာပဲ…’
လင်းယီမှာမူ အခြားအရာများကို မတွေးဘဲ သူ၏ စိတ်ကို ရှေ့မှ ဝိညာဉ်စပါးများဆီသို့သာ အပြည့်အဝ အာရုံစိုက်ထားလေသည်။
နှစ်နာရီခွဲမျှ ပြင်းပြင်းထန်ထန် ကြိုးစားလိုက်ပြီးနောက် လင်းယီသည် စပါးခင်း ခြောက်ဧကလုံးကို ရိတ်သိမ်းပြီးစီးသွားခဲ့သည်။
စနစ်မျက်နှာပြင်ထက်၌လည်း မက်ဆေ့ဂျ်တစ်ခု ပေါ်ထွက်လာ၏။
【သင်သည် အဆင့် (၁) အဖြူရောင်ကျောက်စိမ်း ဝိညာဉ်စပါးပင် ၁၈,၃၀၀ ပင်ကို ရိတ်သိမ်းလိုက်သဖြင့် ရိတ်သိမ်းမှတ် ၁၈,၃၀၀ မှတ် ရရှိပါသည်】
လင်းယီသည် မြန်မြန်ဆန်ဆန် ရိတ်သိမ်းနိုင်ခဲ့သော်လည်း တိုတောင်းသော အချိန်အတွင်း အပြင်းအထန် လုပ်ကိုင်ခဲ့ရသဖြင့် ကိုယ်လက်များ ကိုက်ခဲလာရသည်။
သူသည် ချီစုစည်းခြင်းအဆင့် (၁) သာ ရှိသေးသူဖြစ်၍ သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သာမန်လူများထက် အနည်းငယ်မျှသာ သာလွန်ရုံရှိသေးသည်မဟုတ်ပါလော။
သို့သော်လည်း ဒါတွေအားလုံးသည် ထိုက်တန်ပေသည်။
ထို့နောက် လင်းယီနှင့် ရှောင်ယွင်ရန်တို့သည် ဝိညာဉ်စပါးအားလုံးကို နံပါတ် (၁၁) ဆေးဝါးတောင်ကြားရှိ ဝိညာဉ်စပါးကြိတ်စက်ဆီသို့ သယ်ဆောင်ကာ စပါးစေ့များကို ထုတ်ယူလိုက်ကြသည်။
အရာအားလုံး သိမ်းဆည်းပြီးစီးသွားပြီးနောက် လင်းယီသည် ဆေးဝါးတောင်ကြားသခင်ထံသို့ သွားရောက်ကာ လာရောက်စစ်ဆေးရန် သတင်းပို့လိုက်တော့၏။