အခန်း ၁ - အမည်းရောင် ဓားကျိုး
မူလကျောက်တုံးမြို့တော် ကျိုးမိသားစု
ပူပြင်းလောင်မြိုက်နေသော နေရောင်အောက်တွင် လူငယ်လူရွယ် ဒါဇင်ပေါင်းများစွာပါဝင်သော အုပ်စုတစ်စုသည် ရင်ပြင်ကျယ်တစ်ခုတွင် ချွေးသီးချွေးပေါက်ကျလျက်ဖြင့် ကိုယ်ကျင့်တရားနှင့် သိုင်းပညာကို ကြိုးစားပမ်းစား ကျင့်ကြံနေကြ၏။
ထိုဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိရန်မှာ မလွယ်ကူလှပေ။
လက်ကို နောက်ပစ်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် လူအုပ်ကြားတွင် လမ်းလျှောက်သွားလာနေရင်း တစ်ခါတစ်ရံတွင် ပြင်းထန်စွာ ခနဲ့ပြုံးပြုံးကာ ပျင်းရိနေသော လူငယ် များကို ဆူပူကြိမ်းမောင်းလျှက်ရှိနေ၏။
ရင်ပြင်၏အစွန်းဘက်ရှိ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ် နှစ်ခန့်သာ ရှိသေးသည့် ဓားသွားကဲ့သို့ မျက်ခုံးမွှေးများနှင့် တောက်ပသော မျက်လုံးများပိုင်ဆိုင်သည့် ပိန်ပါးပြီး ထူးကဲစွာ ခန့်ညားချောမောသော လူငယ်တစ်ဦး ထိုင်နေပေသည်။
နွေရာသီနှောင်းပိုင်း၏ အပူချိန် အထွတ်အထိပ်သို့ ရောက်နေချိန်ဖြစ်ရာ ပြင်းထန်သော နေရောင် အောက်တွင် ကျောက်တုံးကြီးမှာ ကြက်ဥပင် ကျက်နိုင်လောက်သည်အထိ ပူနေပေ၏။
သို့သော်လည်း သူ၏ မျက်ခုံးမွှေးများ တဖျတ်ဖျတ် တုန်ခါနေသော်လည်း ထိုချောမောသော လူငယ်လေးမှာ မထွက်ဘဲ ဆက်လက်ထိုင်နေဆဲဖြစ်ကာ နားထင်စပ်များမှ ချွေးများက သူ၏ ဆံပင်များကို စိုရွှဲစေခဲ့သည်။
သူ့နာမည်မှာ ကျိုးဟုန်ဖြစ်ပြီး ကျိုးမိသားစု၏ လျှို့ဝှက်ကျင့်စဉ်ဖြစ်သော ပြင်းထန်သော နေမင်း ကျင့်စဉ်ကို ကျင့်ကြံနေသူ ဖြစ်ချေ၏။
သိုင်းပညာရှင်များအတွက် ကျင့်ကြံခြင်းဆိုသည်မှာ အစားအစာများကို ကြေညက်စေပြီး စုပ်ယူ နိုင်သော စွမ်းအင်များကို ထုတ်ယူကာ ခန္ဓာကိုယ်ရှိ ဆဲလ်များအတွင်း သိမ်းဆည်းထားသည့် စစ်မှန်သော ယွမ်စွမ်းအားအဖြစ်သို့ သန့်စင်ပြောင်းလဲခြင်းပင် ဖြစ်လေသည်။
ပြင်းထန်သော နေမင်းကျင့်စဉ်သည် အစားအစာစုပ်ယူမှုကို အရှိန်မြှင့်ရန်နှင့် ပြောင်းလဲမှု စွမ်းဆောင်ရည်ကို တိုးမြှင့်ရန်အတွက် နေရောင်ခြည်၏စွမ်းအားကို အသုံးပြုရ၏။
နေရောင်ခြည် ပိုပြင်းထန်လေလေ ဤပြောင်းလဲမှုစွမ်းဆောင်ရည် ပိုမိုမြင့်မားလေလေ ဖြစ်သော် လည်း ပြင်းထန်လှသော နေရောင်ဒဏ်ကို ခံနိုင်ရည်ရှိသူမှာ အလွန်နည်းပါးလေသည်။
ကျင့်ကြံသူအများစုမှာ မိနစ်အနည်းငယ် သို့မဟုတ် အများဆုံး နာရီဝက်ခန့်သာ ခံနိုင်ရည်ရှိပြီး အေးမြသော အရိပ်ထဲသို့ သွားရောက်ကာ အပူချိန်ကို လျှော့ချကြရ၏။
သို့သော် ကျိုးဟုန်ကမူ နေထွက်ချိန်မှစ၍ ကျင့်ကြံခဲ့ရာ ယခုဆိုလျှင် သုံးနာရီတောင် ရှိသွားပြီ ဖြစ်ပေ၏။
ယနေ့မှ မဟုတ်ဘဲ တစ်နှစ်ပြီးတစ်နှစ် အနားယူချိန်မရှိဘဲ ဆက်တိုက် ကျင့်ကြံခဲ့ခြင်းပင် ဖြစ်သည်။
ကံဆိုးစွာဖြင့် ကျိုးဟုန်၏ ခန္ဓာကိုယ်မှာ အားနည်းနေပြီး မည်မျှပင် ခက်ခက်ခဲခဲ ကြိုးစားသော်လည်း ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့်တစ်၏ အစောပိုင်းကာလတွင်သာ ရှိနေဆဲဖြစ်ကာ လေ့ကျင့်ထားခြင်း မရှိသူတစ်ဦးနှင့်ပင် သိသိသာသာ ကွာခြားမှု မရှိလှပေ။
သိုင်းပညာရှင်များကို ၎င်းတို့၏ ကျင့်ကြံမှုအဆင့်အလိုက် အဆင့် ၁၂ ဆင့် ခွဲခြားထားပြီး ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့် ၁၂ ဟု ခေါ်ဆိုကြ၏။
အဆင့် ၁၂ သို့ ရောက်ရှိပါက ပိုမိုမြင့်မားသော အဆင့်များဆီသို့ပင် ကြိုးစားတက်လှမ်းနိုင်သည်ဟု ဆိုကြလေသည်။
အကယ်၍ အောင်မြင်ပါက တစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်၏။
သို့သော် နှစ်တစ်ရာကျော်အတွင်း ကျိုးမိသားစုမှ မည်သူမျှ ထိုကောင်းကင်လမ်းစဉ်ကို လျှောက်လှမ်းနိုင်ခြင်း မရှိခဲ့ပေ။
ကိုယ်ခန္ဓာသန့်စင်ခြင်း အဆင့် ၁၂ ကို နယ်ပယ်လေးခု ထပ်မံခွဲခြားထား၏။
ပထမအဆင့် သုံးဆင့်မှာ အရေပြားသန့်စင်ခြင်းနယ်ပယ်
အဆင့်လေးမှ ခြောက်အထိမှာ အသားသန့်စင်ခြင်းနယ်ပယ်
အဆင့်ခုနစ်မှ ကိုးအထိမှာ အရိုးသန့်စင်ခြင်းနယ်ပယ်နှင့်
အဆင့်တစ်ဆယ်မှ ၁၂ အထိမှာ သွေးသန့်စင်ခြင်းနယ်ပယ်တို့ ဖြစ်ကြသည်။
သိုင်းပညာရှင်များ ကျင့်ကြံအားထုတ်ထားသော စစ်မှန်သော ယွမ်စွမ်းအားကို ခန္ဓာကိုယ်ရှိ ဆဲလ်များအတွင်း သိမ်းဆည်းထား၏။ ၎င်းမှာ အရေပြားမှစတင်ကာ ကြွက်သားများ ထို့နောက် အရိုးများ နောက်ဆုံးတွင် သွေးကြောများဆီသို့ တဖြည်းဖြည်း တိုးတက်သွားသည့် အဆင့်ဆင့်သော ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပေသည်။
ဤအရာက နယ်ပယ်လေးခုအဖြစ် ကွဲပြားသွားရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။
နယ်ပယ်တစ်ခုချင်းစီကြားရှိ စွမ်းအားကွာဟချက်မှာ ကြီးမားလှပေသည်။
အသားသန့်စင်ခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် အရိုးသန့်စင်ခြင်းနယ်ပယ်မှ တစ်ဦးနှင့် ရင်ဆိုင်ရပါက ချက်ချင်းဆိုသလို ရှုံးနိမ့်သွားမည်မှာ သေချာသလောက်ပင် ဖြစ်ပေ၏။
အသားသန့်စင်ခြင်းနယ်ပယ် စတုတ္ထအဆင့်နှင့် ဆဋ္ဌမအဆင့်ကဲ့သို့သော နယ်ပယ်တူအတွင်း၌ပင် အသာစီးရသူမှာ အဆင့်ပိုမြင့်သူဘက်တွင် ရှိနေမည်ဖြစ်သော်လည်း အပြတ်အသတ်တော့ မဟုတ်ပေ။
သိုင်းပညာလမ်းစဉ်မှာ အခက်အခဲများဖြင့် ပြည့်နှက်နေပြီး တက်လှမ်းလေလေ ပိုမိုမတ်စောက် လေလေပင် ဖြစ်ပြီး သွေးသန့်စင်ခြင်းနယ်ပယ်အတွင်း တိုးတက်ရန်မှာ အဆင့်တစ်ခုတက်ရန် အတွက်ပင် တစ်ဆယ်စုနှစ်ကျော် ကြာမြင့်နိုင်ပေ၏။
သို့သော် အရေပြားသန့်စင်ခြင်းနယ်ပယ်ကို ဖောက်ထွက်ရန်မှာမူ နှိုင်းယှဉ်ချက်အရ ပိုမိုလွယ်ကူသည်။ ယွေဘုယျအားဖြင့် အစားအစာ လုံလောက်စွာရရှိပြီး ကြိုးစားပမ်းစား ကျင့်ကြံပါက ကိုယ်ခန္ဓာသန့်စင်ခြင်း ပထမအဆင့်၏ အထွတ်အထိပ်သို့ လနှင့်ချီ၍ (သို့မဟုတ်) ခြောက်လအတွင်း ရောက်ရှိနိုင်ပြီး အရေပြားသန့်စင်ခြင်းနယ်ပယ် တစ်ခုလုံးကို ပြီးမြောက်ရန် သုံးနှစ်ခန့်သာ ကြာမြင့်ပေမည်။
ကျိုးဟုန်သည် အသက် ရှစ်နှစ်အရွယ်ကတည်းက ပြင်းထန်သော နေမင်းကျင့်စဉ်ကို စတင် ကျင့်ကြံခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာ ကိုယ်ခန္ဓာသန့်စင်ခြင်း ပထမအဆင့်၏ အစောပိုင်းကာလတွင်သာ ဆက်လက်ရှိနေဆဲပင် ဖြစ်၏။
ဤအရာမှာ လုံးဝကို ထူးဆန်းလွန်းလှပြီး သမားတော်အများအပြားက စစ်ဆေးကြည့်ရှုခဲ့ ကြသော်လည်း တိကျသေချာသော ရလဒ်မထွက်ရှိခဲ့ဘဲ တစ်ခုတည်းသော ရှင်းပြချက်မှာ ကျိုးဟုန်တွင် မွေးရာပါ အရည်အချင်း ညံ့ဖျင်းခြင်းကြောင့် ကျင့်ကြံရန် မသင့်တော်ခြင်းပင် ဖြစ်သည်ဟူ၍သာ ရှိတော့ပေသည်။
‘ကျောက်တုံးကဲ့သို့ ခေါင်းမာလှသူ’
ရှင်းပြ၍မရနိုင်သည်မှာ ကျိုးဟုန်၏ အဖေဖြစ်သူ ကျိုးတင်းဟိုင်မှာမူ ဉာဏ်ကောင်းသူ စစ်မှန်သော ပါရမီရှင်တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်နေပြီး သူသည် အရေပြားသန့်စင်ခြင်းကို ခြောက်လအတွင်း အသားသန့်စင်ခြင်းကို နှစ်နှစ်အတွင်းနှင့် အရိုးသန့်စင်ခြင်းကို နောက်ထပ် ငါးနှစ်အတွင်း ပြီးမြောက်ခဲ့လေသည်။
ယခုအခါ အသက် ၄၁ နှစ်အရွယ်သာ ရှိသေးသော်လည်း သွေးသန့်စင်ခြင်းနယ်ပယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း အဆင့်တစ်ဆယ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ယခင်က ကျိုးမိသားစုအတွင်း သွေးသန့်စင်ခြင်းနယ်ပယ်သို့ ဝင်ရောက်ခဲ့သည့် အငယ်ဆုံးမှာ အသက် ၆၃ နှစ် ဖြစ်ရာမှ ကျိုးတင်းဟိုင်၏ အရည်အချင်းမှာ မည်မျှကြောက်စရာကောင်းကြောင်း ဖော်ပြ လျှက်ရှိနေပေသည်။
ထိုသို့သော ပါရမီရှင်တစ်ဦးမှာ ကောင်းကင်လမ်းစဉ်အတွက် အခွင့်အရေးတစ်ခု ရရှိထိုက် သည်မှာ သေချာလှပေ၏။
‘ကျားမှ မွေးသော ခွေး’
ဤအရာမှာ ကျိုးဟုန်အပေါ် ကျိုးမိသားစု၏ သုံးသပ်ချက်ဖြစ်ပြီး ယင်းကိုပင် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုထားခြင်း ဖြစ်ပြီး သူ၏ ကွယ်ရာတွင်မူ လူအများအပြားက သူ့ကို အသုံးမကျသူဟု ပွင့်ပွင့်လင်းလင်း ခေါ်ဆိုကြလေသည်။
အကယ်၍ ကျိုးတင်းဟိုင်သာလျှင် မိသားစု၏ ကြီးမြတ်သော အကြီးအကဲ ခြောက်ဦးထဲမှ တစ်ဦးမဟုတ်ပါက ထိုကဲ့သို့သော စော်ကားကဲ့ရဲ့မှုများမှာ သူ၏ မျက်နှာချင်းဆိုင်တွင်ပင် တိုက်ရိုက် ရောက်ရှိလာပေလိမ့်မည်။
"အဲ့ဒီ အသုံးမကျတဲ့ကောင်က လက်မလျှော့သေးဘူးလား"
"ဟွန့် သူ လက်မလျှော့တာနဲ့ ဘာဖြစ်လဲ သမားတော်တွေ အများကြီး ပြသပြီးပြီ ဘယ်သူ့မှာမှ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်မရှိဘူး သူက ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ အရည်အချင်း မရှိတာပဲလို့ အားလုံးက ပြောကြတယ်"
"ကံကောင်းလို့ မိသားစုမှာ ငါတို့ ရှိနေသေးတာပေါ့ မဟုတ်ရင် မကောင်းဆိုးဝါးတွေ တိုက်ခိုက် လာတဲ့အခါ အားလုံး သေရေးရှင်ရေးကိုပဲ စောင့်နေကြရလိမ့်မယ်"
"အသုံးမကျတာတောင်မှ ဘယ်သူ့ထက်မဆို ပိုစားတယ် သူက တကယ်ကို အစားပုပ်ကြီးပဲ"
"ငါတော့ သူ ဟန်ဆောင်နေတာပဲ ထင်တယ် အဲ့ဒီအတိုင်း ထိုင်နေပြီး ဘာမှ တကယ်မကျင့်ကြံဘဲ ဟန်ဆောင်နေတာ"
ရင်ပြင်အတွင်းရှိ လူငယ်ယောကျ်ားလေးများနှင့် မိန်းကလေးများသည် ခဏတာ အနားယူရင်း တစ်ယောက်ကိုတစ်ယောက် တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး ၎င်းတို့၏ အသံများမှာ ကျိုးဟုန် သေချာကြားနိုင်လောက်သည်အထိ ကျယ်လောင်နေခဲ့ပေသည်။
"ပါးစပ်တွေ ပိတ်ထားကြစမ်း"
ကြီးကြပ်နေသည့် အသက်လတ်ပိုင်း အမျိုးသားက ချက်ချင်း အော်ဟစ်လိုက်၏။
သူသည် ကျိုးဟုန်နှင့် မိသားစုတော်စပ်မှုအရ ဦးလေးတော်စပ်သူ ကျိုးယွမ်ယန်ပင် ဖြစ်သည်။
သူက တည်ကြည်တင်းမာစွာဖြင့် "ဟန်ဆောင်နေတယ် ဟုတ်လား အဲ့ဒီလိုဟန်ဆောင်တာကို ဘယ်သူ့ကို လုပ်ပြခိုင်းကြည့်ရမလဲ အဲ့ဒီကျောက်တုံးပေါ်မှာ တစ်နာရီကြာအောင် ထိုင်နိုင်တဲ့ ဘယ်သူ့ကိုမဆို ဒီနေ့ ကျန်ရှိနေတဲ့ တာဝန်တွေကနေ ကင်းလွတ်ခွင့် ပေးမယ်" ဟု ဆိုလိုက်၏။
ထိုစကားများကို ကြားလိုက်ရသောအခါ ထိုလူငယ်လေးများမှာ ချက်ချင်းပင် တိတ်ဆိတ်သွား ကြလေသည်။
‘အဲ့ဒီကျောက်တုံးက ကြက်ဥတောင် ကျက်နိုင်လောက်အောင် ပူနေတာ ဘယ်သူက တစ်နာရီကြာအောင် ထိုင်နိုင်မှာလဲ တစ်နာရီကို မေ့ထားလိုက်ပါ ၁၀ မိနစ်တောင် ခက်ခဲလိမ့်မယ် ပြင်းထန်သော နေမင်းကျင့်စဉ်ကို ကျင့်ကြံနေသူ အနည်းငယ်သာလျှင် အဲ့ဒီပြင်းထန်တဲ့ အပူချိန်ကို ပြောင်းလဲနိုင်စွမ်း ရှိကြတာ ဒါပေမဲ့ ကျိုးမိသားစုထဲက လူတိုင်းက ပြင်းထန်သော နေမင်းကျင့်စဉ်ကို ကျင့်ကြံနေကြတာ မဟုတ်ဘူးလေ’
ကျိုးယွမ်ယန်သည် ကျိုးဟုန်ဆီသို့ လျှောက်သွားလိုက်ပြီး သူ၏ ရင်ထဲတွင် အနည်းငယ် သက်ပြင်းချလိုက်မိ၏။ သူသည် ထိုလူငယ်လေး၏ ကြိုးစားအားထုတ်မှုကို မြင်တွေ့ သိရှိသော်လည်း ကံကြမ္မာက ရက်စက်လှသဖြင့် သဘာဝအတိုင်း ကျင့်ကြံရန် မစွမ်းဆောင်နိုင်အောင် ဖန်တီး ထားခဲ့လေပြီ။
"စိတ်ထဲ မထားနဲ့"
သူသည် ကျိုးဟုန်အား ဤစကားများဖြင့်သာ နှစ်သိမ့်ပေးနိုင်ခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဦးလေး"
ကျိုးဟုန်က နေရောင်ခြည်ကဲ့သို့ တောက်ပသော စိတ်ရင်းမှန်ဖြင့် အပြုံးဖြင့် ပြန်လည်ဖြေကြား လိုက်၏။
"မင်းလည်း ကိုယ်ကို အရမ်းအပင်ပန်းမခံနဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ" ဟု ကျိုးယွမ်ယန်က အကြံပြုလိုက်သည်။
ဤကျောက်တုံးကြီးပေါ်တွင် ထိုင်ပြီး ကျင့်ကြံရသည်မှာ ကိုယ်ခန္ဓာသန့်စင်ခြင်း ပထမအဆင့်၏ အစောပိုင်းကာလပင် မရောက်သေးသော ကျိုးဟုန်ထားလေ့ရှိသည် မပြောနှင့် သူကိုယ်တိုင်ပင် အချိန်အကြာကြီး မခံနိုင်ပေ။
"နားလည်ပါတယ်"
ကျိုးဟုန်က ခေါင်းညိတ်ပြလိုက်သော်လည်း ထရန် အကြံအစည် လုံးဝ မရှိပေ။
ကျိုးယွမ်ယန်သည် သူ၏ ရင်ထဲတွင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး ပို၍ပင် နှမြောတသဖြစ်မိကာ အကယ်၍သာ ဤလူငယ်လေးတွင် သူ့အဖေကဲ့သို့သော အရည်အချင်းမျိုး ရှိခဲ့မည်ဆိုပါက ဤကဲ့သို့သော ကြိုးစားအားထုတ်မှုနှင့်အတူ သူ၏ အနာဂတ်မှာ ပို၍ပင် တောက်ပလာလိမ့်မည်ဟု တွေးတောမိလိုက်သည်။
သူသည် ခေါင်းကိုလှည့်ကာ သစ်ပင်အရိပ်အောက်တွင် အနားယူနေကြသော လူငယ်ယောကျ်ားလေး များနှင့် မိန်းကလေးများကို ပြန်လည်ကြည့်လိုက်ပြီး ရုတ်တရက် ဒေါသလှိုင်းတစ်ခု ထွက်ပေါ်လာကာ "အနားယူချိန် ပြီးဆုံးပါပြီ လေ့ကျင့်မှုကို ဆက်လုပ်ကြ" ဟု အော်ဟစ်လိုက်၏။
"ခင်ဗျား နောက်နေတာပဲ ငါတို့ နားခဲ့တာ ငါးမိနစ်တောင် မပြည့်သေးဘူးလေ"
"ဒါပေါ့ ငါတို့ အသက်တောင် ကောင်းကောင်း မရှူရသေးဘူး"
"အကုန်လုံး အဲ့ဒီအသုံးမကျတဲ့ကောင်ကြောင့်ပဲ ငါတို့အားလုံးကိုပါ ဆွဲချနေတာ"
လူငယ်လေးများသည် မဆန္ဒမပါဘဲ လေ့ကျင့်ရေးကွင်းဆီသို့ ပြန်သွားကြပြီး သူတို့၏ မျက်လုံးများ ထဲတွင် ကျိုးဟုန်အပေါ် အရာရာအတွက် အပြစ်တင်သည့် ရန်လိုမှုများ ပြည့်နှက်နေခဲ့ပေသည်။
ကျိုးဟုန်သည် ထိုရန်လိုသော အကြည့်များကို မြင်တွေ့ရသော်လည်း စိတ်ထဲမထားဘဲ ပြင်းထန်သော နေမင်းကျင့်စဉ်ကို ဆက်လက် လည်ပတ်စေကာ နေရောင်ခြည်၏ စွမ်းအားကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းရှိ အစားအစာများကို စဉ်ဆက်မပြတ် သန့်စင်ကာ မိမိ၏ စစ်မှန်သော ယွမ်စွမ်းအားအဖြစ်သို့ ပြောင်းလဲနေဆဲပင် ဖြစ်၏။
ဤအချက်အထိ အရာရာတိုင်းမှာ ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း စစ်မှန်သော ယွမ်စွမ်းအားများမှာ သူ၏ အောက်ပိုင်းဗိုက်ဆီသို့ စီးဆင်းသွားသည့်အခါ ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး သူ၏ ဒန်တျန်အတွင်းသို့ ထိုးဆင်းသွားကာ ဘယ်တော့မှ ပြန်မထွက်လာတော့ပေ။
စစ်မှန်သော ယွမ်စွမ်းအားသည် ဆဲလ်များအတွင်း သိမ်းဆည်းထားမှသာ အသုံးဝင်ပြီး လိုအပ်သည့်အခါ အထွတ်အထိပ်သို့ ပေါက်ထွက်နိုင်ကာ လူ့ခန္ဓာကိုယ်တစ်ခွင်လုံးရှိ အရေပြား အသား အရိုးများနှင့် သွေးများဆီသို့ ပျံ့နှံ့သွား၏။
သို့သော် ဒန်တျန်ဆိုသည်မှာ အဘယ်နည်း။
ဒန်တျန်သည် အလွန်အမင်း အရေးကြီးပြီး စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ တက်လှမ်းရေးလမ်းစဉ်နှင့် သက်ဆိုင်သည်ဟူသော ကောလာဟလများ ရှိနေသော်လည်း ကျိုးဟုန်မှာ အခြေခံပင် တည်ငြိမ်မှု မရှိသေးရာ တက်လှမ်းရေးလမ်းစဉ်အကြောင်းကို မည်သို့ စဉ်းစားဝံ့မည်နည်း။
သူ ကျင့်ကြံ၍မရရခြင်း၏ အကြောင်းရင်းကို ကျိုးဟုန် တစ်ဦးတည်းသာ သိရှိထားပေသည်။
၎င်းမှာ အားလုံးသည် ဒန်တျန်အတွင်းရှိ ဓားကျိုးကြောင့်ပင် ဖြစ်၏။
ပို၍တိကျစွာပြောရလျှင် ၎င်းမှာ ဒန်တျန်အတွင်း၌ မျောလွင့်နေသော ဓားကျိုးကြောင့် ဖြစ်ချေသည်။
အလျားတစ်ပေကျော်ရှိပြီး အမည်းစက်ပျံ့နေကာ ဓားရိုးပင် အမည်းရောင်ထဲတွင် နက်ရှိုင်းစွာ မြုပ်နေ၏။ ၎င်းသည် ဓားကျိုးတစ်လက် ဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီး ဖန်တီး ဆင်းသက် လာကတည်းက တည်ရှိခဲ့ကာ ထာဝရကာလများတစ်လျှောက် ကျော်ဖြတ်ကာ ထာဝရတည်တံ့ နေသကဲ့သို့ ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်လျှက်ရှိနေ၏။
အကယ်၍သာ အခြားသော ကလေးငယ်တစ်ဦးသာ ဖြစ်မည်ဆိုပါက ဤမြင်ကွင်းကို မြင်တွေ့လိုက်ရလျှင် ကြောက်လန့်တကြား ငိုကြွေးမိပေလိမ့်မည်။
သို့သော် ကျိုးဟုန်မှာ ငယ်စဉ်ကတည်းက အလွန်တရာ စိတ်ဓာတ်ခိုင်မာသူတစ်ဦး ဖြစ်ခဲ့ပြီး ဤလျှို့ဝှက်ချက်ကို တိတ်တဆိတ် ဖုံးကွယ်ထားခဲ့သည်။
သူသည် မည်သူ့မျက်စိထဲတွင်မဆို မိစ္ဆာကောင်တစ်ကောင် ဖြစ်လာရန် မလိုလားပေ။
ပထမဆုံး သမားတော်က ရောဂါရှာဖွေပေးစဉ်က ကျိုးဟုန်မှာ စိုးရိမ်ပူပန်နေခဲ့သော်လည်း ထိုသမားတော်မှာ ဓားကျိုး တည်ရှိနေမှုကို လုံးဝ သတိမထားမိခဲ့ပေ။ ထိုသမားတော်သာမကဘဲ ကျိုးတင်းဟိုင် ဖိတ်ခေါ်ခဲ့သော သမားတော်အားလုံးမှာလည်း အမည်းရောင် ဓားကျိုး တည်ရှိနေမှုကို ရှာဖွေမတွေ့ရှိခဲ့ကြချေ။ ၎င်းမှာ ကျိုးဟုန်၏ စိတ်ကူးယဉ်ဆန်မှုထဲတွင်သာ တည်ရှိနေသကဲ့သို့ပင် ဖြစ်နေ၏။
မည်သူမျှ အမည်းရောင် ဓားကျိုး တည်ရှိနေမှုကိုပင် မသိရှိကြဘဲနှင့် ၎င်းကို ဖယ်ရှားပေးမည့် အကြောင်းကို မည်သို့ ပြောဆိုကြမည်နည်း။
အချိန်ကြာလာသည်နှင့်အမျှ သူသည် မိစ္ဆာကောင်တစ်ကောင် မဖြစ်လာခဲ့ဘဲ အသုံးမကျသူ တစ်ဦးအဖြစ်သာ အသိအမှတ်ပြု ခံခဲ့ရ၏။ သို့သော် သူ သိုင်းပညာကို မကျင့်ကြံနိုင်၍ မဟုတ်ဘဲ သူ ခက်ခက်ခဲခဲ ကျင့်ကြံအားထုတ်ခဲ့ရသော စစ်မှန်သော ယွမ်စွမ်းအားများကို အမည်းရောင် ဓားကျိုးက "စားသုံး" နေခြင်းကြောင့်သာ ဖြစ်ကြောင်း မည်သူမျှ မသိခဲ့ကြပေ။
ဤဓားပြကြီးမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေပြီး ကိုယ်ပိုင်အိမ်လိုလိုနှင့် ပျင်းရိစွာ နေထိုင်ကာ သူ၏ စစ်မှန်သော ယွမ်စွမ်းအားများကို အကုန်အစင် စုပ်ယူနေခဲ့ခြင်းပင် ဖြစ်၏။
သို့သော် အမည်းရောင်ဓားကျိုးမှာ သူခိုးတစ်ဦးဖြစ်ကြောင်း သိရှိပါလျက်နှင့် ကျိုးဟုန်က အဘယ်ကြောင့် မရပ်မနား ဆက်လက် ကျင့်ကြံနေခဲ့သနည်း။
အဘယ်ကြောင့်ဆိုသော် သူတွင် မျှော်လင့်ချက်အလင်းရောင် အနည်းငယ် ကျန်ရှိနေသေး သောကြောင့် ဖြစ်ချေသည်။ တစ်နေ့ကျလျှင် အမည်းရောင် ဓားကျိုး ဝမ်းဝသွားမည့် အချိန်တစ်ခု ရောက်ရှိလာလိမ့်မည်ဟူသော မျှော်လင့်ချက်ပင်။
ထိုအချိန်တွင် သူ ကျင့်ကြံအားထုတ်ခဲ့သော စစ်မှန်သော ယွမ်စွမ်းအားများကို သူကိုယ်တိုင် ပြန်လည် အသုံးပြုနိုင်မည် ဖြစ်၏။
သူ၏ အရည်အချင်းမှာ ညံ့ဖျင်းခြင်း မရှိပေ။
ဤအရာကို သူ စားသုံးသည့် ပမာဏာကို ကြည့်ခြင်းဖြင့် သိရှိနိုင်သည် အဘယ်ကြောင့်ဆိုသော် သိုင်းပညာရှင်တစ်ဦးအတွက် အစားအစာသည် စစ်မှန်သော ယွမ်စွမ်းအားနှင့် ညီမျှသောကြောင့် ဖြစ်ပြီး သူသည် နေ့စဉ် အခြားသော လုပ်ဖော်ကိုင်ဖက်များထက် အစားအစာများကို ပိုမိုစားသုံးခဲ့ရာ ဆိုလိုသည်မှာ သူ နေ့စဉ်ကျင့်ကြံအားထုတ်ခဲ့သော စစ်မှန်သော ယွမ်စွမ်းအားမှာလည်း အခြားသူ များထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်ကို ဖော်ပြလျှက်ရှိနေပေတော့သည်။
ထိုမျှော်လင့်ချက်ကြောင့်သာ သူသည် ကဲ့ရဲ့ရှုတ်ချသော မျက်လုံးအစုံများနှင့် လှောင်ပြောင်မှုများ ပြည့်နှက်နေသော မျက်နှာများကို တည်ငြိမ်အေးချမ်းစွာ ရင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်၏။ အမည်းရောင် ဓားကျိုးက သူ့ကို ဆက်လက် ဆွဲမချတော့သမျှ ကာလပတ်လုံး သူသည် အခြားသူများထက် အမှန်တကယ်ပင် မြင့်တက်လာနိုင်မည်ဟု သူ အခိုင်အမာ ယုံကြည်ထားခဲ့သည်။
ထိုသို့သောနေ့ရက်မှာ ပို၍ပင် နီးကပ်လာခဲ့ပြီ ဖြစ်ချေသည်။
အမည်းရောင် ဓားကျိုး၏ လုပ်ငန်းစဉ်မှာ အလွန်တရာ နှေးကွေးသော်လည်း စဉ်ဆက်မပြတ် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနေကြောင်း သူ ခံစားသိရှိနိုင်၏။
သို့သော် "ရေစက်လက်၍ ကျောက်ပေါက်" ဆိုသလိုပင် ဆယ်စုနှစ်တစ်ခုကြာမြင့်ပြီးနောက် အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲအတွက် အချိန်အခါမှာ နောက်ဆုံးတော့ ရောက်ရှိလာတော့မည် ဖြစ်၏။
ရက်အနည်းငယ်အတွင်းမှာပင် ဖြစ်ပျက်တော့မည် ဖြစ်ချေတော့သည်။
ထိုမျှော်လင့်ချက်ကပင် သူ့နောက်ကွယ်မှနေ၍ တင်ပါးပင် ကျက်လောက်အောင် ပူပြင်းလှသော နေရောင်ခြည်ဒဏ်ကို ခံနိုင်ရည်ရှိစေရန် အဆုံးအစမရှိ ပျင်းစရာကောင်းသော တရားထိုင်ခြင်းနှင့် ဆက်တိုက်ကျင့်ကြံခြင်းတို့ကို ကျော်ဖြတ်နိုင်စေရန် ထောက်ပံ့ပေးခဲ့ပြီး သူ၏ ဒန်တျန်အတွင်းရှိ အမည်းရောင် ဓားကျိုး၏ ကြီးမားလှသော အစာစားချင်စိတ်ကို ဖြည့်ဆည်းပေးခဲ့၏။
စားသောက်ခြင်းမှအပ ကျိုးဟုန်သည် ကျောက်တုံးပေါ်တွင် ထိုင်ကာ အပူချိန်မြင့်မားမှုကို ပြောင်းလဲပေးနိုင်သည့် ပြင်းထန်သော နေမင်းကျင့်စဉ်ဖြင့် ဆက်လက်ကျင့်ကြံနေခဲ့သည်။ မဟုတ်ပါက သူသည် လွန်ခဲ့သောအချိန်ကတည်းက အခြောက်လှန်းခံရသကဲ့သို့ ဖြစ်သွားခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။
နာရီအနည်းငယ် ကြာပြီးနောက် နေဝင်သွားသည်နှင့် တပြိုင်နက် ကျိုးဟုန်သည် ယိုင်နဲ့နဲ့ဖြင့် ထရပ်လိုက်ပြီး သူ၏ နေအိမ်ဆီသို့ လျှောက်သွားခဲ့လေသည်။
"ထွက်သွားလို့ရမယ် ထင်နေလား ငါ့ခြေထောက်ကြားကနေ တွားသွားပြီး ဖြတ်သွားစမ်း"
လူငယ်လေးတစ်ဦးသည် ကျိုးဟုန်၏ လမ်းကြောင်းကို ရုတ်တရက် ပိတ်ဆို့ရပ်တန့်လိုက်ပြီး လက်များကို ရင်ဘတ်တွင် ပိုက်ထားကာ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုဖြင့် ရပ်နေ၏။
အခြားသော လူငယ်လေး လေးဦးကလည်း ဤမြင်ကွင်းကို ရပ်ကြည့်နေကြလေသည်။