အပိုင်း (၆) - အသိပညာ၏ အင်အား
"ကျွန်တော် ခင်ဗျားတို့ကို သိတာပေါ့၊ သရေးစ်က စပါတာကပ်စ်နဲ့ ဂေါလ်က ခြင်္သေ့ကြီးတို့ပဲ! ခင်ဗျားတို့က ကွင်းထဲက ဒဏ္ဍာရီတွေပဲလေ။ ကျွန်တော်က ခင်ဗျားတို့ရဲ့ ပရိသတ်ပါ၊ အမြဲတမ်း အားပေးခဲ့တာပါ။ ကျွန်တော့်အသက်ကို ချမ်းသာပေးကြပါ၊ ကျွန်တော့်မှာ လုပ်ကျွေးရမယ့် မိသားစု ရှိပါသေးတယ်..." ဟု လှည်းမောင်းသမားက တောင်းပန်တိုးလျှိုးနေသည်။
ခရောစ်က ထိုစကားများကြောင့် စိတ်လှုပ်ရှားသွားသော်လည်း စပါတာကပ်စ်ကမူ တည်ငြိမ်စွာဖြင့် "သူ့ကို ကြိုးတုပ်ပြီး ငါတို့နဲ့အတူ ခေါ်ခဲ့" ဟု အမိန့်ပေးလိုက်သည်။
"ဘာလို့ အလုပ်ရှုပ်ခံနေမှာလဲ၊ ပစ္စည်းယူပြီး လူကို လွှတ်လိုက်ရင် ပြီးတာပဲမဟုတ်လား" ဟု ခရောစ်က နားမလည်နိုင်ဘဲ မေးသည်။
စပါတာကပ်စ်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး "ကာပူအာကလူတွေ ငါတို့မှာ လက်နက်တွေ ပါသွားတာကို မသိဘဲ ငါတို့ကို လက်နက်မဲ့တွေလို့ ထင်ပြီး ပေါ့ပေါ့ဆဆ လိုက်လာခဲ့ရင်..." ဟု တိုးတိုးလေး ပြောလိုက်သည်။ ခရောစ်၏ မျက်နှာ ဝင်းပသွားပြီး "ဒါဆို ငါတို့ အလျင်စလို ထွက်ပြေးစရာ မလိုတော့ဘူးပေါ့၊ သူတို့ကို အပီအပြင် ပြန်တိုက်ရုံပဲ—"
ထိုစဉ် မက်ဆီမတ်စ်က လှည်းပေါ်မှ ခေါင်းပြူထွက်လာပြီး "စပါတာကပ်စ်၊ လှည်းပေါ်မှာ ဓားတို ၆၀၊ ဓားရှည် ၁၅ လက်၊ လှံရှည် ၁၅ ချောင်း၊ လေးထောင့်ဒိုင်း ၄၀၊ အဝိုင်းဒိုင်း ၄၀၊ စစ်ဦးထုပ် ၉၀၊ ခြေသလုံးကာ ၉၀ နဲ့ ပိုက်ကွန် ၅ ခု ရှိတယ်" ဟု အစီရင်ခံသည်။
စပါတာကပ်စ်သည် မက်ဆီမတ်စ်၏ မြန်ဆန်လွန်းသော အတွက်အချက်စွမ်းရည်ကို အံ့သြသွားသည်။ ဂလက်ဒီရေတာ အများစုမှာ စာမတတ်ကြဘဲ ဆယ်ဂဏန်းအောက်ကိုပင် လက်ချိုးရေတွက်နေရချိန်တွင် မက်ဆီမတ်စ်ကမူ မျက်စိတစ်မှိတ်အတွင်း အကုန်ရေတွက်နိုင်ခဲ့သည်။ "မင်းပြောတဲ့ နတ်ကျောင်းက ဘယ်လောက်ဝေးသေးလဲ" ဟု သူက မေးလိုက်သည်။
"ငါးမိုင်ထက် မဝေးတော့ပါဘူး၊ အဲဒီမှာ ဒီည နားလို့ရတယ်" ဟု မက်ဆီမတ်စ်က ပြန်ဖြေသည်။
သို့သော် နတ်ကျောင်းသို့ ရောက်သောအခါ မက်ဆီမတ်စ် နောင်တရသွားသည်။ ဂလက်ဒီရေတာအချို့သည် ရောမလူမျိုးများအပေါ် ထားရှိသည့် အမုန်းတရားများကို ပုံချရန် နတ်ကျောင်းမှ သီလရှင်များကို စော်ကားနေကြသည်။ သီလရှင်များ၏ အော်ဟစ်သံများကြောင့် မက်ဆီမတ်စ်၏ စိတ်ထဲတွင် လိပ်ပြာမလုံ ဖြစ်လာသည်။ သူသည် စပါတာကပ်စ်ရှိရာသို့ သွားရန် ကြိုးစားရာ ခရောစ်၏လူ တော်ကွာတိုက တားဆီးထားသည်။
"စပါတာကပ်စ်ကို တွေ့ရမယ်၊ ငါတို့ ညီအစ်ကိုတွေရဲ့ အသက်နဲ့ဆိုင်တဲ့ အရေးကြီးတဲ့ကိစ္စ ပြောစရာရှိတယ်" ဟု မက်ဆီမတ်စ်က ခပ်ပြတ်ပြတ် ပြောလိုက်မှ တော်ကွာတိုက လမ်းဖယ်ပေးတော့သည်။
မက်ဆီမတ်စ်သည် စပါတာကပ်စ်နှင့် ခေါင်းဆောင်များ ရှိရာသို့ ဝင်သွားပြီး "သီလရှင်တွေကို စော်ကားနေတာကို တားပေးပါ။ ဒါက နတ်ဘုရားတွေကို စော်ကားတာပဲ၊ ငါတို့ ကျိန်စာသင့်လိမ့်မယ်" ဟု တောင်းဆိုသည်။
ခရောစ်က လှောင်ပြောင်သော်လည်း မက်ဆီမတ်စ်က အလေးအနက် ဆက်ပြောသည်။ "သူတို့က သာမန် အမျိုးသမီးတွေ မဟုတ်ဘူး၊ လူထု ကြည်ညိုတဲ့ သီလရှင်တွေပါ။ ဒီလိုလုပ်ရပ်က ရောမမြို့သူမြို့သားတွေရဲ့ အမုန်းတရားကိုပဲ ရစေလိမ့်မယ်။ အဲဒီအခါ အီတလီတစ်ခွင်မှာ ငါတို့ ဘယ်သွားသွား ရန်သူတွေနဲ့ပဲ တိုးလိမ့်မယ်။ မြေယာမဲ့ပြီး ကြွေးမြီနွံနစ်နေတဲ့ ရောမဆင်းရဲသားတွေဟာ ငါတို့နဲ့ ဘဝတူတွေပဲ။ သူတို့ကို ငါတို့ဘက်ပါအောင် ဆွဲဆောင်နိုင်ရင် ရောမတပ်ကို ပြန်တိုက်ဖို့ အင်အားဖြစ်လာနိုင်တယ်"
မက်ဆီမတ်စ်၏ စကားကြောင့် စပါတာကပ်စ် အကြီးအကျယ် စိတ်လှုပ်ရှားသွားသည်။ "ရောမနိုင်ငံသားတွေက ငါတို့ကို ကူညီမှာလား" ဟု သူက အလောတကြီး မေးမြန်းသည်။
စပါတာကပ်စ်သည် သူရဲကောင်းတစ်ဦး ဖြစ်သော်လည်း ရောမလူ့အဖွဲ့အစည်း၏ နောက်ခံအကြောင်းတရားများကို နက်နက်ရှိုင်းရှိုင်း မသိရှိပေ။ မက်ဆီမတ်စ်ကမူ သူ၏ ခေတ်သစ်ဗဟုသုတများဖြင့် သမိုင်းကြောင်းကို ကြိုတင်သိမြင်နေသည်။ သူသည် စစ်တိုက်ရာတွင် မတော်သော်လည်း ဤအသိပညာများဖြင့် ဤအဖွဲ့ထဲတွင် နေရာတစ်နေရာ ရအောင် လုပ်နိုင်မည်ဟု ယုံကြည်လိုက်တော့သည်။