အခန်း (၅၆) လှည့်ကွက်
ဤသို့တွေးတောမိသည်နှင့် ဖော်ရီးယပ်စ်သည် တက်ကြွရွှင်လန်းသွားကာ "စစ်သည်တွေ အရှိန်မြှင့်ချီတက်ကြစမ်း" ဟု စိတ်လှုပ်ရှားစွာ ထပ်မံအမိန့်ပေးလိုက်သည်။ အနီးရှိ တပ်မှူးတစ်ဦးက ထိုအမိန့်ကို ကြားသောအခါ "သခင်... ဒီနေ့ နေရှိန်က အရမ်းပြင်းလှပါတယ်၊ အတင်းအကျပ် ချီတက်ခိုင်းရင် စစ်သည်တွေ အပူလျှပ်ပြီး လဲကျကုန်ပါလိမ့်မယ်" ဟု မနေနိုင်ဘဲ သတိပေးရှာသည်။ ဖော်ရီးယပ်စ်က ထိုတပ်မှူးကို စိုက်ကြည့်ကာ "နေပူလွန်းလို့ကို အရှိန်မြှင့်ရမှာပေါ့ဟ၊ နာပိုလီမြို့ကို အမြန်ဆုံးရောက်အောင်သွားမယ်၊ ရောက်တာနဲ့ ဗီဆူးဗီးယပ်စ်တောင်ထွက် ဝိုင်အကောင်းစားတွေနဲ့ စစ်သည်တွေကို ငါကိုယ်တိုင် တည်ခင်းဧည့်ခံပေးမယ်" ဟု ခပ်ငေါ့ငေါ့ ပြန်ပြောလိုက်၏။ ထို့နောက် သူ၏ ရှင်းလင်းချက်ကို တပ်တွင်းသို့ ဖြန့်ဝေစေရာ စစ်သည်တို့၏ ညည်းညူသံများ ပျောက်ကွယ်သွားပြီး အားတက်သရော ကြွေးကြော်သံများ ထွက်ပေါ်လာတော့သည်။
ဖော်ရီးယပ်စ်သည် ကျေနပ်စွာ ပြုံးလိုက်ပြီး ကောင်းကင်ယံမှ တောက်လောင်နေသော နေမင်းကို မော့ကြည့်လိုက်မိသည်။ 'တပ်စခန်း တာဝန်ခံ အရာရှိ ကာစီယပ်စ်ဟာ ဗာလဲရီးယပ်စ်ရဲ့ ရဲဘော်ဟောင်းပဲ၊ ဝါရင့်စစ်သည်တစ်ဦးပီပီ ဒီလို ပူပြင်းတဲ့ရာသီဥတုမှာ သူတို့တပ်ကို ဖြည်းဖြည်းချင်းပဲ ချီတက်ခိုင်းမှာ သေချာတယ်... ဒီတော့ ငါ နာပိုလီကနေ ထွက်ပြီး ကျွန်စခန်းကို တိုက်ခိုက်တဲ့အချိန်ကျရင် ကာစီယပ်စ်ရဲ့ တပ်တွေဟာ ငါ့နောက်မှာ အနည်းဆုံး ခရီးတစ်ဝက်လောက် နောက်ကျနေလိမ့်မယ်၊ ငါ အောင်ပွဲခံပြီးမှ သူတို့ ရောက်လာကြမှာပေါ့' ဟု တစ်ကိုယ်တည်း ကြံစည်နေဆဲတွင် တော်ဝင်မြင်းစီးစစ်သည်တစ်ဦးသည် အရေးကြီးသတင်းစကားကို ဖော်ပြသည့် အမွေးအတောင်များဖြင့် အလှဆင်ထားသော လှံရှည်ကို ကိုင်မြှောက်ကာ စစ်ကြောင်းကြားမှ အပြင်းနှင်လာသည်။
"သတင်းပို့ပါတယ် သခင်... ကျွန်တပ်သား ငါးထောင်ကျော်လောက် ကျွန်တော်တို့ဆီ ဦးတည်လာနေပါတယ်" ဟု ကင်းထောက်က စိုးရိမ်တကြီး သတင်းပို့သည်။ "ကျွန် ငါးထောင်..." ဖော်ရီးယပ်စ်သည် ကြောက်ရွံ့သွားခြင်းမရှိဘဲ ပို၍ပင် စိတ်လှုပ်ရှားသွားကာ "ဒီနိမ့်ကျတဲ့ ကျွန်တွေက သူတို့စခန်းထဲမှာ မအောင်းဘဲ ငါ့ကို အရင်လာတိုက်ရဲတယ်ပေါ့လေ၊ ကောင်းတာပေါ့... သူတို့ကိုယ်တိုင် သေတွင်းထဲ လာတိုးပေးတော့ ငါတို့အတွက် အလုပ်ရှုပ်သက်သာသွားတာပေါ့" ဟု ဆိုလိုက်သည်။ "သခင်... သူတို့အရေအတွက်က ငါးထောင်မကဘဲ ပိုများနိုင်ပါတယ်၊ သူတို့မှာ မြင်းတပ်လည်း ပါလာလို့ ကျွန်တော်တို့ အနီးကပ် မစူးစမ်းနိုင်ခဲ့ပါဘူး" ဟု ကင်းထောက်က ထပ်မံသတိပေးသော်လည်း ဖော်ရီးယပ်စ်က ဂရုမစိုက်ဘဲ "သူတို့မှာ လက်နက်ကိရိယာ ဘာတွေပါလဲ" ဟုသာ မေးလိုက်သည်။
"အများစုမှာ ချပ်ဝတ်တန်ဆာ မရှိသလို လက်နက်လည်း မရှိကြပါဘူး၊ လယ်ယာသုံးပစ္စည်းတွေနဲ့ တုတ်တွေကိုပဲ ကိုင်ထားကြတာပါ၊ အနည်းငယ်လောက်ပဲ ကျွန်တော်တို့ ရောမစစ်သည်တွေလို ဝတ်ဆင်ထားကြတာ တွေ့ရပါတယ်၊ ဒါဟာလည်း ပြီးခဲ့တဲ့ တိုက်ပွဲက ရလာတာတွေ ဖြစ်နိုင်ပါတယ်" ဟု ကင်းထောက်က ဖြေကြားသည်။ ဖော်ရီးယပ်စ်သည် ပို၍ပင် ယုံကြည်ချက်ရှိသွားကာ "သူတို့နဲ့ ငါတို့ ဘယ်လောက်ဝေးသေးလဲ" ဟု မေးရာ "ခြောက်မိုင်ခန့် ဝေးပါသေးတယ်" ဟု သိရသည်။ ထိုအခါ ဖော်ရီးယပ်စ်သည် ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။ "တပ်နားစေ... စစ်သည်တွေ အားလုံး ချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ကြ၊ ဓားနဲ့ ဒိုင်းတွေကို အသင့်ပြင်ပြီး တောင်ဘက်ကနေ လာမယ့် ရန်သူကို ရင်ဆိုင်ဖို့ တပ်စီကြစမ်း"
အမိန့်ပေးအရာရှိသည်လည်း ရန်သူမှာ ကျွန်များသာ ဖြစ်သည်ဟု ကြားထားသဖြင့် ဖော်ရီးယပ်စ်၏ ဆုံးဖြတ်ချက်ကို သဘောတူလက်ခံကာ စစ်ကြောင်းတစ်လျှောက် မြင်းစီးရင်း အော်ဟစ်အမိန့်ပေးတော့သည်။ ရောမစစ်သည်တို့သည် တည်ငြိမ်စွာဖြင့် ပခုံးပေါ်မှ ဖော်ကာ (Forka) သစ်သားတုတ်များကို ချ၊ ဦးခေါင်းပေါ်မှ အထုပ်အပိုးများကို ဖယ်ရှားကာ ဒိုင်းလွှားနှင့် ဦးထုပ်များကို အသင့်ပြင်ကြသည်။ တပ်တွင်းရှိ ကျွန်များကလည်း စစ်သည်တို့၏ အထုပ်အပိုးများကို သိမ်းဆည်းကာ ဝန်တင်လှည်းများနှင့်အတူ စစ်ကြောင်း၏ နောက်ကွယ်တွင် ပုန်းခိုရန် ပြင်ဆင်ကြသည်။ နှစ်လကြာ ပြင်းထန်သော လေ့ကျင့်မှုများကြောင့် စစ်သည်တို့၏ စနစ်တကျ လှုပ်ရှားမှုများကို ကြည့်ကာ ဖော်ရီးယပ်စ် ကျေနပ်နေမိသည်။ သူ၏ လက်အောက်တွင် တပ်ရင်းလေးရင်း၊ စစ်သည် နှစ်ထောင်ခန့် ရှိသည်။ သူသည် အနီယာ (Ania) လမ်းမကြီးမှ ဖယ်ခွာကာ လမ်း၏ အနောက်ဘက်တွင် တောင်ဘက်သို့ မျက်နှာမူလျက် ဖြောင့်တန်းသော စစ်ကြောင်းတစ်ခုကို တည်ဆောက်လိုက်သည်။
မကြာမီပင် ရန်သူတို့၏ အရိပ်အယောင်ကို အဝေးမှ မြင်တွေ့လိုက်ရသည်။ ထိုရန်သူများတွင် ခန့်ညားသော အလံများ၊ တောက်ပြောင်သော ချပ်ဝတ်များ သို့မဟုတ် ထက်မြက်သော လက်နက်များ မရှိကြချေ။ ဖရိုဖရဲနှင့် ပေစုတ်စုတ် ဝတ်ဆင်ထားသော ကျွန်အုပ်ကြီးသည် အချင်းချင်း တွန်းတိုက်ရင်း ဆူညံစွာဖြင့် အနီယာလမ်းမကြီးအတိုင်း မြောက်ဘက်သို့ တက်လာနေကြသည်။ "ဒါလား ငါတို့ ရန်သူ၊ ငါ့အဖိုးကြီးတောင် အသာလေး နှိမ်နင်းနိုင်ဦးမယ်" ဟု စစ်သည်တစ်ဦး၏ ပြက်ရယ်ပြုသံကြောင့် ရောမစစ်သည်များကြား ရယ်သံများ ထွက်ပေါ်လာသည်။ ဖော်ရီးယပ်စ်သည်လည်း ထိုကျွန်များ မိုက်မိုက်ကန်းကန်း ပြေးဝင်လာသည်ကို အသာလေး ပွဲဖြတ်ရန် စောင့်ဆိုင်းနေလိုက်သည်။ သို့သော် ကျွန်မြင်းစီးစစ်သည် အနည်းငယ်က လမ်းဘေးမှ ထွက်လာကာ ရန်သူစစ်ကြောင်း၏ ရှေ့ဆုံးသို့ရောက်သည်နှင့် တစ်စုံတစ်ခုကို အော်ဟစ်လိုက်ရာ ဆူညံနေသော ကျွန်အုပ်ကြီးသည် ချက်ချင်းပင် ရပ်တန့်သွားကာ စနစ်တကျ တပ်စီရန် ကြိုးပမ်းကြတော့သည်။
ဖော်ရီးယပ်စ်သည် ရန်သူတို့ မငြိမ်မသက်ဖြစ်နေစဉ် အလစ်ငိုက်တိုက်ခိုက်ရန် စဉ်းစားမိသော်လည်း တစ်မိုင်ခန့် ဝေးကွာနေသေးသဖြင့် ရောမစစ်သည်တို့ အမောဆို့သွားမည်ကို စိုးရိမ်ကာ ဆက်လက်စောင့်ကြည့်နေလိုက်သည်။ ထိုစဉ် သူ၏ မျက်စိရှေ့မှောက်မှာပင် ရန်သူတို့သည် အံ့သြဖွယ်ကောင်းလောက်အောင် စနစ်တကျ ဖြစ်လာကြသည်။ ရှေ့ဆုံးမှ ကျွန်များသည် ဘေးတိုက် တန်းစီလာကြပြီး နောက်မှ လူအုပ်ကြီးသည်လည်း ဝါးပင်မှ အဆစ်များ တိုးထွက်လာသကဲ့သို့ တဖြည်းဖြည်း ရှည်လျားသော စစ်ကြောင်းကြီး ဖြစ်လာသည်။ ထို့ထက် ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ရန်သူ့တပ်လယ်မှ တောက်ပြောင်သော ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် လက်နက်အပြည့်အစုံနှင့် စစ်သည်အမြောက်အမြား ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
'တောက်... ကင်းထောက်တွေ မျက်စိကန်းနေတာလား၊ ရန်သူ့မှာ ငါတို့ထက်တောင် လက်နက်စုံတဲ့ စစ်သည်တွေ ပိုများနေပါလား' ဖော်ရီးယပ်စ် ရင်ထဲတွင် တုန်လှုပ်သွားကာ ဆုတ်ခွာရန် အမိန့်ပေးချင်စိတ် ပေါက်သွားသော်လည်း စစ်မြေပြင်တွင် မတိုက်ခိုက်မီ ဆုတ်ခွာခြင်းသည် မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် တူကြောင်း သူ သိသည်။ "စစ်သည်တို့... သင်တို့ဟာ မြင့်မြတ်တဲ့ ရောမနိုင်ငံသားတွေ ဖြစ်တယ်၊ ဒီကောင်တွေက သင်တို့ရဲ့ ကျွန်တွေပဲ၊ အရေအတွက် ဘယ်လောက်များများ ရောမရဲ့ ဂုဏ်သိက္ခာအတွက် သေသည်အထိ တိုက်ကြစမ်း" ဟု ဖော်ရီးယပ်စ်က အားတက်သရော ဟစ်ကြွေးလိုက်ရာ စစ်သည်တို့၏ ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး "သေသည်အထိ တိုက်မယ်" ဟု ပြိုင်တူ ကြွေးကြော်လိုက်ကြတော့သည်။
ထိုအချိန်တွင် စပါတာကပ်စ်သည် တော်လှန်ရေးတပ်ဦးတွင် ရပ်နေရင်း ရောမစစ်ကြောင်းကို ကျေနပ်စွာ ကြည့်လိုက်မိသည်။ ရောမတို့ ဆုတ်ခွာမသွားခြင်းမှာ သူ၏ အစီအစဉ် အောင်မြင်ခြင်းပင် ဖြစ်သည်။ ရောမတို့ကို အထင်သေးစေရန်အတွက် လက်နက်ကိရိယာ အားအနည်းဆုံးဖြစ်သော တပ်ရင်း (၄) နှင့် (၅) ကို ရှေ့ဆုံးမှ တင်ထားခဲ့ပြီး အိုမာကယ်၏ မြင်းတပ်ဖြင့် ရောမကင်းထောက်များကို နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။ "တိုက်စစ်ဖွင့်စမ်း" ဟု စပါတာကပ်စ်က အမိန့်ပေးလိုက်သည်နှင့် ခရာသံများ မြည်ဟည်းသွားတော့သည်။ ခရောစ်၊ အီနိုမေး၊ အန်တိုနစ် နှင့် အက်တူးမပ်စ် တို့သည်လည်း မိမိတို့၏ တပ်ရင်းများကို ရှေ့သို့ ဦးဆောင်ခေါ်ယူသွားကြသည်။ ကျွန်ဘဝမှ လွတ်မြောက်လိုသော စစ်သည်တို့သည် ရင်ထဲတွင် တုန်လှုပ်နေကြသော်လည်း ရဲဘော်များ၏ ဟစ်ကြွေးသံနှင့် ရှေ့ဆုံးမှ ရဲရဲတောက် ဂလေဒီယေတာများ၏ ကျောပြင်ကို ကြည့်ရင်း ကလဲ့စားချေလိုစိတ်ဖြင့် ရောမတပ်ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြလေတော့သတည်း။