အခန်း (၅၄) ရောမ၏ တစ်ကျော့ပြန် တိုက်စစ်
"ငါတို့က ရုတ်တရက်ကြီး ရောက်လာတာဆိုတော့ တစ်ရက်အတွင်း စစ်တပ်စုပြီး တိုက်ခိုက်နိုင်မယ့်သူဆိုလို့ ဒီအနီးအနားမှာ ပွန်ပေနဲ့ လူကာနီးယားတို့ပဲ ရှိနိုင်တယ်။ ဖလန်တီနပ်စ်... သူတို့ စစ်ကူလွှတ်နိုင်တဲ့ အခြေအနေ ရှိလား"
"ပွန်ပေတပည့်တွေကတော့ ငါတို့ကို လာပုတ်ခတ်ရဲမှာ မဟုတ်ပါဘူး။ လူကာနီးယားကတော့..." ဖလန်တီနပ်စ်က ခက်ရော်ရော် မျက်နှာပေးဖြင့် "ငါသိသလောက်ဆိုရင် အဲဒီမြို့က အာဏာရှင်ဟောင်းက သူ့စစ်သားဟောင်းတွေကို အခြေချဖို့ တည်ပေးထားတဲ့ ကိုလိုနီမြို့ပဲ။ အဲဒီလူတွေသာ ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့အထိ စစ်စိတ်စစ်မာန် မကုန်သေးဘူးဆိုရင်တော့ ငါတို့ကို လာတိုက်ဖို့ စစ်တပ်လွှတ်ကောင်း လွှတ်နိုင်တယ်"
"တကယ်လို့ လူကာနီးယားက စစ်တပ်လွှတ်မယ်ဆိုရင် အင်အား ဘယ်လောက်လောက် ရှိနိုင်မလဲ"
"အဲဒါတော့ ငါလည်း မပြောတတ်ဘူး" ဖလန်တီနပ်စ်က ပုခုံးတွန့်ရင်း "ဆူလာ ရောမကို တိုက်ခိုက်ပြီးကတည်းက ငါက ကျွန်ဖြစ်သွားတာလေ။ ရောမလမ်းမကြီးကို ပြုပြင်နေတုန်းမှာပဲ ကမ်ပေးနီးယားတောင်ပိုင်းမှာ လူကာနီးယား ကိုလိုနီမြို့ တည်ထောင်တယ်လို့ ကြားလိုက်ရတာ။ အခု အဲဒီမှာ စစ်သားဘယ်လောက်ရှိလဲ၊ လူဦးရေ ဘယ်လောက်တိုးလာပြီလဲဆိုတာ ငါဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒါပေမဲ့ မင်းတို့ အစောပိုင်းက ဗီဆူးဗီးယပ်စ်ဒေသမှာ သောင်းကျန်းနေတုန်းကလည်း လူကာနီးယားက ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူး။ ငါတို့ဘက်က အရင်သွားမစရင်တော့ သူတို့လည်း လာစမှာ မဟုတ်ပါဘူး"
"ခုနက စစ်ဆေးမေးမြန်းချက်အရ ဒီလယ်တောပိုင်ရှင်က လူကာနီးယားတွေနဲ့ ဘာမှမပတ်သက်တဲ့ ရောမက အထက်တန်းလွှာတစ်ယောက်ပဲ..." မက်ဆီမတ်စ်က ခဏတာ စဉ်းစားပြီးနောက် တည်ကြည်စွာဖြင့် ဆက်ပြောသည်။ "ငါတို့ ဒီအထိ ချီတက်လာပြီးမှ ဒီလောက်ကြီးမားတဲ့ လယ်တောကြီးကို သိမ်းပိုက်နိုင်ခဲ့တာ။ ဒီအတိုင်းသာ လက်ချည်းဗလာ ပြန်သွားရင် စစ်သည်တွေရဲ့ စိတ်ဓာတ်ကို ထိခိုက်ရုံတင်မကဘူး၊ တခြားအဖွဲ့တွေကပါ ငါတို့ကို လှောင်ကြလိမ့်မယ်။ နောက်ပြီး ဒီရွှေဝါရောင် ဂျုံခင်းကြီးတွေကို ဒီအတိုင်း ပစ်ထားခဲ့ဖို့ဆိုတာ နှမြောစရာကြီး။ ဒါကြောင့် ငါဆုံးဖြတ်လိုက်ပြီ... ဒီဂျုံတွေကို အကုန်ရိတ်သိမ်းပြီးမှ ငါတို့ ပြန်ကြမယ်"
မက်ဆီမတ်စ်က စကားကို ခဏရပ်ကာ စစ်အင်အား ဖြန့်ကျက်မှုကို စတင်ညွှန်ကြားတော့သည်။
"ဟာဂူးစ်... မင်း ကင်းထောက်အဖွဲ့ကို ဦးဆောင်ပြီး အရှေ့တောင်ဘက်က လူကာနီးယားမြို့ရဲ့ အခြေအနေကို သွားစောင့်ကြည့်ချေ။ ပြီးတော့ စခန်းကိုလည်း ငါတို့အခြေအနေ သတင်းပို့ဖို့ လူလွှတ်လိုက်ဦး။ ကျန်တဲ့ တပ်စုသုံးစုကတော့ ကျွန်တွေကို ဦးဆောင်ပြီး ဂျုံတွေကို အမြန်ဆုံး ရိတ်သိမ်းရမယ်။ ဗိုရီနပ်စ်... မင်းပဲ အသေးစိတ် စီစဉ်လိုက်တော့"
"ဗျာ..." ဗိုရီနပ်စ်မှာ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် "ဟုတ်ကဲ့ပါ" ဟု ပြန်ထူးလိုက်သည်။
"ဖလန်တီနပ်စ်... မင်းရော ဘာများ ဖြည့်စွက်ပြောချင်သေးလဲ"
"လူအားလုံးကို ဂျုံရိတ်ခိုင်းဖို့တော့ မသင့်ဘူး ထင်တယ်။ အရေးပေါ်အခြေအနေအတွက် အနည်းဆုံး တပ်စုတစ်စုလောက်တော့ လယ်တောကို စောင့်ကြပ်ဖို့ ချန်ထားသင့်တယ်"
"...ဟုတ်သားပဲ၊ ငါ နည်းနည်း လောသွားတယ်" မက်ဆီမတ်စ်က မိမိအမှားကို ပွင့်လင်းစွာ ဝန်ခံလိုက်သည်။ "ဒါဆို ပထမတပ်စုက လယ်တောကို စောင့်ကြပ်ပါ။ ကျန်တဲ့တပ်စုတွေ မောပန်းလာရင် တစ်စုချင်း လဲလှယ်ပြီး နားကြတာပေါ့။ ဒါမှ တရားမျှတပြီး အင်အားလည်း ပြန်ပြည့်မှာ။ ဘယ်လိုလဲ"
ဖလန်တီနပ်စ်က ခေါင်းညိတ်ထောက်ခံလိုက်သည်။ ဤလူငယ်ခေါင်းဆောင်၏ သူတစ်ပါးအကြံဉာဏ်ကို နှိမ့်ချစွာ နားထောင်တတ်သည့် စရိုက်ကြောင့်ပင် ဖလန်တီနပ်စ်တို့ကဲ့သို့ ဝါရင့်သူများက ရိက္ခာစခန်းတွင် တည်ကြည်စွာ အမှုထမ်းနေကြခြင်း ဖြစ်သည်။
"ဗိုရီနပ်စ်... တစ်ရက်အတွင်း အကုန်ရိတ်နိုင်ပါ့မလား"
ဗိုရီနပ်စ်က ခဏတွက်ချက်ကြည့်ပြီးနောက် "ဖမ်းမိထားတဲ့သူတွေ ပြောအရဆို ဒီမှာ ဂျုံစိုက်ခင်း ဧက တစ်ထောင့်နှစ်ရာကျော် ရှိတယ်။ ငါတို့ တပ်စုနှစ်စုရယ်၊ ကျွန် လေးရာကျော်ရယ်ဆိုရင် စုစုပေါင်း လူခြောက်ရာကျော်ရှိတာ။ အားလုံးက လုပ်ငန်းကျွမ်းကျင်သူတွေဆိုတော့ စနစ်တကျသာ ခွဲလုပ်ရင် တစ်ရက်နဲ့ အပြီးရိတ်နိုင်ပါတယ်"
"ကောင်းပြီ၊ ဒါဆို မင်းအစီအစဉ်အတိုင်းသာ လုပ်တော့။ ငါ့ဘက်က ဘာကူညီပေးရမလဲဆိုတာသာ ပြော"
........................
မက်ဆီမတ်စ်သည် ကိုယ်ရံတော်တပ်ကို ဦးဆောင်ကာ လယ်တော၌ပင် စခန်းချနေထိုင်ခဲ့သည်။ သွေးဆူစရာ ကောင်းခဲ့သော စစ်မြေပြင်မှာ ခဏအတွင်းမှာပင် ချွေးတလုံးလုံးဖြင့် အလုပ်လုပ်နေကြသည့် ရိတ်သိမ်းကွင်းကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုအတောအတွင်း ဟာဂူးစ်က "လူကာနီးယားသား အုပ်စုငယ်လေးတွေ ကင်းထောက်လာတယ်" ဟု အကြိမ်ကြိမ် သတင်းပို့သော်လည်း ရန်သူ့ဘက်မှ စစ်တပ်အလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခြင်းမျိုး မရှိခဲ့ပေ။
စစ်သည်များ ဂျုံရိတ်သိမ်းခြင်း ပြီးဆုံး၍ မက်ဆီမတ်စ်က "စခန်းပြန်ကြစို့" ဟု အမိန့်ပေးလိုက်သည့် အခါမှသာ သူသည် သက်ပြင်းအေးအေးကို ချနိုင်တော့သည်။ တစ်ရက်တာလုံး ဘာထူးခြားမှုမှ မရှိခဲ့သော်လည်း မက်ဆီမတ်စ်၏ စိတ်အစဉ်မှာမူ တင်းမာနေခဲ့သည်။ ဤသည်မှာ သူ၏အဖွဲ့နှင့် ခွဲခွာ၍ ပထမဆုံးအကြိမ် အန္တရာယ်ရှိသော တာဝန်ကို တစ်ကိုယ်တော် ဦးဆောင်ရခြင်း ဖြစ်သည်။ လူပေါင်း ရာချီ၏ အသက်မှာ သူ၏လက်ထဲတွင် ရှိနေသဖြင့် ဖိအားများလှသော်လည်း ဤအတွေ့အကြုံကပင် သူ့ကို ပိုမိုရင့်ကျက်မာကျောလာစေသည်။
ရိက္ခာစခန်းသို့ ကိုယ်ရံတော်တပ် ပြန်ရောက်လာချိန်တွင် ဂျုံထုပ်များ အပြည့်တင်ထားသော မြင်းလှည်း ၁၅ စီး (ထိုအထဲမှ ၅ စီးမှာ ဤလယ်တောမှ သိမ်းဆည်းရမိခြင်းဖြစ်သည်)၊ နွားလှည်း ၃ စီးနှင့်အတူ ကျွန် ၄၀၀ ကျော် ပါလာခဲ့သည်။ အမျိုးသမီး အနည်းငယ်မှလွဲ၍ ကျန်သူများအားလုံးမှာ ဂျုံအိတ်များကိုယ်စီ ထမ်းပိုးထားကြရသည်။ အချို့သော ပိုလျှံနေသည့် ဂျုံများကိုမူ မက်ဆီမတ်စ်က ဖျက်ဆီးမပစ်ဘဲ လယ်တောဂိုဒေါင်ထဲ၌ စနစ်တကျ စုပုံထားခဲ့သည်။ နှမြောစရာ မဖြစ်စေရန် ထိုက်တန်သူတစ်ဦးဦးက လာရောက်တွေ့ရှိလိမ့်မည်ဟု သူက မျှော်လင့်ထားသည်။
လူပေါင်း ၈၀၀ နီးပါးရှိသော စစ်ကြောင်းမှာ နံနက်စောစောကတည်းက စတင်ထွက်ခွာလာခဲ့သော်လည်း ရိက္ခာဝန်စည်စလယ်များကြောင့် ခရီးမှာ နှေးကွေးလှသည်။ မိုင် ၂၀ ကျော် ခရီးကို တစ်နေကုန် ချီတက်ခဲ့ရပြီး နေဝင်ရီတရောအချိန်ကျမှသာ စခန်းသို့ ပြန်လည်ရောက်ရှိတော့သည်။ မက်ဆီမတ်စ်မှာ အမောပင် မပြေနိုင်သေးမီမှာပင် တော်လှန်ရေးတပ်ချုပ်၏ တမန်တော် ရောက်ရှိလာသည်။ စပါတာကပ်စ်က တပ်မှူးများအားလုံးကို အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ခြင်း ဖြစ်သည်။
မက်ဆီမတ်စ် လယ်တောခန်းမဆောင်သို့ ရောက်သွားချိန်တွင် အခြားခေါင်းဆောင်များမှာ စုံလင်စွာ ရောက်ရှိနေကြပြီဖြစ်သည်။
"နောက်ကျသွားတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်" မက်ဆီမတ်စ်က အားလုံးကို နှုတ်ဆက်ရင်း အနူးအညွတ် ဆိုလိုက်သည်။
"မက်ဆီမတ်စ်က ဒီလောက်အထိ သတ္တိရှိလိမ့်မယ်လို့ ငါတို့ မထင်ထားဘူး။ စစ်သား ၃၀၀ ထဲနဲ့ တောင်ဘက်အစွန်အဖျားအထိ သွားရဲတယ်နော်။ ငါတို့တောင် မင်းအတွက် စိုးရိမ်နေတာ... အန္တရာယ် တစ်ခုခုများ တွေ့ခဲ့သေးလား" စပါတာကပ်စ်က ကြင်နာစွာ မေးမြန်းသည်။
"ဘာစိုးရိမ်စရာ ရှိလို့လဲ။ အခု ဗီဆူးဗီးယပ်စ်ဒေသ တစ်ခုလုံးက ငါတို့ပိုင်နက် ဖြစ်နေပြီပဲ။ ဘယ်သူက လာစရဲမှာလဲ" ခရောစ်က ကြားဖြတ်ဝင်ပြောသည်။
"အန္တရာယ်တော့ မရှိပါဘူး။ လယ်တောအကြီးကြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရတာလည်း မရှိဘူး။ ဂျုံ ကီလိုဂရမ် ၃၆,၂၀၀ ကျော်နဲ့ ကျွန် ၄၀၀ ကျော်လည်း ရခဲ့တယ်" ဟု မက်ဆီမတ်စ်က ပေါ့ပေါ့ပါးပါးပင် ဖြေကြားလိုက်သည်။
"ဂျုံတွေ ဒီလောက်တောင် များတာလား! ဒါဆိုရင်တော့ ငါတို့ ရိက္ခာအခက်အခဲ တော်တော်လေး ပြေလည်သွားပြီ" ဟာမီလ်ကာက ဝမ်းသာအားရ ဆိုသည်။
"အစည်းအဝေးပြီးရင် ဆရာပဲ အဲဒီရိက္ခာတွေနဲ့ လူတွေကို စာရင်းလုပ်ပေးပါဦး" ဟု မက်ဆီမတ်စ်က သူ၏ဆရာဖြစ်သူကို အကူအညီတောင်းလိုက်သည်။
"ကောင်းပြီလေ" ဟာမီလ်ကာက ခေါင်းညိတ်သည်။
"မင်းရဲ့ ကိုယ်ရံတော်တပ်က ဒီတစ်ခေါက် တကယ်ကို စွမ်းဆောင်နိုင်ခဲ့တာပဲ" စပါတာကပ်စ်က ချီးကျူးစကားဆိုပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားကာ "ဒီနေ့ အရေးပေါ် အစည်းအဝေး ခေါ်ရတဲ့အကြောင်းရင်းကတော့ ငါတို့ရဲ့ ကင်းထောက်တွေဆီက သတင်းအရ ရောမစစ်တပ်တစ်ခု ရောမမြို့ကနေ ထွက်လာပြီး ငါတို့ဆီကို ဦးတည်နေပြီလို့ သိရလို့ပဲ"
"စစ်တပ်တစ်ခုလုံး ဟုတ်လား?!" အန်တိုနစ်၏ မျက်နှာ ပျက်သွားသည်။
"စစ်တပ်တစ်တပ်တည်းဆိုရင်တော့ သူတို့လာရဲရင် ငါတို့ တိုက်ထုတ်ပစ်မှာပေါ့!" အီနိုမေးက ကြောက်ရွံ့ခြင်းကင်းစွာ ဆိုသည်။
"ဟုတ်တယ်၊ အခု ငါတို့တပ်အင်အားက တစ်သောင်းနီးပါး ရှိနေပြီ။ နှစ်လကြာအောင် လေ့ကျင့်ပေးထားလို့ တိုက်ရည်ခိုက်ရည်ကလည်း အရင်ကထက် အများကြီး သာနေပြီ။ လွင်ပြင်တိုက်ပွဲမှာ သူတို့ကို သေချာပေါက် အနိုင်ယူနိုင်တယ်" ခရောစ်ကလည်း ယုံကြည်မှု အပြည့်ဖြင့် ထောက်ခံသည်။
တော်လှန်ရေးတပ်သို့ နောက်မှဝင်လာသည့် တပ်မှူးကြီး အက်တူးမတ်စ်မှာ ကြမ်းတမ်းခက်ထန်သော ပုံစံရှိသူဖြစ်သည်။ သူသည် ပင်လယ်ပြင်တွင် လှိုင်းလေနှင့် နှစ်ရှည်လများ တိုက်ပွဲဝင်ခဲ့သူဖြစ်သဖြင့် သတ္တိဗျတ္တိနှင့် ပြည့်စုံသည်။ သူက "ရောမစစ်တပ် ရောက်လာရင် တိုက်ရုံပဲပေါ့! အရင်တစ်ခေါက်တောင် ငါတို့ နိုင်ခဲ့တာပဲ၊ အခုလည်း အနိုင်ရအောင် တိုက်ရမှာပဲ!" ဟု ခပ်ပြတ်ပြတ်ပင် ဆိုသည်။
"အားလုံးပြောတာ မှန်ပါတယ်။ ရောမစစ်တပ်ရဲ့ တိုက်စစ်ကို ငါတို့ စိုးရိမ်နေစရာ မလိုဘူး" စပါတာကပ်စ်က မိမိရဲဘော်များ၏ စိတ်ဓာတ်မှာ အရင်ကထက် ပိုမိုမြင့်မားနေသည်ကို တွေ့ရသဖြင့် အားရသွားကာ "ဒါပေမဲ့ သူတို့လာတိုက်တာကို ထိုင်စောင့်နေမယ့်အစား ငါတို့ဘက်က အရင်ဦးအောင် သွားတိုက်သင့်တယ်"
"အရင်ဦးအောင် သွားတိုက်မယ်?!" အားလုံး အံ့အားသင့်ကုန်ကြသည်။ ဤသည်မှာ လုံးဝမမျှော်လင့်ထားသည့် အစီအစဉ်ဖြစ်သည်။ ယခင် ရောမနှင့် တိုက်ပွဲမဖြစ်မီက စပါတာကပ်စ်သည် အားလုံးထက် ပို၍သတိကြီးသူ ဖြစ်ခဲ့သော်လည်း ယခုမူ အလွန်ပင် ရဲတင်းလွန်းနေသည်။
သို့သော် စပါတာကပ်စ်သည် စိတ်လိုက်မာန်ပါ လုပ်ဆောင်နေခြင်း မဟုတ်ပေ။ သူသည် ယခင်တိုက်ပွဲများမှ သင်ခန်းစာယူကာ ရောမတို့၏ အားသာချက်၊ အားနည်းချက်များကို သေချာစွာ လေ့လာပြီးနောက် ဤဗျူဟာကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ သူက အသေးစိတ် ရှင်းမပြသေးဘဲ ဟာမီလ်ကာကို တစ်ချက်ကြည့်လိုက်သည်။
ဟာမီလ်ကာက သဘောပေါက်စွာဖြင့် ဆက်ပြောသည် - "ကင်းထောက်တွေရဲ့ သတင်းအရဆိုရင် ဒီတစ်ခေါက် ရောမစစ်တပ်က လာဒါယာ လမ်းမကြီးအတိုင်း ချီတက်လာနေတာ။ စစ်ကြောင်းကို နှစ်ပိုင်းခွဲထားပြီး ရှေ့ပြေးတပ်ရင်း ၂,၀၀၀ က ဒီနေ့မွန်းလွဲပိုင်းမှာ ကေးလ်စ်ကို ရောက်မယ်။ ပင်မစစ်တပ် ၄,၀၀၀ ကတော့ ဆွီဆာမှာ ရှိနေပြီး စစ်ကြောင်းနှစ်ခုကြားမှာ ခရီးတစ်ဝက်လောက် ကွာဝေးနေတယ်—"